ဧပြီလတွင် ကစားရမယ့် အာဆင်နယ်နှင့် ပရီးမီးယားလိဂ်အဆုံးအဖြတ်ပွဲအား ပွဲပယ်ခံလာကာ မန်စီးတီးစတား လွဲချော်ရနိုင်ခြေရှိနေ
====================
မန်စီးတီးဟာ ဧပြီလတွင် အမှတ်ပေးဇယားထိပ်ဆုံးမှ အာဆင်နယ်နှင့် ရင်ဆိုင်ကစားရမယ့် ပရီးမီးယားလိဂ်ဖလားအတွက် အဆုံးအဖြတ်ပွဲစဉ်တွင် အရေးပါတဲ့ ကစားသမားတစ်ဦး မပါဝင်ဘဲ ရင်ဆိုင်လာရနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။

ပက်ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ ထိပ်ဆုံးမှ အာဆင်နယ်နှင့် ရမှတ် ၅ မှတ်ကွာဟာ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ဒီနှစ်သင်းဟာ လာမယ့် ဧပြီလမှာ ထိပ်တိုက်တွေ့ဆုံလာမှာ ဖြစ်ပြီး ယင်းပွဲက ပရီးမီးယားလိဂ်ဖလားအတွက် အဆုံးအဖြတ်ပွဲလည်း ဖြစ်လာနိုင်ပါတယ်။

မန်စီးတီးနည်းပြဂွါဒီယိုလာက ပရီးမီးယားလိဂ်လက်ကျန်ပွဲများတွင် အလှည့်အပြောင်းများစွာ ဖြစ်လာနိုင်ခြေ ရှိနေသေးကြောင်း ဆိုထားပါတယ်။

စပိန်လူမျိုနည်းပြက "ရာသီမသိမ်းခင် အများကြီး ဖြစ်လာဦးမယ်။ ကျွန်တော်တို့ လက်ကျန်ပွဲအားလုံးကို အနိုင်မရဘူးဆိုတဲ့ ခံစားချက် ရနေတယ်။ အာဆင်နယ်ကိုတော့ မသိပါဘူး။ ဒီခံစားချက် ဘာကြောင့် ရှိနေလဲဆိုတော့ အက်ဖ်အေဖလား၊ ချန်ပီယံလိဂ်ပွဲတွေလည်း ကစားရဖို့ ရှိနေလို့ပါ။ ခက်ခဲလာပါမယ်။ ပွဲတွေ အများကြီး အများကြီး ကစားရမယ်။ ဒဏ်ရာတွေ ကြုံလာမယ်။ အကောင်းဆုံးနည်းလမ်းက အခုအချိန် စိတ်အေးလက်အေးထားပြီး လိဒ်ပွဲ အာရုံစိုက်ဖို့ပါ။ ပြီးတော့မှ ဘာဖြစ်လာမလဲ ကြည့်မယ်။ ကျွန်တော့်တို့အဆင့် အပေါ် မူတည်တယ်။ ပိုပြီး ပိုပြီးတော့လည်း ကောင်းနေဖို့ လိုတယ်"လို့ ပြောကြားသွားပါတယ်။

တဖက်တွင် မန်စီးတီးဟာ အသင်းခေါင်းဆောင်ဘာနာဒိုဆေးလ်ဗားမှာ ၂ ပွဲပယ်ပြစ်ဒဏ်ကျခံလာနိုင်ခြေရှိနေမှုနှင့်အတူ အာဆင်နယ်နှင့်ပွဲကို လွဲချော်လာနိုင်တဲ့ အခြေအနေနှင့် ကြုံနေရပါတယ်။

ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ ယခုရာသီတွင် ပရီးမီးယားလိဂ်မှာ အဝါကတ် ၈ ကတ်ပြသခြင်းခံထားရပြီး ဖြစ်ကာ နောက်ထပ် ၂ ဝါပြသခြင်းခံလာရပါက ၂ ပွဲပယ်ပြစ်ဒဏ်ကျခံလာရပါမယ်။

ယခုရာသီတွင် မန်စီးတီးရဲ့ ပရီးမီးယားလိဂ်ပွဲတိုင်းတွင် ပါဝင်ကစားထားတဲ့ ဘာနာဒိုဆေးလ်ဗားဟာ မန်စီးတီးနှင့်အတူ ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ လိဂ်ဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်ဆွတ်ခူးထားကာ မန်စီးတီးရဲ့ အအောင်မြင်ဆုံးကစားသမားများထဲမှ တစ်ဦးလည်း ဖြစ်ပါတယ်။

မန်စီးတီးဟာ ဧပြီလ ၁၈ ရက်နေ့တွင် အီတီဟတ်ကွင်းတွင် အာဆင်နယ်ကို ဧည့်ခံကစားရပါမယ်။ မန်စီးတီးဟာ အာဆင်နယ်နှင့်ပွဲမတိုင်မီ လိဒ်၊ နော်တင်ဟမ်ဖောရက်စ်၊ ဝက်စ်ဟမ်း၊ ခရစ္စတယ်ပဲလေ့စ်၊ ချဲလ်ဆီးတို့နှင့် ရင်ဆိုင်ရပါမယ်။

ဘာနာဒိုဆေးလ်ဗားအနေဖြင့် အာဆင်နယ်နှင့်ပွဲအား ပွဲပယ်ပြစ်ဒဏ်ကျခံလာရနိုင်ခြေ ရှိမှုအား အစောပိုင်းပွဲများတွင် အဝါကတ်ပြသမှုများ ခံယူကာ ရှောင်လွဲလာခွင့်လည်း ရှိနေပါတယ်။

တဖက်တွင် မန်စီးတီးနှင့် အာဆင်နယ်တို့ဟာ မတ်လ ၂၂ ရက်နေ့တွင် ခါရာဘောင်ဖလားဗိုလ်လုပွဲလည်း ကစားရန် ရှိနေပါတယ်။

image