ချောင်းသာနှင့်ငွေဆောင်ကမ်းခြေတို့တွင် လူရည်ချွန်စခန်းများ ဖွင့်လှစ်မည်

ချောင်းသာနှင့်ငွေဆောင်ကမ်းခြေတို့တွင် ၂၀၂၆ ခုနှစ်၊ လူရည်ချွန်စခန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဧပြီ ၂၃ ရက်၊ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ လူမှုရေးရာဝန်ကြီး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးအတွင်းရှိ ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေတွင် လူရည်ချွန်စခန်းများကို နှစ်စဉ်ဖွင့်လှစ်ခဲ့ပြီး လူရည်ချွန်များအနေဖြင့် အပန်းဖြေခြင်းအပြင် ဒေသအတွင်း၌ရှိသည့် သိသင့်သိထိုက်သည့် လုပ်ငန်းများ၊ ဒေသထွက်ကုန်များအပြင် ဗဟုသုတများရရှိစေမည့်နေရာ၊ ဒေသများသို့ လေ့လာ၊ လည်ပတ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ယခုအချိန်သည် ရာသီဥတုပူပြင်းသည့်အတွက် လူရည်ချွန်များ သက်သောင့်သက်သာဖြင့် သွားလာလည်ပတ်နိုင်ရေး ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆိုပါအစည်းအဝေးတွင် ပြောကြားသည်။

ယင်းသို့လေ့လာလည်ပတ်သည့် အစီအစဉ်တွင် စနစ်တကျဖြစ်စေရေး ကြိုတင်စီမံဆောင်ရွက်ရန်လိုပါကြောင်း၊ လူရည်ချွန်များ၏ လုံခြုံရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကိုလည်း စနစ်တကျဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူရည်ချွန်မောင်မယ်များအတွက် အစားအသောက်များသည် သန့်ရှင်းလက်ဆတ်သော ဒေသ အစားအစာများဖြစ်စေရေး ကိုလည်း ဆောင်ရွက်ထားရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ လူရည်ချွန်မောင်မယ်များသည် အနယ်နယ် အရပ်ရပ်မှ လာရောက်သူများဖြစ်သဖြင့် မလိုလားအပ်သည့် အန္တရာယ်များမဖြစ်ပေါ်စေရန် သက်ဆိုင်ရာတာဝန်ရှိသူများက အလေးထားကြီးကြပ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဌာနများအနေဖြင့်လည်း ယခင်နှစ်များ၏ အားနည်းချက်များကို ကြိုတင်ပြင်ဆင်၍ တာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ထို့နောက် ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်၊ တိုင်းဒေသကြီးပညာရေးမှူးနှင့် တာဝန်ရှိသူများက လူရည်ချွန်စခန်းဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် အထွေထွေဆွေးနွေးတင်ပြချက်များ အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ကော်မတီများအလိုက် ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

image

စက်သုံးဆီစျေး အနည်းငယ်ပြန်ကျပြီး 92 တစ်လီတာလျှင် ရန်ကုန်၌ ၄၆၆၈ ဖြစ်၊ ယခင်တစ်ပတ်ထက် 92 တစ်လီတာလျှင် တစ်လီတာလျှင် ၆၇ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ကျပ် ၇၀၀ ကျဆင်းလာ

အရှေ့အလယ်ပိုင်းက စစ်ရေးပဋိပက္ခများ ကြားထဲတွင် ယနေ့ ရည်ညွှန်းစျေး၌ စက်ဆုံးဆီဈေး အနည်းငယ် ပြန်ကျသွားသည်။

ယနေ့ (ဧပြီ ၂၄) စက်သုံးဆီရည်ညွှန်းစျေး၌ ယခင်တစ်ပတ်ထက် ဓာတ်ဆီ 92 တစ်လီတာ ၆၇ ကျပ် ၊ 95 တစ်လီတာ ၃၆ ကျပ်၊ ဒီဇယ်တစ်လီတာ လျှင် ၇၃၃ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၇၄၃ ကျပ် ကျဆင်းသွားသည်။

ထို့ကြောင့် ရန်ကုန်တွင် ဓာတ်ဆီ 92 တစ်လီတာ ကျပ် ၄၆၆၈ ၊ 95 တစ်လီတာလျှင် ကျပ် ၄၉၀၉ ၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၅၇၅၂ ၊ ပရီမီယံ ဒီဇယ် တစ်လီတာကျပ် ၇၀၁၂ ဖြစ်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။

ဧပြီ ၁၇ ရက်တွင် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ဈေးနှုန်းအရ 92 ဓာတ်ဆီတစ်လီတာ ကျပ် ၄၇၃၅ ၊ 95 ဓာတ်ဆီတစ်လီတာ ကျပ် ၄၉၄၅ ၊ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၆၄၈၅ ၊ ပရီမီယံ ဒီဇယ် တစ်လီတာကျပ် ၇၇၅၅ ဖြစ်သည်။

image

လက်ရှိတွင် ရွေးကောက်ခံအစိုးရအဖွဲ့ရှိပြီဖြစ်၍ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် UPDJC၊ JMC လုပ်ငန်းစဉ်များကိုပြန်လည်ဆောင်ရွက်မည်

လက်ရှိတွင် ရွေးကောက်ခံအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များရှိပြီဖြစ် ၍ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများနှင့် UPDJC၊ JMC လုပ်ငန်းစဉ်များကိုပြန်လည်ဆောင်ရွက်မည်ဟု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များအတွက် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)အဖွဲ့ဝင်များ ဧပြီ ၂၃ ရက်ကတွေ့ဆုံ၍ လုပ်ငန်းစဉ်များဆွေးနွေးရာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ညှိနှိုင်းရေးကော်မတီစတင်ဖွဲ့စည်းခဲ့သည့် ၂၀၂၁ ခုနှစ်ကပင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက် းနက်ကိုင်(၇)ဖွဲ့၊ NCA လက်မှတ်မရေး ထိုးရသေးသည့် တိုင်းရင်းသားလက် နက်ကိုင်(၃)ဖွဲ့တို့နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ပြောသည်။

" အရင် NCA အရ ငြိမ်းချမ်းရေးကိုဆောင်ရွက်ဖို့ UPDJC ၊ JMC တွေနဲ့ဖွဲ့ စည်းထားပြီး ToR၊ SOP တွေနဲ့ဆောင် ရွက်ခဲ့ပါတယ်။ JMC မှာ လူသားချင်းစာနာမှုအကူအညီတွေပေးအပ်ဖို့ရှိလို့ JMC အရပ်သားကိုယ်စားလှယ်တွေ JMC-TSC တွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေကို လို အပ်သူတွေဆီရောက်အောင်ဆောင် ရွက်ပေးနေပါတယ်"ဟု ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။

ထို့ပြင် ညှိနှိုင်းရေးကော်မတီအတွင်း ရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနိုင်ကလည်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံများမှသဘောတူညီထားပြီး ပြည် ထောင်စုလွှတ်တော်မှအတည်ပြုထားသည့် အစိတ်အပိုင်း ၁ ၊ ၂ ၊ ၃ ပါ သဘောတူညီချက်(၇၂)ချက်အား ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့် အခြားတည်ဆဲဥပဒေများနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြီး ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

ဆွေးနွေးပွဲအား နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးခိုင်မာစေရန်နှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကိုရှေးရှုလျက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများနှင့်တွေ့ဆုံဆွေးနွေးမှုအရှိန်အဟုန်ကိုမြှင့်တင်ဆောင်ရွက်လျက်ရှိရာ ပိုမိုထိရောက်သောလုပ်ငန်းစဉ်များချ မှတ်နိုင်ရန်နှင့် ရရှိပြီးဆွေးနွေးမှုရလဒ်များကို လက်တွေ့ကျကျအကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများရှာဖွေဖော်ထုတ်ရန်ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

image

ယခုတစ်ပတ်ရောင်းချမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး ဆက်လက်မြင့်တက်

ယခုသီတင်းပတ်ကာလဖြစ်သည့် ဧပြီ ၂၄ ရက်မှ ဧပြီ ၃၀ ရက်အထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၇၂၈၅ ကျပ်ဖြစ်ကြောင်း စားအုန်းဆီးတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်အပတ်က စားအုန်းဆီလက်ကားရည်ညွှန်းဈေးမှာ တစ်ပိဿာလျှင် ၆၉၈၅ ကျပ်ဖြစ်သဖြင့် ယခုတစ်ပတ်မှာ ယခင်တစ်ပတ်ထက် တစ်ပိဿာလျှင် ကျပ် ၃၀၀ မြင့်တက်လာခြင်းဖြစ်သည်။

လက်ရှိ ၂၀၂၆ ခုနှစ် ဇန်နဝါရီအတွင်း စားအုန်းဆီ ရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းသည် တစ်ပိဿာလျှင် ကျပ် ၆၄၀၀ ဝန်းကျင်ဖြစ်ပြီး ဖေဖေါ်ဝါရီလတွင် ကျပ် ၆၆၀၀ ဝန်းကျင်၊ မတ်လတွင် ကျပ် ၆၆၄၀ ဝန်းကျင်ရှိခဲ့ပြီး ယခု ဧပြီလတွင် ကျပ် ၇၂၈၅ ကျပ်အထိ မြင့်တက်လာခြင်းလည်း ဖြစ်သည်။

စားအုန်းဆီကို ပြည်ပမှ ဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့် နိုင်ငံများ၏ ဈေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်နေကြောင်း သိရသည်။

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်ထုတ်ပြန်မည်ဖြစ်ပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ ဝက်ဆိုဒ်တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။

စားအုန်းဆီများကို ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ အသိပေးထားသည်။

image

မကွေး မြသလွန်စေတီတော် တွင် ကဆုန်လပြည့်နေ့ အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ညောင်ရေသွန်းပွဲ ကျင်းပမည်

မကွေးမြို့ရှိ မြသလွန်စေတီတော်တွင် ကဆုန်လပြည့်နေ့ အထိမ်းအမှတ် ညောင်ရေသွန်းပွဲနှင့် သံဃာတော် ၁၀၀၀ ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားစွာ ကျင်းပမည်ဖြစ်​ကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဧပြီ ၃၀ ရက် နံနက်ပိုင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပရေး ဦးစီးကော်မတီမှ ကြီးမှူးကာ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များမှ စေတနာရှင်များနှင့် အလှူရှင်များ ပူးပေါင်းပါဝင်မည်ဖြစ်သည်။

ယင်းလှူဒါန်းပွဲတွင် မကွေးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များမှ သံဃာတော် ၁၀၀၀ ကျော်အား ဆွမ်းဆန်စိမ်းများ လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ညနေပိုင်းတွင် နှစ်စဉ် ရိုးရာမပျက် ကျင်းပလေ့ရှိသော ကဆုန်ညောင်ရေသွန်းပွဲကိုလည်း စေတီတော် ရင်ပြင်တော်၌ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

ဂေါပကအဖွဲ့ကလည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား ယင်းပွဲတော်တွင် ပါဝင်ကုသိုလ်ယူကြရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

image

မြောက်ကိုရီးယား-ရုရှား ကားလမ်းတံတားအသစ်ကို မကြာမီ ဖွင့်လှစ်မည်

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့သည် တူမန်မြစ်ကိုဖြတ်၍ နှစ်နိုင်ငံ ဆက်သွယ်ပေးသည့် လမ်းတံတားတစ်စင်းကို အမြန်ဆုံးဖွင့်လှစ်ရန် ရည်ရွယ်ထားကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ ကေစီအင်န်အေက ဧပြီလ ၂၃ ရက်နေ့တွင် သတင်းဖော်ပြခဲ့သည်။

၂၀၂၅ ခုနှစ်တွင် စတင်ခဲ့သော စီမံကိန်းသည် ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် လူများ၏ ရွှေ့ပြောင်းသွားလာမှုအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရာတွင် အရေးကြီးသော လုပ်ငန်းဆောင်တာတစ်ခုဖြစ်ကြောင်း ကေစီအင်န်အေက ပြောကြားခဲ့သည်။

ရုရှား၏ အဝေးပြေးလမ်းမကြီးနှင့် ချိတ်ဆက်မည့် မီတာ ၈၅၀ ရှည်သော တံတားတည်ဆောက်ရေးကို ၂၀၂၄ ခုနှစ်က သမ္မတ ဗလာဒီမာပူတင်၏ မြောက်ကိုရီးယားခရီးစဉ်အတွင်း သဘောတူညီချက် ရရှိခဲ့သည်။

ရုရှားနှင့် မြောက်ကိုရီးယားတို့သည် နှစ်ဖက်တံတားချိတ်ဆက်ခြင်း အထိမ်းအမှတ်အဖြစ် ဧပြီ ၂၁ ရက်နေ့တွင် အခမ်းအနားတစ်ခု ကျင်းပခဲ့ကြောင်း မော်စကိုတိုင်းမ်သတင်းစာက ဖော်ပြခဲ့သည်။

လက်ရှိတံတားကို ကိုရီးယားစစ်ပွဲအပြီး ၁၉၅၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော ရထားတံတားတစ်ခုဖြစ်သည့် ချစ်ကြည်ရေးတံတားအနီးတွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားကို မကြာမီကျင်းပမည်ဟု ရက်အတိအကျ မဖော်ပြဘဲ ကေစီအင်န်အေက ပြောကြားခဲ့သည်။ ဇွန်လ ၁၉ ရက်နေ့တွင် တံတားတည်ဆောက်မှု အလုံးစုံပြီးစီးမည်ဟု ပြုံယမ်းရှိ ရုရှားသံရုံးက တယ်လီဂရမ်တွင် ရေးသားခဲ့သည်။

တံတားသည် ကုန်သွယ်ရေးကို မြှင့်တင်ပေးမည်ဖြစ်ပြီး ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဆက်ဆံရေးကို တိုးချဲ့ပေးမည်ဟု ရုရှားနိုင်ငံအရှေ့ဖျား ပရီမော်စကီးဒေသ အုပ်ချုပ်ရေးမှူး မစ္စတာ အိုလက် ကိုဇမ်ယာကိုက တယ်လီဂရမ်တွင် ရေးသားခဲ့သည်။

ယခုသီတင်းပတ်တွင် ရုရှားကိုယ်စားလှယ်များစွာ မြောက်ကိုရီးယားသို့ သွားရောက်လည်ပတ်ပြီးနောက် ယခုသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

Ref: သယ်စထရိတ်တိုင်းမ်စ်

image

တန်းမဆင်းရရေး စိတ်ခွန်အားပေးမယ့် အားကစားစိတ်ပညာရှင်တစ်ဦး ရှာဖွေလာတဲ့ စပါးစ်
===================
နည်းပြရောဘတ်တိုဒီဇာဘီက ကစားသမားများရဲ့စိတ်ဓာတ်ကို ပြောင်းလဲရန် လိုအပ်နေတယ်လို့ ပြောကြားခဲ့ပြီးနောက် စပါးစ်ဟာ ပထမအသင်းအတွက် ထိပ်တန်းအားကစားစိတ်ပညာရှင်တစ်ဦး ခန့်အပ်ရန် ရှာဖွေလာပါတယ်။

စပါးစ်ဟာ ပရီးမီးယားလိဂ်တွင် ၁၅ ပွဲဆက် နိုင်ပွဲပျောက်နေပြီး တန်းဆင်းဇုန်အတွင်း ကျရောက်နေပါတယ်။

မတ်လနှောင်းပိုင်းတုန်းက ယခုရာသီ သုံးဦးမြောက်နည်းပြအဖြစ် ခန့်အပ်ခြင်းခံလာရတဲ့ အီတလီလူမျိုးနည်းပြဒီဇာဘီလက်ထက်တွင်လည်း စပါးစ်ဟာ ၂ ပွဲကစားထားရာမှာ ၁ မှတ်တည်းသာ ရရှိထားပါတယ်။

အီတလီလူမျိုးနည်းပြက သူ့အလုပ်မှာ ကစားသမားများအား မှန်ကန်တဲ့ စိတ်သဘောထားရှိနေစေရန် ဖြစ်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။

ယခုအခါ စပါးစ်ဟာ ရောဘတ်ဒီဇာဘီရဲ့ ဆန္ဒပြည့်မြောက်လာရေးအတွက် ထိပ်တန်းစိတ်ပညာရှင်တစ်ဦး ခန့်အပ်ရေး အလုပ်ကြော်ငြာလာပါတယ်။

ဒါ့အပြင် စပါးစ်ဟာ အမျိုးသမီးအသင်းအတွက် လစ်လပ်ရာထူးအဖြစ် အားကစားစိတ်ပညာရှင်တစ်ဦးကိုလည်း ထည့်သွင်းကာ အလုပ်ကြော်ငြာထားပါသေးတယ်။

စပါးစ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၈ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်ပြင်ပမှ ဝက်စ်ဟမ်းနှင့် ၂ မှတ်အကွာတွင် ရပ်တည်နေပါတယ်။

စပါးစ်ဟာ ၂၀၂၆ ခုနှစ်အတွင်းတွင် ပရီးမီးယားလိဂ်အိမ်ကွင်းနိုင်ပွဲ ပျောက်ဆုံးနေပြီး နောက်ဆုံးအကြိမ် နိုင်ပွဲ ရခဲ့တာ ဒီဇင်ဘာလ ၂၈ ရက်နေ့တုန်းက ပဲလေ့စ်ကို အနိုင်ရခဲ့တာပါ။

image

သုံးလကြာ အနားယူခဲ့ရပြီးနောက် ဘိုလော့ဂ်နာနှင့်ပွဲတွင် ပါဝင်ရန် ရိုးမားစတားဒိုင်ဘာလာအသင့်ဖြစ်နေပြီ
======================
ပေါ်လိုဒိုင်ဘာလာဟာ စနေနေ့တွင် ဘိုလော့ဂ်နာအား အဝေးကွင်းသို့ သွားရောက်ကစားမယ့် ရိုးမားရဲ့ လူစာရင်းတွင် ပါဝင်ရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

အာဂျင်တီးနားတိုက်စစ်သမားဟာ ဘယ်ဖက်ဒူးဒဏ်ရာခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပြီး သုံးလကြာ အနားယူခဲ့ရပြီးနောက် အင်္ဂါနေ့ကတည်းက ကစားဖော်များနှင့် လေ့ကျင့်ခန်းအပြည့်အဝ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်တိုက်စစ်သမားဟောင်းဟာ ဇန်နဝါရီလကတည်းက ဘယ်ဖက်ဒူးဒဏ်ရာခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရကာ အနားယူလာခဲ့ရသူ ဖြစ်ပါတယ်။

ယနေ့တွင် La Gazzetta dello Sport က ဒိုင်ဘာလာမှာ ရိုးမားအတွက် ပါဝင်ကစားရန် အသင့် ဖြစ်နေပြီဖြစ်ပြီး အာဂျင်တီးနားစတား ပြန်လည်ကစားလာနိုင်မှုက ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေး ရာသီသိမ်းတိုက်ပွဲများ ဆင်နွဲရမယ့် ဂက်စ်ပါရီနီအတွက် သတင်းကောင်း ဖြစ်နေပါတယ်။

ဒါပေမယ့် ဒိုင်ဘာလာဟာ ဘိုလော့ဂ်နာနှင့်ပွဲစဉ်တွင် ပွဲထွက်ကစားလာမလား (သို့မဟုတ်) အရန်အဖြစ်သာ ဝင်ရောက် ကစားလာမလားဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

ဒါ့အပြင် ရိုးမားအတွက် နောက်ထပ် သတင်းကောင်းကတော့ ဘရာဇီးလက်ရွေးစင်လက်ရွေးစင်နောက်ခံလူဝက်စ်လေမှာလည်း ပြင်သစ်နှင့် ခြေစမ်းပွဲတွင် ရရှိခဲ့တဲ့ လက်မောင်းကြွက်သားဒဏ်ရာမှ ပြန်လည်ကောင်းမွန်ကာ အပြည့်အဝ လေ့ကျင့်ခန်းဆင်းနိုင်ပြီဆိုတဲ့ သတင်း ဖြစ်ပါတယ်။

image

ရီးရဲလ်မက်ဒရစ်သတင်းအပေါ် စတုဂတ်နည်းပြဟွိုင်းနက်စ်တုံ့ပြန်လာ
===================
စတုဂတ်နည်းပြဆီဘာစတီယန်ဟွိုင်းနက်စ်က ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားခြင်းခံနေရတယ်ဆိုတဲ့သတင်းများအပေါ် တုံ့ပြန်မှု ပြုလုပ်လာပါတယ်။

Sport Bild က ရီးရဲလ်မက်ဒရစ်ဟာ ရာသီအကုန်တွင် လက်ရှိ နည်းပြအယ်ဗာရိုအာဘီလိုအာရဲ့ နေရာတွင် အစားထိုးရန် လျာထားတဲ့ နည်းပြများစာရင်းတွင် ဆီဘာစတီယန်ဟွိုင်းနက်စ်ကိုလည်း ထည့်သွင်ထားကြောင်း ဖော်ပြသွားပါတယ်။

အာဘီလိုအာဟာ ဇန်နဝါရီလလယ်ပိုင်းတွင် ထုတ်ပယ်ခြင်းခံရတဲ့ အလွန်ဆိုနေရာတွင် အစားထိုးခန့်အပ်ခြင်းခံခဲ့ရတာဖြစ်ပြီး ဆုဖလားလက်မဲ့ ရာသီတစ်ခု ကြုံရပြီးနောက် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမယ့်လည်း ထုတ်ပယ်ခြင်းခံလာရဖို့ ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အာဘီလိုအာနေရာတွင် အစားထိုးရန် ဟွိုင်းနက်စ်အပါအဝင် နည်းပြအမြောက်အမြားကို လျာထားပါတယ်။

ဒါပေမယ့် စတုဂတ်နည်းပြဟွိုင်းနက်စ်ကတော့ ရီးရဲလ်မက်ဒရစ်သတင်းက သူ့အပေါ် တစုံတရာ ရိုက်ခတ်ခြင်း မရှိကြောင်းနှင့် စတုဂတ်ရဲ့ အရေးပါတဲ့ ရာသီသိမ်းပွဲများအပေါ်တွင်သာ အာရုံစိုက်နေကြောင်း ဆိုသွားပါတယ်။

ဟွိုင်းနက်စ်ဦးဆောင်တဲ့ စတုဂတ်ဟာ ယနေ့ညတွင် ဖရိုင်းဘတ်နှင့် ဂျာမန်ပိုကယ်ဖလားဆီမီးဖိုင်နယ်ကစားရပါမယ်။

စတုဂတ်ဟာ ဟွိုင်းနက်စ်ဦးဆောင်မှုဖြင့် ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယာအးဆင့် ၃ နေရာတွင် ရပ်တည်နေကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေပါတယ်။

image

ယာဉ်မောင်းအမည်ကို ပြောကြားရန် ပျက်ကွက်မှုဖြင့် ယာဉ်မောင်းခွင့် ပိတ်ပင်ခြင်းခံလာရဖို့ ရှိနေတဲ့ ဝက်စ်ဟမ်းစတားဟောင်းအန်တိုနီယို
=======================
ဝက်စ်ဟမ်းစတားဟောင်းမီချယ်အန်တိုနီယိုဟာ ပြီးခဲ့တဲ့နှစ်တုန်းက သတ်မှတ်မိုင်နှုန်းထက် မောင်းနှင်ခဲ့တဲ့ သူ့ရဲ့ Lamborghini ကားအား မောင်းနှင်တဲ့ ယာဉ်မောင်းအမည်ကို ရဲတပ်ဖွဲ့အား မပြောကြားမှုအတွက် ယာဉ်မောင်းခွင့် ပိတ်ပင်ခြင်းခံလာရဖို့ ရှိနေပါတယ်။

ဝက်စ်ဟမ်းတိုက်စစ်မှူးဟောင်းဟာ ပြီးခဲ့တဲ့ဧပြီလတုန်းက ရဲတပ်ဖွဲ့အား အသိပေးရန် ပျက်ကွက်ခဲ့ကြောင်း Birmingham Magistrates' Court က စစ်ဆေးတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

အန်တိုနီယိုရဲ့ Lamborghini ဟာ ၂၀၂၅ ခုနှစ် မတ်လ ၁ ရက်နေ့တုန်းက ဘာမင်ဂမ်ရှိ တစ်နာရီလျှင် မိုင် ၄၀ သာ မောင်းနှင်ခွင့်ရှိတဲ့ ဇုန်တွင် တစ်နာရီလျှင်‌ မိုင် ၅၀ နှုန်းဖြင့် မောင်းနင်ခဲ့တာ ဖြစ်ပြီး ယင်းအမှုအား ဖြေလျှော့ခြင်းခံခဲ့ရပါတယ်။

အန်တိုနီယိုဟာ ယင်းမတိုင်မီ ဒီဇင်ဘာလတုန်းက လေ့ကျင့်ရေးကွင်းမှ အပြန်တွင် Ferrari ကားဖြင့် သစ်ပင်ကို ဝင်တိုက်မိကာ အရိုးကျိုးဒဏ်ရာများ ရရိကာ ဆေးရုံတွင် သုံးပတ်ကြာ တက်ရောက်ကုသခဲ့ရသူလည်း ဖြစ်ပါတယ်။

သူဟာ ယင်းယာဉ်တိုက်မှု ဖြစ်ခဲ့တဲ့ ယာဉ်အား အာမခံမထားရှိမှုအတွက် လိုင်စင်မှ ၆ ပွိုင့်လျှော့ချခြင်းခံခဲ့ရပြီးလည်း ဖြစ်ပါတယ်။

ယခု သူဟာ Lamborghini ကားအား မောင်းနှင်တဲ့သူအမည်ကို ရဲတပ်ဖွဲ့အား ပြောကြားရန် ပျက်ကွက်မှုအတွက် နောက်ထပ် ၆ ပွိုင့်လျှော့ချခြင်းခံလာရမည်ဖြစ်ရာ ယာဉ်မောင်းခွင့် ပိတ်ပင်ခြင်းခံလာရတော့မှာလည်း ဖြစ်ပါတယ်။

ကာတာစတားလိဂ်တွင် ကစားနေတဲ့ အသက် ၃၆ နှစ်ရှိ ဂျာမေကာတိုက်စစ်မှူးဟာ ယင်းအမှုကို လာမယ့် ဇွန်လ ၁၉ ရက်နေ့တွင် Birmingham Magistrates' Court တွင် အမှုရင်ဆိုင်ရပါမယ်။

တဖက်တွင် အန်တိုနီယိုဟာ အခြားအမှုတစ်ခုအနေဖြင့် လန်ဒန်မြို့လယ်တွင် Lamborghini Urus ကားဖြင့် မဆင်မခြင် မောင်းနှင်မှုဖြင့်လည်း ရဲတပ်ဖွဲ့အား တုံ့ပြန်ရန် ပျက်ကွက်မှုဖြင့် အမှုရင်ဆိုင်နေရပါသေးတယ်။

အန်တိုနီယိုအမည်ဖြင့် မှတ်ပုံတင်ထားတဲ့ Lamborghini Urus ကားဟာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလ ၅ ရက်နေ့ အစောပိုင်းတုန်းက မဆင်မခြင် မောင်းနှင်ခဲ့တာပါ။ အန်တိုနီယိုဟာ ယင်းအချိန်တုန်းက ယင်းကားကို မည်သူ မောင်းသလဲဆိုတာနှင့်ပတ်သက်ပြီးတော့ ပြောကြားရန် ပျက်ကွက်ထားပါသေးတယ်။

image