မြဝတီတောင်ပိုင်းမှာ လေကြောင်း တိုက်ခိုက်မှုတွေနဲ့အတူ တိုက်ပွဲ ပြင်းထန်နေ

ထိုင်း - မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် တောင်ပိုင်းမှာ လေကြောင်း တိုက်ခိုက်မှုတွေနဲ့အတူ တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
အစိုးရတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေကြား အခုရက်ပိုင်းအတွင်း တကျော့ပြန် တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ သိရပြီး မနေ့ ဇန်နဝါရီ ၂၈ ရက်၊ မနက် ၉ နာရီကျော်လောက်မှာတော့ လေကြောင်းကနေ ပစ်ကူပေးရတဲ့အထိ တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
“တိုက်ပွဲ ဖြစ်နေတာကတော့ ဇန်နဝါရီ ၁၉ ရက်နေ့ နောက်ပိုင်းကတည်းက ဖြစ်နေတာ။ ဟိုအရင်ရက်တွေကတော့ နှစ်ဖက် ပစ်ခတ်တာတွေပဲ ရှိပေမယ့် မနေ့ မနက်ပိုင်းကတော့ လေကြောင်း တိုက်ခိုက်တာပါ ပါလာတယ်။ မြေပြင်ကနေလည်း လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်နေတယ်။ ဒရုန်းတွေလည်း ကျတယ်။ အစိုးရတပ်ရဲ့ ထိုးစစ်က မင်းလက်ပံဘက်ကို အဓိက ဦးတည်နေတာ” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
သောင်ရင်းမြစ်ဘေးရှိ မင်းလက်ပံကျေးရွာကို KNLA ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတာဖြစ်ပြီး အဲဒီကျေးရွာဟာ မြဝတီမြို့ တောင်ပိုင်းဒေသအတွက် အဓိက ခံစစ်စည်းတခု ဖြစ်သလို ဒေသ စိုးမိုးရေးအတွက်လည်း ဗျူဟာအရ အရေးကြီးတဲ့နေရာတခု ဖြစ်တာကြောင့် အစိုးရတပ်က ပြန်လည်ရယူနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အဲဒီနားမှာ ကျားဖြန့်ဆိုဒ်တခုလည်း ရှိနေတယ်။ မနေ့က မနက်ကတော့ အဲဒီဘက်ကနေ ပေါက်ကွဲသံတွေ ဆက်တိုက်ပဲ ကြားရတယ်။ မီးခိုးလုံးတွေ တက်လာတာလည်း တွေ့ရတယ်။ အစိုးရတပ်ဘက်က အပြင်းအထန် ထိုးစစ်ဆင်နေပေမယ့် မင်းလက်ပံနားကနေ ရှေ့တိုးလို့မရသေးဘူး။ ဒါကြောင့် လေကြောင်းပစ်ကူတွေ တရစပ်သုံးလာတာ” လို့ သူက ပြောပါတယ်။
မနေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း မင်းလက်ပံကျေးရွာ၊ ရသေ့ဂူကျေးရွာ၊ ဖလူးသုသာန်၊ ဘုရားကုန်း အစရှိတဲ့ နေရာတွေနဲ့ လေးကေ့ကော်ရှိ ဗျူဟာစွယ်တော်ကုန်းတို့မှာ လေကြောင်း တိုက်ခိုက်မှုတွေ ရှိခဲ့တဲ့အပြင် မြဝတီ လက်ခတ်တောင်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။
မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ အစိုးရတပ် စစ်ရေးသတင်းရင်းမြစ် တယောက်ရဲ့ ရေးသား ဖော်ပြချက်မှာတော့ တပ်မတော်နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF)၊ ကရင်တပ်မတော် (DKBA) တပ်တွေဟာ မြဝတီ မြို့တွင်း၊ မြို့ပြင် ဧရိယာတွေထဲ ကော့ကရိတ်၊ ကျုံဒိုး၊ လှိုင်းဘွဲ့ စတဲ့ လမ်းအသီးသီးကနေ ထိုးဖောက်နေကြပြီ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
“အဓိက ကတော့ မြဝတီတောင်ခြမ်း ရှင်းလင်းရေးပါ။ မိုင်းကွင်းထဲ ဖြတ်ကျော်ထိုးဖောက်ပြီး တိုက်ပွဲ ပြင်းထန်နေတယ်။ ထိုင်းဘက်ခြမ်း မယ်ကုရွာထဲအထိ ကျည်ကျော် ကျရောက်နေတာကြောင့် ထိုင်းဘက်ခြမ်းက လူတွလည်း ဘေးလွတ်ရာကို ရှောင်ရတယ်” လို့ သူက ပြောပါတယ်။
လက်ရှိ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ အစိုးရတပ် သတင်းပြန်ကြားရေး တာဝန်ရှိသူတွေဘက်ကရော KNLA ဘက်ကပါ သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
အစိုးရတပ်ဟာ မြဝတီမြို့တောင်ဘက်က လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေကို ပြန်လည် ရရှိနိုင်ဖို့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းကစပြီး စစ်ကြောင်း သုံးကြောင်းနဲ့ စစ်ရေးလှုပ်ရှားနေတာ ဖြစ်တယ်လို့ သိရပါတယ်။
လနဲ့ချီ ကြာရှည်လာတဲ့ မြဝတီ တောင်ပိုင်းဒေသ တကျော့ပြန် တိုက်ပွဲတွေကြောင့် အင်ကြင်းမြိုင်၊ မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး၊ ထီးမယ်ဝါးခီး၊ ရ‌သေ့ဂူ အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းက ဒေသခံ ၅၀၀၀ ကျော် စစ်ဘေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်း အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

image