ငလျင်ဒဏ်သင့်ဒေသများအတွက် အလှူငွေ ကျပ်သန်း၉ထောင်ကျော် ရရှိခဲ့
---------------------------------------------------------------------
မန္တလေးငလျင်ကြီးဒဏ်သင့် ဒေသတွေအတွက် နယ်ပယ်အသီးသီးက အလှူငွေ ကျပ်သန်း ၉ ထောင်ကျော် ကောက်ခံရရှိခဲ့တယ်လို့ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအိုင်ထွန်းက ပြောပါတယ်။
ဇန်နဝါရီ ၂၈ ရက်က ရန်ကုန်မြို့ရှိ Yangon Convention Centerမှာ ကျင်းပတဲ့ မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်တည်ထောင်ခြင်း (၁၁၇) နှစ်ပြည့် ဂုဏ်ပြုမိတ်ဆုံစားပွဲနဲ့ မန္တလေးငလျင်ကြီးဘေးမှာ လှူဒါန်းခဲ့တဲ့ အလှူရှင်တွေ၊ စေတနာ့ ဝန်ထမ်းတွေကို ဂုဏ်ပြုလွှာပေးအပ်တဲ့ အခမ်းအနားမှာ အခုလိုပြောကြားခဲ့တာပါ။
မန္တလေးငလျင်ကြီးဒဏ်သင့်ဒေသတွေအတွက် ကောက်ခံရရှိတဲ့ အလှူငွေတွေအားလုံးကို ဒေသခံ ပြည်သူတွေထံ အရောက်ပို့ဆောင်ခဲ့ပြီး ဆေးဝါးကုသမှုတွေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလည်း အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ဦးအိုင်ထွန်းက ပြောပါတယ်။
မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်အနေနဲ့ မြန်မာ-တရုတ် ကုန်သွယ်မှု မြှင့်တင်ရေးကို တစ်ဆင့်တိုးမြှင့် ဆောင်ရွက်ရာမှာ နိုင်ငံ့စီးပွားရေးမဏ္ဍိုင်တည်ဆောက်ရေးနဲ့ လူမှုအကျိုးပြုပရဟိတလုပ်ငန်းတွေကိုလည်း တက်ကြွစွာ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံစီးပွားရေး တည်ငြိမ်ဖွံဖြိုးရေး၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အစဉ်အလာ ကောင်းမွန်စေရေး စတဲ့ အကျိုးစီးပွားတွေအတွက် ပိုမိုကြီးမားတဲ့ ပံ့ပိုးကူညီမှုတွေ ထပ်မံ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ဦးအိုင်ထွန်းက ပြောပါတယ်။
အခုကျင်းပတဲ့အခမ်းအနားမှာ မန္တလေးငလျင်ကြီးဒဏ်သင့်ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်လှူဒါန်းခဲ့တဲ့ အသင်းအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ဂုဏ်ပြု လက်မှတ်တွေ ပေးအပ်ချီးမြှင့်ပါတယ်။