ကုန်သွယ်ရေး၊ပူးပေါင်းဆောင်ရွက်‌ရေးအိန္ဒိယနှင့်မလေးရှားမြှင့်တင်မည်

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီနှင့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်တို့သည် နှစ်နိုင်ငံ ကုန်သွယ်ရေးကိုမြှင့်တင်ရန်နှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ ကာကွယ်ရေးနှင့် အခြားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်‌ခြေများကို စူးစမ်းလေ့လာသွားရန် တနင်္ဂနွေနေ့တွင် ကတိပြုခဲ့ကြသည်။
မိုဒီသည် မလေးရှားနိုင်ငံသို့ နှစ်ရက်ကြာ အလည်အပတ်ခရီးရောက်ရှိနေခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် သြဂုတ်လအတွင်းက နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသို့ တိုးမြှင့်ခဲ့ပြီးနောက်ပိုင်း သူ၏ ပထမဆုံးခရီးစဉ်ဖြစ်သည်။
မိတ်ဖက်ဆက်ဆံရေးတွင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ၊ စားနပ်ရိက္ခာဖူလုံရေး၊ ကာကွယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ခရီးသွားလုပ်ငန်းအပါအဝင် နယ်ပယ်များစွာတွင် နက်ရှိုင်းသည့် ပူးပေါင်းဆောင်ရွက်မှုများပါဝင်ကြောင်း အန်ဝါက ပြောကြားခဲ့သည်။
“ဒါက အလွန်ပဲပြည့်စုံပြီး ကျွန်တော်တို့အစိုးရနှစ်ရပ်စလုံးရဲ့ ကတိကဝတ်အရ ဒါကို မြှင့်တင်နိုင်မယ်၊ မြန်ဆန်စွာလုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု မြို့တော် ပူထရာဂျာရှိ ဝန်ကြီးချုပ်အိမ်တော်တွင် မိုဒီကို ဧည့်ခံတွေ့ဆုံခဲ့ပြီးနောက် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အန်ဝါက ပြောကြားခဲ့သည်။
အစည်းအဝေးအပြီးတွင် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ငြိမ်းချမ်းရေးထိန်းသိမ်းမှု အပါအဝင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် ၁၁ ရပ်ကို အန်ဝါနှင့် မိုဒီတို့ရှေ့မှောက်တွင် အပြန်အလှန် လက်မှတ်ရေးထိုး ဖလှယ်ခဲ့ကြသည်။
အိန္ဒိယနှင့် မလေးရှားတို့သည် နယ်စပ်ဖြတ်ကျော်လုပ်ဆောင်မှုများအတွက် ပြည်တွင်းငွေကြေးဖြင့် ငွေပေးချေမှုကို မြှင့်တင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုသည် ပြီးခဲ့သည့်နှစ်က ဒေါ်လာ ၁၈ ဒဿမ ၆ ဘီလျံထက် ကျော်လွန်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း အန်ဝါက ပြောကြားခဲ့သည်။
ဘော်နီယိုကျွန်းပေါ်ရှိ မလေးရှား၏ ဆာဘားပြည်နယ်တွင် ကောင်စစ်ဝန်ရုံးဖွင့်ရန် အိန္ဒိယ၏ ကြိုးပမ်းမှုကို မလေးရှားက ထောက်ခံမည်ဖြစ်ကြောင်းလည်း အန်ဝါက ပြောကြားခဲ့သည်။

image