စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး ထပ်မံကျဆင်း၊ တစ်ပိဿာ ၇,၃၅၄ ကျပ် သတ်မှတ်

ယခုတစ်ပတ် ဇွန်လ ၅ ရက်မှ ၁၁ ရက်အထိ အကျုံးဝင်မည့် ရန်ကုန်အထိုင် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာလျှင် ၇,၃၅၄ ကျပ် သတ်မှတ်ထားကြောင်း စားအုန်းဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဇွန် ၅ ရက်တွင် ထုတ်ပြန်ကြေညာသည်။
အဆိုပါဈေးနှုန်းမှာ ယခင်တစ်ပတ်က သတ်မှတ်ထားသည့် တစ်ပိဿာ ၇,၃၈၇ ကျပ်နှင့် နှိုင်းယှဉ်ပါက ၃၃ ကျပ် လျော့ကျလာခြင်းဖြစ်သည်။
၂၀၂၆ ခုနှစ်အတွင်း စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများမှာ ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ကျပ် ၆,၄၀၀ ဝန်းကျင်၊ ဖေဖော်ဝါရီလတွင် ကျပ် ၆,၆၀၀ ဝန်းကျင်၊ မတ်လတွင် ကျပ် ၆,၆၄၀ ဝန်းကျင် ရှိခဲ့ပြီး ဧပြီလအတွင်း ကျပ် ၇,၂၈၅ အထိ မြင့်တက်ခဲ့သည်။ ထို့နောက် မေလအစပိုင်းတွင် ကျပ် ၇,၄၀၀ ကျော်အထိ ရောက်ရှိခဲ့သော်လည်း မေလ နောက်ဆုံးပတ်မှစတင်၍ ဈေးနှုန်းအနည်းငယ် ပြန်လည်ကျဆင်းလာခဲ့ခြင်းဖြစ်သည်။
စားအုန်းဆီတင်သွင်းရာတွင် တင်ပို့သည့် နိုင်ငံများ၏ ဈေးနှုန်းအတက်အကျပေါ် မူတည်၍ ပြည်တွင်းဈေးကွက်အတွင်း သင့်တင့်မျှတသော ဈေးနှုန်းများ ဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများက ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ်ပြန်သွားမည်ဖြစ်ပြီး စားသုံးသူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် စားအုန်းဆီများကို ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းထက် ပိုမိုမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ခြင်းနှင့် အခြားမသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနက သတိပေးထားသည်။

image

မြစ်ကြီးနား–မိုးကောင်း–မိုးညှင်း မီးရထားလမ်း တိုးချဲ့ပြေးဆွဲနိုင်ရန် လမ်းပိုင်းပြုပြင်မှု ဇူလိုင်တွင် အပြီးသတ်မည်

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား–မိုးကောင်း မီးရထားခရီးစဉ်ကို လက်ရှိအချိန်တွင် ပြေးဆွဲလျက်ရှိပြီး မိုးညှင်းမြို့အထိ တိုးချဲ့ပြေးဆွဲနိုင်ရန် လမ်းပိုင်းပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
အဆိုပါ တိုးချဲ့ပြေးဆွဲနိုင်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုလည်း ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
မြစ်ကြီးနား–မိုးညှင်း မီးရထားခရီးစဉ်အထိ တိုးချဲ့ပြေးဆွဲနိုင်ရန်အတွက် မြင်းကောင်ရေ ၁,၃၀၀ အားနှင့် ၂,၀၀၀ အား စက်ခေါင်းများကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မိုးကောင်း–မိုးညှင်း လမ်းပိုင်း၌ ရထားလမ်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မိုင် ၅၂ မိုင်ကျော်ရှိသည့်အနက် ၃၉ မိုင်ခန့် ပြုပြင်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဘူတာရှစ်ခုကိုလည်း ပြန်လည်ပြုပြင်ပြီးစီးထားပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းပိုင်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို လာမည့် ဇူလိုင်လ ဒုတိယပတ်အတွင်း အပြီးသတ်နိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဇွန် ၅ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၄၃၈ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၀၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၀၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၀၄၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၆၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၆၄၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၉၆၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၉၂၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၅၆၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၅၂၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၂၉၅ ကျပ်
ဝယ်ဈေး - ၄၁၉၅ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၂၀ ကျပ်
ဝယ်ဈေး - ၃၂၂၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၉၉၅ ကျပ်
ဝယ်ဈေး - ၄၈၆၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၁.၇၇ ကျပ်
ဝယ်ဈေး - ၁၂၈.၃၁ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၇၀ ကျပ်
ဝယ်ဈေး - ၁၀၄၀ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၃၆ ကျပ်
ဝယ်ဈေး - ၆၂၀ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၉၈ ကျပ်
ဝယ်ဈေး - ၂၆.၂၇ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၄.၄၈ ကျပ်
ဝယ်ဈေး - ၄၃.၃၁ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈ ကျပ်
ဝယ်ဈေး - ၂.၇၃ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၇၉၀ ကျပ်
ဝယ်ဈေး - ၅၆၃၉ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၈၃ ကျပ်
ဝယ်ဈေး - ၃၀၀၃ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၀၉၉ ကျပ်
ဝယ်ဈေး - ၃၀၂၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၅၂ ကျပ်
ဝယ်ဈေး - ၅၃၈ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၇၃ ကျပ်
ဝယ်ဈေး - ၁၁၄၂ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

image

အင်ဒါဆင်အတွက် မန်စီးတီးရဲ့ အဖွင့် ကမ်းလှမ်းမှုအား ပယ်ချကာ စံချိန်တင်ပြောင်းရွှေ့ကြေး ရရှိ‌ရေး ဈေးကိုင်လာတဲ့ နော်တင်ဟမ်ဖောရက်စ်
=====================
မန်စီးတီးရဲ့ အီးလီးယော့အင်ဒါဆင်အား ခေါ်ယူရေး အဖွင့်ကမ်းလှမ်းမှုကို နော်တင်ဟမ်ဖောရက်စ်က ပယ်ချလာပါတယ်။
နော်တင်ဟမ်ဖောရက်စ်ဟာ အင်ဒါဆင်အတွက် ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၁၅ သန်း ရရှိလိုနေမှုနှင့်အတူ မန်စီးတီးရဲ့ ကနဦး ကမ်းလှမ်းမှုအား ပယ်ချလာတာလည်း ဖြစ်ပါတယ်။
အင်ဒါဆင်ဟာ ၃ နှစ်စာချုပ်ကျန်နေသေးသူ ဖြစ်ပြီး ထွက်ခွာလာမည်ဆိုပါကလည်း နော်တင်ဟမ်ဖောရက်စ်ဘက်က မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ရရှိလိုနေတာပါ။
ပဲလေ့စ်ဟာ အင်ဒါဆင်အတွက် အန်ဇိုဖာနန်ဒက်ဇ်၊ မွိုက်စ်ကိုင်စီဒို၊ ဒီကလန်ရိုက်တို့ရဲ့ ပြောင်းရွှေ့ကြေးမျိုး ရရှိလိုနေတာပါ။
ယူနိုက်တက်ကလည်း အသက် ၂၃ နှစ်ရှိ အင်္ဂလန်လက်ရွေးစင်စတားကို ခေါ်ယူရေး စိတ်ဝင်စားနေပေမဲ့လည်း ဖောရက်စ်ဘက်က မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တောင်းဆိုမှုကြောင့် နောက်ဆုတ်ထားပြီး ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ကွင်းလယ်အတွက် အတ္တလန္တာမှ ဘရာဇီးကွင်းလယ်ကစားသမားအီဒါဆင်ကို ပေါင် ၃၉ သန်းဖြင့် ခေါ်ယူရေး သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။
မန်စီးတီးဟာ အသင်းကို ၁၀ နှစ်ကြာ ကိုင်တွယ်ပြီးနောက် ထွက်ခွာသွားတဲ့ ဂွါဒီယိုလာနေရာတွင် လက်ထောက်နည်းပြဟောင်းအန်ဇိုမာရက်စ်ကာကို ခန့်အပ်လာဖို့ ရှိနေပါတယ်။
တကယ်လို့များ မန်စီးတီးသာ အင်ဒါဆင်ကို ပေါင် ၁၁၅ သန်းဖြင့် ခေါ်ယူလာပါက ကလပ်သမိုင်းတွင် ပြောင်းရွှေ့ကြေးအမြင့်မားဆုံးပေးရတဲ့ ကစားသမားဖြစ်လာပါမယ်။ လက်ရှိအချိန်တွင် မန်စီးတီးရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်အဖြစ် ဂျက်ဂရဲလ်လစ်ရှ်က ပေါင်သန်း ၁၀၀ ဖြင့် ရပ်တည်နေပါတယ်။
အင်ဒါဆင်ဟာ လက်ရှိအချိန်တွင် အင်္ဂလန်အသင်းနှင့်အတူ ဖလိုရီဒါတွင် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်မှု ပြုလုပ်နေပါတယ်။

image

ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးပြီးနောက် မြည်းများအား ပုံမှန်မဟုတ်တဲ့ လှူဒါန်းမှု ပြုလုပ်လာတဲ့ အာဆင်နယ်စတားများ
=======================

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးပြီးနောက် နော်ဖော့ခ်ဘေးမဲ့တောမှ မြည်းများအတွက် ပုံမှန်မဟုတ်တဲ့ လှူဒါန်းမှု တစ်ခု ပြုလုပ်လာပါတယ်။
ရက်ဝင်းမြင်းဘေးမဲ့တောက အာဆင်နယ်အသင်းထံမှ ပုံမှန်မဟုတ်တဲ့ လှူဒါန်းမှုတစ်ခု ရရှိခဲ့ကြောင်း အတည်ပြုသွားပါတယ်။
အာဆင်နယ်အသင်းက နွေရာသီအတွင်း မြည်းများရဲ့ခြေထောက်များအား အကာအကွယ်ပေးရန်အတွက် အသုံးပြုရန် ခြေအိတ်များအား လှူဒါန်းမှု လက်ခံသလားလို့ ရက်ဝင်းမြင်းဘေးမဲ့တော တာဝန်ရှိသူများကို မေးမြန်းခဲ့ပါတယ်။
ရက်ဝင်းမြင်းဘေးမဲ့တောအဖွဲ့ကလည်း ပရော်ဖက်ရှင်နယ်ကစားသမားများ အသုံးပြုတဲ့ ခြေအိတ်များမှာ မြည်းများအတွက် အလွန်သင့်တော်တဲ့ ပစ္စည်းများဖြစ်ရာ ချက်ချင်းပင် လှူဒါန်းမှုကို လက်ခံခဲ့တာလည်း ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့လတုန်းက ပရီးမီးယားလိဂ်ဖလားဆွတ်ခူးပြီးနောက် အထက်ပါလှူဒါန်းမှုအား ပြုလုပ်ခဲ့တာပါ။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့လတုန်းက ခရစ္စတယ်ပဲလေ့စ်အား ၂-၁ ဖြင့် အနိုင်ရရှိပြီးနောက် ၂၂ နှစ်အတွင်း ပထမဆုံးပရီးမီးယားလိဂ်ဖလားအား ကိုင်မြှောက်နိုင်ခဲ့ပါတယ်။
၎င်းတို့ဟာ ယင်းမတိုင်မီ ၅ ရက်တုန်းက Vitality Stadium တွင် မန်စီးတီးတို့ ဘုန်းမောက်ကို အနိုင်မရရှိခဲ့ကတည်းက ချန်ပီယံဖြစ်နေခဲ့တာပါ။
ဒါပေမဲ့ အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာတော့ ပီအက်စ်ဂျီကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ကာ ပထမဆုံးချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်မှုအခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။

image

ကမ္ဘာ့ဖလားနှင့် Ballon d'Or ဆွတ်ခူးရန် အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်း ပစ်မှတ်ထားနေ
======================

ဟယ်ရီကိန်းက တစ်နှစ်တည်းတွင် ကမ္ဘာ့ဖလားနှင့် Ballon d'Or ဆွတ်ခူးရန် ပစ်မှတ်ထားနေကြောင်း ဖွင့်ဟပြောကြားလာပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ယခုနွေတွင် အင်္ဂလန်နှင့်အတူ ကမ္ဘာ့ဖလားဆွတ်ခူးရန် ရည်မှန်းထားသလို ယခုနှစ် နှောင်းပိုင်းတွင် လန်ဒန်တွင် ပထမဆုံးအကြိမ် ကျင်းပချီးမြှင့်လာမဲ့ Ballon d'Or ဆုကိုလည်း ဆွတ်ခူးရန် ပစ်မှတ်ထားနေတာပါ။
ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဘိုင်ယန်မြူးနစ်အတွက် ၆၁ ဂိုးသွင်းယူကာ ပြည်တွင်းဆုဖလား ၂ လုံး ဆွတ်ခူးနိုင်အောင် ကူညီခဲ့သူလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အမေရိကန်သို့ ရောက်နေပြီ ဖြစ်တဲ့ ဟယ်ရီကိန်းက "ကမ္ဘာ့ဖလားကိုင်မြှောက်နေတာကို မစိတ်ကူးဖူးဘူးဆိုရင် လိမ်ရာကျပါလိမ့်မယ်။ ဒီဖလားရဖို့ ရည်မှန်းထားတယ်။ ဒါက ကျွန်‌တော်တို့ရဲ့ ဦးတည်ချက်ပါ။ မလွယ်မှန်းလည်း သိပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တွေမှာ ကျွန်တော်တို့ အ‌ရေးပါတဲ့ ဆုဖလား ရယူနိုင်ဖို့ နီးစပ်ခဲ့ကြတယ်။ ယူရိုဗိုလ်လုပွဲ နှစ်ကြိမ် တက်ခဲ့တယ်။ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်၊ ကွာတားဖိုင်နယ်(၂၀၂၂)တို့မှာ တက်ခဲ့တယ်။ ဒီနှစ်နည်းပြသစ်၊ ကစားသမားသစ်အချို့ ရှိနေတယ်။ ဒီလိုပြိုင်ပွဲက အရမ်းကို ဖိအားများပေမဲ့ စိတ်လှုပ်ရှားစရာကောင်းပါတယ်"လို့ ပြောကြားသွားပါတယ်။
Ballon d'Or ဆုပေးပွဲကို အောက်တိုဘာလ ၂၆ ရက်နေ့တွင် လန်ဒန်တွင် ကျင်းပလာပါမယ်။
ကမ္ဘာ့ဖလားဆွတ်ခူးလာပါက Ballon d'Or ဆွတ်ခူးလာနိုင်မလားလို့ မေးမြန်းလာချိန်တွင် ဟယ်ရီကိန်းက "ကျွ်တော်က ရေပန်းစားနေတဲ့သူတွေထဲမှာ ပါဝင်ဖို့ သေချာပါတယ်။ ဒီရာသီမှာ ရခဲ့တဲ့ ဆုဖလားတွေ၊ သွင်းခဲ့တဲ့ ဂိုးအရေအတွက်ကြောင့် ကျွန်တော်က ထိပ်ဆုံးက ရေပန်းစားနေသူဆိုတာ သေချာပါတယ်။ တကယ်လို့ အင်္ဂလန်သာ ကမ္ဘာ့ဖလားရခဲ့ရင် အင်္ဂလန်ကစားသမားတစ်ဦး ရလာနိုင်ပါတယ်။ Ballon d'Or ဆုအတွက် ရေပန်းစားသူတွေကို ကြည့်လိုက်ရင် မိုက်ကယ်အိုလီဆီ၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက် ကစားသမားတွေနဲ့ ကျွန်တော်ဆိုတာ မြင်ကြမှာပါ။ ဒါပေမဲ့ တချိန်တည်းမှာပဲ ကျွန်တော်က Ballon d'Or ဆုက ကျွန်တော်နဲ့ပဲ ထိုက်တန်တယ်လို့ ပြောတတ်တဲသူမျိုး မဟုတ်ပါဘူး။ ကွင်းထဲမှာပဲ စကားပြောတတ်တဲ့သူပါ"လို့ ပြောကြားသွားပါတယ်။

image

ဗီဇာပြဿနာကြောင့် အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်ခံလာရတဲ့ ဆွစ်ဇာလန်ရဲ့ ကမ္ဘာ့ဖလားစတား
=====================

ဆွစ်ဇာလန်စတားဘရီးလ်အမ်ဘိုလိုဟာ ဗီဇာပြဿနာကြောင့် ကမ္ဘာ့ဖလားအတွက် အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။
ဆွစ်ဇာလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ကြေညာချက်အရ ဘရီးလ်အမ်ဘိုလိုမှာ ESTA (Electronic System for Travel Authorization) နှင့် ညှိစွန်းနေမှုနှင့်အတူ အမေရိကန်ပြည်ထောင်စုသို့ ပြည်ဝင်ခွင့် မရရှိခြင်းဖြစ်ကြောင်း ဆိုထားပါတယ်။
မီဒီယာများရဲ့ဖော်ပြမှုအရ အမ်ဘိုလိုမှာ ၂၀၁၈ ခုနှစ်တုန်းက ဘေဆယ်တွင် ဖြစ်ပွားတဲ့ ရန်ပွဲကြောင့် ယခုကဲ့သို့ ပြည်ဝင်ခွင့်ဗီဇာရရှိလာခြင်း မရှိတာ ဖြစ်ကြောင်း သိရပါတယ်။
တဖက်တွင် အမေရိကန်ဘက်က အမ်ဘိုလိုကို ဘယ်လိုအကြောင်းကြောင့် ပြည်ဝင်ခွင့်မပေးရသလဲဆိုတာ ရှင်းရှင်းလင်းလင်း ကြေညာထားခြင်း မရှိပါဘူး။
ဆွစ်ဇာလန်ဘောလုံးအဖွဲ့ချုပ်ကတော့ အမ်ဘိုလိုမှာ မကြာမီ အမေရိကန်ဗီဇာ ရရှိလာမယ်လို့ ယုံကြည်နေပြီး အမေရိကန်ရှိ အသင်းနှင့် ပူးပေါင်းလာနိုင်မယ်လို့ ယုံကြည်နေပါတယ်။
သူဟာ အသင်းသားများနှင့်အတူ ဇူးရစ်လေဆိပ်သို့ ရောက်နေချိန်တွင်မှ အမေရိကန်ပြည်ဝင်ခွင့် မရရှိကြောင်း သိရပြီးနောက် ကျန်ရစ်ခဲ့ရတာပါ။
အသက် ၂၉ နှစ်ရှိ အမ်ဘိုလိုဟာ ဆွစ်ဇာလန်အတွက် ၈၅ ပွဲကစားထားရာမှာ ၂၃ ဂိုးသွင်းထားသူ ဖြစ်ပြီး ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလားတို့တွင်လည်း ပါဝင်ကစားခဲ့သူ ဖြစ်ပါတယ်။
သူဟာ ၂၀၂၁ ခုနှစ်တုန်းက မိုချင်ဂလက်ဘတ်တွင် ကစားနေစဉ် ကိုဗစ်စည်းမျဉ်းကို ချိုးဖောက်ကာ သူငယ်ချင်းတစ်ဦးရဲ့ ပါတီပွဲသို့ တက်ရောက်မှုကြောင့် ဒဏ်ရိုက်ခံခဲ့ရဖူးပါတယ်။ ထိုစဉ်တုန်းက ရဲတပ်ဖွဲ့က အိမ်ကို ဝင်ရောက် ဖမ်းဆီးခဲ့ရာတွင် အမ်ဘိုလိုဟာ ရေစိမ်ကန်နောက်တွင် ပုန်းအောင်းနေခဲ့မှုကြောင့် လွတ်မြောက်ခဲ့ပါတယ်။
ယင်းနောက် ၂ နှစ်အကြာတွင် အမ်ဘိုလိုဟာ ၂၀၁၈ ခုနှစ်တုန်းက ဖြစ်ပျက်ခဲ့တဲ့ ခြိမ်းခြောက်မှုအတွက် ဒဏ်ရိုက်ခြင်းခံခဲ့ရဖူးသလို ၂၀၂၄ ခုနှစ်တုန်းကလည်း ၂၀၂၁ ခုနှစ်တုန်းက စာမေးပွဲအောင်လက်မှတ်အတု ဝယ်ယူမှုအတွက် ဆွစ်ဇာလန်တွင် ရာဇဝတ်မှုဖြင့် အမှုရင်ဆိုင်ခဲ့ရပါတယ်။
ဆွစ်ဇာလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ဆန်ဒီယေဂိုတွင် အခြေစိုက် စခန်းသွင်း လေ့ကျင့်ခန်းဆင်းလာပါမယ်။

image

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လူကျွံဘောဖမ်းနည်းပညာသစ် အသုံးပြုလာမည်
=====================

ဖီဖာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လူကျွံဘောဖမ်းနည်းပညာသစ် အသုံးပြုလာမှာ ဖြစ်ပါမယ်။
ဖီဖာဟာ VAR ဒိုင်များအတွက် အလိုအလျှောက်လူကျွံဘောဖမ်းနည်းပညာ အသုံးပြုလာမှာ ဖြစ်ပါတယ်။ ယင်းနည်းပညာကြောင့် စည်းကြပ်ဒိုင်များအနေဖြင့် ဆုံးဖြတ်ချက်အလျှင်အမြန် ချမှတ်လာနိုင်မှာ ဖြစ်ကာ လူကျွံဘောအမြန်အလံထောင်လာနိုင်ပါမယ်။
ယင်းစနစ်က ကစားသမားတစ်ဦး ၁၀ စီတီမီတာ လူကျွံနေရုံဖြင့် စည်းကြပ်ဒိုင်ထံသို့ အချက်ပေး အသံပေးပို့လာမှာလည်း ဖြစ်ပါတယ်။
ယခင် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အသုံးပြုခဲ့တဲ့ နည်းပညာတုန်းက ကစားသမား ၅၀ စင်တီမီတာ ကျွံမှုကိုသာ တိုင်းတာနိုင်ခဲ့တာ ဖြစ်ပါတယ်။
တဖက်တွင် ကမ္ဘာ့ဖလားတွင် အသုံးပြုလာမဲ့ အလိုအလျှောက်လူကျွံဘောဖမ်းနည်းပညာမှာ ပြီးပြည့်စုံခြင်း မရှိသေးဘဲ လူကျွံအနေအထားတွင်သာ အသုံးပြုနိုင်တာပါ။
ဒါကြောင့်လည်း VAR အနေဖြင့် လူကျွံကစားသမားက ဘောလုံးကို ထိခြင်းမရှိဘဲ ကစားကွက်တွင် ပါဝင်ပတ်သက်ခြင်း ရှိ/မရှိကို စစ်ဆေးမှုများ ပြုလုပ်လာရပါဦးမယ်။
တဖက်တွင် ဖီဖာဟာ ယခုကဲ့သို့ နည်းပညာသစ် အသုံးပြုလာမှုနှင့်အတူ အချို့အဖြစ်အပျက်များတွင် VAR သုံး စစ်ဆေးတဲ့အထိ စောင့်ဆိုင်းရန် မလိုတော့ဘဲ စောစောစီးစီး လူကျွံဘောဖမ်းနိုင်မှုကြောင့် ပွဲရပ်ဆိုင်းရချိန်ကို လျှော့ချလာနိုင်မယ်လို့ ယုံကြည်နေပါတယ်။
တဖက်တွင် ဖီဖာဟာ ဘောလုံး ကွင်းစည်းကျော်/မကျော် စစ်ဆေးနိုင်တဲ့ နည်းပညာ အသုံးပြုရန်လည်း ခွင့်ပြုချက်ပေးလာပါတယ်။
ယင်းနည်းပ့ညာက ဂိုးလိုင်းနည်းပညာကဲ့သို့ပင် ဘောလုံး ကွင်းစည်းကျော်/မကျော်ကို 3D ပုံ ဖမ်းဆီးပေးနိုင်ပါတယ်။ ယင်း Chip ကို ဘောလုံးအတွင်းတွင် ထည့်သွင်းလာမှာ ဖြစ်ပြီး ယခုစနစ်ကြောင့် VAR အနေဖြင့် ထောင့်ကန်ဘောဆုံးဖြတ်ရာတွင်လည်း အထောက်အကူ ဖြစ်လာပါမယ်။

image

အပူကို ရင်ဆိုင်ရန် အင်္ဂလန်ကစားသမားများ အသင့်ဖြစ်နေရမယ်လို့ ဟင်ဒါဆင် ပြောကြားလာ
=====================

ဂျော်ဒန်ဟင်ဒါဆင်က အင်္ဂလန်ကစားသမားများအား ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် အပူချိန်ကို ကြံ့ကြံ့ခံနိုင်ရေး အဆင်သင့် ပြင်ထားကြရန် တိုက်တွန်း ပြောကြားလာပါတယ်။
အင်္ဂလန်အသင်းသားအများစုဟာ လာမဲ့အပတ် ကမ္ဘာ့ဖလားမစတင်မီ တနင်္လာနေ့ကတည်းက ဖလိုရီဒါသို့ ရောက်ရှိကာ အပူချိန်အောက်တွင် စတင်စခန်းသွင်းလေ့ကျင့်လာကြပါတယ်။
အင်္ဂလန်အသင်းသားတို့ဟာ အင်္ဂါနေ့တုန်းက West Palm Beach တွင် အပူချိန် 32C အောက်တွင် စတင်လေ့ကျင့်ခန်းဆင်းခဲ့ကြပါတယ်။
အစောပိုင်းလေ့လာမှုများအရ ကမ္ဘာ့ဖလားပွဲအားလုံးရဲ့ လေးပုံတစ်ပုံခန့်မှာ အပူချိန် 26C အထက်တွင် ကစားလာရမှာ ဖြစ်ကြောင်း ခန့်မှန်းထားကြပါတယ်။
အင်္ဂလန်နည်းပြသောမတ်စ်တူချယ်ဟာ အစောပိုင်းကတည်းက အင်္ဂလန်ကစားသမားများအား အမေရိကန်ရဲ့အပူချိန်နှင့် အချိန်ဇုန်တွင် အသားကျစေရန်အတွက် အမေရိကန်သို့ အားလပ်ရက်ခရီးထွက်ကြရန် အကြံပေးခဲ့ပါတယ်။
အင်္ဂလန်တိုက်စစ်မှူးမားကပ်စ်ရက်ဖို့ဒ်မှာ အစောပိုင်းကတည်းက အမေရိကန်သို့ ရောက်ရှိကာ အပန်းဖြေရင်း လေ့ကျင့်ခန်းဆင်းလာပါတယ်။
အင်္ဂလန်နှင့်အတူ ၇ ကြိမ်မြောက် နိုင်ငံတကာပြိုင်ပွဲ ကစားလာမဲ့ ဟင်ဒါဆင်က "ဒီလိုအခြေအနေတွေကို ရင်ဆိုင်နိုင်ဖို့ ကိုယ့်ကိုယ်ကို တည်ဆောက်ထားရမယ်။ ကိုယ်ကစားရမဲ့ နိုင်ငံအပေါ် မူတည်နေတာ သိပါတယ်။ အားလုံး ကွဲပြားနေနိုင်တာကြောင့် အသားကျဖို့ အရမ်းခက်တယ်။ ဒါပေမဲ့ အသားကျဖို့ ကိုယ့်ခံနိုင်ရည်ဖြည့်ဖို့ တစ်ပတ်အချိန်ရပါတယ်။ ခြေစမ်းပွဲတွေကလည်း ဒါတွေအတွက် ကောင်းမွန်လာစေပါတယ်။ အသင်းရဲ့နောက်ကွယ်မှာ အရမ်းကောင်းတဲ့ အသင်းတစ်သင်းရှိတယ်။ သူတို့ရဲ့ ပြန်လည်အားပြည်ရေး၊ ခန္ဓာကိုယ်အေးရေး စတဲ့ စူစမ်းရှာဖွေမှုတွေက တကယ့် ထိပ်တန်းအဆင့်မှာ ရှိပါတယ်။ ဒါတွေက ဒီပြိုင်ပွဲမှာ ပြိုင်ဘက်တွေအတွက် နာတစ်ဖျားအသာစီး ရလာစေဖို့ မျှော်လင့်ပါတယ်။ တဖက်မှာ ကျွန်တော်တို့အနေနဲ့ ပြိုင်ပွဲအပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်လာနိုင်စေပါတယ်"လို့ ပြောကြားသွားပါတယ်။
အင်္ဂလန်ဟာ ဇွန်လ ၁၇ ရက်နေ့တွင် တက္ကဆက်တွင် ခရိုအေးရှားနှင့် အုပ်စုအဖွင့်ပွဲ ကစားရပါမယ်။
ပြီးလျှင် ၎င်းတို့ဟာ ဇွန်လ ၂၃ ရက်နေ့တွင် မက်ဆာချူးဆက်တွင် ဂါနာနှင့်လည်းကောင်း၊ ဇွန်လ ၂၇ ရက်နေ့တွင် နယူးဂျာစီမှာ ပနားမားနှင့်လည်းကောင်း ရင်ဆိုင်ကစားရပါမယ်။

image