နေပြည်တော်တွင် စည်ပင်အခွန်အခများကို Digital Payment များဖြင့် ပေးဆောင်နိုင်ပြီ

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကောက်ခံလျက်ရှိသည့် ပစ္စည်းခွန်အပါအဝင် အဆောက်အဦး စစ်ဆေးခနှင့် ရေဖိုးရေခများကို Bank များ၏ Digital Payment များဖြင့် ပေးဆောင်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ပေးဆောင်နိုင်ရန်အတွက် အစိုးရအနေဖြင့် အမျိုးသားငွေပေးချေမှုစနစ် မဟာဗျူဟာတစ်ရပ်ချမှတ်ကာ မြန်မာနိုင်ငံ၏ ငွေပေးချေမှုစနစ် နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီ တိုးတက်လာစေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
Digital Payment ငွေပေးချေမှုစနစ်သည် ပြည်သူလူထု၏ နေ့စဉ်လူမှုဘဝတွင် ငွေပေးချေမှုများကို လုံခြုံစိတ်ချ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်စေရန်၊ ငွေသားကိုင်တွယ်သုံးစွဲမှုလျှော့ချရန်၊ ဒစ်ဂျစ်တယ်ပေးချေမှုများကို တိုးမြှင့်ဆောင်ရွက်ရန်၊ mobile သုံးစွဲမှုများ တိုးတက်လာသည်နှင့်အမျှ အခြေခံလူတန်းစားများအထိ ဒစ်ဂျစ်တယ်ပေးချေမှုနည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

image

အီတလီမြောက်ပိုင်းမှာ ဒိုင်နိုဆောခြေရာ ထောင်ပေါင်းများစွာ တွေ့ရှိ

အီတလီမြောက်ပိုင်းရှိ အမျိုးသားဥယျာဉ်တခုမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၂၁၀ ခန့်က ရှင်သန်ကျက်စားခဲ့တဲ့ ဒိုင်နိုဆောခြေရာထောင်ပေါင်းများစွာကို တွေ့ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ခြေရာအချို့မှာ အချင်း ၄၀ စင်တီမီတာ (၁၅ လက်မ) အထိရှိပြီး ခြေချောင်းတွေနဲ့ ခြေသည်းတွေရဲ့ သိသာထင်ရှားတဲ့ အရိပ်လက္ခဏာတွေလည်း ရှိပါတယ်။ ဒီဒိုင်နိုဆောတွေဟာ လည်ပင်းရှည်၊ ဦးခေါင်းသေးငယ်ပြီး ချွန်ထက်တဲ့ ခြေသည်းတွေပါရှိတဲ့ အပင်စား ပရိုဆော်ရိုပေါ့ဒ် အမျိုးအစားတွေ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
"ကျွန်တော်နေထိုင်တဲ့ ဒေသမှာ ဒီလောက်အံ့မခန်း ရှာဖွေတွေ့ရှိမှုကို ကျွန်တော် ဘယ်တုန်းကမှ မတွေ့ရှိခဲ့ဖူးဘူး" လို့ မီလန်အခြေစိုက် ရှေးဟောင်းသုတေသနပညာရှင် ခရစ်တီယာနိုဒလ်ဆက်ဆိုက ပြောပတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလက ဓာတ်ပုံဆရာတယောက်ဟာ မီလန်မြို့ အရှေ့မြောက်ဘက်ရှိ စတယ်လ်ဗီအို အမျိုးသားဥယျာဉ်ရှိ တောင်နံရံတခုပေါ်မှာ မီတာရာပေါင်းများစွာ ရှည်လျားတဲ့ ခြေရာတွေကို စတင်တွေ့ရှိခဲ့တာပါ။
လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၂၅၀ မှ ၂၀၁ ခန့်အတွင်း ထရိုင်ဆစ် ကာလမှာ ဒီတောင်နံရံဟာ ကမ်းပါးတခုဖြစ်ပြီး နောက်ပိုင်းမှာတော့ အယ်လ်ပိုင်းတောင်တန်းရဲ့ အစိတ်အပိုင်းတခု ဖြစ်လာခဲ့ပါတယ်။ "ဒီနေရာဟာ ဒိုင်နိုဆောတွေနဲ့ ပြည့်နှက်နေတယ်။ ဒါဟာ ကြီးမားတဲ့ သိပ္ပံပညာဆိုင်ရာ ရတနာတပါးပါ" လို့ မစ္စတာ ဒယ်လ်ဆက်ဆိုက ပြောပါတယ်။
အရှည် ၁၀ မီတာ (၃၃ ပေ) အထိ ရှိနိုင်တဲ့ ပရိုဆော်ရိုပေါ့ဒ်တွေဟာ ခြေထောက်နှစ်ချောင်းနဲ့ လမ်းလျှောက်ကြပေမယ့် အချို့ကိစ္စတွေမှာတော့ ခြေရာတွေရှေ့မှာ ရှေ့ခြေလက်နှစ်ချောင်း အရာတွေ တွေ့ရှိခဲ့ရပြီး ဒါဟာ ရပ်တန့်ပြီးနောက် ရှေ့ခြေတွေကို မြေပြင်ပေါ်မှာ ချခဲ့တာဖြစ်နိုင်ကြောင်း သုတေသီတွေက ပြောပါတယ်။
အီတလီယဉ်ကျေးမှုဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ဒီဒေသဟာ ဝေးလံခေါင်သီပြီး လမ်းကြောင်းအရ ဝင်ရောက်မရသောကြောင့် ဒရုန်းတွေ အဝေးထိန်းအာရုံခံနည်းပညာတွေကို အသုံးပြုလေ့လာသွားမယ်လို့ ဆိုပါတယ်။
စတယ်လ်ဗီအိုအမျိုးသားဥယျာဉ်ဟာ လာမည့်နှစ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ကျင်းပမယ့်နေရာအနီးရှိ အီတလီနိုင်ငံနဲ့ ဆွစ်ဇာလန်နယ်စပ် ဖရေလီ ချိုင့်ဝှမ်းမှာ တည်ရှိပါတယ်။

image

ကိုင်လီယန်ဘက်ပေးကို ယူရိုသန်း ၆၀ ပေးလာရတော့မယ့် ပီအက်စ်ဂျီ
====================

ပြင်သစ်တရားရုံးတစ်ခုက ပီအက်စ်ဂျီအနေဖြင့် ကိုင်လီယန်ဘက်ပေးအား ပေးရန် ရှိနေတဲ့ လုပ်ခနှင့် အပိုဆုကြေး ကြွေးကျန် ယူရိုသန်း ၆၀ (ပေါင် ၅၂.၅ သန်း)အားပေးရန် အမိန့်ချမှတ်လာပါတယ်။
ဘက်ပေးဟာ ပဲရစ်အလုပ်သမားတရားရုံးတွင် ပီအက်စ်ဂျီနှင့် ကာလရှည်ကြာ အမှုရင်ဆိုင်နေခဲ့ရတာ ဖြစ်ပြီး အသင်းဟောင်းထံမှ ယူရို ၂၆၃ သန်း(ပေါင် ၂၃၁.၅ သန်း)အထိ တောင်းဆိုထားတာပါ။
တဖက်တွင် ချန်ပီယံလိဂ်ချန်ပီယံကလည်း ပြင်သစ်အသင်းခေါင်းဆောင်ထံမှ ယူရိုသန်း ၂၄၀ (ပေါင် ၂၁၁ သန်း) ရရှိရန် တရားစွဲထားပါတယ်။ ပီအက်စ်ဂျီဟာ ၂၀၂၃ ခုနှစ် နွေရာသီတုန်းက ဘက်ပေးဘက်က ဆော်ဒီကလပ်သို့ ပြောင်းရန် ငြင်းဆိုမှုကြောင့် နစ်နာခဲ့ရတဲ့ ပြောင်းရွှေ့ကြေးအား တောင်းဆိုခဲ့တာပါ။
ဘက်ပေးကလည်း ကလပ်က သူ့ကို ပထမအသင်းမှ ဖယ်ရှားမှုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ ရရန် ရှိတဲ့ လုပ်ခနှင့် အပိုဆုကြေးငွေများအတွက် ယူရို ၂၆၃ သန်း ပြန်လည်တောင်းဆိုခဲ့ပါတယ်။
ယခုအခါမှာတော့ ပြင်သစ်တရားရုံးက ပီအက်စ်ဂျီမှာ ၂၀၂၄ ခုနှစ် ဧပြီလမှ ဇွန်လအထိ လုပ်ခပေးထားခြင်း မရှိမှု၊ အပိုဆုကြေးငွေနှင့် လက်မှတ်ထိုးကြေးပေးရန် ကျန်ရှိနေကြောင်း‌တွေ့ရပြီးနောက် ယူရို ၆၀ သန်းအား ဘက်ပေးကို ပေးရန် ဆုံးဖြတ်လာပါတယ်။
ယခု တရားရုံးက ဆုံးဖြတ်လာတဲ့ ပေးရန် ရှိတဲ့ ငွေထဲမှ အများစုက ဆုကြေးငွေလို့ ယူဆရပါတယ်။
ပီအက်စ်ဂျီဟာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လက်မခံဘဲ အယူခံဝင်သွားပါဦးမယ်။
ဘက်ပေးဟာ ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ပီအက်စ်ဂျီအတွက် ကစားစဉ်အတွင်း ၃၀၈ ပွဲတွင် ၂၅၆ ဂိုးသွင်းပေးခဲ့ကာ ကလပ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားသူအဖြစ် ရပ်တည်နေပြီး ဆုဖလား ၁၅ လုံး ဆွတ်ခူးခဲ့ပါတယ်။

image

ယူနိုက်တက်က ဆော်ဒီသို့ သွားစေလိုမှုကြောင့် စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ဘရူနိုဖာနန်ဒက်စ်
====================

ယူနိုက်တက်အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်က ကလပ်ဘက်က သူ့ကို ဆော်ဒီသို့ သွားစေလိုကြောင်း သိရှိခဲ့ရပြီးနောက် စိတ်မကောင်းဖြစ်ခဲ့ရကြောင်း ဆိုသွားပါတယ်။ ယူနိုက်တက်ဟာ နွေရာသီတုန်းက Al Hilal က ပေါ်တူဂီစတားအား မြင့်မားတဲ့ ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းလာချိန်တွင် ဆော်ဒီသို့ သွားစေလိုခဲ့တာလည်း ဖြစ်ပါတယ်။
Al Hilal ဘက်က ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ၊ တစ်ပတ်လုပ်ခ ပေါင် ၇၀၀၀၀၀ အထိ ပေးလာခဲ့ပေမယ့်လည်း ဘရူနိုဖာနန်ဒက်စ်က ဆော်ဒီသို့ ပြောင်းရန် ငြင်းဆိုပြီး ယူနိုက်တက်တွင်ပင် ဆက်ကစားရန် ဆုံးဖြတ်ခဲ့ပါတယ်။
ဖာနန်ဒက်စ်ဟာ ယူနိုက်တက်နှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး စာချုပ်အတွင်းတွင် တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ကိုလည်း ထည့်သွင်းထားပါတယ်။
အောက်တိုဘာလတုန်းက ယူနိုက်တက်အတွက် ပွဲ ၃၀၀ မပြည့်မီ ဘရူနိုဖာနန်ဒက်စ်က လာမယ့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးအထိ အနာဂတ်နှင့်ပတ်သက်ပြီး ဆွေးနွေးမှာ မဟုတ်ကြောင်း ပြောဆိုခဲ့ဖူးပါတယ်။
ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က ပိုင်တဲ့ ရုပ်သံလိုင်း Canal 11 နှင့် အင်တာဗျူးသစ်တွင် ဖာနန်ဒက်စ်က "ကလပ်ဘက်က 'မင်း သွားရင် ငါတို့အတွက် မဆိုးဘူး'လို့ ပြောလာသလို ခံစားရတယ်။ အနည်းငယ်နာကျင်ရတယ်။ နာကျင်ရတယ်ဆိုတာထက် ပိုပါတယ်။ စိတ်မကောင်းဖြစ်ရတယ်။ ကျွန်တော်က ဘယ်သူမှ ဝေဖန်လို့ မရတဲ့ ကစားသမားတစ်ဦးပါ။ အမြဲတမ်း ပွဲကစားဖို့ အသင့်ရှိနေတဲ့သူ၊ အမြဲတမ်းအကောင်းဆုံးကစားပေးလာတဲ့သူပါ။ ဒီအပြောင်းအရွှေ့မှာ ထွက်ခွာနိုင်ခဲ့တယ်။ ငွေလည်း အများကြီး ရနိုင်ခဲ့တယ်။ ဒီရာသီမှုာ ဆုဖလားလည်း အများကြီး ရနိုင်ခဲ့တယ်။ ဒါပေမယ့် မသွားဖို့ ဆုံးဖြတ်ခဲ့တယ်။ မိသားစုအကြောင်းပြချက်ကြောင့်သက်သက် မဟုတ်ပါဘူး။ ဒီကလပ်အပေါ်မှာ အရမ်းချစ်လို့လည်း ဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။
ဖာနန်ဒက်စ်ဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် စပို့တင်းလစ္စဘွန်းမှ ပေါင် ၄၇ သန်းဖြင့် ပြောင်းလာပြီးနောက် ယူနိုက်တက်အတွက် ၃၀၇ ပွဲကစားထားကာ ၁၀၃ ဂိုးသွင်းပြီး ၉၃ ကြိမ် ဖန်တီးထားပါတယ်။
သူဟာ ယခုရာသီတွင်လည်း ယူနိုက်တက်အတွက် ၅ ဂိုးသွင်းကာ ၇ ကြိမ် ဖန်တီးထားပါတယ်။
ဒါ့အပြင် ဖာနန်ဒက်စ်က Al Hilal သို့ မပြောင်းလိုမှုကြောင့် ထိပ်တန်းအဆင့်တွင် ဆက်ကစားလိုနေသေးတဲ့အပြင် နည်းပြရူဘင်အမိုရမ်ကလည်း အိုးထရက်ဖို့ဒ်တွင် ဆက်ကစားရန် တိုက်တွန်းမှုကြောင့် ဖြစ်ကြောင်း ဆိုသွားပါတယ်။
ဖာနန်ဒက်စ်က "ကလပ်က ကျွန်တော့်ကို ထွက်ခွာစေချင်တယ်။ မန်နေဂျာက ကျွန်တော့်ကို ဆက်ပြီးတော့ အလိုရှိနေသေးတော့ ထွက်ခွာဖို့ ဆုံးဖြတ်လာအောင် ဖိအားပေးလို့ မရဘူးလို့ ဒါရိုက်တာတွေကို ပြန်ပြောခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်ဘက်ကသာ ထွက်ခွာချင်မယ်ဆိုရင် မန်နေဂျာက ဆက်နေစေချင်ရင်လည်း ကလပ်ဘက်က ထွက်ခွင့်ပေးလာမှာပါ"လို့ ပြောကြားသွားပါတယ်။
ယခုအခါ ယူနိုက်တက်ဟာ ဖာနန်ဒက်စ်ကို ရောင်းချရေး လုံးဝ မစဉ်းစားတော့ဘဲ ကလပ်ရဲ့ အနာဂတ်စီမံကိန်းတွင် အရေးပါတဲ့ အုတ်မြစ်အဖြစ် သတ်မှတ်ထားပြီလည်း ဖြစ်ပါတယ်။

image

လီဗာပူးလ်အသင်းရဲ့ အောင်ပွဲခံအခမ်းအနားမှာ ကားနဲ့ဝင်တိုက်ခဲ့သူ ထောင်ဒဏ်(၂၁)နှစ်နဲ့ (၆)လ ချမှတ်ခံရ

ပြီးခဲ့တဲ့ မေလအတွင်းက လီဗာပူးလ်အသင်းရဲ့ အောင်ပွဲခံအခမ်းအနားမှာ ပရိသတ်တွေကြားထဲ ကားနဲ့ဝင်တိုက်ခဲ့သူကို ထောင်ဒဏ်(၂၁)နှစ်နဲ့ (၆)လ ချမှတ်လိုက်ကြောင်း သိရပါတယ်။
လီဗာပူးလ်အသင်းဟာ မေလ(၂၆)ရက်နေ့မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိခြင်းအတွက် အောင်ပွဲခံအခမ်းအနားပြုလုပ်ခဲ့တာဖြစ်ပြီး ပရိသတ်ထောင်ပေါင်းများစွာ ဝင်ရောက်ဆင်နွှဲခဲ့ကြပါတယ်။
အဲဒီလို ပရိသတ်တွေ စုဝေးနေတဲ့ လူအုပ်ထဲကို ပေါလ်ဒွိုင်းလို့ အမည်ရသူက ကားနဲ့ ဝင်တိုက်ခဲ့တာဖြစ်ပြီး ဒဏ်ရာရသူ(၁၃၄)ဦး ရှိခဲ့ကြောင်း သိရပါတယ်။
ပေါလ်ဒွိုင်းက အသက်(၅၄)နှစ်ရှိပြီဖြစ်သလို၊ ကလေး(၃)ယောက်ရဲ့ ဖခင်လည်းဖြစ်ပြီး သူငယ်ချင်းတွေနဲ့ဆုံတွေ့ဖို့ လီဗာပူးလ်မြို့လယ်ကို ရောက်ရှိလာစဉ် အခုလို ဆိုးရွားတဲ့ ပြစ်မှု ကျူးလွန်ခဲ့မိခြင်းဖြစ်ကြောင်း သိရပါတယ်။
ပေါလ်ဒွိုင်းကြောင့် ဒဏ်ရာရခဲ့သူတွေထဲမှာ (၆)လအရွယ် ကလေးငယ်တစ်ဦးနဲ့ အသက်(၇၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း ပါဝင်ခဲ့ပြီး သူ့ရဲ့ပြစ်ဒဏ်အတွက် စီရင်ချက်ကို မနေ့က ချမှတ်ခဲ့တာဖြစ်ပါတယ်။

image

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။
ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။
လက်ရှိ၌ ပဲခူးတိုင်းဒေသကြီးအတွင်း၌ ဒုတိယအကြိမ် မဲစာရင်းကို အခြေခံပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းပါရှိနိုင်ရေး Door to Door မြေပြင်ကွင်းဆင်းစာရင်း တိုက်ဆိုင်စစ်ဆေးပြီးဖြစ်ကာ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိနေကြောင်းလည်း သိရသည်။

image

ယူနန်ပြည်အစိုးရ နိုင်ငံခြားရေးရုံး ညွှန်ချုပ် နှင့် မြန်မာကောင်စီဝန်ချုပ်တို့ တွေ့ဆုံ

ယူနန် နှင့် မြန်မာ နယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းရေးကိစ္စရပ်များဆွေးနွေး
ကူမင်းမြို့မှ မြန်မာကောင်စီဝန်ချုပ် ဦးသွင်ထက်လင်း နှင့် ယူနန်ပြည်အစိုးရ နိုင်ငံခြားရေးရုံးမှ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ရန်ရှောက်ချန်တို့သည့် ယနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့က ယူနန်ပြည်နယ် နိုင်ငံခြားရေးရုံး ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တိုအကြား နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေးကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ယဉ်ကျေးမှုကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မှုများ နှင့် ပတ်သက်ပြီးဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုပြင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တိုအကြားရှိ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်ကဏ္ဍများနှင့် အခွင့်အလမ်းများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

image

မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံ ကို နိုင်ငံတော်ဝန်ကြီးချုပ် တက်ရောက်

မျိုးဆက်သစ်များအနေဖြင့် မြန်မာ့တိုင်းရင်းဆေးပညာရပ်ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားရန် တိုက်တွန်း
(၂၄)ကြိမ်‌မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များ ညီလာခံ နှင့် မြန်မာ့တိုင်းရင်းဆေး ပညာနီးနှောဖလှယ်ပွဲကို ယနေ့ ဒီဇင်ဘာ(၁၆)ရက်နေ့က နေပြည်တော် ၌ ကျင်းပခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစော တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုပြင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံ ကို ပေးပို့သည့် ဂုဏ်ပြုမိန့်ခွန်းကို ဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။
ထိုနောက် မြန်မာ့တိုင်းရင်းဆေးပညာရှင်များကို အရည်ချင်းပြည့်ဝသူများဖြစ်အောင် အခြေခံကအစ ဒီပလိုမာအဆင့် ဘွဲ့ရအဆင့် တိုင်းရင်းဆေးပညာ မဟာဘွဲ့အဆင့်အထိ လေ့ကျင့်မွေးထုတ်ပေးနေကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောသည်။
ယခုညီလာခံတွင် တိုင်းရင်းဆေးသမားတော်ကြီးများအနေဖြင့် မျိုးဆက်သစ် လူငယ်များအတွက် ပညာရပ်ဆိုင်ရာများ အတွေ့အကြုံဗဟုသုတများ နှီးနှောဖလှယ်ပေးခြင်း မျိုးဆက်သစ်များကလည်း အနာဂတ်မြန်မာ့တိုင်းရင်းဆေးပညာရပ် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆက်လက်ဆောင်ရွက်သွားကြရန် လည်း နိုင်ငံတော်ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့သည်။
မြန်မာ့တိုင်းရင်းဆေးပညာ မပျောက်ပျက်အောင်နှင့် ဆေးဝါးများကို သုတေသနပြုလုပ်ပြီး ပြည်သူလူထု ယုံကြည်စိတ်ချစွာသုံးစွဲနိုင်စေရန် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရကလည်း အလေးထားပံ့ပိုးသွားမည်ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းနားကို နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ နိုင်ငံခြားသံရုံးမှ သံအမတ်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

image

မရိုးသားသောနည်းနှင့် တိုင်းရင်းဆေး၏ ဂုဏ်ဒြပ်ကိုထိခိုက်အောင်ပြုလုပ်နေမှုများကို ထိရောက်စွာကာကွယ်ဟန့်တားရမည်

မရိုးသားသောနည်းနှင့် တိုင်းရင်းဆေး၏ ဂုဏ်ဒြပ်ကိုထိခိုက်အောင်ပြုလုပ်နေမှုများကို ထိရောက်စွာကာကွယ်ဟန့်တားရမည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံ တော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဒီဇင်ဘာ ၁၆ ရက်ကကျင်းပသည့် (၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲသို့ ဗီဒီယိုမိန့်ခွန်းပေးပို့ပြီးပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာ့တိုင်းရင်းဆေးပညာသည် ရှေးအစဉ်အဆက်မှစကာ ယနေ့အချိန်အထိ နိုင်ငံသားများ၏ ကျန်းမာရေးစောင့်ရှောက်မှုတွင် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်လျက်ရှိ၍ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော မြန်မာ့တိုင်းရင်းဆေးပညာနှင့် ဆေးဝါးများကိုထိန်း သိမ်းစောင့်ရှောက်မြှင့်တင်ရန်၊ ပြည်သူတစ်ရပ်လုံးကို တိုင်းရင်းဆေးနှင့် ကျန်းမာရေးပိုမိုစောင့်ရှောက်မှုပေးနိုင်ရန်၊ မြန်မာ့တိုင်းရင်းဆေးများ အဆင့်အတန်းမြင့်စေရန်အတွက် တိုင်းရင်းဆေးတက္ကသိုလ်ကြီးကိုဖွင့်လှစ်ပြီး မျိုးဆက်သစ်တိုင်းရင်းဆေးပညာရှင်များကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိသည်ဟု ပြောသည်။
" အခုဆိုရင် တိုင်းရင်းဆေးပညာရပ်တွေ ခေတ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ အရည်အသွေးပြည့်ဝတဲ့ တိုင်းရင်းဆေးပညာရှင်တွေ ပိုမိုမွေးထုတ်ပေးနိုင်ဖို့အတွက် ၂၀၂၅ ခုနှစ် ပညာသင်နှစ်ကစပြီး တိုင်းရင်းဆေးပညာပါရဂူဘွဲ့ (ပထမအကြိမ်)သင်တန်းကို ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါတယ်"ဟု နိုင်ငံတော် ယာယီသမ္မတက ပြော သည်။
ထို့ကြောင့် အများပြည်သူများနေ့စဉ်သုံးစွဲနေသည့် တိုင်းရင်းဆေးဝါးများ ဘေးကင်းလုံခြုံစိတ်ချရပြီး အ ရည်အသွေးနှင့် အာနိသင်ပြည့်ဝသောဆေးဝါးများဖြစ်ရန်လို၍ ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်သည်အရေးကြီးသဖြင့် ဓာတ်ခွဲခန်းဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးရန်လိုကာ မရိုးသားသောနည်းနှင့် တိုင်းရင်းဆေး၏ ဂုဏ်ဒြပ်ကိုထိခိုက်အောင်ပြုလုပ်နေမှုများကိုလည်း ထိရောက်စွာကာကွယ်ဟန့်တားရမည်ဟု နိုင်ငံတော် ယာယီသမ္မတက ပြော သည်။
" မြန်မာ့တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းတွေကို အိမ်တွင်းစက်မှုလုပ်ငန်းအဆင့်သာမဟုတ်ဘဲ ဒေသအဆင့်နဲ့ နိုင်ငံတကာအဆင့်မီကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနဲ့ အရည်အသွေးမြင့်ထုပ်ပိုးခြင်းတွေဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံ့စီးပွားရေးကိုမြှင့်တင်နိုင်ပြီး ပြည် သူလူထုရဲ့ လူမှုစီးပွားဘဝတိုးတက်လာနိုင်မှာဖြစ်ပါတယ်"ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်၍ အဖွဲ့ဝင်နိုင်ငံများကြားတွင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်နေသကဲ့သို့ တိုင်းရင်းဆေးကဏ္ဍများတွင်လည်း အား တက်သရောပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပြီး အာဆီယံစီးပွားရေးအသိုက်အဝန်း၏ တိုင်းရင်းဆေးဝါးနှင့် ကျန်းမာရေးဖြည့်စွက်စာများကဏ္ဍတွင် အဖွဲ့ဝင်နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်ရန်၊ နည်းပညာလိုအပ်ချက်များ၊ လမ်းညွှန်ချက်များ တစ်သ မတ်တည်းဖြစ်စေရန်နှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရန် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု နိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့သည်။

image

ရွေးကောက်ပွဲ မဲပေးနိုင်ရေး နိုင်ငံတော်က ပြင်ဆင်ဆောင်ရွက်ထားပြီး နယ်မြေတည်ငြိမ်အေးချမ်းရေး လုံခြုံရေး ကို ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရမည်

ပါတီစုံဒီမိုကရေစီအထွေထွေ‌ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူ အားလုံးမဲပေးနိင်ရန် အရေးကြီးကြောင်း မဲပေးနိုင်ရန် နိုင်ငံတော်အပိုင်းက လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေးထားကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကပြောသည်။
ယမန်နေ့က ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ မြို့မိမြို့ဖများ နှင့်တွေ့ဆုံစဉ် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဓိကအရေးကြီးသည်မှာ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဖြစ်သည့် အတွက် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ နှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း လည်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကပြောသည်။
ရွေးကောက်ပွဲ ပြုလုပ်မှသာ ပြည်သူများက ရွေးချယ်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်များ ထွက်ပေါ်လာမည်ဖြစ်ကြောင်း၊ သို့မှသာ လွှတ်တော်ကျင်းပပြီး အစိုးရသစ် ဖွဲ့စည်းနိုင်မည်ဖြစ်ပြီး နိုင်ငံတော် အာဏာကို အစိုးရသစ်အား ပြန်လည်လွှဲပြောင်းမည်ဖြစ်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကပြောသည်။
လာမည်ရွေးကောက်ပွဲအပိုင်း(၁)ကို ဒီဇင်ဘာ ၂၈ ရက်နေ့ ၌ စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်း(၂)ကို ဇန်နဝါရီ (၁၁)ရက် နှင့် တတိယပိုင်းကို အပိုင်း(၂)အပြီး နှစ်ပတ်အကြာ၌ ပြုလုပ်မည်ဖြစ်ကြောင် သိရသည်။

image