ရန်ကုန်မြို့အ​ခြေစိုက် သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီး တွေ့ဆုံ

မြန်မာနိုင်ငံ၏ ပကတိမြေပြင် အခြေအနေများကို သံတမန်များအနေဖြင့် သက်ဆိုင်ရာအစိုးရများထံ မှန်ကန်စွာတင်ပြရန် နိုင်ငံခြား​ရေးဝန်ကြီး တိုက်တွန်း
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့်ပတ်သက်၍ ရန်ကုန်မြို့အခြေစိုက်သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းမှ ကိုယ်စားလှယ်များကို ရန်ကုန်မြို့ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဝန်ဇင်းမင်းရာဇာခန်းမ၌ နိုဝင်ဘာ ၁၂ ရက် နံနက် ပိုင်းတွင်​တွေ့ဆုံ၍ ရှင်းလင်းပြောကြားမှုပြုလုပ်ခဲ့​ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေက မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတပြီး အားလုံးပါဝင်သော ရွေးကောက်ပွဲဖြစ်စေရန် ပြင်ဆင်နေမှုများ၊ ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပမည့်အစီအစဉ်များ၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသည့် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများအား ကန့်သတ်ထားခြင်းမရှိဘဲ ဥပဒေစည်းမျဉ်းစည်းကမ်းများ နှင့်အညီ မှတ်ပုံတင် ခွင့်ပြုခဲ့ခြင်း၊ ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဖြစ်စေရန်အတွက် ပြည်တွင်းပြည်ပမှ လေ့လာသူအဖွဲ့များ၊ နိုင်ငံတကာမှ သံတမန် များနှင့် အဖွဲ့အစည်းများအား ဖိတ်ကြားထားခြင်း၊ ပြည်တွင်း ပြည်ပမှမီဒီယာများအား မှတ်ပုံတင် ခွင့်ပြုထားခြင်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့​ကြောင်း သိရသည်။
ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံးကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်ရန်နှင့် ထိတွေ့ ဆွေးနွေးမှုများမှတစ်ဆင့် နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်ရန် ဖိတ်ခေါ်မှု အခြေအနေများ၊ နယ်စပ် ဒေသများကို အခြေပြု၍ ဖြစ်ပေါ်နေသည့် နိုင်ငံဖြတ်ကျော်မှုခင်းများ၊ နယ်စပ်အခြေပြု လက်နက်ကိုင်အဖွဲ့များက ကာစီနို၊ အွန်လိုင်းလောင်းကစားစသည်တို့ကို နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းများနှင့် အတူ ကျူးလွန်ဆောင်ရွက်နေမှုများကို တိုက်ဖျက်နေသည့်ကိစ္စများ၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စ၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအထိ ၂ နှစ်ကျော်ကာလအတွင်း မြန်မာနယ်စပ်သို့ အိမ်နီးချင်းနိုင်ငံမှတစ်ဆင့် တရားမဝင် ရောက်ရှိနေသည့် နိုင်ငံပေါင်း ၅၂ နိုင်ငံမှ နိုင်ငံခြား သား ၆၇,၉၈၂ ဦး အား အိမ်နီးချင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများထံသို့ ပြန်လည် လွှဲပြောင်း ပေးမှုအခြေအနေများ၊ အိမ်နီးချင်း နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့ မဲ့ထော်သလေး KK Park နယ်မြေများတွင် အခိုင်အမာအခြေချ၍ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်နေသည့် ဂိုဏ်းများအား တိုက်ဖျက်ခြေမှုန်းနေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံသို့ တရားမဝင်ဝင်ရောက်သူများ၏ ၉၉ ဒသမ ၅ ရာခိုင်နှုန်းမှာ အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် ကုန်းလမ်းမှ ဝင်ရောက်လာခြင်း၊ ယင်းရာဇဝတ်ဂိုဏ်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းများသည် အင်တာနက်၊ လျှပ်စစ်မီး၊ ငွေကြေးလွှဲပြောင်းမှုများကို အိမ်နီးချင်းနိုင်ငံများမှ အခြေခံအဆောက်အအုံများကို အသုံးပြုဆောင်ရွက်ကြောင်း တွေ့ရှိရသဖြင့် အဆိုပါ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို တိုက်ဖျက်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ၏ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ပြည်​ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်ဟု သိရသည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ပကတိမြေပြင် အခြေအနေ များကို သံတမန်များအနေဖြင့် သက်ဆိုင်ရာအစိုးရများထံ မှန်ကန်စွာ တင်ပြရန် တိုက်တွန်း ပြောကြားသည်။
ယင်းအပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများက အီလက်ထရောနစ်မဲပေးစက် အသုံးပြု၍ မဲပေးပုံနည်းစနစ်အကြောင်း ရှင်းလင်းသရုပ်ပြခဲ့ရာ တက်ရောက်လာသည့် သံတမန်များက Electronic Voting Machine ကို လက်တွေ့ စမ်းသပ် အသုံးပြုခြင်း၊ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရာတွင် မြန်မာနိုင်ငံ၌ မထုတ်လုပ်နိုင်သည့် ဓါတုအခြေပြု မူးယစ်ဆေးဝါးများ နယ်စပ်နိုင်ငံများမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်နေမှုများ ထိန်းချုပ်နိုင်ရေး၊ EAOs များ အဓိကပါဝင်နေပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးတည်ငြိမ်မှုနှင့် တိုက်ရိုက်သက်ဆိုင်နေခြင်းတို့ကြောင့် အလေးထားဆောင်ရွက်နေကြောင်းနှင့် ယင်းကို အိမ်နီးချင်းနိုင်ငံများက ဝိုင်းဝန်းထိန်းချုပ်ပေးရန် နှင့် အလေးထားစောင့်ကြည့်အရေးယူ ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံလိုကြောင်း ပြောကြားခဲ့​​ကြောင်း သိရသည်။
အွန်လိုင်း လောင်းကစားဂိုဏ်းများ တိုက်ဖျက်ရာ၌ ထိန်းသိမ်း၍ ပြန်လည်ပို့ဆောင်ခဲ့ရသူ အချို့၏ ဖြေကြားချက်များကို ဗွီဒီယိုဖြင့် ပြသရှင်းလင်းခဲ့ပြီး KK Park ရှိ အဆောက်အဦ စုစုပေါင်း ၆၂၅ လုံးအနက် ပထမအဆင့်တွင် ၁၄၈ လုံး ဖြိုချဖျက်ဆီးနေခြင်း၊ ဒုတိယအဆင့်တွင် ၆၂ လုံး၊ တတိယ အဆင့်တွင် ၄၂၅ လုံး ဆက်လက်ဖြိုချမည့် အခြေအနေတို့ကို ပြောကြားခဲ့ကာ ရောက်ရှိနိုင်ငံ၊ မူရင်းနိုင်ငံနှင့် တစ်ဆင့်ခံနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု အရေးကြီးကြောင်း ဆွေးနွေးခဲ့သည်ဟုသိရသည်။
ယင်းနောက် တက်ရောက်လာသည့် သံတမန်များက သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး၊ တာဝန်ရှိသူများက ပြန်လည်ဖြေကြားမှုပြုလုပ်ခဲ့​ကြောင်း သိရသည်။

image