ကစားသမားများ၊ ကလပ်တာဝန်ရှိသူများနှင့် ဆွေးနွေးပြီးနောက် မကြာမီ မာဆေးမှ ထွက်ခွာလာတော့မယ့် ရောဘတ်တိီုဒဇာဘီ
====================
ရောဘတ်တိုဒီဇာဘီဟာ ယခုအပတ်တွင် မာဆေးနည်းပြရာထူးမှ ထွက်ခွာလာတော့မှာ ဖြစ်ကြောင်း ပြင်သစ်မီဒီယာများရဲ့ ဖော်ပြမှုအရ သိရပါတယ်။
ယူနိုက်တက်နည်းပြရာထူးအတွက် ရေပန်းစားနေတဲ့ ဒီဇာဘီဟာ ချန်ပီယံလိဂ်လိဂ်အဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် ဖိအားများနှင့် ကြုံလာရသူ ဖြစ်ပါတယ်။
မာဆေးဟာ တနင်္ဂနွေနေ့တုန်းက ပီအက်စ်ဂျီကို ၅-၀ ဂိုးဖြင့် ပြတ်သားစွာ ရှုံးနိမ့်ပြီးနောက် လီဂူး ၁ ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့်နှင့် ရမှတ် ၃ မှတ်ကွာဟလာပါတယ်။
RMC Sport ရဲ့ ဖော်ပြလာမှုအရ အသက် ၄၆ နှစ်ရှိ အီတလီလူမျိုးနည်းပြဟာ အင်္ဂါနေ့တုန်းက ကစားသမားများ၊ ကလပ်တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ပြီးနောက် အသင်းအား ဆက်လက် မကိုင်တွယ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။
ဒီဇာဘီဟာ ကလပ်ဘရုဂျက်နှင့် ပီအက်စ်ဂျီတို့အား ရှုံးနိမ့်တဲ့ပွဲစဉ်များမှ ကစားသမားများရဲ့ အပြုအမူကို စိတ်ပျက်ကာ နုတ်ထွက်ရန် ဆုံးဖြတ်လာတာလည်း ဖြစ်ပါတယ်။
ဒီဇာဘီဟာ ယခုရက်ပိုင်းတွင် ထွက်ခွာလာမှာ ဖြစ်ပြီး ယာယီနည်းပြက စနေနေ့ စထရာဘော့နှင့်ပွဲကို ကိုင်တွယ်လာမှာ ဖြစ်ကြောင်းလည်း ပြင်သစ်မီဒီယာများက ဖော်ပြနေကြပါတယ်။
ဘရိုက်တန်ကို ၂ ရာသီကြာ ကိုင်တွယ်စဉ်အတွင်း ကလပ်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဥရောပဝင်ခွင့်ရအောင် စွမ်းဆောင်ခဲ့တဲ့ ဒီဇာဘီဟာ ၂၀၂၄ ခုနှစ် ဇွန်လတွင် မာဆေးအား ကိုင်တွယ်ပြီးနောက် ပထမဆုံးရာသီတွင် လီဂူး ၁ အဆင့် ၂ နေရာတွင် ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ဒုတိယမြောက်ရာသီမှာတော့ စိတ်ပျက်စရာ ကြုံနေရပါတယ်။
မာဆေးဟာ ချန်ပီယံလိဂ်လိဂ်အဆင့်မှပင် ထွက်ခွာခဲ့ရပါတယ်။
ရောဘတ်တိုဒီဇာဘီဟာ ချန်ပီယံလိဂ်မှ ထွက်ခွာရပြီးကတည်းက မာဆေးတွင် အနာဂတ်မရေမရာ ဖြစ်လာသူလည်း ဖြစ်ပါတယ်။