လိဂ် ၂ ကလပ် ကိုလ်ချက်စတာယူနိုက်တက်ကို ဝယ်ယူရေး ချဲလ်ဆီးတိုက်စစ်မှူးဟောင်းပါတို ဆွေးနွေးနေ
==================
ချဲလ်ဆီးတိုက်စစ်မှူးဟောင်းအလက်ဇန္ဒားပါတိုဟာ လိဂ် ၂ ကလပ် ကိုလ်ချက်စတာယူနိုက်တက်အား ဝယ်ယူရေး ဆွေးနွေးနေပါတယ်။
အသက် ၃၆ နှစ်ရှိ ပါတိုနှင့် ရင်းနှီးမြှပ်နှံရေးအဖွဲ့တို့ဟာ စနေနေ့တုန်းက JobServe Stadium တွင် ဖလက်ဝုဒ်တောင်းနှင့် ကစားတဲ့ ကိုလ်ချက်စတာရဲ့ ပွဲစဉ်အား ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့ကြပါတယ်။
ပါတိုဟာ ကိုလ်ချက်စတာတို့ ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲကို ဥက္ကဌရော့ဘ်ဘီကောလင်းနှင့်အတူ တွဲယှဉ် ကြည့်ခဲတာလည်း ဖြစ်ပါတယ်။
The Daily Gazette ရဲ့ ဖော်ပြမှုအရ ပါတိုဟာ ကိုလ်ချက်စတာကို ဝယ်ယူရေး ကောလင်းနှင့် ဆွေးနွေးနေကြောင်းလည်း သိရပါတယ်။
တဖက်တွင် ကောလင်းကိုယ်တိုင်ကလည်း သင့်တော်တဲ့ ဝယ်လက်တွေ့ရှိပါက ကိုလ်ချက်စတာအား ရောင်းချရန် အသင့်ရှိနေပါတယ်။
လက်ရှိအချိန်တွင် ပါတိုက ကိုလ်ချက်စတာအား ဝယ်ယူရေး ကမ်းလှမ်းမှု ပြုလုပ်ထားပြီလား၊ ယင်းဝယ်ယူရေးတွင် ဘယ်လိုနေရာက ပါဝင်တယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။
ပါတိုဟာ ကစားသမားဘဝ အမြင့်ဆုံးအချိန်ရောက်တုန်း ဥရောပတလွှားထိပ်သီးကလပ်များတွင် ကစားခဲ့သူ ဖြစ်ပါတယ်။
သူဟာ ဘရာဇီးကလပ် အင်တာနေစီယွန်နယ်တွင် ကစားသမားဘဝ စတင်ပြီးနောက် ၂၀၀၇ ခုနှစ်တွင် အေစီမီလန်သို့ ပြောင်းခဲ့ကာ ခြောက်နှစ်တာ ကစားစဉ်အတွင်း ပွဲ ၁၅၀ ကစားကာ ၆၃ ဂိုးသွင်းပြီး ၁၈ ကြိမ် ဖန်တီးခဲ့ပါတယ်။
ပါတိုဟာ ၂၀၁၆ ခုနှစ်တုန်းက ချဲလ်ဆီးတွင် ကာလတို အငှားဖြင့် ကစားစဉ် ၂ ပွဲတည်းသာ ကစားခွင့်ရခဲ့ပါတယ်။
သူဟာ ဗီလာပါ့ခ်တွင် ကစားတဲ့ပွဲစဉ်တွင် ချဲလ်ဆီးအတွက် ၁ ဂိုးတည်းသော ဂိုးအား သွင်းခဲ့ပါတယ်။
သူဟာ ကိုရင်သီယန်၊ ဆာအိုပေါ်လို၊ ဗီလာရီးရဲလ်၊ တီယန်ကျင်းတီယန်ဟိုင်း၊ အော်လန်ဒိုစီးတီးတို့တွင်လည်း ကစားခဲ့ကာ ပြီးခဲ့တဲ့ နှစ်တုန်းက ကစားသမားဘဝမှ အနားယူခဲ့ပါတယ်။
သူဟာ ဘရာဇီးလက်ရွေးစင်အသင်းအတွက် ၂၇ ပွဲကစားခဲ့ရာမှာ ၁၀ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

image

ယူနိုက်တက်အား အလှည့်အပြောင်း ဖြစ်လာအောင် မိုက်ကယ်ကာရစ်ရဲ့ လုပ်ဆောင်မှုကို ဂိုးသမားလမ်မန်း ဖွင့်ဟပြောကြားလာ
=================

ယူနိုက်တက်ဂိုးသမားဆန်နီလမ်မန်းက မိုက်ကယ်ကာရစ်မှာ ကလပ်အား အလှည့်အပြောင်းဖြစ်လာအောင် မည်သည့်အရာမှ ထူးထူးခြားခြားပြုလုပ်လာခြင်း မရှိကြောင်း ဖွင့်ဟပြောကြားလာပါတယ်။
ယူနိုက်တက်ဟာ မိုက်ကယ်ကာရစ်လက်ထက် တနင်္ဂနွေနေ့ညတုန်းက အာဆင်နယ်ကို ၃-၂ ဖြင့် အဝေးကွင်းတွင် အနိုင်ရရှိကာ ၂ ပွဲဆက် အနိုင်ရပြီးနောက် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလတုန်းက အဲဗာတန်နောက်ပိုင်းတွင် အမှတ်ပေးဇယားထိပ်ဆုံးမှ ၂ သင်းကို ဆက်တိုက် အနိုင်ယူနိုင်တဲ့ ပထမဆုံးအသင်း ဖြစ်လာပါတယ်။
ယူနိုက်တက်ဟာ မန်စီးတီးအား ၂-၀ ဖြင့်လည်းကောင်း၊ အာဆင်နယ်အား ၃-၂ ဖြင့်လည်းကောင်း အနိုင်ယူထားကာ ၂၀၁၇ ခခုနှစ် ဒီဇင်ဘာလနောက်ပိုင်းတွင် ပထမဆုံးအမ်းမရိတ်နိုင်ပွဲ ရယူခဲ့ပါတယ်။
ယူနိုက်တက်ဟာ ကာရစ်လက်ထက် ၂ ပွဲဆက် နိုင်ပွဲကြောင့် အမှတ်ပေးဇယားအဆင့် ၄ နေရာသို့ တက်လှမ်းလာခဲ့ပြီး အမ်းမရိတ်အောင်ပွဲအပြီးတွင် ယူနိုက်တက်ပရိသတ်များက “We’re gonna win the league” လို့ သံပြိုင်အော်ဟစ်ခဲ့ကြပါတယ်။
ဒါပေမယ့် ယူနိုက်တက်ရဲ့နောက်ဆုံး ၁၈ ပွဲဆက် ပွဲထွက်ကစားလာခဲ့တဲ့ လမ်မန်းက "အရိုးသားဆုံး ပြောရရင် သူ ဘာမှ ထွေထွေထူးထူး လုပ်တာ မရှိပါဘူး။ အခြေခံအပိုင်းတွေကိုပဲ လုပ်တယ်။ ဘောလုံးမှာ အခြေခံက အရေးကြီးတယ်။ အခြေခံပိုင်ရင် အရည်အသွေးထွက်လာတာပဲ။ ကျွန်တော်တို့မှာ အပြောင်းအလဲ ဖြစ်အောင် လုပ်နိုင်တဲ့ အရည်အချင်းရှိ ကစားသမားတွေ ရှိတယ်လို့ ထင်တယ်။ ဒါပေမယ့် တကယ်လို့များ အခြေခံမှန်ရင် နည်းစနစ်ပိုင်းသာ မှန်ရင် အတူတကွ တွဲပြီး ခုခံရင် ဘာမဆို ဖြစ်နိုင်ပါတယ်။ အရိုးသားဆုံးပြောရရင် အသင်းလိုက်ကစားရုံပါပဲ။ ကျွန်တော်တို့ဆီက ဘာလိုချင်တယ် ဘာမျှော်လင့်တယ် ဆိုတာ သူ့ဘက်က ပွင့်ပွင့်လင်းလင်းပဲ လုပ်ထားတယ်။ ကင်းထဲမှာ ကျွန်တော်တို့ မထုတ်ပြနိုင်ခဲ့တာ ထုတ်ပြနိုင်ခဲ့တယ်။ အသင်းလိုက် တိုက်ပွဲဝင်ရင် ယုံကြည်မှု ရှိနေရင် ကျွန်တော်တို့ အနိုင်ရနိုင်ပါတယ်"လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ အောက်တိုဘာလတုန်းကလည်း လီဗာပူးကို အနိုင်ယူကာ ၁၀ နှစ်တာအတွင်း အန်ဖီးလ်တွင် ပထမဆုံးနိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။

image

အသင်းဟောင်းဆီဗီလာအား ပေါင်သန်း ၃၅၀ ဖြင့် ဝယ်ယူရေး ကြီးမားတဲ့ ခြေလှမ်းလှမ်းလာတဲ့ ရာမို့စ်ဦးဆောင်တဲ့ ရင်းနှီးမြှပ်နှံရေးအဖွဲ့
=====================

ဆာဂျီယိုရာမို့စ်ဦးဆောင်တဲ့ ရင်းနှီးမြှပ်နှံရေးအဖွဲ့ဟာ အသင်းဟောင်းဆီဗီလာကို ဝယ်ယူရေး ကြီးမားတဲ့ ခြေလှမ်းလှမ်းလာပါတယ်။
အသက် ၃၉ နှစ်ရှိ စပိန်နှင့် ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ဟာ ပြီးခဲ့တဲ့လတုန်းက မက္ကဆီကိုကလပ် မွန်တာရေးမှ ထွက်ခွာလာပြီးနောက် ကလပ်လက်မဲ့ ဖြစ်နေသူလည်း ဖြစ်ပါတယ်။
ရာမို့စ်ဟာ ကစားသမားဘဝမှ အနားယူရန် အစီအစဉ် မရှိသေးပေမယ့်လည်း ကစားသမားဘဝမှ အနားယူလာချိန်တွင် လုပ်ဆောင်ရေးအတွက် အစီအစဉ်များ ရေးဆွဲနေပြီလည်း ဖြစ်ပါတယ်။
The Athletic ရဲ့ ဖော်ပြလာမှုအရ ရာမို့စ်ဦးဆောင်တဲ့ ရင်းနှီးမြှပ်နှံရေးအဖွဲ့ဟာ ဆီဗီလာကို ဝယ်ယူရေး ပေါင်သန်း ၃၅၀ ဖြင့် ကမ်းလှမ်းလာကြောင်း သိရပါတယ်။
ယင်းရင်းနှီးမြှပ်နှံရေးအဖွဲ့တွင် ပေါင် ၅၈ သန်းကြွယ်ဝချမ်းသာတဲ့ ရာမို့စ်အပြင် အမေရိကန်ရင်းနှီးမြှပ်နှံရေးကုမ္ပဏီ Five Eleven Capital လည်း ပါဝင်ပါတယ်။
ဒါပေမယ့် ရာမို့စ်ကို အရောင်းအဝယ် ဖြစ်မြောက်လာတွင် အထောက်အပံ့ ဖြစ်စေရေး မျက်နှာဖုံး အသုံးချလာတာဆိုရင်လည်း မမှားပါဘူး။
လတ်တလောတွင် ရာမို့စ်နှင့် ရင်းနှီးမြှပ်နှံရေးအဖွဲ့ဟာ ဆီဗီလာအား ဝယ်ယူရေး သုံးလအတွင်း အပြီးသတ်နိုင်ရေး လုပ်ဆောင်နေပြီလည်း ဖြစ်ပါတယ်။
တဖက်တွင် ရင်းနှီးမြှပ်နှံရေးအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်များအတွင်း ဘဏ္ဍာရေးပြဿနာများနှင့် ကြုံလာရတဲ့ ဆီဗီလာရဲ့ ဘဏ္ဍာရေးအခြေအနေအား စာရင်းစစ်ဆေးမှုများ ပြုလုပ်နေပါတယ်။
ဆီဗီလာဟာ ၂၀၂၃-၂၄ ရာသီတုန်းက ပေါင် ၇၁ သန်း အရှုံးပေါ်ကာ ပေါင် ၉၄ သန်းချေးငွေ ရယူခဲ့ရကာ ကြွေးမြီ ပေါင် ၁၅၆ သန်း ရှိတယ်လို့ ယုံကြည်ရပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက အခြားရင်းနှီးမြှပ်နှံရေးအဖွဲ့တစ်ခုက ဆီဗီလာအား ဝယ်ယူရန် ကြိုးပမ်းခဲ့ဖူးပေမယ့် ငွေစာရင်းအင်းများကို စစ်ဆေးပြီးနောက် နောက်ဆုတ်သွားခဲ့ပါတယ်။
ရာမို့စ်ဟာ ယခုလအတွင်းတွင် ဆီဗီလာရှယ်ယာရှင်များနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပါတယ်။
ရာမို့စ်ဟာ ဆီဗီလာတွင် စီနီယာကစားသမားဘဝ စတင်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်တွင် ၁၆ နှစ်ကြာ ကစားခဲ့ပါတယ်။
သူဟာ ကစားသမားဘဝအတွင်း ပွဲပေါင်းတစ်ထောင်ကျော် ကစားခဲ့ရာမှာ ကလပ်နှင့် နိုင်ငံအတွက် ဂိုး ၁၅၀ သွင်းခဲ့ကာ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား ၄ ကြိမ်၊ အမှတ်ပေးဖလား ၇ ကြိမ်ဆွတ်ခူးခဲ့ပါတယ်။

image

ကားမတော်တဆမှုဖြစ်ခဲ့တဲ့ စပါးကစားသမားနှစ်ဦးစလုံး အကောင်းပကတိရှိတယ်လို့ သောမတ်စ်ဖရန့်ခ် အတည်ပြု

စပါးအသင်းရဲ့နည်းပြ သောမတ်စ်ဖရန့်ခ်က မနေ့က ကားမတော်တဆဖြစ်ခဲ့တဲ့ ကိုလိုမူအာနီနဲ့ အော်ဒိုဘတ်တို့ နှစ်ဦးစလုံး ဒဏ်ရာမရရှိခဲ့ဘဲ အကောင်းပကတိရှိတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
မူအာနီနဲ့ အော်ဒိုဘတ်တို့က ချန်ပီယံလိဂ်အဝေးကွင်းပွဲ သွားရောက်ယှဉ်ပြိုင်ဖို့အတွက် လေဆိပ်ကို ကားတစ်စီးစီနဲ့ ထွက်ခွာလာရာမှာ ရှေ့ကမောင်းတဲ့ မူအာနီရဲ့ကား ရှေ့ဘီးပေါက်ပြီး မတော်တဆဖြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
''နှစ်ဦးစလုံး အခြေအနေကောင်းပါတယ်။ ကံမကောင်းစွာနဲ့ သူတို့က အသေးစားကားမတော်တဆမှုဖြစ်ခဲ့တာပါ။ ဒီမတော်တဆမှုထဲမှာ ပါဝင်ခဲ့သူတိုင်းလည်း ဘေးကင်းပါတယ်။ ဒါက တာယာပေါက်သွားတာဖြစ်ပြီး ဒီအတွက် သူတို့နှစ်ယောက်ရဲ့ ခရီးစဉ်က နည်းနည်းကြန့်ကြာမှုတော့ ဖြစ်သွားပါတယ်။ ဒါပေမဲ့ သူတို့ လိုက်လာမှာပါ'' လို့ သောမတ်စ်ဖရန့်ခ်က ပြောကြားခဲ့ပါတယ်။
စပါးအသင်းဟာ ဒီနေ့ညမှာ ဖရန့်ဖတ်အသင်းနဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ဖို့အတွက် ဂျာမနီနိုင်ငံကို သွားရောက်ခဲ့ခြင်းဖြစ်ပြီး မူအာနီနဲ့ အော်ဒိုဘတ်တို့က နောက်ကလိုက်ပါပူးပေါင်းရမယ်လို့ သိရပါတယ်။
ဒါပေမဲ့ အခုလိုမျိုး ကားမတော်တဆမှုနဲ့ ရင်ဆိုင်ထားရတာကြောင့် ကစားခွင့်ရဖို့တော့ မသေချာကြောင်း သိရပါတယ်။

image

ကာရစ်လက်ထက် နှစ်ပွဲဆက် ပွဲထွက်ခွင့်ရခဲ့တဲ့ ဒေါ်ဂူ တံကောက်ကြောဒဏ်ရာကြောင့် (၁၀)ပတ်ဝန်းကျင် အနားယူရမယ်

မန်ယူအသင်းမှာ ယာယီနည်းပြ ကာရစ်လက်ထက် နှစ်ပွဲဆက် ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ဒိန်းမတ်တောင်ပံကစားသမား ဒေါ်ဂူဟာ တံကောက်ကြောဒဏ်ရာကြောင့် (၁၀)ပတ်ဝန်းကျင် အနားယူရမယ်လို့ သိရပါတယ်။
ဒေါ်ဂူ(၂၁ နှစ်)ဟာ ၂၀၂၅ ဖေဖော်ဝါရီမှာမှ လက်ချီကနေ မန်ယူအသင်းကို ပေါင်(၂၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ (၄၄)ပွဲကစားကာ (၃)ဂိုးသွင်းယူပေးထားပါတယ်။
ဒေါ်ဂူဟာ မန်ယူအသင်း ခြေစွမ်းပြနိုင်ပွဲဆက်ခဲ့တဲ့ မန်စီးတီးနဲ့ အာဆင်နယ် နှစ်ပွဲစလုံးမှာ ပွဲထွက်ခွင့်ရရှိခဲ့ရုံသာမက တစ်ပွဲတစ်ဂိုး သွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အာဆင်နယ်ကို အနိုင်ရတဲ့ပွဲမှာ ညာဘက်တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် မိနစ်(၈၀)ကျော်မှာ လူစားလဲခံခဲ့ရပြီး စမ်းသပ်စစ်ဆေးမှုတွေအရ (၁၀)ပတ်ဝန်းကျင် အနားယူရမယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြတာပါ။
ဒေါ်ဂူရဲ့ ဒဏ်ရာသတင်းကို မန်ယူအသင်းက အတည်ပြုကြေညာခြင်းမရှိသေးပေမဲ့ မီဒီယာတွေကတော့ ဒေါ်ဂူအနေနဲ့ ဧပြီလအစောပိုင်းမှသာ ပြန်ကစားနိုင်မှာဖြစ်လို့ မန်ယူအသင်းရဲ့ ပွဲစဉ်(၈)ပွဲကို လွဲချော်မှာဖြစ်သလို၊ ဒိန်းမတ်အသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-offs ပွဲစဉ်ကိုလည်း လွဲချော်ရမှာဖြစ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။
ဒေါ်ဂူရဲ့ ဒဏ်ရာပြဿနာက မန်ယူအသင်းအတွက် ထိုးနှက်ချက်ဖြစ်စေခဲ့ပေမဲ့ ကူညာကလည်း ခြေစွမ်းပြနေတာကြောင့် စိုးရိမ်စရာမရှိကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

image

တိုက်စစ်မှူး အေဘရာဟမ်ကို ဗီလာအသင်းခေါ်ယူ
-------------------
ဗီလာအသင်းဟာ အခုဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းမှုအဖြစ် အင်္ဂလန် တိုက်စစ်မှူး အေဘရာဟမ်ကို တူကီယဲကလပ် ဘက်ဆစ်တပ်အသင်းကနေ ခေါ်ယူလိုက်ပါတယ်။ အသက် ၂၈ နှစ် အရွယ် အေဘရာဟမ်အတွက် ဗီလာအသင်း ပြောင်းရွှေ့ကြေး ပေါင် ၁၈.၂၅သန်း ပေးခဲ့ရပြီး ၄ နှစ်ခွဲစာချုပ် ချုပ်ဆို ခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးလူငယ်အသင်းကနေ ထွက်ပေါ်လာခဲ့တဲ့ အေဘရာဟမ်ဟာ ချဲလ်ဆီးအသင်းကြီးမှာ ပုံမှန် ပွဲထွက်ခွင့်မရ တာကြောင့် ၂၀၂၁ မှာ ရိုးမားအသင်းကို ပြောင်းရွှေ့ခဲ့ပြီး ၅ နှစ်နီးပါးအကြာမှာ အင်္ဂလန်မြေကို ပြန်လည်ရောက် ရှိလာတာဖြစ်ပါတယ်။ ဘက်ဆစ်တပ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ အေဘရာဟမ်ကို ရိုးမား အသင်းဆီကနေ တစ်ရာသီအငှားနဲ့ခေါ်ယူခဲ့ပြီး ဇန်နဝါရီ ၂၆ ရက်နေ့မှာ ပေါင် ၁၁ သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက် ကြောင်းကြေညာ ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ဇန်နဝါရီ ၂၇ ရက်နေ့မှာ အေဘရာဟမ်ကို ဗီလာအသင်းဆီကို ပေါင် ၁၈.၂၅ သန်းနဲ့ ရောင်းချလိုက် တယ်လို့ ဘက်ဆစ်တပ်အသင်း အတည်ပြုလိုက်တာပါ။ ဗီလာနည်းပြ အမ်မရီဟာ အသင်းတိုက်စစ်မှာ ဝက်ကင်းစ် ကို အကူအညီပေးနိုင်မယ့်သူအဖြစ် အေဘရာဟမ်ကို စိတ်ဝင်စား နေခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သူ့ရဲ့ဆန္ဒကို အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အေဘရာဟမ်ကို ခေါ်ယူ နိုင်ခဲ့တဲ့ တစ်နေ့တည်းမှာပဲ ဗီလာအသင်းဟာ ကွင်းလယ်လူဟောင်း ဒေါက်ဂလက်စ် လုဇ်ကို ရာသီကုန်အထိ အငှားခေါ်ယူဖို့အတွက် သဘောတူညီမှုရခဲ့ပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

image

ဘရာဇီးတိုက်စစ်မှူး ရာယန်ကို ဘုန်းမောက်ခေါ်ယူ
--------------------
ဘုန်းမောက်အသင်းဟာ ဘရာဇီးကလပ် ဗာစကိုဒဂါးမားအသင်းရဲ့ အသက် ၁၉ နှစ်အရွယ် ဘရာဇီးတိုက်စစ်မှူး ရာယန်ကို ၄ နှစ်ခွဲစာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ ဗာစကိုဒဂါးမားအသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ ရာယန်ကို ဥရောပနဲ့ ဆော်ဒီကလပ်တစ်ချို့ စိတ်ဝင်စားခဲ့ပေမယ့် ဘုန်းမောက်အသင်းက အပိုဆုကြေးနဲ့ နောက်ထပ် ခံစားခွင့် တွေအပါအဝင် ပြောင်းရွှေ့ကြေး ပေါင် ၂၄.၇ သန်းနဲ့ ခေါ်ယူလိုက်တာပါ။
ဘုန်းမောက် အသင်းသမိုင်းမှာ ပေါင် ၃၂ သန်းနဲ့ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူး အီဗာနီလ်ဆင်ပြီးနောက် ဒုတိယအမြင့် ဆုံး ပြောင်းရွှေ့ကြေးလည်းဖြစ်ပါတယ်။ ဘုန်းမောက်အသင်းဟာ အခုအပြောင်းအရွှေ့အစောပိုင်းမှာ တောင်ပံ တိုက်စစ်မှူး ဆီမန်ညိုကို မန်စီးတီးအသင်း ဆီ ပေါင် ၆၅ သန်းနဲ့ရောင်းချခဲ့ပြီးနောက် ရာယန်ကို အစားထိုး ခေါ်ယူလိုက်တာဖြစ်ပါတယ်။
ဘရာဇီး ယူ-၂၀ လက်ရွေးစင် ရာယန်ဟာ ဘယ်ခြေအားသန်သူဖြစ်ပေမယ့် တောင်ပံတိုက်စစ် ၂ ဖက်စလုံးမှာ အသုံးပြုနိုင်သူ ဖြစ်ပြီး ပြီးခဲ့တဲ့ ဘရာဇီးလိဂ်ရာသီမှာတော့ ရာယန်က ၃၄ ပွဲမှာ ၁၄ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ ပါတယ်။ ဘုန်းမောက်အသင်းရဲ့ စီမံကိန်းက ကစားသမားဘဝကို တိုးတက်မှုတွေရှိလာစေမယ်လို့ ယုံကြည်တာ ကြောင့် အခုလိုပြောင်းရွှေ့လာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ တိုက်စစ်မှူး ရာယန်က ပြောပါတယ်။ ဘုန်းမောက် အသင်း ဟာ လာဇီယိုအသင်းရဲ့ ဂရိဂိုးသမား မန်ဒက်စ်ကို ပေါင် ၁ ဒသမ ၃ သန်းနဲ့ရာသီကုန်အထိ အငှားခေါ်ယူ လိုက် တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

image

ရွှေတိဂုံစေတီသို့ ဘုရားဖူး ၇ သန်းနီးပါး ဝင်ရောက်
-----------------

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ တစ်နှစ် တာကာလအတွင်း ပြည်တွင်း၊ ပြည်ပဘုရားဖူး ဧည့်သည် ၇ သန်းနီးပါး လာရောက်ဖူးမြော်ခဲ့တယ်လို့ ရွှေတိဂုံ စေ တီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကနေ သိရပါတယ်။
တစ်နှစ်တာကာလအတွင်း ဘုရားဖူး ဝင်ရောက်မှုအနေနဲ့ သံဃာတော် အပါး တစ်သိန်း သုံးသောင်းကျော်၊ သီလရှင် ခြောက်သောင်း ခြောက်ထောင်ကျော် ၊ နိုင်ငံသား အမျိုးသား သုံးသန်းကျော်၊ အမျိုးသမီး သုံးသန်း ခြောက်သိန်း ကျော်၊ နိုင်ငံခြားသား သုံးသောင်း ခြောက်ထောင်ကျော်၊ နိုင်ငံခြားသူ လေးသောင်းနီးပါး စုစုပေါင်း ဘုရားဖူး ဧည့် သည် ၆ ဒသမ ၉ သန်းကျော် ရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘုရားဖူးဝင်ရောက်မှုဟာ ရုံးဖွင့်ရက် တွေမှာ တစ်ရက်ကို အနည်းဆုံး တစ်သောင်းဝန်းကျင် ရှိကာ အစိုးရ ရုံးပိတ် ရက်တွေ နဲ့ အခါကြီး ရက်ကြီးတွေမှာ ပိုများတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရပ်နီးရပ်ဝေးကနေ ဘုရားဖူးတွေ စိတ်အေးချမ်းသာစွာ ဖူးမြော် ကြည်ညိုနိုင်စေဖို့ ၂၀၂၄ ခုနှစ်၊ ဇွန် ၂၁ ရက်ကစပြီး ဘုရား ဖူးမြော်ချိန်ကို မနက် ၄ နာရီကနေ ည ၁၀ နာရီအထိ တိုးမြှင့် ဖွင့်လှစ်ပေးထားတယ်လို့ သိရ ပါတယ်။

image

ဧရာမကုန်သွယ်ရေးသဘောတူစာချုပ် ချုပ်ဆိုရန် သဘောတူညီမှုရရှိပြီဟု အီးယူနှင့် အိန္ဒိယတို့က ထုတ်ပြန်ကြေညာ

အိန္ဒိယနှင့်ဥရောပသမဂ္ဂတို့က ဇန်နဝါရီ ၂၇ ရက်တွင် “သဘောတူညီချက်အားလုံး၏ မိခင် သဘောတူညီချက်”ကို ကြေညာလိုက်ကြပြီး ဧရာမကုန်သွယ်ရေးသဘောတူညီချက်က ပြည်သူသန်းနှစ်ထောင်ရှိသော စျေးကွက်ကို ဖန်တီးပေးမည်ဟု ဆိုခဲ့ကြသည်။
ယခုကုန်သွယ်ရေးသဘောတူညီချက်ကို ရရှိရန် နှစ်ပေါင်းနှစ်ဆယ်ကြာ ဆွေးနွေးခဲ့ရသည်ဟု ဆိုသည်။
ကုန်သွယ်ရေးသဘောတူညီချက်က ကမ္ဘာ့ထိပ်တန်း စီးပွားရေးအင်အားကြီးနှစ်နိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စုနှင့် တရုတ်တို့ထံမှလာမည့် စိန်ခေါ်မှုများကို အကာအကွယ်ပေးရာတွင် အကူအညီပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း အီးယူအကြီးအကဲများနှင့် အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမို ဒီတို့က ပြောကြားခဲ့ကြသည်။
အထက်ပါသဘောတူညီချက်ကြောင့် ဥရောပပို့ကုန် ၉၇ ရာခိုင်နှုန်းနီးပါး၏ကုန်သွယ်ခွန်များကို လျှော့ချပစ်မည် သိို့မဟုတ် ဖယ်ရှားပစ်လိမ့်မည်ဖစ်ရာနှစ်စဉ်အားဖြင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၅ ဘီလျံ(ယူရို လေးဘီလျံ အထိ သက်သာသွားမည်ဟု ၂၇ နိုင်ငံပါသော အီးယူက ပြောကြားခဲ့သည်။
“သဘောတူညီချက်အားလုံးရဲ့မိခင်ဖြစ်ပါတယ်”ဟု မိုဒီက ဇန်နဝါရီ ၂၇ ရက်တွင် နယူးဒေလီ၌ ပြောကြားခဲ့သည်။ အိန္ဒိယမြို့တော် နယူးဒေလီတွင် သူသည် ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလေယန်၊ ဥရောပကောင်စီဥက္ကဋ္ဌ အန်တိုနီယိုကော်စတာတို့ နှင့် တွေ့ဆုံခဲ့သည်။
“ဒီသဘောတူစာချုပ်က အိန္ဒိယရဲ့ ၁ ဒသမ ၄ ဘီလျံရှိတဲ့ပြည်သူတွေအတွကို ရော အီးယူရဲ့ သန်းပေါင်းများစွာသောပြည်သူတွေအတွက်ပါ များပြားတဲ့အခွင့်အလမ်းတွေကို ယူဆောင်ပေးပါလိမ့်မယ်”ဟု မိုဒီက ပြောကြားခဲ့သည်။

image

NCA စာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုးတက်မှုအတွက် ယနေ့အချိန်အထိ အရေးပါနေဆဲဖြစ်သည့်အတွက် NCA သဘောတူညီချက်များကို လက်တွေ့အသုံးချ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဟု နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုနိုင်ခဲ့ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုးတက်မှုအတွက် ယနေ့အချိန်အထိ အရေးပါနေဆဲဖြစ်သည့်အတွက် NCA သဘောတူညီချက်များကို လက်တွေ့အသုံးချ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဟု နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြောကြားသည်။
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး (၁/၂၀၂၆) ကို ဇန်နဝါရီ ၂၇ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ရုံးအမှတ် (၁၈) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်က ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရအနေဖြင့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ လျှောက်လှမ်းနိုင်ရေး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ထွက်ပေါ်လာမည့် အစိုးရအသစ်ကို နိုင်ငံ့တာဝန်များ လွှဲပြောင်းပေးအပ်ပြီး ၎င်းတို့၏ တာဝန်များကို အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။
နိုင်ငံတော်အကြီးအကဲအနေဖြင့် မန္တလေးတိုင်းဒေသကြီးခရီးစဉ်တွင် ရွေးကောက်ပွဲ အပိုင်း (၃) ၌ မဲဆန္ဒရှင်ပြည်သူများ၏ မဲပေးမှုအား လိုက်လံကြည့်ရှုအားပေးရာတွင် ပြည်သူလူထုက လွတ်လပ်စွာ မိမိတို့သဘောဆန္ဒများအလျောက် လာရောက်ဆန္ဒမဲပေးကြသည်ကို တွေ့ရမြင်ရကြောင်း၊ ထိုသို့ ဆောင်ရွက်မှုများမှာ ပြည်သူလူထုက အစိုးရအပေါ် လိုလားလက်ခံသည့် အပြုအမူများဖြစ်သည့်အတွက် အစိုးရအဖွဲ့အနေဖြင့်လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
နိုင်ငံတကာစောင့်ကြည့်လေ့လာရေး အဖွဲ့များကလည်း ယခုရွေးကောက်ပွဲတွင် ပြည်သူလူထုအနေဖြင့် ၎င်းတို့၏ မဲပေးပိုင်ခွင့်ကို အနှောင့်အယှက်တစ်စုံတစ်ရာမရှိဘဲ မဲပေးခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ မဲရုံဝန်ထမ်းများအနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံး သမာသမတ်ကျစွာနှင့် ပွင့်လင်းမြင်သာမှုရှိစွာ ဖော်ဆောင်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မြန်မာအီလက်ထရောနစ်မဲပေးစက်များကို အသုံးပြုခဲ့သည့်အတွက် မဲပေးခြင်း၊ မဲရေတွက်ခြင်း လုပ်ငန်းစဉ်များကို ပိုမိုလျင်မြန်စေပြီး ပြည့်စုံမှန်ကန်သည့်ရလဒ်များ ဖြစ်ပေါ်စေခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပြည့်စုံကောင်းမွန်သည့် လုံခြုံရေးဆောင်ရွက်ထားမှုများကြောင့် မဲဆန္ဒရှင်များ မဲရုံတာဝန်ထမ်းဆောင်သူများနှင့် အခြားသက်ဆိုင်သူများအားလုံး လုံခြုံစိတ်ချစွာဖြင့် လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည်ဟု သဘောထားမှတ်ချက်များပြုခဲ့ကြသည်ကို တွေ့ရှိရသဖြင့် လွတ်လပ်၍ တရားမျှတသော ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်သည်ကို တွေ့ရှိရကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခလျော့ပါးချုပ်ငြိမ်းရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား NCA သဘောတူ စာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုးတက်မှုအတွက် ယနေ့အချိန်အထိ အရေးပါနေဆဲဖြစ်သည့်အတွက် NCA သဘောတူညီချက်များကို လက်တွေ့အသုံးချ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်များတွင်လည်း လူငယ်များ ပါဝင်မှုကို မြှင့်တင်ပေးကြရမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
တရားမဝင်ကုန်သွယ်မှုများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုများသည် နိုင်ငံတော်လုံခြုံရေး (National Security) ကို ခြိမ်းခြောက်နိုင်သည့်အတွက် ၎င်းကိစ္စရပ်များကို ထိရောက်စွာတိုက်ဖျက်ခြင်းအားဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ပြည်သူလူထု အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အမြစ်ပြတ်သည်အထိ ထိရောက်စွာ တားဆီးကြပ်မတ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

image