နုတ်ထွက်ရန် စီစဉ်ထားချိန်တွင် ယူနိုက်တက်ရဲ့ ထုတ်ပယ်ခြင်းခံလာရလို့ နစ်နာကြေး ပေါင် ၁၂ သန်း ရရှိလာတဲ့ အမိုရမ်
=====================

ရူဘင်အမိုရမ်ဟာ ထုတ်ပယ်ခြင်းမခံရမီ သုံးရက်အလိုကတည်းက ရာထူးမှ နုတ်ထွက်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ တကယ်လို့များ ယူနိုက်တက်အနေဖြင့် အမိုရမ်ဘက်က နုတ်ထွက်လာမည်ဆိုပါက နစ်နာကြေး ပေါင် ၁၂ သန်းပေးလာရမှာလည်း မဟုတ်ပါဘူး။
အမိုရမ်ဟာ လိဒ်နှင့်ပွဲမတိုင်မီ သောကြာနေ့တုန်းက ဘောလုံးဒါရိုက်တာဂျေဆင်ဝဲလ်ကော့စ်နှင့် ပြဿနာတက်ပြီးနောက် နုတ်ထွက်တော့မည်ဖြစ်ကြောင်း သူငယ်ချင်းများကို အသိပေးခဲ့ပါတယ်။
ဒါပေမယ့် အမိုရမ်ဟာ အေးဂျင့်နှင့် စကားပြောပြီးချိန်မှာတော့ စိတ်အပြောင်းအလဲ ဖြစ်သွားပါတယ်။ အေးဂျင့်ရာအူးလ်ကော့စတာက ကလပ်ဘက်က ထုတ်ပယ်ခြင်း (သို့မဟုတ်) ထောက်ခံခြင်း ပြုလုပ်ရေး ရွေးချယ်လာရတော့မှာ ဖြစ်ကြောင်း အသတိပေးခဲ့ပါတယ်။
တကယ်လို့များ အမိုရမ်သာ နုတ်ထွက်လာပါက ယူနိုက်တက်ထံမှ နစ်နာကြေး တစုံတရာ ရရှိလာမှာ မဟုတ်ပါဘူး။
ဒါပေမယ့် လိဒ်နှင့်ပွဲအပြီးတွင် ပြောဆိုပေါက်ကွဲပြီးချိန်မှာတော့ ယူနိုက်တက်ဟာ အမိုရမ်အား ထုတ်ပယ်လာပါတယ်။
လိဒ်နှင့်ပွဲအပြီး ၁၇ နာရီအကြာ တနင်္လာနေ့တွင် အမိုရမ်ဟာ ဝဲလ်ကော့၊ စီအီးအိုအိုမာဘာရာဒါတို့နှင့် တွေ့ဆုံပြီးချိန်မှာတော့ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
အမိုရမ်ဟာ ယူနိုက်တက်ရဲ့ ထုတ်ပယ်ခြင်းခံလာရမှုနှင့်အတူ လက်ကျန် စာချုပ်သက်တမ်းအတွက် နစ်နာကြေး ပေါင် ၁၂ သန်းဝန်းကျင် ရရှိလာပါတယ်။
ယူနိုက်တက်ဟာ ဆာအဲလက်စ်ဖာဂူဆန် ခေတ်အလွန်တွင် နည်းပြများအား ထုတ်ပယ်မှုမှ နစ်နာကြေးပေးရမှု ပေါင်သန်း ၁၀၀ အထိ ရှိလာခဲ့ပါတယ်။
ယူနိုက်တက်ဟာ အမိုရမ်နေရာတွင် ကစားသမားဟောင်းမိုက်ကယ်ကာရစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားပါတယ်။
မိုက်ကယ်ကာရစ်ဟာ ယူနိုက်တက်ပထမဆုံးပွဲအဖြစ် စနေနေ့ မန်စီးတီးနှင့်ပွဲအား ကြီးကြပ်လာပါမယ်။

image

ကာရစ်ရဲ့ ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်ကို ယူနိုက်တက်ဘောလုံးဒါရိုက်တာဝဲလ်ကော့စ်စောင့်ကြည့်ခဲ့
====================

ယူနိုက်တက်ဘောလုံးဒါရိုက်တာဂျေဆင်ဝဲလ်ကော့စ်ဟာ ဗုဒ္ဓဟူးနေ့တုန်းက ယာယီနည်းပြမိုက်ကယ်ကာရစ်ရဲ့ ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်အား ကိုယ်တိုင် သွားရောက် စောင့်ကြည့်ခဲ့ပါတယ်။
ဝဲလ်ကော့စ်ဟာ ယူနိုက်တက်ရဲ့ လေ့ကျင့်ခန်းအစီအစဉ်များကို ကွင်းဘေးမှ ပုံမှန်လာစောင့်ကြည့်ခဲ့သူဖြစ်ပြီး နည်းပြအပြောင်းအလဲ ဖြစ်ပေါ်လာပြီးနောက် ပိုမိုအာရုံစိုက် စောင့်ကြည့်လာတာ တွေ့ရပါတယ်။
ဆောက်သမ်တန်ဘောလုံးဒါရိုက်တာဟောင်းဟာ ပြီးခဲ့တဲ့အပတ်တုန်းက ရူဘင်အမိုရမ်ကို ထုတ်ပယ်လိုက်ပြီးနောက် ဖိအားများအောက်သို့ ကျရောက်လာသူ ဖြစ်ပါတယ်။
ဝဲလ်ကော့စ်ဟာ နည်းပြအတွေ့အကြုံအထူးတလည် မရှိပေမယ့်လည်း အမိုရမ်ရဲ့ နည်းစနစ်များအပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။
အမိုရမ်ဟာ လိဒ်နှင့် ၁ ဂိုးစီသရေကျတဲ့ပွဲအပြီးတွင် ဂျေဆင်ဝဲလ်ကော့စ်က မန်နေဂျာကဲ့သို့ ပြုမူလုပ်ဆောင်နေမှုအပေါ် ဒေါသထွက်ကာ လူသိရှင်ကြား ဝေဖန်မှု ပြုလုပ်ပြီးနောက် ၁၇ နာရီအကြာမှာ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ယူနိုက်တက်ဟာ အမိုရမ်ကို ထုတ်ပယ်လိုက်ပြီးနောက် အင်္ဂါနေ့မှာတော့ နည်းပြဟောင်းမိုက်ကယ်ကာရစ်အား ရာသီအကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်လာခဲ့ပါတယ်။
မိုက်ကယ်ကာရစ်ဟာ ဗုဒ္ဓဟူးနေ့က ယူနိုက်တက်ကစားသမားများအား ပထမဆုံးအကြိမ် လေ့ကျင့်မှု ပြုလုပ်ပေးခဲ့ပါတယ်။
ကာရစ်ဟာ ကစားသမားဘဝတုန်းက ယူနိုက်တက်တွင် ၁၂ နှစ်တိုင်တိုင် ကစားခဲ့ကာ ၄၆၄ ပွဲကစားပေးခဲ့သူ ဖြစ်ပါတယ်။
သူဟာ ယူနိုက်တက်နှင့်အတူ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်အပြင် ပြည်တွင်းဖလား ၄ လုံး ရခဲ့ပါတယ်။
ကာရစ်အတွက် သတင်းကောင်းကတော့ အာဖရိကဖလားပြိုင်ပွဲမှ အာမက်ဒီရယ်လိုနှင့် ဘရိုင်ယန်အမ်ဘူမိုတို့ ပြန်လည် ရောက်ရှိကာ အသင်းနှင့် ပြန်လည်ပူးပေါင်းလေ့ကျင့်နေတာ ဖြစ်ပါတယ်။
၎င်းတို့ဟာ စနေနေ့ အိုးထရက်ဖို့ဒ်ကွင်းမှာ မန်စီးတီးနှင့် ရင်ဆိုင်ရမယ့်ပွဲတွင် ပါဝင်လာကြပါမယ်။

image

အာဆင်နယ်နှင့်ပွဲတွင် လက်ဆောင်ဂိုးပေးခဲ့တဲ့ ကစားသမားအား ချက်ချင်းရောင်းချရန် ချဲလ်ဆီးပရိသတ်များ တောင်းဆိုလာ
=====================

အကြီးအကျယ်ဒေါသထွက်နေကြတဲ့ ချဲလ်ဆီးပရိသတ်များဟာ မနေ့ညတုန်းက အာဆင်နယ်အား ရှုံးနိမ့်တဲ့ ခါရာဘောင်ဖလားဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်ရှုံးပွဲတွင် လက်ဆောင်ဂိုးပေးခဲ့တဲ့ ရောဘတ်ဆန်းချက်ဇ်အား ချက်ချင်းရောင်းချရန် တောင်းဆိုလာကြပါတယ်။
ချဲလ်ဆီးဟာ စတမ်းဖို့ဒ်ဘရစ်ချ်တွင် ခါရာဘောင်ဖလားဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်အဖြစ် အာဆင်နယ်အား ဧည့်ခံကစားခဲ့ပါတယ်။
ဒီပွဲမှာ ချဲလ်ဆီးနည်းပြလီယမ်ရိုဆင်နီယာရဲ့ ပထမဆုံးအိမ်ကွင်းပွဲဖြစ်ပေမယ့်လည်း ဆန်းချက်ဇ်ကြောင့် ပါတီပျက်ခဲ့ရပါတယ်။
အသက် ၂၈ နှစ်ရှိ ဆန်းချက်ဇ်ဟာ ဒီကလန်ရိုက်ရဲ့ ထောင့်ကန်ဘောအား လိုင်းမှ ထွက်ကာ လက်သီးထိုး ရှင်းလင်းရှင်းလင်းရန် ကြိုးပမ်းခဲ့ပါတယ်။
ဒါပေမယ့် စပိန်ဂိုးသမားရဲ့ မှန်းချက်လွဲပြီး ဘောလုံးမှာ လက်မောင်းကို ထိမှန်ကာ ဘင်ဝှိုက် ဆီရောက်သွားကာ အာဆင်နယ်အတွက် ဦးဆောင်ဂိုးသွင်းသွားပါတယ်။
ချဲလ်ဆီးပရိသတ်များဟာ အမှားပြုလုပ်ကာ ဦးဆောင်ဂိုးပေးခဲ့ရစေတဲ့ ဂိုးသမားအား ရောင်းချရန် တောင်းဆိုလာကြပါတယ်။
ပရိသတ်တစ်ဦးက "ရောဘတ်ဆန်းချက်ဇ်ကို ရောင်းလိုက်ပါတော့။ တကယ့်ကို ဟာသကောင်၊ အသုံးကို မကျဘူး"လို့ အွန်လိုင်းတွင် ရေးသားသွားပါတယ်။
အခြားတစ်ဦးကလည်း "နောက်နွေကျရင် ဆန်းချက်ဇ်ကို ရောင်းလိုက်တော့။ တကယ့်ကို ဆိုးလွန်းတယ်"လို့ ဆိုသွားပါတယ်။
ဆန်းချက်ဇ်ဟာ ပွဲအစတွင် အမှားမှ တဆင့် ဂိုးပေးခဲ့ရပေမယ့် ပထမပိုင်းအတွင်း နောက်ထပ် ဂိုးမပေးရအောင် ထိန်းထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆန်းချက်ဇ်ဟာ ဒုတိယပိုင်းတွင် ယိုကီရေးစ်နှင့် ဇူဘီမန်ဒီတို့ရဲ့ ဂိုးအား ပေးခဲ့ရပါတယ်။
ချဲလ်ဆီးဟာ အလီဂျန်ဒရိုဂါနာချိုရဲ့ ချေပဂိုး ၂ ဂိုးကြောင့် ခါရာဘောင်ဖလားဗိုလ်လုပွဲသို့ တက်ရေး မျှော်လင့်ချက် အနည်းငယ် ရှိနေပါသေးတယ်။

image

ရီးယဲလ်နည်းပြရာထူးအတွက် ရေပန်းစားနေသူတွေထဲမှာ အန်နရီကေးလည်း ပါဝင်

PSG အသင်းရဲ့နည်းပြ အန်နရီကေးဟာ ရီးယဲလ်နည်းပြရာထူးအတွက် ရေပန်းစားနေသူတွေထဲမှာ ပါဝင်နေကြောင်း သိရပါတယ်။
ရီးယဲလ်အသင်းဟာ အလွန်ဆိုနဲ့ လမ်းခွဲပြီး အရန်အသင်းနည်းပြ အာဘီလိုအာကို အစားထိုးခန့်အပ်ထားပေမဲ့ လာမယ့်နွေရာသီမှာ နည်းပြသစ် ပြောင်းလဲခန့်အပ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
ဒါ့အပြင် အာဘီလိုအာက ပွဲဦးထွက်မှာ ဆီဂန်ဒါကလပ်ကို ရှုံးနိမ့်ပြီး စပိန်ဘုရင့်ဖလားပြိုင်ပွဲက ထွက်ခဲ့ရတာကြောင့် ရီးယဲလ်အသင်းရဲ့ နည်းပြသစ်ရှာဖွေမှုကို ပိုပြီးအရှိန်မြင့်သွားစေနိုင်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
လက်ရှိအချိန်မှာ ရီးယဲလ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာနိုင်သူအဖြစ် ချယ်လ်ဆီးနည်းပြဟောင်း မာရက်စကာက ရေပန်းအစားဆုံးဖြစ်နေပြီး လီဗာပူးလ်နည်းပြဟောင်း ယာဂန်ကလော့ပ်၊ ရီးယဲလ်နည်းပြဟောင်း ဇီဒန်းနဲ့ အန်နရီကေးတို့လည်း ရေပန်းအစားဆုံးစာရင်းထဲ ပါဝင်နေတာပါ။
အန်နရီကေးဟာ ရီးယဲလ်အသင်းရဲ့ မဟာပြိုင်ဘက် ဘာစီလိုနာအသင်းနည်းပြဟောင်း ဖြစ်ပေမဲ့ ကစားသမားဘဝတုန်းက ရီးယဲလ်မှာရော ဘာစီလိုနာအသင်းမှာပါ ကစားဖူးခဲ့သူဖြစ်ပါတယ်။
အန်နရီကေးဟာ PSG အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ လာမယ့်နွေရာသီမှာ လမ်းခွဲဖွယ်ရှိကြောင်း သတင်းထွက်ခဲ့ဖူးပြီး အစောပိုင်းတုန်းက မန်ယူနည်းပြ ဖြစ်လာနိုင်တယ်လို့ ထင်ကြေးပေးခဲ့ကြပေမဲ့ လက်ရှိအချိန်မှာတော့ ရီးယဲလ်အသင်းရဲ့ နည်းပြသစ်လျာထားစာရင်းမှာလည်း ပါဝင်လာခြင်းဖြစ်ပါတယ်။

image

(၁၁)ပွဲဆက်တိုက် အနိုင်ရရှိခြင်းက ဘာမှမဟုတ်ဘူးလို့ ဟန်ဆီဖလစ်ခ် ပြောကြား

ဘာစီလိုနာအသင်းရဲ့နည်းပြ ဟန်ဆီဖလစ်ခ်က အသင်းအနေနဲ့ ပြိုင်ပွဲစုံ(၁၁)ပွဲဆက်တိုက်အနိုင်ရတာဟာ ဘာမှမဟုတ်ကြောင်းနဲ့ မိမိအနေနဲ့ အဲဒီလိုအချက်အလက်တွေကို စိတ်မဝင်စားကြောင်း ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်ဘုရင့်ဖလားပွဲမှာ ရေးဆင်းအသင်းကို အနိုင်ရခဲ့တာကြောင့် ပြိုင်ပွဲစုံ (၁၁)ပွဲဆက်တိုက် အနိုင်ရရှိတဲ့မှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ နိုဝင်ဘာလက ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း (၁၁)ပွဲဆက်တိုက် အနိုင်ရခဲ့တာဖြစ်ပြီး ဒီကာလအတွင်း စပိန်စူပါဖလားကိုလည်း ရယူနိုင်ခဲ့ပါတယ်။
''ဒါက ဘာမှမဟုတ်ပါဘူး။ ကျွန်တော်က အချက်အလက်တွေကို စိတ်မဝင်စားပါဘူး။ ကျွန်တော်တို့အတွက်၊ ကလပ်အသင်းနဲ့ ပရိသတ်တွေအတွက် ဒီနေ့ နိုင်ပွဲရခဲ့တာကို ပျော်ရွှင်ပါတယ်။ ဒါဟာ နောက်တစ်ဆင့်တက်ရောက်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီး ဒါဟာ ကျွန်တော်တို့ လိုချင်တဲ့အရာပါ'' လို့ ဟန်ဆီဖလစ်ခ်က ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာအသင်းအနေနဲ့ ၂၀၀၅-၀၆ ရာသီတုန်းက (၁၈)ပွဲဆက်တိုက် အနိုင်ရရှိတာဟာ အသင်းရဲ့သမိုင်းမှာ နိုင်ပွဲဆက်မှုအများဆုံးဖြစ်ပြီး အခု (၁၁)ပွဲဆက် အနိုင်ရရှိခြင်းက ၂၀၁၄-၁၅ ရာသီက ဒုတိယနိုင်ပွဲဆက်မှုအများဆုံးမှတ်တမ်းကို လိုက်မီခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

image

၂၀၂၆ ASEAN Hyundai Cup အုပ်စုရေးဆွဲပွဲ အခမ်းအနားပြုလုပ်ခဲ့

၂၀၂၆ ASEAN Hyundai Cup အုပ်စုရေးဆွဲပွဲ အခမ်းအနားကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ယနေ့ကျင်းပပြုလုပ်ခဲ့ပါတယ်။
မြန်မာအသင်းဟာ အုပ်စု B မှာ ကျရောက်ခဲ့ပြီး ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ လာအိုအသင်းတွေနဲ့ ရင်ဆိုင်ကစားရပါလိမ့်မယ်။
အုပ်စု A မှာတော့ လက်ရှိချန်ပီယံ ဗီယက်နမ်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ခြေစစ်ပွဲအောင်အသင်းတို့ အတူကျရောက်နေပါတယ်။
ခြေစစ်ပွဲအဖြစ် ဇွန်လ ၂ ရက်နဲ့ ၉ ရက်မှာ ဘရူနိုင်းနဲ့ တီမောအသင်းတို့ နှစ်ကျော့ယှဉ်ပြိုင်ကစားမှာပါ။
နောက်ဆုံးအဆင့်ပြိုင်ပွဲကိုတော့ ဇူလိုင်လ ၂၄ ရက်ကနေ သြဂုတ်လ ၂၆ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။
အုပ်စုအဆင့်မှာ မြန်မာအသင်းဟာ အိမ်ကွင်းပွဲအဖြစ် မလေးရှားနဲ့ လာအို၊ အဝေးကွင်းပွဲအဖြစ်
ဖိလစ်ပိုင်၊ ထိုင်းအသင်းတွေနဲ့ ကစားရပါလိမ့်မယ်။
ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲကိုတော့ ယခင်ပုံစံအတိုင်း နှစ်ကျော့ကစားမှာ ဖြစ်ပါတယ်။

image

အန်ဇိုဖာနန်ဒက်ဇ်ကို PSG အသင်းစိတ်ဝင်စား

PSG အသင်းက ချယ်လ်ဆီးကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
အန်ဇိုဖာနန်ဒက်ဇ်က ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ကြေး ပေါင် (၁၀၇)သန်းနဲ့
ရောက်ရှိခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာ အဓိကကွင်းလယ်လူအဖြစ် ရှိနေပါတယ်။
ဒါပေမဲ့ နည်းပြ မာရက်စ်ကာ ထုတ်ပယ်ခံရပြီးနောက် အန်ဇိုဖာနန်ဒက်ဇ်က သူ့ရဲ့ချယ်လ်ဆီးကစားသမားဘ၀ အနာဂတ်ကို ပြန်လည်စဉ်းစားနေတယ်လို့ သတင်းထွက်နေပါတယ်။
အန်ဇိုဖာနန်ဒက်ဇ်နဲ့ ချယ်လ်ဆီးအသင်းကြားက အခြေအနေကို PSG အသင်း စောင့်ကြည့်နေပြီး အခုဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မခေါ်ယူနိုင်လည်း လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူသွားဖွယ်ရှိပါတယ်။

image

ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မန်ယူအသင်းက မထွက်ဘူးလို့ ဘရူနိုဖာနန်ဒက်စ် ကတိပေး

မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က လက်ရှိဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကနေ မထွက်ခွာဘူးလို့ ကတိပေးလိုက်ပါတယ်။
မန်ယူအသင်းနည်းပြ ရာထူးကနေ အာမိုရင်မ် ထုတ်ပယ်ခံရပြီးနောက် ဘရူနိုဖာနန်ဒက်စ်ရဲ့အနာဂတ်လှုပ်ခတ်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ
သူ့ကို ဆော်ဒီလိဂ်ကစိတ်ဝင်စားဖူးပြီး မန်ယူအသင်းဘက်ကလည်း ရောင်းချဖို့ စဉ်းစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဘရူနိုဖာနန်ဒက်စ်က မန်ယူအသင်းမှာပဲဆက်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်က လက်ရှိရာသီကုန်ဆုံးရင် မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာကျန်တော့မှာ ဖြစ်ပြီး အဲဒီအချိန်ကျရင် သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်သွားမယ်လို့
ပြောထားပါတယ်။

image

ပရီးမီးယားလိဂ်မှာ VAR ကြောင့် အနစ်နာဆုံးအသင်းအဖြစ် မန်ယူ ရပ်တည်

လက်ရှိရာသီပရီးမီးယားလိဂ်မှာ VAR ကြောင့် အနစ်နာဆုံးအသင်းက မန်ယူအသင်းဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိရာသီပရီးမီးယားလိဂ် ပွဲစဉ် (၂၁) ပြီးဆုံးချိန်မှာ VAR ကြောင့် အမှားအယွင်းတွေ
ပိုများလာပါတယ်။ VAR ကြောင့် မှားပြီးဆုံးဖြတ်တာ (၁၃) ကြိမ်အထိရှိပြီး
ပြီးခဲ့တဲ့ရာသီကထက် ပိုများလာတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီပွဲစဉ် (၂၁) ပြီးဆုံးချိန်မှာ VAR ကြောင့် မှားယွင်းဆုံးဖြတ်တာ (၁၀)ကြိမ်သာ
ရှိခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄-၂၅ တစ်ရာသီလုံးမှာ VAR ကြောင့် မှားယွင်းဆုံးဖြတ်တာ (၅၇) ကြိမ်အထိရှိခဲ့ပါတယ်

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဇန်နဝါရီ ၁၆ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၅၉၆ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆၀၀၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉၈၄၀၀၀၀ ကျပ်
ဝယ်ဈေး ၉၈၀၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉၄၄၀၀၀၀ ကျပ်
ဝယ်ဈေး ၉၄၀၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉၇၂၀၀၀၀ ကျပ်
ဝယ်ဈေး ၉၆၈၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉၃၂၀၀၀၀ ကျပ်
ဝယ်ဈေး ၉၂၈၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၅ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၁၀၅ ကျပ်
ဝယ်ဈေး - ၄၀၀၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၈၅ ကျပ်
ဝယ်ဈေး - ၃၁၀၅ ကျပ်
-ယူရို
ရောင်းဈေး - ၄၇၆၅ ကျပ်
ဝယ်ဈေး - ၄၆၄၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၀.၇၂ ကျပ်
ဝယ်ဈေး - ၁၂၇.၃၉ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၀၉ ကျပ်
ဝယ်ဈေး - ၉၈၄ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၈၉ ကျပ်
ဝယ်ဈေး - ၅၇၄ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၉၆ ကျပ်
ဝယ်ဈေး - ၂၅.၃ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၃၉ ကျပ်
ဝယ်ဈေး - ၄၄.၂၃ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၈ ကျပ်
ဝယ်ဈေး - ၂.၇၁ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၄၉၅ ကျပ်
ဝယ်ဈေး - ၅၃၅၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၇၄၉ ကျပ်
ဝယ်ဈေး - ၂၆၇၉ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၅၅ ကျပ်
ဝယ်ဈေး - ၂၈၈၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၂၆ ကျပ်
ဝယ်ဈေး - ၅၁၃ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၁၇ ကျပ်
ဝယ်ဈေး - ၁၀၈၉ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image