◾️သိကြားဟစ်ဘုရားရှိ နံရံဆေးရေးပန်းချီများတွင် ရှေးဟောင်း သုတေသနဆိုင်ရာ ရွှေရည်ရေး ဘုရားပုံတော်အသစ်များ တွေ့ရ
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သိကြားဟစ်ဘုရားရှိ နံရံဆေးရေး ပန်းချီများတွင် ရှေးဟောင်း သုတေသနဆိုင်ရာ ရွှေရည်ရေးဘုရား ပုံတော်အသစ် များ တွေ့ရှိကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။
ထိုသို့တွေ့ရှိခြင်းသည် ပထမဆုံး အသစ်တွေ့ရှိမှုဖြစ်ပြီး မည်သည့် ရှေးဟောင်းနေရာများတွင်မှ ထိုကဲ့သို့ နံရံဆေးရေးပန်းချီများတွင် ရွှေရည်ရေး (ရွှေချ)သည့် အထောက်အထား မတွေ့ရှိရသေး ကြောင်း သိရသည်။
အဆိုပါ ဘုရားရှိ နံရံဆေးရေးပန်းချီများ ပျက်စီးနေပြီး အင်္ဂတေပန်း လက်ရာများ၊ နံရံများအက်ကွဲ ကြောင်းများ ပေါ်နေသည့်အတွက် ရှေးဟောင်း သုတေသနဌာနက ၂၀၂၅ ခုနှစ် မတ်လမှ စတင်၍ အဆောက်အအုံ ထိန်းသိမ်း ခြင်း ဆောင်ရွက်ခဲ့ရာမှတစ်ဆင့် ထိုသို့ တွေ့ရှိရခြင်းဖြစ်သည်။
နံရံဆေးရေး ဘုရားပုံတော်များတွင် မျက်နှာတော်၊ လည်ပင်းတော်၊ ခန္ဓာ ကိုယ်အပေါ်ပိုင်း၊ ယာဘက် လက်တော်တို့နှင့် ခြေဖဝါးနှစ်ဖက်တော်တို့တွင် ရွှေစင် ရွှေသားများ ထင်ရှားစွာ ကျန်ရှိနေသေးပြီး ဆေးရေးပုံတော်များ၏ သွင်ပြင် လက္ခဏာတို့မှာ ညောင်ရမ်းခေတ်ဟန်ဖြစ်ကြောင်း၊ ဆေးရေး ပုံတော်များဘေး တွင် မြတ်စွာဘုရားရှင်အား လက်အုပ်မိုးပူဇော်နေဟန် လူရုပ်များရေးဆွဲထား ကြောင်း သိရသည်။
အသစ်တွေ့ခဲ့သည့် ရွှေစင်ရွှေသားဖြင့် တန်ဆာဆင်ထားသော ဘူမိဖဿ မုဒြာဟန် ထိုင်တော်မူဗုဒ္ဓ ပုံတော်များတွင် ယခင်ကတည်းက မင်စာများရေးထိုး ထားသော်လည်း နှစ်ပေါင်းများစွာ ကြာမြင့်၍ ဖုန်မှုန့် များ၊ အညစ်အကြေးများဖြင့် ဖုံးအုပ်နေသည့်အတွက် တိမ်မြုပ်ပျောက်ကွယ်နေခြင်းဖြစ်ပြီး ယခုဓာတုဗေဒ နည်းဖြင့် ထိန်းသိမ်းခြင်းဆောင်ရွက်သည့်အခါမှ တွေ့ရှိရခြင်းဖြစ်ကြောင်း သိရ သည်။
အသစ်တွေ့ ရွှေစင်ရွှေသားများဖြင့် တန်ဆာဆင်ထားသည့် ဘုရားပုံတော် ငါးဆူ၏ အောက်ခြေတွင် မင်စာရေးထိုးထားပြီး မင်စာတွင် သက္ကရာဇ် ၉၄၃ ခုနှစ်ဟု ပါရှိသည့်အတွက် အေဒီ (၁၆) ရာစုဟု ယူဆရကြောင်း သိရသည်။
သိကြားဟစ်ဘုရားသည် ညောင်ဦး - ပုဂံသွားကားလမ်းဘေး အမှတ်(၇) ရပ်ကွက် ဝက်ကြီးအင်း၏ အနောက်တောင်ဘက် ပုဂံမြို့ဟောင်းအတွင်းတွင် တည်ရှိပြီး အေဒီ (၁၃) ရာစု ဗိသုကာလက်ရာ ရှေးဟောင်းအဆောက်အအုံ အမှတ်(၂၄၉) ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-MOI
#ယနေ့ထုတ်သတင်းစာ_သတင်း