ONE Championship ရဲ့ Hall Of Fame ဆုကို (၃)ဦးမြောက်အဖြစ် အောင်လအန်ဆန် လက်ခံရယူမယ်

ကချင်တိုင်းရင်းသား မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်ဟာ လာမယ့် ONE 173 ပြိုင်ပွဲမှာ ONE Championship ရဲ့ အမြင့်ဆုံးဂုဏ်ပြုဆုဖြစ်တဲ့ Hall Of Fame ဆုကို သမိုင်းတစ်လျှောက် (၃)ဦးမြောက်အဖြစ် လက်ခံရယူပါလိမ့်မယ်။
ONE 173 ပြိုင်ပွဲကို လာမယ့်နိုဝင်ဘာ (၁၆) ရက်၊ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပပြုလုပ်မှာပါ။
အဲဒီပြိုင်ပွဲမှာ ONE Championship ပရိုမိုးရှင်းရဲ့ အကျော်ကြားဆုံးဖိုက်တာတွေ ယှဥ်ပြိုင်ထိုးသတ်ကြပါလိမ့်မယ်။
အောင်လအန်ဆန်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလဆန်းက သူ့ရဲ့ ဖိုက်တာဘဝ နောက်ဆုံးပွဲအဖြစ် ONE Fight Night 36 ပြိုင်ပွဲမှာ ဆွီဒင်ဖိုက်တာ ကာဒက်စတမ်နဲ့ ယှဥ်ပြိုင်ထိုးသတ်ခဲ့ပြီး ဒုတိယအချီမှာ အလဲထိုးနဲ့ အနိုင်ရခဲ့ပါတယ်။
အောင်လအန်ဆန်ဟာ ONE Championship မှာ ၂၀၁၆ ခုနှစ်ကတည်းက ထိုးသတ်လာသူဖြစ်ပြီး ပွဲပေါင်း (၂၀) ထိုးသတ်ထားရာမှာ (၁၅) ပွဲနိုင်၊ (၅) ပွဲရှုံးနိမ့်ထားပါတယ်။
အောင်လအန်ဆန်ဟာ ONE Championship ရဲ့ မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း နှစ်ခုမှာ ချန်ပီယံခါးပတ်ဆုတွေ ရရှိခဲ့ပါတယ်။
အောင်လအန်ဆန်ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ (၄၇) ပွဲထိုးသတ်ထားရာ (၃၁) ပွဲနိုင်၊ (၁၅) ပွဲရှုံး၊ တစ်ပွဲ No Contests ဖြစ်ထားပါတယ်။
ONE Championship ဟာ Hall Of Fame ဆုကို ဖိုက်တာတိုင်း ချီးမြှင့်လေ့ရှိတာမဟုတ်ဘဲ ဖိုက်တာတစ်ယောက်ရဲ့ ဖြတ်သန်းရာ ကစားသမားဘဝသက်တမ်းတလျှောက် ဂန္ထဝင်အဖြစ်သတ်မှတ်မယ့် စံပြုထိုက်သူများကိုသာ ရွေးချယ်ချီးမြှင့်တာဖြစ်ပါတယ်။
ONE Championship ဟာ အောင်လအန်ဆန်မတိုင်မီ Hall Of Fame ဆုကို ဖိုက်တာ (၂) ဦးကိုသာ ချီးမြှင့်ထားပြီး အောင်လအန်ဆန်က (၃) ဦးမြောက် ချီးမြှင့်ခံရခြင်းဖြစ်ပါတယ်။
အောင်လအန်ဆန်မတိုင်မီ ONE Championship ရဲ့ Hall Of Fame ဆု ချီးမြှင့်ခံထားရတဲ့ ဖိုက်တာ (၂) ဦးက အမေရိကန်ဖိုက်တာ ဒီမီထရီးရပ်စ်ဂျွန်ဆင်နဲ့ ဘရာဇီးလ်ဖိုက်တာ ဘီဘီယာနိုဖာနန်ဒက်စ်တို့ပဲဖြစ်ပါတယ်။

image