ဒိုင်လူကြီးများကို မာစွပ်လိုက်ပို့ကာ ခြေစစ်ပွဲများတွင် မျက်နှာသာပေးခံရအောင် လုပ်ခဲ့တဲ့ တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်
===================

တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်ဟာ ပွဲများမတိုင်မီ ဒိုင်လူကြီးများကို မာစွပ်သို့ လိုက်ပို့ခဲ့တယ်လို့ စွပ်စွဲခြင်းခံနေရပါတယ်။
တောင်ကိုရီးယားရုပ်သံသတင်းဌာန JTBC နှင့် သတင်းအေဂျင်စီ Yonhap တို့ရဲ့ ဖော်ပြမှုအရ တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်းတွင် အထက်ပါ ဧည့်ဝတ်ကျေပွန်လွန်းလှတဲ့ အပြုအမူ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်ဟာ နိုင်ငံတကာပွဲစဉ်များ ကစားစဉ်အတွင်း နိုင်ငံခြားသားဒိုင်လူကြီးများအား ဆိုးလ်နှင့် အခြားမြို့များတွင် အနှိပ်ခန်းသို့ လိုက်ပို့ခဲ့တာပါ။
၂၀၁၄ ကမ္ဘာ့ဖလားနှင့် ၂၀၁၂ လန်ဒန်အိုလံပစ်ခြေစစ်ပွဲစဉ်များမတိုင်မီ ပြုလုပ်ခဲ့တာပါ။
၂၀၁၆ ခုနှစ်တုန်းက အစိုးရက စာရင်းစစ်ဝင်ရောက်စဉ် အကြွေးဝယ်ကတ် အသုံးပြုမှုမှတ်တမ်းနှင့် စာရွက်စာတမ်းအချက်အလက်များအရ အထက်ပါ လုပ်ရပ်ကို သိရှိလာရတာပါ။
ဂျပန်၊ ယူအေအီး၊ အီရန်၊ ဘာရိန်းနှင့် ဥဇဘက်ကစ္စတန်တို့မှာ ဒိင်လူကြီး ၂၀ တို့အား ပွဲ ၇ ပွဲအတွင်း လိင်ဖျော်ဖြေမှုအစီအစဉ် ပြုလုပ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
တောင်ကိုရီးယားဟာ ယင်းပွဲစဉ်များအတွက် ရှုံးပွဲမရှိ မှတ်တမ်း ရရှိခဲ့ကာ ၅ ပွဲနိုင်၊ ၂ ပွဲသရေကျခဲ့ပါတယ်။
ယင်းပွဲစဉ်များတွင် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တုန်းက အိုမန်ကို ၂-၀ ဖြင့် အနိုင်ရတဲ့ အိုလံပစ်ခြေစစ်ပွဲ၊ ကူဝိတ်ကို ၂-၀ ဖြင့် အနိုင်ရတဲ့ ၂၀၁၄ ကမ္ဘာ့ဖလားခြေစစ်ပွဲတို့ ပါဝင်ပါတယ်။ ဒါ့အပြင် ကာတာနှင့် ဂိုးမရှိသရေကျတဲ့ အိုလံပစ်ခြေစစ်ပွဲတို့ ပါဝင်ပါတယ်။ ဒါပေမဲ့ အသင်းမှာ ထိုစဉ်တုန်းက ခြေစစ်ပွဲအောင်မြင်ထားပြီး ဖြစ်ပါတယ်။
ယင်းသုံးပွဲလုံးတွင် တောင်ကိုရီးယားအား ဒိုင်လူကြီးရဲ့ အလွန်အကျူးမျက်နှာသာပေးဆုံးဖြတ်ခြင်းခံခဲ့ရပါတယ်။
တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်ဟာ ယင်းသို့ ဒိုင်လူကြီးများရဲ့ မျက်နှာသာပေးခြင်းခံရအောင် လိင်ဖျော်ဖြေမှု ပြုလုပ်ခဲ့ပေမဲ့လည်း အထက်ပါ အဖြစ်အပျက်များမှာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အဖြစ်အပျက်ဖြစ်ရာ ဖီဖာရဲ့အရေးယူခြင်းခံရဖို့လည်း မရှိကြောင်း Korea Times ရဲ့ဖော်ပြမှုအရ သိရပါတယ်။

image