ငလျင်ဒဏ်သင့်ဒေသများအတွက် အလှူငွေ ကျပ်သန်း၉ထောင်ကျော် ရရှိခဲ့
---------------------------------------------------------------------

‎မန္တလေးငလျင်ကြီးဒဏ်သင့် ဒေသတွေအတွက် နယ်ပယ်အသီးသီးက အလှူငွေ ကျပ်သန်း ၉ ထောင်ကျော် ကောက်ခံရရှိခဲ့တယ်လို့ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအိုင်ထွန်းက ပြောပါတယ်။
ဇန်နဝါရီ ၂၈ ရက်က ရန်ကုန်မြို့ရှိ Yangon Convention Centerမှာ ကျင်းပတဲ့ မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်တည်ထောင်ခြင်း (၁၁၇) နှစ်ပြည့် ဂုဏ်ပြုမိတ်ဆုံစားပွဲနဲ့ မန္တလေးငလျင်ကြီးဘေးမှာ လှူဒါန်းခဲ့တဲ့ အလှူရှင်တွေ၊ စေတနာ့ ဝန်ထမ်းတွေကို ဂုဏ်ပြုလွှာပေးအပ်တဲ့ အခမ်းအနားမှာ အခုလိုပြောကြားခဲ့တာပါ။
‎မန္တလေးငလျင်ကြီးဒဏ်သင့်ဒေသတွေအတွက် ကောက်ခံရရှိတဲ့ အလှူငွေတွေအားလုံးကို ဒေသခံ ပြည်သူတွေထံ အရောက်ပို့ဆောင်ခဲ့ပြီး ဆေးဝါးကုသမှုတွေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလည်း အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ဦးအိုင်ထွန်းက ပြောပါတယ်။
‎မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်အနေနဲ့ မြန်မာ-တရုတ် ကုန်သွယ်မှု မြှင့်တင်ရေးကို တစ်ဆင့်တိုးမြှင့် ဆောင်ရွက်ရာမှာ နိုင်ငံ့စီးပွားရေးမဏ္ဍိုင်တည်ဆောက်ရေးနဲ့ လူမှုအကျိုးပြုပရဟိတလုပ်ငန်းတွေကိုလည်း တက်ကြွစွာ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
‎နိုင်ငံစီးပွားရေး တည်ငြိမ်ဖွံဖြိုးရေး၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အစဉ်အလာ ကောင်းမွန်စေရေး စတဲ့ အကျိုးစီးပွားတွေအတွက် ပိုမိုကြီးမားတဲ့ ပံ့ပိုးကူညီမှုတွေ ထပ်မံ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ဦးအိုင်ထွန်းက ပြောပါတယ်။
‎အခုကျင်းပတဲ့အခမ်းအနားမှာ မန္တလေးငလျင်ကြီးဒဏ်သင့်ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်လှူဒါန်းခဲ့တဲ့ အသင်းအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ဂုဏ်ပြု လက်မှတ်တွေ ပေးအပ်ချီးမြှင့်ပါတယ်။

image

လွှတ်တော်ကိုယ်စားလှယ်များ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များကို တိုးမြှင့်သတ်မှတ်

လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များကို တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ယနေ့(ဇန်နဝါရီ ၂၈ ရက်)တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပြင်ဆင်လိုက်သည့်ဥပ​ဒေအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေပုဒ်မ ၆ တွင် ပါရှိသော “တည်းခို နေထိုင်စရိတ်ကျပ် ၅၀၀၀” ဆိုသည့် စကားရပ်ကို “တည်းခိုနေထိုင်စရိတ် ကျပ် ၈၀၀၀” ဆိုသည့် စကားရပ်ဖြင့် လည်းကောင်း၊ “အခြားအသုံးစရိတ် ကျပ် ၅၀၀၀" ဆိုသည့် စကားရပ်ကို “အခြား အသုံးစရိတ်ကျပ် ရဝဝဝ" ဆိုသည့် စကားရပ်ဖြင့် လည်းကောင်း အစားထိုးရမည်ဟု ​ဖော်ပြထားသည်။

image

ကမ္ဘောဒီးယားနိုင်ငံမှ မြိတ်မြို့သို့ တပ်မတော်လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့သည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသား ၅၄၃ ဦးကို မြိတ်မြို့မှ ရန်ကုန်မြို့သို့ စစ်ရေယာဉ် (မုတ္တမ)ဖြင့် ဆက်လက်ပို့ဆောင်

ကမ္ဘောဒီးယားနိုင်ငံမှ မြိတ်မြို့သို့ တပ်မတော်လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့သည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသား ၅၄၃ ဦးကို မြိတ်မြို့မှ ရန်ကုန်မြို့သို့ စစ်ရေယာဉ် (မုတ္တမ)ဖြင့် ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သည်ဟု သံသယရှိသဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများက ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့သည့် မြန်မာနိုင်ငံသားများကို ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ၏ လမ်းညွှန်မှာကြားချက်အရ မြန်မာနိုင်ငံသို့ပြန်လည် လွှဲပြောင်း ခေါ်ယူသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယနေ့(ဇန်နဝါရီ ၂၈ ရက်)အထိ မြန်မာနိုင်ငံသား ၇၂၉ ဦးကို အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI)နှင့်တပ်မတော်လေယာဉ်များဖြင့် ပြန်လည်ခေါ် ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ခေါ်ဆောင်ပေးခဲ့သည့် မြန်မာနိုင်ငံသားများ အနက် တပ်မတော်လေယာဉ်ဖြင့် မြိတ်မြို့သို့ ပြန်လည်ခေါ်ဆောင်ရောက်ရှိခဲ့သည့် မြန်မာနိုင်ငံသား ၅၄၃ ဦးကို မြိတ်မြို့မှ ရန်ကုန်မြို့သို့ ပို့ဆောင်ပေးနိုင်ရေး မြိတ်မြို့၊ ဆိပ်ငယ်တံတားမှ စစ်ရေယာဉ်များဖြင့်တင်ဆောင်၍ ကျွန်းစုမြို့နယ်၊ မော်တုံးကြီးကျေးရွာအနီးရှိပင်လယ်ပြင်၌ စောင့်ဆိုင်းနေသည့် စစ်ရေယာဉ် (မုတ္တမ)ပေါ်သို့ ပို့ဆောင်ပေးရာ ကမ်းရိုး တန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများ၊ မြိတ်ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ လိုအပ်သည်များဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ရေယာဉ်(မုတ္တမ)သည် ဇန်နဝါရီ ၂၇ ရက် ညပိုင်းတွင် စတင်ထွက်ခွာခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ခေါ်ဆောင်ပေးခဲ့သည့် မြန်မာနိုင်ငံသားများကို စစ်ရေယာဉ်ပေါ်တွင် တစ်ကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ စားသောက်နေထိုင်မှုများအဆင်ပြေစေရေး အတွက်ဆောင်ရွက်ပေးခြင်းတို့ကို တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စစ်ရေယာဉ်(မုတ္တမ)သည် ယနေ့(ဇန်နဝါရီ ၂၈ ရက်)နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ အမှတ်(၃)ဆိပ်ခံတံတားသို့ရောက်ရှိကြပြီး သန်လျင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များမှ ကြီးကြပ်၍ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သန်လျင်ခရိုင်ရုံးမှ တာဝန်ရှိသူများက လူဦးရေတိုက်ဆိုင်စစ်ဆေးခြင်း၊ သန်လျင်ခရိုင် ကျန်မာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးမကောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ ခရိုင်အတွင်းရှိဌာနဆိုင်ရာများက စားသောက် ဖွယ်ရာများအား တစ်ဦးချင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်လည်ခေါ်ဆောင်လာသော မြန်မာနိုင်ငံသားများကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ပေးသော မော်တော်ယာဉ်များဖြင့် ရန်ကုန်မြို့ရှိ စုရပ်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများ၊ လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည် လောင်း ကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သည်ဟုသံသယရှိသဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများက ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့သည့် မြန်မာနိုင်ငံသားများအနက် ဇန်နဝါရီ ၂၃ ရက်တွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI)ဖြင့် မြန်မာနိုင်ငံသား ၁၃၆ ဦးကိုလည်းကောင်း၊ ဇန်နဝါရီ ၂၅ ရက်တွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI)ဖြင့် ၅၀ ဦး၊ တပ်မတော်လေယာဉ်များဖြင့် ၃၈၀ ဦးကိုလည်းကောင်း၊ ဇန်နဝါရီ ၂၆ ရက်တွင် တပ်မတော်လေယာဉ်များဖြင့် ၁၆၃ ဦးကိုလည်းကောင်း အသီးသီးခေါ်ဆောင် ပေးခဲ့ပြီး စုစုပေါင်းမြန်မာနိုင်ငံသား ၇၂၉ ဦးကို ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ပြီးဖြစ် ကြောင်း သိရသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်း အမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေသည့် နိုင်ငံခြားသားများကိုလည်း လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ တရားဥပဒေနှင့်အညီ စစ်ဆေးကာ ပါဝင်ပတ်သက်သူများကို သက်ဆိုင်ရာ နိုင်ငံများသို့ပြန်လည်လွဲပြောင်းပေးအပ်သည့်အပြင် အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့ထံ တရားဝင်လွဲပြောင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image

ရွေးကောက်တင်မြှောက်ခံရပါက ထိုင်းနိုင်ငံရှိ မြန်မာ NGO များကို နှိမ်နင်းမည်ဟု Thai Pakdee ပါတီ ပြောကြား

ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီလအတွင်းပြုလုပ်မည့် အထွေထွေ​ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံရမည်ဆိုပါက ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးများအတွက် ဆောင်ရွက်ပေးနေသည့် မြန်မာ NGO များကို နှိမ်နင်းမည်ဟု ထိုင်းနိုင်ငံ၏ ကွန်ဆာဗေးတစ်ပါတီဖြစ်သည့် Thai Pakdee ပါတီက ပြောကြားခဲ့သည်။
Thai Pakdee ပါတီသည် ဇန်နဝါရီ ၂၇ ရက်တွင် ၎င်း၏ Facebool page ၌ မဲဆွယ်စည်းရုံးရေးဗီဒီယိုဖိုင်တစ်ခုတင်ခဲ့ပြီး အဆိုပါဗီဒီယိုဖိုင်ထဲတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၏ နယ်မြေအချို့ကို မြန်မာနိုင်ငံသားများ သိမ်းယူမည့်အရေးကို စိုးရိမ်ရသဖြင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အလုပ်သမားအခွင့်အရေးများအတွက် လှုပ်ရှားပေးနေပြီး အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းရေးကို အကူအညီပေးနေသည့် မြန်မာ NGO များကို နှိမ်နင်းမည်ဖြစ်ကြောင်း Thai Pakdee ပါတီက ပြောကြားခဲ့သည်။
အမည်မဖော်ပြထားသည့် ထိုင်းနိုင်ငံရေးပါတီ ၂ ခုကလည်း အဆိုပါ NGO အဖွဲ့များကို ထောက်ပံ့ပေးခဲ့ကြောင်းလည်း Thai Pakdee ပါတီက ပြောကြားခဲ့သည်။
ထို့ပြင် Thai Pakdee ပါတီသည် ထိုင်းနိုင်ငံတွင် ဖြစ်ပွားနေသည့် လက်ရှိအခြေအနေကို ဥရောပနိုင်ငံများသို့ မွတ်ဆလင်ရွှေ့ပြောင်းနေထိုင်သူများ အများအပြားဝင်ရောက်သည့် အ​ခြေအနေနှင့် နှိုင်းယှဉ်ပြောကြားခဲ့သည်ဟု Khaosod English သတင်းဝက်ဘ်ဆိုက်၏ Facebook page တွင် ဖော်ပြခဲ့သည်။

image

ဂန့်ဂေါမြို့နယ်ထွေအုပ်၏(OSS)ရုံးတွင် ဂန့်ဂေါမြို့၌ ရွေးကောက်ပွဲတွင်အသုံးပြုခဲ့သော MEVM မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများအားစနစ်တကျထားရှိ

မကွေးတိုင်း၊ ဂန့်ဂေါမြို့၊ မြို့နယ်ထွေအုပ်၏(OSS)ရုံးတွင် ဂန့်ဂေါမြို့၌ ရွေးကောက်ပွဲအပိုင်း(၂)တွင်အသုံး ပြုခဲ့သော MEVM မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများအားစနစ်တကျထားရှိရာ တာဝန်ရှိသူများမှ ယနေ့ ဇန်နဝါရီ ၂၇ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
သိမ်းဆည်းထားသည့် MEVM မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများ စနစ်တကျထားသိုသိမ်းဆည်းထားမှု၊ မဲပေးစက်များထားရှိသည့်အဆောက်အဦးတွင် လျှပ်စစ်ဝါယာကြိုးများ၊ လျှပ်စစ်မီးသွယ်တန်းထားရှိမှု၊ မီးခလုပ်များ စနစ်တကျသွယ်တန်းတပ်ဆင်ထားမှု၊ မီးသတ်ဆေးဘူးများထားရှိခြင်း ရှိ/မရှိ၊ ပတ်ဝန်းကျင်နေရာများတွင် အမှိုက်သရိုက်လောင်စာများမရှိစေရေး၊ အနီးပတ်ဝန်းကျင်နေရာများအား မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပစ္စည်းများပြည့်စုံစွာဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

image

မန္တလေး မဟာမုနိဘုရားကြီး၌ ဆဋ္ဌမအကြိမ်မြောက် ဓမ္မသဘင်ဆင်ယင်ကျင်းပမည်

မန္တလေးမြို့ကျက်သရေဆောင် မဟာမုနိဘုရားကြီး၏ (၆၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်အ ဖြစ် ဆဋ္ဌမအကြိမ်မြောက် ဓမ္မသဘင်အား မနက်ဖြန် ဇန်နဝါရီ ၂၇ ရက်၊ ဇန်နဝါရီ ၂၈ ရက်နှင့် ဇန်နဝါရီ ၂၉ ရက်တို့တွင် ညနေ ၅ နာရီမှစတင်၍ ဆင်ယင်ကျင်းပသွားမည်ဖြစ်သည်။
ဇန်နဝါရီ ၂၇ ရက်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ မဟာနာယက၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ဆ ရာတော်၊ ဇန်နဝါရီ ၂၈ ရက်နှင့် ဇန်နဝါရီ ၂၉ ရက်တို့တွင် သီတဂူဆရာတော်ကြီးမှ တရားနာဧည့်ပရိသတ်များအား နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို ဟောကြားတော်မူသွားမည်ဖြစ်သည်။

image

ပါမောက္ခချုပ်ဆရာတော်ကြီး အသေးစားခွဲစိတ်မှုခံယူခဲ့၊ ကျန်းမာရေးကောင်းမွန်

ပါမောက္ခချုပ်ဆရာတော်ကြီးသည် ခါးရိုးအဆစ်ပိုင်းတွင် အသေးစားခွဲစိတ်ကုသမှုခံယူခဲ့ရသည်ဟု သိရသည်။
သို့သော် ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း ကပ္ပိယအဖွဲ့မှ ကိုချမ်းမြေ့အောင်က လူမှုကွန်ယက်တွင် ရေးသားဖော်ပြထားသည်။
ယနေ့ (ဇန်နဝါရီ ၂၈ရက်) နံနက်ပိုင်းက ရေးသားဖော်ပြထာရခြင်းလည်း ဖြစ်သည်။
အသေးစားခွဲစိတ်ကုသမှုခံယူရမှုကြောင့် ဆရာဝန်ကြီးများက ဆရာတော်ဘုရားကြီးအား ရက်သတ္တပတ် ၆ ပတ် အနားယူကာ အချိန်အကြာကြီး ထိုင်ခြင်းမပြုလုပ်ရန်
လမ်းညွှန်ထားသည်ဟု ဆိုသည်။
ထို့ကြောင့် တရားပွဲများကို ခေတ္တခဏရပ်နားထားသလို ဧည်တွေ့များလည်း ခေတ္တပိတ်ထားကြောင်း သူက ရေးသားထားသည်။
ယင်းအတူ ဆွမ်းဒါယကာ/ ဒါယကာမ များသည်လည်း အပို ဧည့်သည်ခေါ်လာခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံကြောင်း ကိုချမ်းမြေ့အောင်က ရေးသားထားသည်။

image

အီတလီ သံတမန်နာယကနှင့် အာဆီယံနိုင်ငံများသံအမတ်ကြီးများကို မြန်မာသံရုံးယာယီတာဝန်ခံက တွေ့ဆုံ
ရောမမြို့အခြေစိုက်သံရုံးများအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့

မြန်မာသံရုံးယာယီတာဝန်ခံက အီတလီနိုင်ငံဆိုင်ရာ သံတမန်နာယကနှင့် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများကိုဇန်နဝါရီလအတွင်း သီးခြားစီ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
အီတလီဆိုင်ရာ မြန်မာသံရုံး၊ သံရုံးယာယီတာဝန်ခံ ဦးစိုးသက်နောင်သည် အီတလီနိုင်ငံဆိုင်ရာ သံတမန်နာယကဖြစ်သူ Apostolic Nuncio H.E. Mons. Petar Rajic နှင့် အီတလီနိုင်ငံ ရောမမြို့ အခြေစိုက် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများကို ဇန်နဝါရီလအတွင်း သီးခြားစီ သွားရောက်တွေ့ဆုံကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံမှုတွင် သံတမန်အသိုင်းအဝိုင်းအတွင်း ပူးပေါင်းဆောင်ရွက်မှုများ၊ ရောမမြို့ အခြေစိုက်သံရုံးများအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အာဆီယံရောမကော်မတီ လှုပ်ရှားမှုဆိုင်ရာကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ခဲ့ကြပြီး သံတမန်နာယကနှင့် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများမှ မေးမြန်းသော မြန်မာနိုင်ငံရွေးကောက်ပွဲဆိုင်ရာကိစ္စ များကို ဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။
ထို့ပြင် ရောမမြို့အခြေစိုက် ဖိလစ်ပိုင်သံရုံး၌ ကျင်းပသော ရောမမြို့ အာဆီယံကော်မတီ (ASEAN Committee in Rome – ACR) (၈၂) ကြိမ်မြောက် သံအမတ်ကြီးများ အဆင့်အစည်းအဝေးနှင့် ရောမမြို့အာဆီယံကော်မတီဥက္ကဋ္ဌ တာဝန်လွှဲပြောင်းသည့် အခမ်းအနားသို့ လည်း တက်ရောက်ကြောင်း သိရသည်။

image

မြဝတီတောင်ပိုင်းမှာ လေကြောင်း တိုက်ခိုက်မှုတွေနဲ့အတူ တိုက်ပွဲ ပြင်းထန်နေ

ထိုင်း - မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် တောင်ပိုင်းမှာ လေကြောင်း တိုက်ခိုက်မှုတွေနဲ့အတူ တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
အစိုးရတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေကြား အခုရက်ပိုင်းအတွင်း တကျော့ပြန် တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ သိရပြီး မနေ့ ဇန်နဝါရီ ၂၈ ရက်၊ မနက် ၉ နာရီကျော်လောက်မှာတော့ လေကြောင်းကနေ ပစ်ကူပေးရတဲ့အထိ တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
“တိုက်ပွဲ ဖြစ်နေတာကတော့ ဇန်နဝါရီ ၁၉ ရက်နေ့ နောက်ပိုင်းကတည်းက ဖြစ်နေတာ။ ဟိုအရင်ရက်တွေကတော့ နှစ်ဖက် ပစ်ခတ်တာတွေပဲ ရှိပေမယ့် မနေ့ မနက်ပိုင်းကတော့ လေကြောင်း တိုက်ခိုက်တာပါ ပါလာတယ်။ မြေပြင်ကနေလည်း လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်နေတယ်။ ဒရုန်းတွေလည်း ကျတယ်။ အစိုးရတပ်ရဲ့ ထိုးစစ်က မင်းလက်ပံဘက်ကို အဓိက ဦးတည်နေတာ” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
သောင်ရင်းမြစ်ဘေးရှိ မင်းလက်ပံကျေးရွာကို KNLA ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတာဖြစ်ပြီး အဲဒီကျေးရွာဟာ မြဝတီမြို့ တောင်ပိုင်းဒေသအတွက် အဓိက ခံစစ်စည်းတခု ဖြစ်သလို ဒေသ စိုးမိုးရေးအတွက်လည်း ဗျူဟာအရ အရေးကြီးတဲ့နေရာတခု ဖြစ်တာကြောင့် အစိုးရတပ်က ပြန်လည်ရယူနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အဲဒီနားမှာ ကျားဖြန့်ဆိုဒ်တခုလည်း ရှိနေတယ်။ မနေ့က မနက်ကတော့ အဲဒီဘက်ကနေ ပေါက်ကွဲသံတွေ ဆက်တိုက်ပဲ ကြားရတယ်။ မီးခိုးလုံးတွေ တက်လာတာလည်း တွေ့ရတယ်။ အစိုးရတပ်ဘက်က အပြင်းအထန် ထိုးစစ်ဆင်နေပေမယ့် မင်းလက်ပံနားကနေ ရှေ့တိုးလို့မရသေးဘူး။ ဒါကြောင့် လေကြောင်းပစ်ကူတွေ တရစပ်သုံးလာတာ” လို့ သူက ပြောပါတယ်။
မနေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း မင်းလက်ပံကျေးရွာ၊ ရသေ့ဂူကျေးရွာ၊ ဖလူးသုသာန်၊ ဘုရားကုန်း အစရှိတဲ့ နေရာတွေနဲ့ လေးကေ့ကော်ရှိ ဗျူဟာစွယ်တော်ကုန်းတို့မှာ လေကြောင်း တိုက်ခိုက်မှုတွေ ရှိခဲ့တဲ့အပြင် မြဝတီ လက်ခတ်တောင်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။
မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ အစိုးရတပ် စစ်ရေးသတင်းရင်းမြစ် တယောက်ရဲ့ ရေးသား ဖော်ပြချက်မှာတော့ တပ်မတော်နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF)၊ ကရင်တပ်မတော် (DKBA) တပ်တွေဟာ မြဝတီ မြို့တွင်း၊ မြို့ပြင် ဧရိယာတွေထဲ ကော့ကရိတ်၊ ကျုံဒိုး၊ လှိုင်းဘွဲ့ စတဲ့ လမ်းအသီးသီးကနေ ထိုးဖောက်နေကြပြီ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
“အဓိက ကတော့ မြဝတီတောင်ခြမ်း ရှင်းလင်းရေးပါ။ မိုင်းကွင်းထဲ ဖြတ်ကျော်ထိုးဖောက်ပြီး တိုက်ပွဲ ပြင်းထန်နေတယ်။ ထိုင်းဘက်ခြမ်း မယ်ကုရွာထဲအထိ ကျည်ကျော် ကျရောက်နေတာကြောင့် ထိုင်းဘက်ခြမ်းက လူတွလည်း ဘေးလွတ်ရာကို ရှောင်ရတယ်” လို့ သူက ပြောပါတယ်။
လက်ရှိ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ အစိုးရတပ် သတင်းပြန်ကြားရေး တာဝန်ရှိသူတွေဘက်ကရော KNLA ဘက်ကပါ သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
အစိုးရတပ်ဟာ မြဝတီမြို့တောင်ဘက်က လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေကို ပြန်လည် ရရှိနိုင်ဖို့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းကစပြီး စစ်ကြောင်း သုံးကြောင်းနဲ့ စစ်ရေးလှုပ်ရှားနေတာ ဖြစ်တယ်လို့ သိရပါတယ်။
လနဲ့ချီ ကြာရှည်လာတဲ့ မြဝတီ တောင်ပိုင်းဒေသ တကျော့ပြန် တိုက်ပွဲတွေကြောင့် အင်ကြင်းမြိုင်၊ မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး၊ ထီးမယ်ဝါးခီး၊ ရ‌သေ့ဂူ အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းက ဒေသခံ ၅၀၀၀ ကျော် စစ်ဘေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်း အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

image

ဇော်လေးနိုင် ဇာတ်အဖွဲ့ကား ချောက်ထဲကျလို့ ၁၂ ယောက်သေ ၊ ဒဏ်ရာရသူများပြား

နေပြည်တော် ၊ တပ်ကုန်းကို ဇာတ်ကဖို့သွားတဲ့ " ဇော်လေးနိုင် " ဇာတ်သဘင်အဖွဲ့ကား တိမ်းမှောက်ပြီး ၁၂ ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ များပြားခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
ဇန်နဝါရီ ၂၈ ရက်နေ့ ၊ ညနေ ၆ နာရီကျော်လောက်မှာ ဇာတ်အဖွဲ့ကားဟာ တောင်ညိုလမ်းပိုင်းမှာ ချောက်ထဲကျကာ တိမ်းမှောက်ခဲ့တာ ဖြစ်ကြောင်း ၊ လက်ရှိမှာ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ကာ ကုသမှု ပေးနေတယ်လို့ သိရပါတယ်။
" နေပြည်တော် အမြန်လမ်းမိုင်တိုင် ၂၂၀ လမ်းခွဲကနေ ၁၀ မိုင်ကျော်ပဲရှိတယ်။ ဖြစ်တာက အဲဒီနားမှာ ဖြစ်တာ။ ၁၂ ယောက်ဆုံးတယ်။ အခြေအနေ အရမ်းဆိုးတယ်။ ဒီမနက်မှ ထပ်သိရတာ နောက်ထပ် သုံးယောက်ထပ်ဆုံးတယ် သတင်းကြားလို့ အတည်ပြုဖို့ စုံစမ်းနေတယ် ။ အဲဒီ တောင်ညို လမ်းပိုင်းကလည်း ဆိုးတယ်။ " လို့ နေပြည်တော်အခြေစိုက် သဗ္ဗသုခအသင်း တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ ဇာတ်အဖွဲ့ကားပေါ်မှာ လူ ၂၇ ယောက်လိုက်ပါလာတာ ဖြစ်ကြောင်း ၊ တောင်တွင်းကြီးမြို့ကနေ တပ်ကုန်းမြို့နယ်ကို ဇာတ်ကဖို့ သွားရောက်စဥ် လမ်းမှာ တိမ်းမှောက်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
ဇော်လေးနိုင် ဇာတ်အဖွဲ့ တိမ်းမှောက်မှုနဲ့ ပတ်သက်ပြီး သေဆုံးသူ ၁၂ ယောက်ရှိကြောင်း နဲ့ လိုအပ်တဲ့ အကူအညီတွေ ဆောင်ရွက်ပေးသွားမယ်လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံး ဗဟိုကလည်း သတင်းထုတ်ပြန်ထားပါတယ်။
၂၀၂၂ ခုနှစ် အောက်တိုဘာ ၅ ရက်ကလည်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးပေါ်မှာ ‘ပွင့်နေခြည်’ ဇာတ်အဖွဲ့ကား တိမ်းမှောက်ခဲ့ပြီး ၁၁ ယောက် သေဆုံးကာ အယောက် ၂၀ ကျော်.ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

image