Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကျောက်မဲမှာ ကျောင်းအပ် စတင်လက်ခံ
အောက်တိုဘာ ၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နလအ တပ်ဖွဲ့ ပြန်လည် သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့မှာ ဒီကနေ့ အောက်တိုဘာလ ၇ ရက်နေ့ကစ စာသင်ကျောင်းအပ် စတင်လက်ခံပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ကျောင်းက ဒီနေ့ စအပ်တယ်။ မနက်ဖြန် ဖွင့်မယ် ပြောတယ်။ တမြို့လုံးမှာ အထက ၁ ပဲ ဖွင့်သေးတယ်။ ကျန်တဲ့ ကျောင်းတွေက အခုမှ ရှင်းတုန်း ရှိသေးတယ်။ လောလောဆယ်တော့ အထက ၁ မှာပဲ အကုန်လာတက်ရမှာ ဟုတ်တယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
စစ်ရှောင်တွေကတော့ အကုန် ပြန်မရောက်သေးတာတွေ့ရပြီး လားရှိုးဘက်ခြမ်း ရှောင်တဲ့ သူတွေ ကျန်မယ် လို့ယူဆရကာ လက်ရှိမှာတော့ သီပေါဘက်လမ်း ပိတ်ထားတာကြောင့် ကွင်းလမ်းတွ ရှိပေမယ့် နီးတဲ့ လမ်းတွေက ဘေးမကင်းလို့ တောင်ကြီးလမ်းဘက် ကနေပဲ ပြန်လာရင်ပို လုံခြုံတယ်လို့ သူက ပြောပါတယ်။
“ဈေးကတော့ စည်နေပါပြီ။ လဝက နဲ့ တခြားရုံးတွေတော့ မဖွင့်သေးဘူး။ အခုမှ သန့်ရှင်းရေး လုပ်နေတုန်း။ ပြည်သူ့ ဆေးရုံက အများကြီး ပျက်စီးသွားတယ်လေ။ သန့်ရှင်းရေး လုပ်နေတုန်း။” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
လက်ရှိမှာတော့ ဆေးခန်းက ရပ်ကွက် ၂ က တရုတ်ဘုံကျောင်းမှာ ယာယီ ဖွင့်လှစ်ထားပေးပြီး ဆေးရုံကြီး အပါအဝင် တခြားကျောင်းတွေနဲ့ ဌာနဆိုင်ရာ ရုံးတွေလည်း သန့်ရှင်းရေး လုပ်နေကြဆဲပဲလို့ သူက ပြောပါတယ်။
သီပေါမြို့ပေါ် တိုက်ပွဲ ဖြစ်လာနိုင်ချေ များပေမယ့် ချက်ချင်း မဖြစ်ပဲ တပတ်လောက်တော့ အချိန် ကြာနိုင်မယ့် အခြေအနေ တွေ့ရကာ နအလ စစ်ကြောင်းတွေကတော့ ကျောက်မဲမြို့ကနေ သီပေါမြို့ဘက် ဦးတည်ပြီး လွယ်ခေါ်ရွာ ဘက်အထိ ရောက်ရှိသွားပြီလို့ ကြားသိရပေမယ့် ကျောက်မဲမြို့နယ်အတွင်းမှာပဲ ရှိသေးကာ သီပေါမြို့နယ်ထဲတော့ ရောက်ရှိလာတာမျိုးမရှိသေးဘူးလို့ ဒေသခံ တယောက်က ပြောပါတယ်။
ကျောက်မဲမြို့ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ်လ ၅ ရက်နေ့ကစ TNLA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပြီး တစ်နှစ်ကျော်အကြာ အောက်တိုဘာလ ၁ ရက်နေ့မှာတော့ နလအ တပ်ဖွဲ့က ပြန်လည် သိမ်းပိုက် ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
ကျောက်မဲ ခရိုင်အတွင်းရှိ နမ္မတူမြို့၊ ရပ်ကွက် ၈၊ ပုဗ္ဗာရုံ ဘုန်းကြီးကျောင်းမှာ ဒီကနေ့ အောက်တိုဘာလ ၇ ရက်နေ့ မနက် ၆ နာရီခွဲ ဝန်းကျင်ခန့်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခံရလို့ အရင်ဦးဆုံး တည်ဆောက်ခဲ့တဲ့ ကျောင်းဆောင် ထိခိုက်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
Photo: CJ
Credit - Voice of Myanmar News Agency
#သတင်းဟင်းလေးအိုးကြီး