ဂေဟစနစ်ကို ပြန်လည်ထိန်းသိမ်းသည့် စနစ်တစ်ခုဖြစ်ပါတယ်။ တပြိုင်နက်တည်းမှာ Analog forestry က စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်နိုင်တဲ့ အခြေအနေတစ်ရပ်ကိုလည်း ဖော်ဆောင်ပေးနိုင်ပါတယ်။
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
သီရိလင်္ကာနိုင်ငံရဲ့ အမြဲစိမ်းသစ်တောကြီးတွေဟာ လက်ဖက်၊ ဆီအုန်းစတဲ့ စီးပွားဖြစ်သီးနှံတွေကို တစ်မျိုးချင်းစီ အုံနဲ့ကျင်းနဲ့စိုက်ပျိုးခြင်း (monoculture) ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ အဲဒီလို စီးပွားဖြစ် သီးနှံတွေကို တအုပ်တမစိုက်ပျိုးထားတဲ့ စိုက်ခင်းကြီးတွေဟာ သီရိလင်္ကာနိုင်ငံရဲ့ ဇီဝမျိုးကွဲစုံလင်မှု (biodiver-sity) ကို ပျက်ယွင်းစေပြီး ဘယ်နေရာကြည့်ကြည့် စိုက်ပျိုးထုတ်လုပ်တဲ့ အပင်တစ်မျိုးထဲကိုပဲတွေ့နိုင်တာမို့ အစိမ်းရောင်ကန္တာရ (green desert) တွေလို့တောင် တင်စားခေါ်ဆိုကြပါတယ်။ ဒါပေမယ့် အဲဒီအစိမ်းရောင် ကန္တရာကတွေမှာ ဇီဝမျိုးကွဲတွေ စုံလင်တဲ့ အိုအေစစ်လေးတွေပေါ်ထွန်းလာဖို့ ရှိနေပါတယ်။ အဲဒီအိုအေစစ်လေးတွေကိုတော့ Analog Forestry (သစ်တောပုံတူ စိုက်ခင်းတည်ထောင်ခြင်း)လို့ပဲ ခေါ်ကြည့်ကြပါစို့။
သမိုင်းအစ🇱🇰
၁၉၈၀ မတိုင်ခင်ကတည်းက Analog forestry ဆိုတဲ့ သဘောတရားကို ဂေဟဗေဒပညာရှင်တွေကြားမှာ ပြောဆိုလာကြပေမယ့် လက်တွေ့လုပ်ဆောင်သူတော့ မရှိခဲ့ပါဘူး။ ကမ္ဘာမြေအတွက် Analog forestry ကို လက်တွေ့မိတ်ဆက်ပေးခဲ့သူကတော့ သီရိလင်္ကာနိုင်ငံသား ဂေဟဗေဒပညာရှင် ဒေါက်တာရာနေးလ် (Dr. Ranil Senanayake) ဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းမှု ခေါင်းဆောင်လည်းဖြစ်၊ ပထမဆုံး ဝန်ကြီးချုပ်လည်းဖြစ်တဲ့ မစ္စတာဒွန်စတီဖင် (Don Stephen Senanayake) ရဲ့ တူတော်သူ ဖြစ်ပါတယ်။ Analog forestry ကို မစခင်တုန်းက ဂေဟဗေဒပညာရှင်အသိုင်းအဝိုင်းမှာ သူ့ကို Snake man (မြွေဆရာကြီး) လို့ လူသိများပါတယ်။
သစ်တောတွေထဲမှာ မြွေတွေရှာရင်း သုတေသနတွေလည်း ပြုလုပ်ရင်း ဒေါက်တာရာနေးလ် သတိထားမိခဲ့တာကတော့ မြွေတွေ လျော့နည်းလာတယ် ဆိုတဲ့အချက်ပါ။ ဘာကြောင့် မြွေတွေ လျော့နည်းလာတယ်ဆိုတာကို လေ့လာကြည့်တဲ့အခါ မြွေတွေနေထိုင်ကျက်စားဖို့နေရာတွေ လျော့နည်းလာလို့ ဖြစ်တယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။ ဇီဝမျိုးကွဲစုံလင်မှုဟာ ကမ္ဘာမြေရဲ့ ရေရှည်တည်တံ့မှုအတွက် မရှိမဖြစ်အရေးကြီးပြီး ဇီဝမျိုးကွဲတွေ စုံလင်နေဖို့အတွက် သူတို့နေထိုင် ရှင်သန်ကျက်စားစရာနေရာ (habitat)တွေ ရှိနေဖို့ လိုအပ်တယ်ဆိုတဲ့အချက်ကို ဒေါက်တာရာနေးလ် ကောင်းကောင်းသဘောပေါက်ခဲ့ပါတယ်။ သစ်တောတွေကို ခုတ်ထွင်ရှင်းလင်းပြီး သီးနှံတစ်မျိုးချင်းစီ တအုပ်တမ စိုက်ပျိုးတဲ့အခါ သစ်တောထဲမှာ သဘာဝအတိုင်း ရှိနေခဲ့တဲ့ ဇီဝမျိုးကွဲ မျိုးစိတ်တွေအတွက် နေစရာမရှိတော့ဘဲ ပျောက်ကွယ်သွားရပါတယ်။ ဒါကပဲ လူသားတွေနဲ့အတူ လောကကြီး တစ်ခုလုံးအတွက် ဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေတာပါ။ ဒါကြောင့် ဆုံးရှုံးသွားတဲ့ သစ်တောတွေကို ပြန်လည်ပျိုးထောင်ယူရမယ်ဆိုတဲ့ အချက်ကို ဒေါက်တာရာနေးလ် ခိုင်ခိုင်မာမာ ယုံကြည်ခဲ့ပါတယ်။
ဒါပေမယ့် တစ်ဖက်မှာက စီးပွားဖြစ်သီးနှံစိုက်ခင်းတွေနေရာမှာ သဘာဝသစ်တောအုပ်တွေပြန်ပြီး အစားထိုး စိုက်ပျိုးဖို့ဆိုတာ စီးပွားရေးအရ မဖြစ်နိုင်ပါဘူး။ တကယ်လို့ စိုက်ခင်းတွေနေရာမှာ သစ်တောတွေကို အစားထိုးစိုက်ပျိုးနိုင်မယ်ဆိုရင်တောင် ပျက်စီးဆုံးရှုံးသွားတဲ့ သဘာဝသစ်တောတွေနဲ့တူတဲ့ သစ်တောတွေဖြစ်လာအောင် ဘယ်လိုပျိုးထောင်ယူမလဲဆိုတဲ့ ပြဿနာရှိနေပြန်ပါတယ်။ ဒါ့အပြင် သစ်တောတွေ ပြန်လည်စိုက်ပျိုးပြီးရင်တောင်မှ တောအုပ်ကြီးဖြစ်လာအောင် နှစ်ပေါင်းများစွာ ရေရှည်ထိန်းသိမ်းပြုစုရမယ့် ပြဿနာက ရှိနေပြန်ပါသေးတယ်။ အဲဒီပြဿနာတွေကို တပြိုင်နက်တည်း ဖြေရှင်းနိုင်မယ့်နည်းလမ်းကတော့ Analog Forestry ဖြစ်တယ်လို့ ဒေါက်တာရာနေးလ်ကယူဆပြီး သူ့အယူအဆကို တင်ပြခဲ့သလို လက်တွေ့လည်း သက်သေပြခဲ့ပါတယ်။
*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*
အခြေခံအယူအဆ🍁
ဒေသတစ်ခုမှာ သစ်တောပြန်လည်ထူထောင်ရေး (forestry restoration) လုပ်တော့မယ်ဆိုရင် ပထမဆုံးအနေနဲ့ အဲဒီဒေသမှာရှိတဲ့ သဘာဝသစ်တောများ၏ သဘာဝကို လေ့လာရမယ်လို့ ဒေါက်တာရာနေးလ်က ယူဆပါတယ်။ အဲဒီသဘာဝသစ်တောအုပ်တွေထဲမှာ ပေါက်ရောက်ရှင်သန်တဲ့ အပင်အမျိုးအစားတွေ၊ အဲဒီအပင်အမျိုးမျိုးရဲ့ပါဝင်မှု အချိုးအစား၊ ဖွဲ့စည်းပုံ၊ ပေါက်ရောက်ပုံစတဲ့ ဂေဟဗေဒဆိုင်ရာ အချက်အလက်တွေကို စေ့ငုလေ့လာရမှာ ဖြစ်ပါတယ်။ အဲဒီလိုလေ့လာပြီးမှ လေ့လာထားတဲ့ သဘာဝတောအုပ်တွေကို အတုယူပြီး သစ်တောပျိုးထောင်မှု၊ ပြုပြင်ထိန်းသိမ်းမှု၊ ပြန်လည်ထူထောင်မှုများ လုပ်ဆောင်ရမယ်လို့ သူကယူဆပါတယ်။
အဲဒီလို သဘာဝသစ်တောတွေကို လေ့လာ၊ ပုံစံတူကူးယူပြီး မိမိတို့ရဲ့ လက်ရှိစိုက်ခင်းတွေမှာ အခြားသင့်လျော်သည့် သီးနှံပင်တွေကို ထည့်သွင်းစိုက်ပျိုးခြင်းအားဖြင့် လူသားတွေအတွက် စိုက်ပျိုးသီးနှံတွေကို ထုတ်လုပ်ရုံမျှသာမက သဘာဝပတ်ဝန်းကျင်ကိုပါ ပြန်လည်တည်ဆောက်ယူနိုင်ပြီး ဇီဝမျိုးကွဲစုံလင်မှုကို ပြန်လည်ယူဆောင်ပေးနိုင်မယ်လို့ ဆိုပါတယ်။ ဒါဟာ Analog forestry ရဲ့ အခြေခံ အယူအဆပါပဲ။
လက်တွေ့စတင်လုပ်ဆောင်ခြင်း👩🌾
ဒေါက်တာရာနေးလ်ဟာ ၁၉၈၁ ခုနှစ်မှာ ဗန္ဓရာဝေလ (Bandarawella)က ၁၇ ဧက ကျယ်ဝန်းတဲ့ လက်ဖက်ခြံပျက်ပေါ်မှာ Analog forestry ကို ကိုယ်တိုင်တည်ထောင်ပြီး Analog forestry ရဲ့ အကျိုးရှိပုံကို လက်တွေ့ပြနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ အဲဒီ Analog forestry သရုပ်ပြစိုက်ကွက်ဟာ အခုအခါမှာတော့ Belipola Arboretum ဟု လူသိများတဲ့ ဂေဟဗေဒသင်တန်းကျောင်းတစ်ခု ဖြစ်လာပါပြီ။ အဲဒီ ၁၇ ဧက ကျယ်ဝန်းတဲ့ Analog သစ်တောအုပ်ကလေးဟာလည်း သဘာဝအမြဲစိမ်းတောကြီးနဲ့မခြား သစ်ပင်မျိုးစိတ်တွေသာမက တောရိုင်းတိရစ္ဆာန်အချို့အတွက်ပါ နေစရာတွေ ပေးထားတဲ့အပြင် လူသားတွေအတွက် စားသုံးဖို့ ရောင်းချဖို့ သီးနှံအချို့ကို ထုတ်လုပ်ပေးလျက်ရှိပါတယ်။
ဒါ့အပြင် ဒေါက်တာရာနေးလ်ရဲ့ သင်ကြားပေးမှုနဲ့အတူ သီရိလင်္ကာနိုင်ငံရဲ့ လက်ဖက်စိုက်ပျိုးထုတ်လုပ်ရေးကဏ္ဍမှာ Analog Forestry ကို လက်တွေ့ထည့်သွင်းအသုံးချ စိုက်ပျိုးလာနေကြပြီ ဖြစ်ပါတယ်။
