ယခုနှစ် ဒီဇင်ဘာလဆန်းမှ စတင်၍ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်ကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း အရှိန်ဟုန်မြှင့်ဆောင်ရွက်မည်

၂၀၂၅ ခုနှစ် ဒီဇင်ဘာလဆန်းမှစတင်၍ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို အသက်(၉)နှစ်မှ(၁၁)နှစ်အတွင်းရှိ ကျောင်းပြင်ပမိန်းကလေးငယ်များကို အရှိန်ဟုန်မြှင့် ဆက်လက်ထိုးနှံနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။
ယမန်နေ့က ကျင်းပသည့် ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်းဆိုင်ရာ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအနေဖြင့်လည်း လွှမ်းခြုံမှု ၉၀ ရာခိုင်နှုန်းရရှိသည့်အထိ အောင်မြင်ခဲ့ပြီး ကျောင်းပြင်ပမိန်းကလေးငယ်များကို ဆက်လက်ထိုးနှံနိုင်ရေးဆောင်ရွက်မည်ဖြစ်ကြောင်း ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။
ထိုပြင် လာမည့် ၂၀၂၆ ဩဂုတ် နှင့် စက်တင်ဘာလတို့၌ အသက် ကိုးနှစ် မှ ၁၈ နှစ်အရွယ်ထိ မိန်းကလေးငယ်များကို အသက်ပိုင်းခြားတိုးမြှင့်၍ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဆက်လက်ဆောင်ရွက်မည်လည်း ဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ထိုးနှံပေးနေသည့် ကာကွယ်ဆေးကို ကမ္ဘာ့ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ မိတ်ဆက်အဖွဲ့အစည်း (GAVI Alliance for Vaccines and Immunization)က ပံပိုးပေးနေပြီး နိုင်ငံတော်အစိုးရကလည်း အချိုးကျထည့်ဝင်ကာ ဝယ်ယူထိုးနှံပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံထားပါက အသက်(၁၃)နှစ်မှ (၁၉)နှစ်အတွင်း သားအိမ်ခေါင်းကင်ဆာဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်း (၈၃)ရာခိုင်နှုန်း လျှော့ချနိုင်မည်ဖြစ်ပြီး အသက်(၁၅)နှစ်မှ (၁၉)နှစ်အရွယ်ထိ ကနဦးကင်ဆာဖြစ်ပွားမှုနှုန်းကို (၃၁)ရာခိုင်နှုန်းထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။

image

အာဆီယံအသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(ACCMSME)၏ အကြိမ်(၂၀)မြောက်အစည်းဝေး မြန်မာတွင် ပြုလုပ်

အကြိမ်(၂၀)မြောက် အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(ACCMSME) အစည်းအဝေးနှင့် ဆက်စပ်အစည်းဝေးများကို ယမန်နေ့ (နိုဝင်ဘာ၁၀ရက်)က စတင်ပြီး မြန်မာနိုင်ငံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ACCMSME အလှည့်ကျ ဥက္ကဌ ထိုင်းနိုင်ငံ အသေးစား၊အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှုးချုပ် Mr.Wittawat နှင့် အာဆီယံနိုင်ငံများက တာဝန်ရှိသူများက Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
MSME သည် အာဆီယံနိုင်ငံများ၏ စီးပွားရေးအခြေခံအုတ်မြစ်ဖြစ်ပြီး စီးပွားရေးတိုးတက်မှုနှင့် အလုပ်အကိုင်ဖန်တီးမှု၌ အရေးပါဆုံးအခန်းကဏ္ဍတွင် ပါဝင်ကြောင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်‌ပေးရေးဆိုင်ရာ အာဆီယံ ဘုံရည်မှန်းချက်ကို အပြည့်အဝထောက်ခံကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခဲ့သည်။
ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရန် ကော်မတီဝင်အားလုံး ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိရေး၊ အားလုံးပါဝင်သည့် စီးပွားရေးဝန်းကျင်ကောင်း ဖန်တီးပေးနိုင်ရေး၊အမျိုးသမီး စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၏ အခန်းကဏ္ဍတို့ကို မြှင့်တင်ပေးနိုင်ရန်အတွက် ၂၀၂၅ ခုနှစ်အတွင်း ဆန်းစစ်မှုပြုလုပ်ရန်လည်း ကတိကဝတ်ပြုထားခြင်းဖြစ်ကြောင်း ACCMSME အလှည့်ကျ ဥက္ကဌ ထိုင်းနိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှုးချုပ် Mr.Wittawat က ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေး၌ ၂၀၂၅ ဆန်းစစ်မှုကို ပြန်လည်သုံးသပ်ခြင်းနှင့် ၂၀၃၀ ကို ပြန်လည်သုံးသပ်ခြင်းအကောင်ထည်ဖော်ဆိုင်ရေးဆောင်ရွက်ချက်များကို အာဆီယံအဖွဲ့ဝင်များ၊ မိတ်ဖက်နိုင်ငံများ တိုးမြှင့်နိုင်ရေးကိစ္စရပ်များကို အလေးထားဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
အကြိမ်(၂၀)မြောက် အာဆီယံအသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(ACCMSME) အစည်းအဝေးနှင့် ဆက်စပ်အစည်းဝေးများကို နိုဝင်ဘာ(၁၀)ရက်မှ စတင်ပြီး လေးရက်ကြာပြုလုပ်မည်ဖြစ်သည်။

image

ပြည်ပပို့ကုန် မြင့်တက်အောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ကုန်သွယ်ရေးလိုငွေပြမှုကို နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရမည်

သီလဝါအထူးစီးပွားရေးဇုန်တွင် ပြည်ပပို့ကုန်တိုးမြှင့်တင်ပိုနိုင်ရေးနှင့် ပြည်ပပို့ကုန် မြင့်တက်အောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ ကုန်သွယ်ရေးလိုငွေပြမှုကို နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်ကပြောသည်။
နိုဝင်ဘာ ၁၀ ရက်က ကျင်းပသည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ဒုတိယအကြိမ်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုပြင် MSMEs ကဏ္ဍဖွံဖြိုးတိုးတက်ရန်အတွက် ပြည်တွင်းရှိ MSMEs လုပ်ငန်းများနှင့် ပိုမိုချိတ်ဆက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပြီး၊ ထားဝယ်အထူးစီးပွားရေးဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံမည့်သူများအား မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရန်လည်း ဒေါက်တာကံဇော်က ပြောကြားခဲ့သည်။
အဆိုပါ အစည်းဝေးတွင် ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ ဗဟိုလုပ်ငန်းအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

image

မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညိနှိုင်းရေးမှုးနှင့် တွေ့ဆုံ

ငလျင်ဒ-ဏ်သင့်ပြည်သူများကို ပံပိုးဆောင်ရွက်နေမှု အခြေအနေများဆွေးနွေး
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှုး နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှုး Ms . Gwyn Lewis ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့သည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီးအစိုးရရုံး၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ယင်းသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် အကောင်ထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းများနှင့် ငလျင်ဒ-ဏ်သင့်ပြည်သူများကို လူသားချင်းစားနာထောက်ထားမှုအကူအညီများ ပံ့ပိုးဆောင်ရွက်နေမှု အခြေအနေများ၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံမှု၌ မန္တလေးတိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

image

ကျောက်ဖြူနှင့် ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးစေလို

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းနှင့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးစေလိုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက ပြောကြားခဲ့သည်။
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဒုတိယအကြိမ် အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။
သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာရေး ဆက်လက်ကြိုးစားဆောင်ရွက်လိုကြောင်း ၎င်းကပြောကြားခဲ့သည်။
ထို့ပြင် သီလဝါအထူးစီးပွားရေးဇုန်တွင် ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ပြည်ပပို့ကုန် မြင့်တက်အောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ ကုန်သွယ်ရေးလိုငွေပြမှုကို နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ MSMEs ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်တွင်းရှိ MSMEs လုပ်ငန်းများနှင့် ပိုမိုချိတ်ဆက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်တွင် လာရောက် ရင်းနှီးမြှုပ်နှံမည့်သူများအား မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရန် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ပြောကြားခဲ့သည်။
ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ယခင်ကျင်းပခဲ့သည့် ဗဟိုလုပ်ငန်းအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး သီလဝါအထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌများက အမှာစာများကို ဖတ်ကြားတင်ပြခဲ့ကြောင်း သိရသည်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(နိုဝင်ဘာ - ၁၁ ရက်၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၁၃၈ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၉၈၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၆၃၀၀၀၀ ကျပ်
ဝယ်ဈေး ၈၅၉၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၂၃၀၀၀၀ ကျပ်
ဝယ်ဈေး ၈၁၉၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၅၁၀၀၀၀ ကျပ်
ဝယ်ဈေး ၈၄၇၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၁၁၀၀၀၀ ကျပ်
ဝယ်ဈေး ၈၀၇၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၄၅ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၇၀ ကျပ်
ဝယ်ဈေး - ၃၉၇၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၂၃ ကျပ်
ဝယ်ဈေး - ၃၀၄၇ ကျပ်
-ယူရို
ရောင်းဈေး - ၄၇၀၃ ကျပ်
ဝယ်ဈေး - ၄၅၈၇ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၅.၇၉ ကျပ်
ဝယ်ဈေး - ၁၂၂.၇ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၇၆ ကျပ်
ဝယ်ဈေး - ၉၅၂ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၇၂ ကျပ်
ဝယ်ဈေး - ၅၅၇ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၄၄ ကျပ်
ဝယ်ဈေး - ၂၅.၇၉ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၉၃ ကျပ်
ဝယ်ဈေး - ၄၄.၈ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈ ကျပ်
ဝယ်ဈေး - ၂.၇၃ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၃၅၀ ကျပ်
ဝယ်ဈေး - ၅၂၂၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၅၀ ကျပ်
ဝယ်ဈေး - ၂၅၈၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၀၀ ကျပ်
ဝယ်ဈေး - ၂၈၃၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၂၄ ကျပ်
ဝယ်ဈေး - ၅၁၁ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၀၈ ကျပ်
ဝယ်ဈေး - ၁၀၈၁ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

အောက်တိုဘာလအတွက် ပြည်ပသို့ အလုပ်သမားစေလွှတ်သည့် စေလွှတ်လချုပ်ပေးပို့ရန် အေဂျင်စီ ၄၀ ကျန်ရှိနေ

၂၀၂၅ ခုနှစ် အောက်တိုဘာလအတွက် ပြည်ပသို့အလုပ်သမားစေလွှတ်သည့် စေလွှတ်လချုပ်ပေးပို့ရန် အေဂျင်စီ ၄၀ ကျန်ရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာန၏ Safe migration မှ ထုတ်ပြန်ထားသည်။
အဆိုပါအေဂျင်စီများအနေဖြင့် စေလွှတ်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သက်ဆိုင်ရာသို့ အချိန်မီပေးပို့ပေးရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် အဆိုပါအေဂျင်စီများအနေဖြင့် dolmigrationsending@gmail.com သို့ အချိန်မီပေးပို့ရန် အသိပေးထားပြီး သတ်မှတ်ရက်အတွင်း ပေးပို့ခြင်းမရှိပါက ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အလုပ်သမားဝန်ကြီးဌာနက တရားဝင်ခွင့်ပြုထားသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီများမှာ ၅၄၇ ခုရှိပြီး ယင်းတို့အနက် အချို့သည် လိုင်စင်ယာယီပိတ်သိမ်းခံထားရသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီများလည်း ရှိသည်။

image

ကမ္ဘောဒီးယားနှင့် အီရန် ခရီးသွား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး


ကမ္ဘောဒီးယားနှင့် အီရန်နိုင်ငံတို့သည် ခရီးသွားလာရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို တနင်္လာနေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း ကမ္ဘောဒီးယား ခရီးသွားလာရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကမ္ဘောဒီးယားခရီးသွားလုပ်ငန်းဝန်ကြီး ဟွတ်ဟတ် နှင့် အီရန်ယဉ်ကျေးမှုအမွေအနှစ်၊ ခရီးသွားလာရေးနှင့် လက်မှုပညာဝန်ကြီး ရက်ဇာ ဆာလေဟီ အမီရီ တို့သည် ဆော်ဒီအာရေဗျနိုင်ငံမြို့တော် ရီယဒ် ၌ ၂၆ ကြိမ်မြောက် ကုလသမဂ္ဂခရီးသွားလုပ်ငန်း အထွေထွေညီလာခံ အစည်းအဝေး၏ ပြင်ပတွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
လူဦးရေ သန်း ၉၀ ကျော်ရှိတဲ့ အီရန်ဟာ ကမ္ဘောဒီးယားအတွက် အလားအလာရှိတဲ့ ခရီးသွားဈေးကွက်ဖြစ်လာလိမ့်မယ်လို့ ဟတ် က ပြောပါသည်။
နားလည်မှုစာချွန်လွှာမှတစ်ဆင့် ကမ္ဘောဒီးယားသည် ၎င်း၏ဈေးကွက်ကို အရှေ့အလယ်ပိုင်းသို့ ဖြန့်ကျက်နိုင်ကာ မွတ်ဆလင်နှင့် အဆင်ပြေသော ခရီးသွားလုပ်ငန်းကို ချဲ့ထွင်ကာ အီရန်ခရီးသွားများထံ အရောက်လှမ်းနိုင်ရန် တန်ဖိုးမြှင့်ခရီးသွားလုပ်ငန်းထုတ်ကုန်များနှင့် အမွေအနှစ်ခရီးသွားလုပ်ငန်းများကို ဖန်တီးနိုင်သည်ဟု ၎င်းက ဆိုသည်။

image

မော်ဂန်ရော်ဂျာစ်ကို ၂၀၃၁ ခုနှစ်အထိ အက်စတွန်ဗီလာအသင်း သက်တမ်းတိုးစာချုပ် ချုပ်ဆို

အက်စတွန်ဗီလာအသင်းဟာ အင်္ဂလန်တိုက်စစ်ကစားသမား မော်ဂန်ရော်ဂျာစ်ကို ၂၀၃၁ ခုနှစ်အထိ နှစ်ရှည်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။
မော်ဂန်ရော်ဂျာစ် (၂၃ နှစ်) ဟာ ၂၀၂၄ ဆောင်းရာသီအပြောင်းအရွှေ့မှာ မစ်ဒယ်ဘရော့ကနေ အက်စတွန်ဗီလာအသင်းကို ရောက်ရှိခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ PFA အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိတဲ့အထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ဒါကြောင့် ထိပ်သီးအသင်းတွေရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရပြီး မန်ယူအသင်းရဲ့ ပစ်မှတ်ကစားသမားဖြစ်ကြောင်းလည်း ပြီးခဲ့တဲ့နွေရာသီမှာ သတင်းထွက်ခဲ့ပါတယ်။
ဒါပေမဲ့ အက်စတွန်ဗီလာအသင်းက ဆက်ထိန်းထားနိုင်ခဲ့တဲ့အပြင် သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့တာပါ။
မော်ဂန်ရော်ဂျာစ်က အက်စတွန်ဗီလာအသင်းကို ကိုယ့်အိမ်လိုခံစားရပြီး အားလုံးရဲ့ ယုံကြည်မှုကို ရရှိတဲ့အတွက် စာချုပ်သစ်ချုပ်ဆိုဖို့ မစောင့်နိုင်အောင်တောင် ဖြစ်ခဲ့ရကြောင်း၊ ဒီအသင်းမှာ အရမ်းပျော်ရွှင်နေကြောင်း ပြောကြားခဲ့ပါတယ်။

image

မနေ့ညက နူးကမ့်ကွင်းထဲ သွားရောက်လည်ပတ်ခဲ့ကြောင်း Instagram မှာ မက်ဆီ ဖွင့်ဟ

အင်တာမိုင်ယာမီအသင်းရဲ့ တိုက်စစ်မှူး မက်ဆီက အသင်းဟောင်း ဘာစီလိုနာရဲ့ နူးကမ့်ကွင်းအတွင်း သွားရောက်လည်ပတ်ခဲ့တယ်လို့ Instagram မှာ ဖွင့်ဟခဲ့ပါတယ်။
မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ အထင်ပေါ်အကျော်ကြားဆုံးနဲ့ အအောင်မြင်ဆုံး ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၁ နွေရာသီမှာမှ PSG အသင်းကို ပြောင်းရွှေ့ခဲ့တာပါ။
အဲဒီနောက် ၂၀၂၃ နွေရာသီမှာ လက်ရှိကလပ် အင်တာမိုင်ယာမီအသင်းကို ရောက်ရှိခဲ့တာဖြစ်ပြီး မနေ့ညက နူးကမ့်ကွင်းကို ၂၀၂၁ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ရောက်ရှိခြင်းဖြစ်ကြောင်း သိရပါတယ်။
မက်ဆီက နူးကမ့်ကွင်းအတွင်း အလည်အပတ်ပြန်ရောက်ခဲ့ကြောင်း ပရိသတ်တွေကို အသိပေးခဲ့ရာမှာ ''မနေ့ညက ကျွန်တော့်နှလုံးသားက လွမ်းဆွတ်နေတဲ့နေရာတစ်ခုကို ပြန်ရောက်ခဲ့ပါတယ်။ ကျွန်တော် အရမ်းပျော်ရွှင်ခဲ့ရတဲ့ နေရာတစ်ခု၊ ကမ္ဘာ့အပျော်ရွှင်ဆုံးလူသားအဖြစ် အကြိမ်တစ်ထောင်လောက် ခံစားရအောင် ခင်ဗျားတို့ လုပ်ပေးခဲ့တဲ့ နေရာတစ်ခုပါ။ ဒီနေရာကို တစ်နေ့ ပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ နှုတ်ဆက်စကားပြောဖို့တင် မဟုတ်ပါဘူး'' လို့ မက်ဆီက ရေးသားခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ နူးကမ့်ကွင်းသစ်ကို တည်ဆောက်မှုပြုလုပ်နေဆဲဖြစ်ပြီး ၂၀၂၆ ခုနှစ်မှာ ဖွင့်ပွဲအခမ်းအနားပြုလုပ်ဖို့ ရည်မှန်းထားသလို၊ မက်ဆီကို နှုတ်ဆက်ပွဲပြုလုပ်ပေးဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။
ဒါပေမဲ့ မက်ဆီက နှုတ်ဆက်ရုံတင်မဟုတ်ဘဲ ပြန်လာချင်တယ်လို့ ပြောကြားခဲ့တာကြောင့် စောင့်ကြည့်ရမယ့်အခြေအနေဖြစ်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

image