ကြွက်သားဒဏ်ရာကြောင့် အာဆင်နယ်ရဲ့ ပွဲ ၄ ပွဲ လွဲလာမယ့် ကိုင်ဟာဗတ်ဇ်
======================
အာဆင်နယ်တိုက်စစ်သမားကိုင်ဟာဗတ်ဇ်ဟာ ကြွက်သားဒဏ်ရာကြောင့် နောက်ထပ် အနားယူလာရတော့မှာ ဖြစ်ပါတယ်။
ဂျာမနီတိုက်စစ်သမားဟာ ကြာသပတေးနေ့ ဘရန့်ဖို့ဒ်နှင့် ပရီးမီးယားလိဂ်ပွဲနှင့် တနင်္ဂနွေနေ့ ဝီဂန်နှင့် အက်ဖ်အေဖလားပွဲတို့ကို လွဲချော်လာပါမယ်။
ဒါ့အပြင် သူဟာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ စပါးစ်နှင့် မြောက်လန်ဒန်ဒါဘီပွဲနှင့် နောက်အပတ် ဝုဗ်နှင့်ပရီးမီးယားလိဂ်ပွဲကိုလည်း လွဲချော်လာနိုင်တာကြောင့် ၄ ပွဲအထိ လွဲချော်လာဖို့ ရှိပါတယ်။
ဟာဗတ်ဇ်ဟာ ဒဏ်ရာပြဿနာများနှင့် ရုန်းကန်လာရသူ ဖြစ်ပြီး ရာသီအဖွင့်ပွဲတွင် ဒူးအရွတ်ဒဏ်ရာရရှိပြီးနောက် ၅ လကြာ အနားယူလာသူ ဖြစ်ပါတယ်။
သူဟာ ယင်းဒဏ်ရာ မရရှိမီ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီတုန်းကလည်း ဒူဘိုင်းရာသီဝက်လေ့ကျင့်ခန်းအစီအစဉ်တွင် တံကောက်ကြောဒဏ်ရာရရှိကာ ရာသီအကုန်အထိ အနားယူခဲ့ရပါတယ်။
ပရီးမီးယားလိဂ်ကို ဦးဆောင်နေတဲ့ အာဆင်နယ်ဟာ အလယ်တန်းကစားသမားမီခေးလ်မီရီနို ‌ခြေထောက်ဒဏ်ရာအား ခွဲစိတ်ကုသမှု ပြုလုပ်လာရချိန်တွင် ကိုင်ဟာဗတ်ဇ် ဒဏ်ရာရရှိမှုနှင့် ကြုံလာရတာပါ။
အသင်းခေါင်းဆောင်မာတင်အိုဒီဂတ်၊ အင်္ဂလန်တိုက်စစ်သမားဘူကာယိုဆာကာနှင့် လူငယ်ကစားသမားမက်စ်ဒေါ်မန်းတို့မှာလည်း ပြီးခဲ့တဲ့ရက်သတ္တပတ်များတုန်းက ဒဏ်ရာကြောင့် အနားယူခဲ့ရပါတယ်။

image