ဒေါ်နယ်ထရမ့် ရုရှားနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားချက် ရရှိထားကြောင်း အဆင့်မြင့်သံတမန်တစ်ဦး ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့် သြဂုတ်လက အလက်စကာတွင် ရုရှားခေါင်းဆောင် ဗလာဒီမီယာ ပူတင်နှင့် တွေ့ဆုံစဉ်အတွင်း ရုရှားနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားချက်ကို လက်ခံရရှိခဲ့ကြောင်း ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂေး ရာဘော့ကော့ဗ် (Sergey Ryabkov) က TASS သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
"သမ္မတ ထရမ့် ရုရှားဖက်ဒရေးရှင်းနိုင်ငံကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားချက်ကို အန်ကာရေ့ချ် (Anchorage) မြို့မှာ ပြောကြားခဲ့တာ အမှန်ပါပဲ" ဟု ၎င်းက ဆိုသည်။ ထရမ့်နှင့် အန်ကာရေ့ချ်တွင် တွေ့ဆုံပြီးနောက် နောက်တစ်ကြိမ်တွေ့ဆုံမှုကို မော်စကိုမြို့တွင် ပြုလုပ်ရန် အကြံပြုခဲ့သည့် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်၏ ပြောကြားချက်အပေါ် ၎င်းက မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ရာဘော့ကော့ဗ်၏ အဆိုအရ အဆိုပါအစီအစဉ်နှင့် ပတ်သက်၍ လက်တွေ့ကျသော တိုးတက်မှုများ ယခုအချိန်အထိ မရှိသေးပေ။ "ရုရှားနဲ့ အမေရိကန်သမ္မတတွေကြား ဆက်သွယ်ပြောဆိုဖို့ တခြားနည်းလမ်းတွေလိုပဲ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ခိုင်မာပါတယ် - အကြောင်းအရာပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေက ပထမဦးစားပေးဖြစ်ရမှာဖြစ်ပြီး အဲဒီနောက်မှ တွေ့ဆုံမယ့်နေရာကို သဘောတူညီမှု ရယူရမှာဖြစ်ပါတယ်" ဟု အဆိုပါ အဆင့်မြင့်ရုရှားသံတမန်က ဆက်လက်ပြောကြားခဲ့သည်။

image

နှင်းမုန်တိုင်းကြောင့် အမေရိကန်တွင် အနည်းဆုံးလူ ၇ ဦး သေဆုံး

အမေရိကန်နိုင်ငံတွင် ဖြစ်ပွားနေသော နှင်းမုန်တိုင်းကြောင့် လူ ၇ ဦး အနည်းဆုံး သေဆုံးခဲ့ကြကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့သည်။
ရာသီဥတုအခြေအနေကြောင့် သေဆုံးမှုများကို တက္ကဆက်၊ မစ်ဆူရီ နှင့် ကန်းဆက် ပြည်နယ်များတွင် မှတ်တမ်းတင်ထားပြီး အာဏာပိုင်များက ဒေသခံပြည်သူများအား အိမ်တွင်း၌သာ နေထိုင်ကြရန် တိုက်တွန်းထားသည်။
PowerOutage အရင်းအမြစ်၏ အချက်အလက်များအရ လျှပ်စစ်သုံးစွဲသူ တစ်သန်းကျော်မှာ လျှပ်စစ်မီး ပြတ်တောက်နေပြီး အိမ်ထောင်စုပေါင်း ၁,၀၁၈,၄၇၇ စုတွင် မီးမလာဘဲ ဖြစ်နေသည်။ တန်နက်ဆီ ပြည်နယ်တွင် လူပေါင်း ၃ သိန်းကျော် မီးပြတ်တောက်နေသဖြင့် အဆိုးရွားဆုံး အခြေအနေနှင့် ရင်ဆိုင်နေရပြီး တက္ကဆက်၊ လူဝီစီယားနား၊ အလာဘားမား နှင့် ဂျော်ဂျီယာ ပြည်နယ်များတွင်လည်း အကြီးအကျယ် လျှပ်စစ်ပြတ်တောက်မှုများ ဖြစ်ပေါ်နေသည်။
ပြည်နယ်ပေါင်း ၂၃ ခုတွင် အရေးပေါ်အခြေအနေ ကြေညာထားပြီး လူပေါင်း ၁၈၅ သန်းခန့်မှာ ပြင်းထန်သော ရာသီဥတု သတိပေးချက်များအောက်တွင် ရှိနေသည်။ တနင်္ဂနွေနေ့က လေကြောင်းခရီးစဉ်ပေါင်း ၁၀,၀၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရသည်။ မျှော်မှန်းထားသည့် စံချိန်တင် အအေးဒဏ်နှင့် နှင်းမုန်တိုင်းများအတွက် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များ အဆင်သင့်ရှိနေကြောင်း သမ္မတ ထရမ့်က သောကြာနေ့တွင် ပြောကြားခဲ့သည်။

image

အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံက ရွှေတံဆိပ်(၂၀)ခုထိ ဆွတ်ခူးထားပြီး နိုင်ငံအလိုက် အဆင့်(၆)တွင်ရပ်တည်နေ

ဆုတံဆိပ်အလိုက် နိုင်ငံတော်က ဆုငွေများချီးမြှင့်
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပနေသည့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၌ ဇန်နဝါရီ ၂၅ရက်အထိ မြန်မာက ရွှေတံဆိပ်(၂၀)ခု ၊ငွေတံဆိပ်(၁၉)ခု နှင့် ကြေးတံဆိပ်(၂၀)ခု ဆွတ်ခူးထားနိုင်ကြောင်း သိရသည်။
နိုင်ငံအလိုက် အဆင့်(၆)တွင်ရပ်တည်နေပြီး စုစုပေါင်းဆုတံဆိပ်(၅၉)ခုကို ဆွတ်ခူးထားနိုင်ခြင်းလည်းဖြစ်သည်။
ရေကူးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ ၊ပြေးခုန်ပစ်ပြိုင်ပွဲ ၊သံလုံးပစ်ပြိုင်ပွဲ အပြေးပြိုင်ပွဲ ၊ စစ်တုရင်၊ ခုနှစ်‌ယောက် တစ်ဖက် ဘောလုံး ၊ မျက်မမြင် ဂိုးလ်ဘော ပြိုင်ပွဲများတွင် ဆုတံဆိပ်များ ဆွတ်ခူးထားနိုင်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
နိုင်ငံတော်က ပြိုင်ပွဲကာလအတွင်း ရွှေတံဆိပ်တစ်ဆုလျှင် အမေရိကန်ဒေါ်လာ ၃၀၀၊ ငွေတံဆိပ်တစ်ဆုလျှင် အမေရိကန်ဒေါ်လာ ၂၀၀ နှင့် ကြေးတံဆိပ်တစ်ဆုလျှင် အမေရိကန်ဒေါ်လာ ၁၀၀ တို့ ကို သတ်မှတ်ချီးမြှင့်ထားကြောင်း လည်း သိရသည်။
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ၌ အားကစားနည်း (၁၉)မျိုးပါဝင်ပြီး မြန်မာနိုင်ငံမှ အားကစားနည်း (၁၁) နည်းတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
လက်ရှိ၌ မြန်မာနိုင်ငံအနေဖြင့် ရေကူးအားကစားနည်း၊ သံလုံးပစ်အားကစားနည်း၊ သံပြားအဝိုင်းပစ် အားကစားနည်းတို့မှ ရွှေတံဆိပ်ရရှိထားသည်။

image

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်ကစားမှုများတွင် ပါဝင်ပတ်သက်ခဲ့သည့် မြန်မာနိုင်ငံသားများအား ဒုတိယအသုတ်အဖြစ် ၅၆၆ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ် ယူ

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သည့် မြန်မာနိုင်ငံသားများအား ဒုတိယအသုတ်အဖြစ် ဇန်နဝါရီ ၂၅ ရက်နေ့က မြန်မာနိုင်ငံသား ၅၆၆ ဦးကို ပြန်လည်ခေါ်ယူခဲ့ကြောင်း သိရသည်။
အဆိုပါ ဒုတိယအသုတ်အနေဖြင့် မြန်မာနိုင်ငံသား(၅၀) ကို ဇန်နဝါရီ (၂၅)ရက် ယနေ့ တွင် မြန်မာ့လေကြောင်းလိုင်း(MAI)ဖြင့် မန္တလေးလေဆိပ်သို့ ပို့ဆောင်ခဲ့ပြီး၊ ၁၉၀ ကို ယနေ့ ညနေပိုင်းတွင် တပ်မတော်လေယာဉ် နှင့် မြိတ်မြို့ သို့ ခေါ်ဆောင်ခဲ့ပြီ ထပ်မံ၍ ၁၉၀ ဦးကိုလည်း ထပ်မံခေါ်ယူပြီး စုစုပေါင်း ၅၆၆ ဦး ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပထမအသုတ်အနေဖြင့် မြန်မာနိုင်ငံသား ၁၃၆ ဦးကိုလည်း ဇန်နဝါရီ ၂၃ ရက်က မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ခေါ်ဆောင်ထားကြောင်းလည်း သိရသည်။
လက်ရှိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျန်ရှိသည့် မြန်မာနိုင်ငံသားများကို အမြန်ဆုံးပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

image

ရွေးကောက်ပွဲအပိုင်း(၃)ကိုလေ့လာခဲ့ကြသည့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအား ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်း

နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၏ စောင့်ကြည့်လေ့လာမှုသည် လွတ်လပ်မှုနှင့် တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုကို ခိုင်မာစေ
ရွေးကောက်ပွဲအပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်ကကျင်းပခြင်းအား လေ့လာခဲ့ကြသည့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအား ဇန်နဝါရီ ၂၅ ရက်ညပိုင်းက ရန်ကုန်မြို့၌ ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဥက္ကဋ္ဌ ဦးသန်းစိုး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းတို့ တက်ရောက်ခဲ့ကြသည်။
UEC ဥက္ကဋ္ဌဦးသန်းစိုးမှ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၏ စောင့်ကြည့်လေ့လာမှုသည် လွတ်လပ်မှုနှင့် တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုကို ခိုင်မာစေရုံသာမက ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မဲဆန္ဒ ရှင်များနှင့် ရွေးကောက်ပွဲတွင် ပါဝင်သူအားလုံး၏ ယုံကြည်မှုကိုပိုမိုခိုင်မာစေမည်ဟု ပြောကြားသည်။
ထို့ပြင် ယနေ့ အခမ်းအနားမှတစ်ဆင့် မြန်မာနိုင်ငံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကြား ပူးပေါင်းဆောင်ရွက်မှုနှင့် နားလည်မှုကိုပိုမိုခိုင်မာစေမည်ဟုယုံကြည်ကာ မြန် မာနိုင်ငံ၏ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေမည့် အဆွေတော်တို့၏ လေ့လာတွေ့ရှိချက်များနှင့် အကြံပြုချက်များကို စောင့်မျှော်နေမည်ဟု ပြောသည်။
ထို့အတူ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်မှုသည် မြန်မာနိုင်ငံ၏ ကောင်းမွန်သည့် အရွေ့တစ်ခုကိုဖော်ဆောင်နိုင်ခြင်းဖြစ်ကာ ရွေးကောက်ပွဲအပိုင်း(၃)ပိုင်း လုံးကို အောင်မြင်စွာကျင်းပနိုင်ခဲ့၍ အထူးဂုဏ်ယူဝမ်း မြောက်သည်ဟု ပြောကြားခဲ့သည်။
ထို့နောက် UEC ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ဂုဏ်ပြုညစာသုံးဆောင်ရာ ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ ယဉ်ကျေးမှုအကအဖွဲ့၏ မြန်မာ့ရိုးရာယဉ်ကျေးမှုအဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုပန်းခြင်းများနှင့် ဂုဏ်ပြုငွေများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ရွေးကောက်ပွဲအပိုင်း(၃)အား ဘယ်လာရုစ်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်အဖွဲ့၊ နီပေါနိုင်ငံ ရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်အဖွဲ့၊ အင်ဒိုနီးရှားနိုင်ငံ ရွေး ကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်အဖွဲ့၊ ဗီယက်နမ်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့၊ နီကာရာဂွါနိုင်ငံမှ ကိုယ်စား လှယ်အဖွဲ့၊ အိန္ဒိယနိုင်ငံမှ ကိုယ်စားလှယ်နှင့် International Conference of Asian Political Parties (ICAPP)အဖွဲ့မှကိုယ်စားလှယ်အဖွဲ့တို့ စောင့်ကြည့်လေ့လာခဲ့ကြသည်။

image

မုံရွာမြို့ သုဓမ္မစာရီ ဗိမာန်ကျောင်းတိုက်နှင့် ရွှေတောင်ဦး လယ်တီဝိပဿနာ ရိပ်သာကြီးများ၏ ပဓာနနာယကဆရာ တော်၏ဝိဇာတနှင့် ဂုဏဝိသိဌပူဇော်ပွဲမင်္ဂလာ အကြိုညှိနှိုင်း အစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သုဓမ္မစာရီ ဗိမာန်ကျော င်းတိုက်နှင့် ရွှေတောင်ဦး လယ်တီဝိပဿနာ ရိပ်သာကြီးများ၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တကောသလဥာဏ၏ ဝိဇာတမွေးနေ့ မင်္ဂလာနှင့် ဂုဏဝိသိဌ ပူဇော်ပွဲမင်္ဂလာအကြိုညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီလ(၂၅)ရက် ၊ မွန်းလွဲ (၂) နာရီက မုံရွာမြို့ရုံးကြီးရပ် သုဓမ္မစာရီဗိမာန်ကျောင်း သုဓမ္မသိင်္ဂီ ပြည့်စုံခဏ္ဍသိမ်ကျောင်းတွင် ကျင်းပသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီး အ ရှေ့လေးထပ်ကျောင်းတိုက်နာယကဆရာတော်မှ သြဝါဒကထာမိန့်ကြားတော်မူပြီး သလ္လာရပ်တိလောကာရုံကျောင်းတို က်ဆရာတော်က သြဝါဒမိန့်ကြားခဲ့သည်။
ဆက်လက်၍ မွေးနေ့ပွဲ၊ ဂုဏဝိသိဌပူဇော်ပွဲနှင့် ပတ်သက်၍ သုဓမ္မစာရီ ဗိမာန်ကျောင်းတိုက်မှ ဦးအာစာရက မိန့်ကြားပြီး လယ်တီဝိပဿနာ ပြန့်ပွားရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်သောင်းက ဂုဏ်ပြုပွဲနှင့်ပတ်သက်၍ လျောက်ထားပြီး အ ထွေထွေကိစ္စများနှင့်ပတ်သက်၍ လယ်တီဝိပဿနာပြန့်ပွားရေးအဖွဲ့ချုပ် အကျိုးတော်ဆောင် ဦးကျော်တင်က တင်ပြလျောက်ထားသည်။
ထို့နောက် သာသနာရေးရုံး ဦးညိုအောင်က လုပ်ထုံးလုပ်န ည်းများ တင်ပြလျောက်ထားပြီး အစည်းအဝေးသို့ ကြွရော က် လာကြသော သံဃာတော်များနှင့် ဧည့်ပရိသတ်များက အကြံပြုလျောက်ထားကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုပြီးရုတ်သိမ်းခဲ့သည်။
သက်တော် (၇၄)နှစ်ပြည့် မွေးနေ့ဝိဇာတမင်္ဂလာနှင့် အဂ္ဂမ ဟာကမ္မဌာနစရိယ ဘွဲ့ဂုဏဝိသိဌ ပူဇာမင်္ဂလာကို ၂၀၂၆ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁)ရက် တပို့တွဲ လပြည့်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ရုံးကြီးရပ်၊ နာရီစင်အနီး သုဓမ္မစာရီကလေးဝဗိမာန်တော်တွင် ကျင်းပမည်ဖြစ်ကြောင်း မုံရွာမြို့၊လယ်တီဝိပဿနာပြန့်ပွားရေးဗဟိုအဖွဲ့ချုပ်၊ မွေးနေ့ဝိဇာတနှင့် ဂုဏဝိသိဌပူဇာဖြစ်မြောက်ရေးဂေါပကအဖွဲ့မှ သိရသည်။

image

ဘန်ကောက်မြို့တွင်း လေထုညစ်ညမ်းမှု မြင့်တက်

လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဌာန (PCD) သည် ဖေဖော်ဝါရီလ ၁ ရက်‌နေ့ မှ ၄ ရက်နေ့ အတွင်း လေထုအရည်အသွေးကို စောင့်ကြည့်ရန် မြို့တော်နှင့် အနီးတစ်ဝိုက်ရှိ ဒေသခံများကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၄ ရက်နေ့ အတွင်း သတိပေးခဲ့ကြောင်း PCD ညွှန်ကြားရေးမှူးချုပ် ပင်ဆတ် ဆူရဆဝါဒီက ပြောကြားခဲ့သည်။ အထူးသဖြင့် ဘန်ကောက်မြို့လယ်၊ အနောက်မြောက်နှင့် အနောက်တောင်ပိုင်းဒေသများကဲ့သို့ လေထုအခြေအနေ တည်ငြိမ်မှုမှာ လေထုညစ်ညမ်းမှုအဆင့်ကို ပိုမိုဆိုးရွားစေနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဤကာလအတွင်း မြောက်ဘက်ပိုင်းတွင် လည်းအလားတူအခြေအနေမျိုး ကြုံ‌တွေ့ရ နိုင်သည်။
မြို့တော်ရှိ လေထုညစ်ညမ်းမှုသည် ဖေဖော်ဝါရီ လူ ၁ ရက် နေ့မှ ၃ ရက်‌နေ့အထိ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် လိမ္မော်ရောင်အဆင့်တွင် ဆက်လက်ရှိနေမည်ဟု မစ္စတာ ချက်ချာ့က ပြောကြားခဲ့သည်။ ဇီဝလောင်စာလောင်ကျွမ်းမှု၊ မီးခိုးမည်းယာဉ်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များ အပါအဝင် လေထုညစ်ညမ်းမှုဆိုင်ရာ အရင်းအမြစ်များကို ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ (BMA) က စောင့်ကြည့်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဇန်န၀ါရီလ ၃၁ နေ့မှ ဖေဖော်ဝါရီလ ၃ ရက် နေ့ အတွင်း လေထုညစ်ညမ်းမှု ပြင်းထန်လာပါက ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရာတွင် အထောက်အကူဖြစ်စေရန်အတွက် ဝန်ထမ်းများကို အိမ်မှအလုပ်လုပ်ခွင့်ပြုရန် BMA မှ စီးပွားရေးလုပ်ငန်းများထံမှ ပူးပေါင်းဆောင်ရွက်မှုကို တောင်းဆိုနိုင်သည်ဟု အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။
ဘန်ကောက်၊ စမွတ်စခွန်၊ ချောင်ဘူရီနှင့် နွန်ခိုင် အပါအဝင် ပြည်နယ် ၁၃ ခုတွင် ပီအမ်၂.၅ အဆင့်သည် ဘေးကင်းလုံခြုံရေးစံနှုန်းထက် ကျော်လွန်နေကြောင်း PCD ၏ လေထုညစ်ညမ်းမှုလျော့ပါးရေးဗဟိုဌာန (CAPM) က တနင်္ဂနွေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အမြင့်ဆုံးအဆင့်သည် ကုဗမီတာလျှင် ၆၂.၁ မိုက်ခရိုဂရမ် (µg/m³) သို့ ရောက်ရှိပြီး ဘေးကင်းရေး သတ်မှတ်ချက် ၃၇.၅µg/m³ ထက် ကျော်လွန်သည်။
တစ်ချိန်တည်းတွင်ပင် ထိုင်းနိုင်ငံ စားသုံးသူကောင်စီ (TCC) မူဝါဒနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ လက်ထောက်အကြီးအကဲ မွန်ရူဒီဖောင်က ပီအမ်၂.၅ သည် ရာသီအလိုက် ပြဿနာမဟုတ်တော့ဘဲ နာတာရှည် အမျိုးသားပြဿနာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိခို-က်လွယ်သောအုပ်စုများအတွက် အခမဲ့အကာအကွယ်ပစ္စည်းများနှင့် အဝေးမှသင်ကြားရေးမူဝါဒများအပါအဝင် တက်ကြွသောအစီအမံများလုပ်ဆောင်ရန် မစ္စမွန်ရူဒီက အစိုးရကို တိုက်တွန်းခဲ့သည်။ ရေရှည်တွင် လူထုကျန်းမာရေးကို အကာအကွယ်ပေးရန်အတွက် လေသန့်ဥပဒေ ကို အရေးတကြီး ပြဋ္ဌာန်းရန် သူက တောင်းဆိုခဲ့သည်။ ပီအမ်၂.၅ နှင့်ဆက်စပ်သောရောဂါများအတွက် ၂၀၂၅ ခုနှစ်တွင်လူ ၁၀ သန်းခန့်သည်ပြည်သူ့ဆေးရုံများတွင်ကုသမှုခံယူခဲ့သည်။

image

လာအိုနိုင်ငံက ရွေးကောက်ပွဲ ပြင်ဆင်မှုများကို အရှိန်မြှင့် ဆောင်ရွက်

​လာအိုနိုင်ငံ၏ (၁၀) ကြိမ်မြောက် အမျိုးသားလွှတ်တော်နှင့် (၅) ကြိမ်မြောက် ပြည်နယ်ပြည်သူ့ကောင်စီ ရွေးကောက်ပွဲများအတွက် ပြင်ဆင်မှုများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရှိန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။
ဖေဖော်ဝါရီလ ၂၂ ရက် နေ့ တွင် ကျင်းပမည့် ဆန္ဒမဲပေးပွဲသည် ချောမွေ့မှုရှိစေရန်၊ ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် ဥပဒေနှင့်အညီဖြစ်စေရန်အတွက် ဗဟိုနှင့် ဒေသန္တရရွေးကောက်ပွဲကော်မတီများက ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်နေကြကြောင်းသိရသည်။
​ပြည်နယ်အသီးသီးတွင်လည်း ရွေးကောက်ပွဲပြင်ဆင်မှုများမှာ အားကောင်းလျက်ရှိပြီး ဆာဗန်နာခတ် ပြည်နယ်တွင် ရွေးကောက်ပွဲဆိုင်ရာတာဝန်ရှိသူများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး လုပ်ငန်းတိုးတက်မှုများအပေါ် သုံးသပ်​ခြင်းများပြုလုပ်ပီး မဲပေးပိုင်ခွင့်ရှိသူများအကြား နိုင်ငံရေးအသိများနိုးကြားမှုရှိလာစေရန် အလေးထားဆောင်ရွက်ခဲ့ကြသည်။
​အာဏာပိုင်များအနေဖြင့် မဲစာရင်းပြုစုခြင်းလုပ်ငန်းများကို အချိန်မီနှင့် တိကျစွာ အပြီးသတ်ရန် တိုက်တွန်းထားပြီး၊ ဒေသခံများ တက်ကြွစွာပါဝင်လာစေရန်အတွက် နိုင်ငံတော်၏ လမ်းညွှန်ချက်များကို ဒေသအလိုက် စရိုက်လက္ခဏာများနှင့် ပေါင်းစပ်ကာ ဆန်းသစ်သောနည်းလမ်းများဖြင့် လူထုထံသို့ ဖြန့်ဝေပေးရန် တိုက်တွန်းခဲ့သည်။
​တစ်ချိန်တည်းမှာပင် နည်းပညာနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်ချက်များကို ပါတီဝင်များနှင့် နိုင်ငံ့ဝန်ထမ်းများ သိရှိစေရန်အတွက် ရှင်းလင်းဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

image

ဖေဖော်ဝါရီလကစပြီး ရထားလက်မှတ်ကို အွန်လိုင်းကနေ ဝယ်ယူနိုင်တော့မယ်

ရန်ကုန်-မန္တလေး၊ ရန်ကုန်-နေပြည်တော် ရထားခရီးစဉ်တွေအတွက် ရထားလက်မှတ်ကို လာမယ့် ဖေဖော်ဝါရီလ ကစပြီး အွန်လိုင်းကနေ ဝယ်ယူနိုင်တော့မှာ ဖြစ်တယ်လို့ မြန်မာ့မီးရထားက သိရပါတယ်။
ရထားလက်မှတ်ကို အွန်လိုင်းကနေ ဝယ်ယူနိုင်မယ့် အစီအစဥ်ကို ပထမဆုံးစတင်မှာ ဖြစ်တာကြောင့် Pilot Project အဖြစ် အမှတ် ၁၁ အဆန် နဲ့ ၁၂ အစုန် ရန်ကုန်-မန္တလေးရထားခရီးစဉ်၊ ရန်ကုန်-နေပြည်တော် DEMU ရထားခရီးစဉ်တွေ ဖြစ်တဲ့ အမှတ် ၇ အဆန် နဲ့ ၈အစုန် ရထား ၊ အမှတ် ၃၁ အဆန် နဲ့ ၃၂အစုန် ရထားခရီးစဥ်အတွက်သာ အွန်လိုင်းကနေ လက်မှတ်ရောင်းချပေးမှာ ဖြစ်တယ်လို့ သိရပါတယ် ။
လက်ရှိမှာ အွန်လိုင်းကနေ လက်မှတ်ရောင်းချနိုင်ဖို့အတွက် အဆင့်ဆင့် စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ၊ လတ်တလောမှာ အက်ပလီကေးရှင်းက အဆင်မပြေသေးတဲ့ အတွက် ဝက်ဆိုက်ဘ်ကနေတဆင့်သာ လက်မှတ်ဝယ်ယူရမှာ ဖြစ်တယ်လို့ သိရပါတယ်။
" အကြမ်းဖျင်းမှန်းထားတာတော့ ဖေဖော်ဝါရီ ၁ရက်နေ့မှာ အွန်လိုင်းကနေ ဘွတ်ကင်စပေးမယ် ။ ဝက်ဆိုက်ဘ်လင့်ခ်တခု ကြေငြာပေးမယ်။ လောလောဆယ် အက်ပလီကေးရှင်းမလုပ်နိုင်သေးတော့ အဲဒီလင့်ခ်ထဲဝင်လိုက်ရင် မီးရထားစာမျက်နာပေါ်လာမယ် ။အဲဒီမှာမှ အဆင့်ဆင့်တွေ လုပ်ရမှာပေါ့။ဒီမှာလည်း ဝန်ထမ်းတွေကို သင်တန်းပေးနေတယ်။အခုက အွန်လိုင်းကနေ လက်မှတ်ဖြတ်တဲ့အခါ ဘာတွေပြဿနာတွေဖြစ်နိုင်မလဲဆိုတာ ဖြစ်နိုင်တာတွေကို သေချာစစ်နေတုန်းပဲ ။ပြီးတော့ အွန်လိုင်းကနေ လက်မှတ်ဖြတ်ပြီး ဘူတာမှာ လက်မှတ်ပြန်လဲရမယ့် အခြေအနေတွေ အစရှိသဖြင့်ပေါ့ ။ " လို့ မြန်မာ့မီးရထားဌာန ၊ ရန်ကုန်တိုင်းက တာဝန်ရှိသူတယောက်က ပြောပါတယ်။
ရထားလက်မှတ်ကိုသာ အွန်လိုင်းကနေ ရောင်းချနိုင်ပါက လက်မှတ်မှောင်ခိုစျေးကွက်နဲ့ အချိန်ပေးပြီး ဘူတာရုံကိုသွားရောက်ကာ လက်မှတ်ဖြတ်ရတဲ့ အခြေအနေတွေကို ဖြေရှင်းပြီးသား ဖြစ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
" အွန်လိုင်းကနေသာ လက်မှတ်ဝယ်လို့ရပြီဆိုရင် ကားအစား ရထားပဲ ပြောင်းစီးတော့မယ် ။ ရထားကအဆင်ပြေတယ်။ အပေါ့အပါးအတွက်လည်း ပူစရာမလိုဘူး ။ နေရထိုင်ရတာလည်း လွတ်လပ်တယ်။ အခုက လက်မှတ်ဖြတ်ရတာ တကူးတကကြီး သွားပြီး တန်းစီဖြတ်တာတောင် ရမရ မသေချာလို့ မစီးဖြစ်တာ ။ ပြီးတော့ ရထားပေါ် လုံခြုံရေးလည်း သေချာလေးလုပ်ပေးစေချင်တယ်။ သူခိုးတွေက ပေါတယ် ။ " လို့ ပြည်သူတယောက်က ပြောပါတယ်။
ကနဦး သိရှိချက်အရတော့ အွန်လိုင်းကနေ ရထားလက်မှတ်ဝယ်ယူတဲ့အခါ ခရီးစဉ်အစအဆုံး ဘူတာအတွက်ဆိုရင် ၇ ရက် ကြိုတင် ဝယ်ယူခြင်း ၊ ကြားဘူတာအတွက်ဆိုရင် ၃ ရက် ကြိုတင်ပြီး ဝယ်ယူနိုင်ကြောင်း နဲ့ အွန်လိုင်းကနေ ဝယ်ယူထားတဲ့ ရထားလက်မှတ် e-Receipt ကိုတော့ ရထားမထွက်ခွာမှီ ၁ နာရီအလိုမှာ ကြိုတင်ပြီး သက်ဆိုင်ရာဘူတာရုံ ကောင်တာမှာ လဲလှယ်ရမှာ ဖြစ်တယ်လို့ သိရပါတယ် ။
လက်မှတ် ဝယ်ယူရာမှာ အသက် ၃ နှစ်အောက် ကလေးသူငယ်ကလွဲပြီး ရထားစီးနင်းသူအားလုံး လက်မှတ်ဝယ်ယူရမှာ ဖြစ်ကြောင်း ၊ လက်မှတ်ဝယ်ယူစဉ် ဖြည့်သွင်းခဲ့တဲ့ အမည်၊ နိုင်ငံသား မှတ်ပုံတင်အမှတ် ကိုင်ဆောင်သူသာ ရထားလိုက်ပါ စီးနင်းခွင့်ရရှိမှာ ဖြစ်တယ်လို့လည်း သိရပါတယ် ။
အွန်လိုင်းကနေ ဝယ်ယူထားတဲ့ လက်မှတ်ကို ဝယ်ယူထားတဲ့ နေ့၊ ဝယ်ယူထားတဲ့ ရထားမှာသာ စီးနင်းခွင့်ရှိပြီး ဝယ်ယူထားပြီး မသွားဖြစ်တဲ့ ခရီးစဉ်အတွက် လက်မှတ်ခငွေ ပြန်လည်အမ်းပေးမှာ မဟုတ်ဘူးလို့ စည်းကမ်းသတ်မှတ်ချက်အရ သိရပါတယ် ။
အွန်လိုင်းကနေ လက်မှတ်ဝယ်ယူတဲ့အခါ လက်မှတ်ဝယ်ယူခြင်း ဝန်ဆောင်ခ (Service Fee) အပြင် ဘဏ် ငွေကြေးဝန်ဆောင်ခ (Bank Transaction Fee) ကိုပါ ခရီးသည်ဘက်က ပေးဆောင်ရမှာ ဖြစ်တယ်လို့ လည်းစည်းကမ်းသတ်မှတ်ထားပါတယ် ။

image

ပို့ကုန်ရငွေဖြေလျှောမှုနဲ့အတူ ပဲအဝင်နည်းလို့ မတ်ပဲနဲ့ ပဲစဥ်းငုံနီ စျေးကွက်ဆက်တိုက်မြင့်တက်လာ

ပြည်ပပို့ကုန် ပဲမျိုးစုံစျေးကွက်မှာ မတ်ပဲနဲ့ ပဲစဥ်းငုံနီက စျေးနူန်း ဆက်တိုက်မြင့်တက်လာပြီး အရောင်းအဝယ် သွက်နေတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။
ဇန်နဝါရီ ၈ ရက်နေ့ကစပြီး ပို့ကုန်ရငွေရဲ့ ၂၅ ရာခိုင်နူန်းကို ဗဟိုဘဏ်သတ်မှတ် စျေးနူန်းနဲ့ ကျပ်ငွေလဲလှယ်မှုကနေ ၁၅ ရာခိုင်နူန်းကိုသာ ကျပ်ငွေလဲလှယ်ဖို့ ဖြေလျှော့သတ်မှတ်ပြီး နောက်ပိုင်းကစလို့ ပြည်တွင်းပဲစျေးကွက်မှာ မတ်ပဲနဲ့ ပဲစဥ်းငုံနီ စျေးနူန်း ဆက်တိုက်မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ် ။
ဒါအပြင် လက်ရှိကာလက ဆောင်းမတ်ပဲအသစ်နဲ့ ပဲစဥ်းငုံနီအသစ်တွေ စျေးကွက်ထဲကို ဝင်ရောက်မှု နည်းပြီး ပြည်တွင်းရှိ လှောင်လက် ကုန်သည်နဲ့ ​ပြည်ပက ဝယ်လိုအား ရှိနေတာကြောင့်လည်း စျေးတက်လာတာ ဖြစ်တယ်လို့ သိရပါတယ် ။
" ပို့ကုန်ရငွေကို ကျပ်ငွေလဲလှယ်ရတဲ့ ပမာဏကို လျှော့ချပေးတော့ ကုန်သည်တွေလည်း စျေးကောင်းပိုပေးပြီး ဝယ်နိုင်လာတဲ့ သဘောရှိတယ်။ ကုန်သည်တွေရဲ့ အကျိုးအမြတ်ထဲကနေလည်း သုံးလာတာပေါ့ ။စျေးကတော့ ပို့ကုန်ရငွေ ဖြေလျှော့ပြီးကတည်းက တက်လာတာ ။ခုရက်ပိုင်းတော့ နည်းနည်းအေးတယ်။ တက်လိုက် အေးလိုက်ဖြစ်နေတယ်။ ပြည်ပကလည်း အဝယ်ရှိနေပါတယ်။အခုက ပဲတွေက အဝင်လည်းနည်းသေးတယ်။ ပဲစဥ်းငုံဆိုရင် အထွက်နူန်းနည်းတယ် ဘာညာသိရတာလည်းရှိတယ်။ " လို့ မြန်မာနိုင်ငံ ပဲမျိုးစုံ ၊ ပြောင်း နှင့် နှမ်းကုန်သည်များအသင်း အကြံပေး ဦးစိုးဝင်းမောင်က ပြောပါတယ်။
လက်ရှိမှာ မတ်ပဲ FAQ တတန်ကို နှစ်ဆယ့်ရှစ်သိန်းခုနှစ်သောင်းငါးထောင် ကျပ်စျေးရှိပြီး ​ပဲစဥ်းငုံနီ အဟောင်း ( ၂၀၂၅ ခုနှစ်) တတန်ကို နှစ်ဆယ့်ကိုးသိန်းတသောင်းကျပ် ရှိပါတယ်။ ဒီနှစ် ၂၀၂၆ ခုနှစ်မှာ ထွက်ရှိတဲ့ ပဲစဥ်းငုံနီ အသစ်ကတော့ တတန်ကို ကျပ်သိန်းသုံးဆယ်သုံးသောင်းခုနှစ်ထောင်ကျပ် ရှိတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၇ ရက်ကဆိုရင် မတ်ပဲ FAQ တတန်ကို နှစ်ဆယ့်ခုနှစ်သိန်းသုံးသောင်းခုနှစ်ထောင် ကျပ်စျေးရှိပြီး ​ပဲစဥ်းငုံနီ အဟောင်း ( ၂၀၂၅ ခုနှစ်) တတန်ကို နှစ်ဆယ့်ခြောက်သိန်းငါးသောင်းကျပ်သာ ရှိခဲ့ပါတယ်။ ၂၀၂၆ ခုနှစ်မှာ ထွက်ရှိတဲ့ ပဲစဥ်းငုံနီ အသစ်က တတန်ကို နှစ်ဆယ့်ခုနှစ်သိန်းရှစ်သောင်းကျပ်သာ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ပို့ကုန်ရငွေဖြေလျှော့မှုအပြီး ၁၇ ရက်လောက်အတွင်းမှာ မတ်ပဲတတန်ကို တသိန်းလေးသောင်းကျပ်လောက် စျေးတက်လာတာ ဖြစ်ပါတယ်။
အလားတူ ပဲစဥ်းငုံနီ အဟောင်း ( ၂၀၂၅ ခုနှစ်)ကလည်း တတန်ကို နှစ်သိန်းခြောက်သောင်းကျပ်လောက် စျေးနူန်းတက်လာပြီး ၂၀၂၆ ခုနှစ်ထွက် ပဲစဥ်းငုံနီ အသစ်ကလည်း တတန်ကို နှစ်သိန်းငါးသောင်းကျပ်ကျော် မြင့်တက်လာပါတယ်။
" အဓိက ပို့ကုန်ရငွေ ဖြေလျှော့မှုနဲ့ ပဲတွေ လှိုင်လှိုင်မပေါ်သေးတာကြောင့်ပါ ။ ခုထိပွဲရုံတွေကို ပဲအဝင်နည်းနေသေးတယ်။ ရှေ့လ ဖေဖော်ဝါရီ နဲ့ မတ်လောက်ရောက်မှ နေရာစုံပေါ်မှာ။ အခုကနည်းသေးတယ် ။ ပဲကတော့ လှောင်လက်သမားတွေလည်း လှုပ်လာတယ်။ အိန္ဒိကလည်း ဝယ်နေတယ်။ဆိုတော့ အဝယ်က ရှိနေပြီး ပဲကအဝင်နည်းတော့စျေးတက်လာတာ။ " လို့ ဟင်္သာတကုန်စည်ဒိုင်က တာဝန်ရှိသူတယောက်က ပြောပါတယ်။
လက်ရှိမှာ စျေးကွက်ထဲကို ဧရာဝတီတိုင်း နဲ့ ပဲခူးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ ရန်ကုန်က စတင်ထွက် ထွက်ရှိတဲ့ မတ်ပဲအသစ်တွေ စျေးကွက်ထဲဝင်ရောက်မှုရှိနေပြီး ပဲစဥ်းငုံကတော့ အညာဒေသဖြစ်တဲ့ မန္တလေးတိုင်းအတွင်း ဒေသတွေကနေ ထွက်ရှိတဲ့ ပဲစဥ်းငုံတွေ စျေးကွက်ထဲ ဝင်ရောက်မှုရှိနေတယ်လို့ သိရပါတယ်။
မကွေးတိုင်းမှာတော့ ပဲစဥ်းငုံတွေကို မကြာခင်ရိတ်သိမ်းရတော့မှာ ဖြစ်ပြီး မတ်ပဲနဲ့ ပဲစဥ်းငုံဟာ ဖေဖော်ဝါရီ နဲ့ မတ်လမှာ နေရာဒေသအစုံ ရိတ်သိမ်းခြွေလှေ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ယခုနှစ်ဆောင်းရာသီမှာ မတ်ပဲနဲ့ ပဲစဥ်းငုံ စိုက်ပျိုးမှုနဲ့ ရိတ်သိမ်းခြွေလှေ့မှု ကုန်ကျစရိတ်တွေ မြင့်တဲ့လာအတွက် တတင်းကို အနည်းဆုံး ၁ သိန်းကျပ်အထက်ရရှိဖို့ လိုအပ်ကြောင်း တောင်သူတွေက ဆိုကြပါတယ်။
လက်ရှိမှာ မတ်ပဲ နဲ့ ပဲစဥ်းငုံနီကို ပြည်ပတင်ပို့မှု အနေနဲ့ အိန္ဒိယနိုင်ငံကိုသာ အဓိက တန်ချိန်အများဆုံးတင်ပို့မှုရှိနေပြီး နှစ်နိုင်ငံ MOU ရေးထိုးထားတဲ့ မတ်ပဲ နဲ့ ပဲစဥ်းငုံကို အိန္ဒိယကို အခွန်ကင်းလွတ်ခွင့်နဲ့လွတ်လပ်စွာတင်သွင်းခွင့်ကတော့ လာမယ့် မတ်လ ၃၁ ရက်မှာ သက်တမ်းကုန်မှာ ဖြစ်တယ်လို့ သိရပါတယ် ။
အဲဒီအတွက် MOU သက်တမ်းထပ်တိုးရေးနဲ့ တင်ပို့နိုင်မယ့် မတ်ပဲနဲ့ ပဲစဥ်းငုံနီ တန်ချိန်ပမာဏကိုပါ တိုးမြှင့်ဖို့အတွက် နှစ်နိုင်ငံ အစိုးရက ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

image