မုဒုံ ကတုံး​ပေါ်ရွာမှာ မီးလောင်မှု အိမ်ခြေ ၆၀ ကျော် မီးလောင်ပျက်စီး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကတုံးပေါ်ရွာမှာ ဒီကနေ့ ဇန်နဝါရီ ၈ ရက်နေ့ ၊ မနက် ၁၂ နာရီလောက်က မီးလောင်မှု ဖြစ်ပွားပြီး အိမ်ခြေ ၆၀ ကျော်လောက် မီးလောင် ပြာကျ ပျက်စီးမှု ရှိခဲ့တယ်လို့ ရွာခံတွေဆီက သိရပါတယ် ။
လက်ရှိမှာ မီးငြိမ်းသွားပေမယ့် မီးကြွင်းမီးကျန်တွေ ကျန်ရှိနေသေးတဲ့အတွက် မီးငြိမ်းသတ်နေရဆဲ ဖြစ်တယ်လို့ သိရပါတယ် ။
" အိမ်ခြေ ၆၀ ကျော် ပြာကျသွားပါပြီ။ ဖြစ်စဥ်က ပေါ့ဆမီးပါ ။ ရွာမြောက်ပိုင်းက အိမ်ခြေအ တန်း လေးတန်းလုံး မီးလောင်သွားတယ်။အိမ်ကြီးတွေလည်း ရှိသလို ဖက်အိမ်တွေလည်း ရှိတော့ အကုန်ပါသွားတယ်။ ဘာပစ္စည်းမှလည်း ယူချိန်မရခဲ့ဘူး ။ မီးကြွင်းမီးကျန်ကတော့ အများကြီးကျန်သေးတယ်။ လေတိုက်နေတော့ လောင်နေတာ။ မီးကငြှိမ်းနေ တုန်းပဲ ။ " လို့ ကတုံးပေါ် ရွာဒေသခံ မကြူ ကပြောပါတယ်။
ကတုံးပေါ်ရွာ မီးလောင်မှုက အချိန် တနာရီလောက်ကြာမြင့်ခဲ့ပြီး မီးလောင်စဥ်အတွင်း လေတိုက်နူန်း ကောင်းခဲ့တာ ကြောင့် အိမ်ခြေ ၆၀ ကျော်လောက်အထိ မီးလောင်ပြာကျ ပျက်စီးသွားတာ ဖြစ်တယ် လို့သိရပါတယ် ။
" မီးစလောင်တာက ၁၂ နာရီလောက်က စလောင်တယ်။မီးက ခဏလေးအတွင်း အိမ်အတော်ပါသွားတယ်။လေကလည်း တိုက်တော့ မီးတွေကူးသွားတယ်။မီးသတ်ကားကလည်း နည်းနည်းဝေးတော့ ချက်ခြင်း ရောက်မလာနိုင်တော့ မီးထိန်းချုပ်တာ နည်းနည်း ကြာသွားတယ်။မီးသတ်ကားက ၁၅ စီး ၊ အစီး၂၀ လောက် ငြှိမ်းသတ်တာ တွေ့ရတယ်။ " ကတုံးပေါ် ရွာခံ နောက်တယောက်က ပြောပါတယ်။
မီးငြိမ်းသတ်မှုကိုတော့ မွန်ပြည်နယ် မွန်ပြည်နယ် မီးသတ်စခန်းက အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ မုဒုံမြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မော်လမြိုင်မြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၅)စီး နဲ့အတူ လူမှုကူညီရေး အသင်းက ရေသယ်ယာဥ်တွေ ၊ ဒေသခံနဲ့အတူ ပူးပေါင်းပြီး မီးငြိမ်းသတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ ညကလည်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်ကွက်၊ ဒိုဘီချောင်ဝင်းအတွင်းမှာလည်း မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူနေအိမ် လေးလုံး မီးလောင် ဆုံးရှုံးခဲ့ပါတယ်။
အလားတူ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၂)၊ ရန်နိုင်ရပ်ကွက်မှာလည်း ဒီဇင်ဘာ ၃၁ ရက်နေ့ ညက မီးလောင်မှု ဖြစ်ပွားပြီး လူနေအိမ် ၆၂ လုံး ပျက်စီး ဆုံးရှုံး ခဲ့ပြီး လူဦးရေ ၃၄၀ ကျော် မီးဘေး သင့်ခဲ့ရပါတယ် ။

image

နိုင်ငံတကာ အဖွဲ့အစည်း ၆၆ ခုကနေ အမေရိကန်ပြည်ထောင်စု နုတ်ထွက်

အမေရိကန်ပြည်ထောင်စုဟာ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများစွာကနေ နုတ်ထွက်လိုက်ပါတယ်။
အဖွဲ့ ၆၆ ဖွဲ့အနက် ထက်ဝက်နီးပါးဟာ ကုလသမဂ္ဂ အဖွဲ့အစည်းတွေဖြစ်ပြီး ကမ္ဘာကြီးပူနွေးလာမှုကို တိုက်ဖျက်ဖို့ နိုင်ငံတကာကြိုးပမ်းမှုအားလုံးကို အခြေခံတဲ့ စာချုပ်ဝင်နိုင်ငံတွေနဲ့ ဖွဲ့စည်းထားတာပါ။
ဒီအဖွဲ့အစည်းတွေဟာ အမေရိကန်အကျိုးစီးပွားအတွက်အကျိုးမရှိတာ၊ ထိရောက်မှုမရှိတာ သို့မဟုတ် ရန်လိုတဲ့ အစီအစဉ်တွေကို မြှင့်တင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာတွေကြောင့် အခုလို နုတ်ထွက်တာလို့ အိမ်ဖြူတော်က ပြောပါတယ်။
ထရန့်ဟာ သူမနှစ်သက်တဲ့ အဖွဲ့အစည်းများစွာအတွက် ရန်ပုံငွေတွေကို ယခင်ကလည်း ရုပ်သိမ်းခဲ့ပါတယ်။ အိမ်ဖြူတော်ကတော့ ဒါဟာ အခွန်ထမ်းပြည်သူတွေရဲ့ ငွေတွေကို အလဟဿဖြစ်စေတယ်လို့ ပြောပါတယ်။ အကြောင်းရင်းတွေကို ပြန်လည်သုံးသပ်ပြီးနောက် ဗုဒ္ဓဟူးနေ့မှာတော့ အဖွဲ့အစည်းတွေက နုတ်ထွက်ကြောင်း အမိန့်ကို ထရန့်က လက်မှတ်ရေးထိုးခဲ့တာပါ။
အဖွဲ့အစည်းအများအပြားဟာ အမေရိကန်ရဲ့ အချုပ်အခြာအာဏာ၊ စီးပွားရေးအင်အားနဲ့ ပဋိပက္ခဖြစ်စေတဲ့ အစွန်းရောက်ရာသီဥတုမူဝါဒတွေ၊ ကမ္ဘာလုံးဆိုင်စည်းမျဉ်းတွေနဲ့ အယူဝါဒဆိုင်ရာအစီအစဉ်တွေကို မြှင့်တင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။
ကမ္ဘာတဝန်းရှိ ရာသီဥတုသိပ္ပံကို အကဲဖြတ်တဲ့ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရအချင်းချင်းဆွေးနွေးရေးအဖွဲ့ (IPCC) ကိုလည်း နုတ်ထွက်စာရင်းမှာ ထည့်သွင်းထားပါတယ်။
အခြားကုလသမဂ္ဂအဖွဲ့အစည်းတွေမှာတော့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ၊ မိသားစုစီမံကိန်း၊ မိခင်နဲ့ကလေးကျန်းမာရေးနဲ့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေအတွက် လုပ်ဆောင်နေတဲ့ အဖွဲ့တွေပါဝင်ပါတယ်။
အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေက တက်ရောက်လာသော အထက်လွှတ်တော်အမတ် သုံးပုံနှစ်ပုံ သဘောတူညီပါက စာချုပ်တွေမှာ ပါဝင်ခွင့်ပြုထားပေမယ့် နုတ်ထွက်ရင် ဘယ်လိုသတ်မှတ်လည်းဆိုတာမျိုး အတိအကျ ဖော်ပြမထားတာကြောင့် ထရန့်ရဲ့ လုပ်ရပ်ဟာ ဥပ‌ဒေရေးရာ စိန်ခေါ်မှုတွေ ရှိလာနိုင်ပါတယ်။

image

လယ်ဧက သုံးသိန်းကျော်ကို Rice Export Zone သတ်မှတ်ပြီး ဇုန်အတွင်းပါ လယ်တဧကကို ကျပ်လေးသိန်းခွဲ အတိုးမဲ့ ထုတ်ချေးပေးမယ်

ယခုနှစ် နွေစပါးရာသီမှာ Rice Export Zone အဖြစ် လယ်ဧက သုံးသိန်းလေးသောင်း ( ၃၄၀၀၀၀)ကို သီးသန့် စပါးစိုက်ပျိုးတဲ့ စနစ် စတင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ် MRF က သိရပါတယ် ။
နေပြည်တော် ၊ ပဲခူးတိုင်း ၊ရန်ကုန်တိုင်း နဲ့ ဧရာဝတီ တိုင်းထဲက နွေစပါးစိုက်ဧက အများစုမှာ စတင်ဆောင်ရွက်မှာ ဖြစ်ပြီး လက်ရှိမှာ ကော်မတီတွေလည်း ဖွဲ့စည်းထားပြီး ဖြစ်တယ်လို့ သိရပါတယ် ။
Rice Export zone ဧရိယာအတွင်း စပါးစိုက်ပျိုးမယ့် တောင်သူတွေကို အစိုးရက အတိုးမဲ့နဲ့ ငွေကျပ် နှစ်သိန်းငါးသောင်း ( ၂၅၀၀၀၀) ထုတ်ချေးပေးမှာ ဖြစ်သလို Export ကုမ္ပဏီတွေကလည်း လယ်တဧကကို နှစ်သိန်းကျပ် (၂၀၀၀၀၀) နူန်း ထုတ်ချေးပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
"စိုက်ပျိုးတဲ့ ကုန်ကျစရိတ်အတွက် အတိုးမရှိ ထုတ်ချေးပေးတာ မျိုးပါ။ စပါးပေါ်ချိန်ရောက်ရင် ပြန်ဆပ်ရမှာပေါ့ ။ ဒီExport Zone ထဲပါတဲ့ တောင်သူတွေက စပါးပေါ်ချိန်ဆိုရင်လည်း ဝယ်သူမရှိမှာ မပူရဘူး ။ ထွက်သမျှစပါးကို ပေါက်စျေး အကုန်ဝယ်ပေးမှာဆိုတော့ တောင်သူလည်း အဆင်ပြေတယ်လို့ ယူဆပါတယ် ။ Zone ဖော်မယ်ဆိုရင် လယ်ဧက တစုတဝေးထဲ ဖြစ်ဖို့တော့လိုပါတယ်။ " လို့ MRF အဖွဲ့ဝင် တယောက်က ပြောပါတယ် ။
Rice Export Zone ဖော်ဆောင်တဲ့အခါ ဇုန်တခုမှာ စိုက်ဧက အနည်းဆုံး လယ်ဧက တကွင်းတစပ်တည်း ဧက ၁၀၀ စိုက်ပျိုးရန် သတ်မှတ်ထားပြီး စပါးစိုက်ပျိုးတဲ့အခါ ပြည်ပကို တင်ပို့နေတဲ့ ဆန်အမျိုးအစား တွေထဲက စပါးမျိုးကွဲ သုံးမျိုးသာ စိုက်ပျိုးရမှာ ဖြစ်တယ်လို့ သိရပါတယ် ။
ပြည်ပကို တင်ပို့နေတဲ့ ဆန်နဲ့ဆန်ကွဲ အမျိုးအစားတွေကတော့ ဧည့်မထ/ငစိန် အုပ်စုဝင်တွေဖြစ်တဲ့ ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ငစိန် ရာကျော်၊ ကရင်မ၊ ထွန်းပု၊ GW-11 ၊ စောရှုပ်၊ ၇၄၇၊ သီးပု၊ နှံကောက် စတဲ့ ဆန်ကြမ်းအုပ်စုတွေ ဖြစ်တယ်လို့သိရပါတယ်။
Export Zone အတွင်းပါတဲ့ လယ်ဧက တွေအနေနဲ့ စပါးအထွက်နူန်း ကောင်းရေး ၊ အရည်အသွေး ကောင်းဖို့ နဲ့ ဓာတ်မြေဩဇာ သုံးစွဲမှုအပိုင်းကို အဓိကထား ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ် ။
စပါးစိုက်တောင်သူတွေကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ စပါးစျေးကွက် ကျဆင်းပြီး အရှုံးပေါ်တဲ့ အခြေအနေကြောင့် နွေစပါးကို စိုက်ပျိုးလိုခြင်း မရှိဘဲ အခြားသီးနှံကို ပြောင်းလဲ စိုက်ပျိုးဖို့ ဆန္ဒရှိနေကြတယ်လို့ သိရပါတယ်။
" စပါးစျေးက မြင်တဲ့အတိုင်းပဲ ။မနှစ်ကတည်းက ရှုံးတာ ။ခုနှစ်မိုးစပါးလည်း ရှုံးတယ်။ အရှုံးတွေ ဆက်တိုက်ဖြစ်နေတော့ ဖြစ်နိုင်ရင် နွေစပါးကို မစိုက်ချင်ဘူး ။ ဒါပေမယ့် မစိုက်လို့ မရဘူး ပြောတော့ မဖြစ်မနေ စိုက်ရတော့မှာပါ။ စိုက်ရင်လည်း ကိုယ့်စိတ်ကြိုက်မဟုတ်ဘဲ စပါးအစေ့ချစက်နဲ့ ကြဲချရမယ် ပြောတယ်။ခုစပါးစျေး အတိုင်းဆိုရင်တော့ ရှုံးအုံးမှာပဲ ။ ကျွန်တော်တို့က မတ်ပဲစိုက်ချင်တာ ။ နွေရေမလွှတ်ရင် စိုက်လို့ရတယ်။ Export Zone လုပ်မယ်ဆိုတာကတော့ ကျွန်တော်တို့ဘက် မပြောသေးဘူး။ မဖြစ်မနေ စိုက်ရမယ်ဆိုရင် စိုက်ပျိုးစရိတ်ကို အတိုးမရှိ နဲ့ ထုတ်ချေးပေးရင် နည်းနည်းတော် သေးတာပေါ့။ " လို့ ပဲခူးအနောက် တောင်သူ တယောက်က ပြောပါတယ် ။
နွေစပါးရာသီမှာက စပါးစိုက်ပျိုးတဲ့အခါ သက်တမ်းတိုပြီး အထွက်နူန်းကောင်းတဲ့ စပါးမျိုးတွေကိုသာ အဓိက စိုက်ပျိုးမှု ရှိကြတာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ စပါးစျေးကွက်က အကျစျေးမှာပဲ ဆက်ရှိနေပြီး ဒီနှစ် မိုးစပါးစျေးက အနိမ့်ဆုံး တဆယ့်လေးသိန်း ဝန်းကျင် ( ၁၄၀၀၀၀၀) လောက်သာ စျေးရှိပြီး ဧရာဝတီတိုင်းကထွက်တဲ့ ပေါ်ဆန်း တွေကတော့ အတန်သင့် စျေးရှိနေတယ်လို့ သိရပါတယ်။
အလားတူ မကွေးတိုင်းကထွက်ရှိတဲ့ ဧရာပဒေသာ စပါး ၊ စစ်ကိုင်းက ထွက်ရှိတဲ့ ရွှေဘိုပေါ်ဆန်းမွှေး ကတော့ စပါးစျေးကွက်မှာ စျေးတန်းအမြင့်ဆုံး နဲ့ ရှိနေတာ ဖြစ်ပါတယ်။
ခုနှစ် မိုးစပါးရာသီမှာ စပါးအထွက်နူန်း လျော့ကျပြီး စပါးစျေးကွက် ကျဆင်းခဲ့တဲ့ အခြေအနေကြောင့် တောင်သူတွေ အရှုံးနဲ့ ရင်ဆိုင်ခဲ့ကြရတယ်လို့ သိရပါတယ်။

image

အရှေ့တရုတ်ပင်လယ်မှာ ဓါတ်ငွေ့တူးဖော်မှု တရုတ်ကို ဂျပန်ကန့်ကွက်

အရှေ့တရုတ်ပင်လယ်ရှိ ဓာတ်ငွေ့သိုက်တွေ ကြွယ်ဝတဲ့ ဧရိယာတခုမှာ တရုတ် ရွေ့လျားတူးဖော်ရေး သင်္ဘောတစင်း တူးဖော်မှုတွေလုပ်နေတာနဲ့ ပတ်သက်ပြီး ကန့်ကွက်စာပို့ထားတယ်လို့ ဂျပန်တာဝန်ရှိသူသူတွေက ပြောပါတယ်။
ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်လာရင် စစ်ရေးအရ ဝင်စွက်ဖက်နိုင်တယ်လို့ ဂျပန်ဝန်ကြီးချုပ် တာကာအိချိက နိုဝင်ဘာလမှာ ပြောဆိုခဲ့တာကြောင့် နှစ်နိုင်ငံဆက်ဆံရေးတင်းမာလာချိန်မှာ အခုလို ကန့်ကွက်မှု ထွက်ပေါ်လာတာပါ။
ဂျပန်နဲ့ တရုတ်တို့ဟာ အရှေ့တရုတ်ပင်လယ်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ အရင်းအမြစ်တွေကို ပူးပေါင်းဆောင်ရွက်ဖို့ ၂၀၀၈ ခုနှစ် ဇွန်လမှာ သဘောတူညီခဲ့ကြပေမယ့်လည်း နှစ်နှစ်အကြာမှာ ဆွေးနွေးပွဲတွေ ရပ်တန့်သွားပြီး ပြန်လည်စတင်ခြင်း မရှိသေးပါဘူး။
"နှစ်နိုင်ငံ အလယ်မျဉ်းရဲ့ တရုတ်ဘက်ခြမ်းမှာ ရွေ့လျားတူးဖော်ရေးသင်္ဘောတစင်းကို ကျောက်ချပြီး လုပ်ငန်းလည်ပတ်နေတယ်ဆိုတာ အတည်ပြုထားပါတယ်" လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် မီနိုရူကီဟာရာက ပြောပါတယ်။
အရှေ့တရုတ်ပင်လယ်ရှိ သီးသန့်စီးပွားရေးဇုန်နဲ့ ကမ်းလွန်ရေတိမ်ပိုင်း နယ်နိမိတ်တွေကို မဆုံးဖြတ်ရသေးချိန်မှာ တရုတ်နိုင်ငံက တဖက်သတ် လုပ်ငန်းလုပ်ဆောင်နေတာဟာ စိတ်မကောင်းစရာလို့ ကီဟာရာက ပြောပါတယ်။ ဒီကိစ္စကို သံတမန်လမ်းကြောင်းအရ ပြင်းပြင်းထန်ထန် ကန့်ကွက်ထားတယ်လို့ ဆိုပါတယ်။
တရုတ်သင်္ဘောဟာ ဓာတ်ငွေ့မြေအသစ်တခုအတွက် စူးစမ်းရှာဖွေရေး တူးဖော်မှုတခုလို့ ယုံကြည်ရကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြထားပါတယ်။

image

ရွှေပြည်သာ COSTEC စက်ရုံ လုပ်သားတွေရဲ့ တောင်းဆိုမှု အလုပ်ရှင်ဘက်က ညှိနှိုင်းပေးစေလို

ရန်ကုန်တိုင်း၊ ရွှေပြည်သာစက်မှုဇုန် (၃) ရှိ COSTEC International ကုမ္ပဏီ အထည်ချုပ်စက်ရုံ လုပ်သားတွေရဲ့ လုပ်ခလစာ တိုးမြှင့်ရရှိရေး တောင်းဆိုမှုအတွက် အလုပ်ရှင်ဘက်က လျစ်လျူရှုမထားဘဲ ညှိနှိုင်းပေးမှု တစုံတရာ ဆောင်ရွက်ပေးစေလိုတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
COSTEC International Co.,Ltd (လက်ရှိ JOC အမည်နဲ့ လည်ပတ်နေတဲ့) အထည်ချုပ်စက်ရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေဟာ လစာ တိုးမြှင့်ရရှိရေးအပြင် ဖြတ်တောက်ခံရတဲ့ လုပ်ခလစာ ပြန်လည် ရရှိနိုင်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့မှစတင်ကာ တောင်းဆိုနေကြခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“လုပ်ငန်းရှင်ဘက်ကတော့ အော်ဒါမရှိဘူးလို့ ပြောထားတယ်။ ဧပြီလကျမှ အော်ဒါရမယ်ပေါ့။ အော်ဒါ မရှိဘူးဆိုတော့ မညှိဘဲနဲ့ အချိန်ဆွဲထားနိုင်တယ်။ ဒါပေမယ့် တခုရှိတာက ဥပမာပေါ့၊ သူ့လုပ်ငန်းကို မရပ်ဘူး၊ သူက ဆက်သွားမယ်လို့ ဆုံးဖြတ်တယ်ဆိုရင် ဒီတောင်းဆိုမှုကို ညှိကို ညှိနှိုင်းရမယ်။ အဲဒီလိုမှမဟုတ်ဘဲ စက်ရုံထဲမှာ တောင်းဆိုမှုတွေရှိနေတာကို မညှိနှိုင်းဘူးဆိုရင်တော့ ဒါက အလုပ်သဘောအရ မဟုတ်တော့ဘူး” လို့ အလုပ်သမားအရေး ဆောင်ရွက်သူက ပြောပါတယ်။
လက်ရှိ စက်ရုံအ‌များစုဟာ အခုလိုမျိုး တောင်းဆိုမှုတွေအတွက် ညှိနှိုင်းပေးမှုမျိုး မရှိကြတာကို တွေ့နေရပြီး ဒါဟာ Labour standard နဲ့ ကိုက်ညီမှုမရှိဘဲ တကယ် အဆင့်ရှိတဲ့ လုပ်ငန်းရှင်တယောက်၊ သူ့ရဲ့လုပ်ငန်းလည်း ဆက်ပြီး ရပ်တည်မယ် ဆိုရင်တော့ မဖြစ်မနေ ညှိနှိုင်းပေးရမှာသာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“အလုပ်သမားနဲ့ အလုပ်ရှင်ဆိုတာ အလုပ်သမားတောင်းတိုင်း အပြည့် ပေးရမယ်လို့ မဟုတ်ဘူး။ အလုပ်သမားကတော့ သူ့လိုအပ်ချက်အရ တောင်းမှာပဲ။ အလုပ်ရှင်က သူပေးနိုင်တဲ့ အတိုင်းအတာကို အလုပ်သမားနဲ့ ညှိပေးရမယ်။ အဲဒါကိုမှ ငါကတော့ အော်ဒါမရှိဘူး၊ မပေးဘူးလို့ ယတိပြတ်ကြီး ပြောလိုက်တာမျိုးက ဒါက ဥပဒေကို စည်းကြပ်နေတဲ့ ဦးစီးတွေရဲ့ အားနည်းချက်လို့ပဲ မြင်တယ်” လို့ သူက ပြောပါတယ်။
COSTEC စက်ရုံမှ လုပ်သား ၁၀၀၀ ကျော်ဟာ ၎င်းတို့ရဲ့ ရပိုင်ခွင့်တွေအတွက် စက်ရုံ တာဝန်ရှိသူတွေကို တောင်းဆိုမှုတွေ ပြုလုပ်လျက်ရှိသလို အင်းစိန်မြို့နယ်ရှိ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန (အလရ) ကိုလည်း အကြိမ်ကြိမ် တိုင်ကြားထားပေမယ့် လက်ရှိအချိန်အထိ ထိရောက်တဲ့ ဖြေရှင်းပေးမှုမျိုး မရှိသေးဘူးလို့ သူက ပြောပါတယ်။
“လက်ရှိ အလုပ်သမားတွေဘက်ကတော့ ညိနှိုင်းတာ မပြေလည်တဲ့အတွက် သူတို့ တောင်းဆိုထားမှုအတိုင်း ဆက်သွားနေတယ်။ အခုကတော့ အလရ ရုံးမှာက လုပ်ခလစာ ကျန်ငွေပေါ့။ အောက်တိုဘာ လစာနဲ့ နိုဝင်ဘာလစာက တသိန်းခွဲ ကွာတယ်။ အောက်တိုဘာ လစာနဲ့ ဒီဇင်ဘာလစာက နှစ်သိန်း ကွာတယ်။ အဲဒီလို လစာ ကွာဟမှုအတွက် အလရ ရုံးမှာ ကိုယ်စားလှယ်တွေက အခု သွားရှင်း‌နေတယ်။ မြို့နယ်အထည်ချုပ် အလုပ်သမားအဖွဲ့က ကိုယ်စားလှယ်တွေလည်း သွားရှင်းပေးနေတယ်” လို့ သူက ပြောပါတယ်။
လက်ရှိအချိန်ထိတော့ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေဟာ ပြေလည်မှု မရရှိသေးဘူးလို့ သိရပြီး အလုပ်ရှင်ဘက်က ညှိနှိုင်းမှုကို ငြင်းဆန်ကာ ပထမရက်မှာတော့ ရက်မှန်ကြေးကို ၂၀၀ ကျပ်၊ နောက်ရက်မှာတော့ တသောင်းကျပ်အထိ တိုးပေးပေမယ့် အလုပ်သမားတွေက လက်ခံခြင်း မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။
ဒါအပြင် စက်ရုံက “No Work No Pay” ဆိုတဲ့ စာသားပါ ကြော်ငြာစာကို မနေ့ ဇန်နဝါရီ ၇ ရက်က ထုတ်ပြန်ခဲ့ပြီး လုပ်ငန်းရှင်ဘက်မှ အလုပ်လုပ်ဖို့ ညှိနှိုင်းပေမယ့်လည်း အလုပ်သမားတွေ အားလုံး အလုပ်လာပြီး အလုပ်မလုပ်တဲ့အတွက် အခုလို ကြော်ငြာစာ ထုတ်ပြန်ရခြင်း ဖြစ်တဲ့အကြောင်း လုပ်ငန်းရှင်ဘက်က အသိပေးထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“အလုပ် မလုပ်ရင် ဇန်နဝါရီ ၇ ရက်နေ့ကနေစပြီး ရက်မှန်ကြေး ဖြတ်မယ်၊ “No Work No Pay” သတ်မှတ်လို့ ကြော်ငြာစာ ကပ်ထားတယ်။ ဒါကို သဘောတူတယ်ဆို ကြော်ငြာစာအောက်မှာ လက်မှတ် ထိုးနိုင်တယ်လို့ အသိပေးထားတယ်။ ဘယ်အလုပ်သမားမှ သဘောမတူကြဘူး။ အဲဒီလို သဘောမတူကြတဲ့အတွက် စက်ရုံက အဲဒီ ကြော်ငြာစာကို ဖျက်သိမ်းတယ်ဆိုပြီး ပြောတယ်” လို့ အလုပ်သမား တယောက်က ပြောပါတယ်။
အဲဒီလို ဖျက်သိမ်းသွားပေမယ့်လည်း အလုပ် မလုပ်ဘဲ တောင်းဆိုမှု ပြုလုပ်နေတဲ့ အလုပ်သမားတွေကို စက်ရုံဘက်က ရက်မှန်ကြေး ဖြတ်တောက်မှုတွေ ထပ်မံ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ အလုပ်သမားတွေဟာ ဒေးကြေး တသောင်း နှစ်ထောင်ကျပ် (၉၀၀၀ + ၃၀၀၀)၊ OT ကြေး ၂၅၀၀ ကျပ်နဲ့ ရက်မှန်ကြေး ငါးသောင်းကျပ်၊ Grade ကြေးတွေဖြစ်တဲ့ (A: နှစ်သိန်း၊ B: တသိန်း ခုနစ်သောင်း၊ C: တသိန်းခွဲ)၊ အထည်ကြေး တပတ်တကြိမ် ရှင်းပေးရန်နဲ့ ယူနီဖောင်းပေးရန် စတဲ့ အချက်တွေကို အဓိက တောင်းဆိုနေကြခြင်း ဖြစ်တယ်လို့ သိရပါတယ်။

image

ယူကရိန်းကို နိုင်ငံစုံတပ်ဖွဲ့စေလွှတ်ရင် တရားဝင်ပစ်မှတ်အဖြစ် သတ်မှတ်မယ်လို့ ရုရှားသတိပေး

ရုရှားနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိပါက ဥရောပခေါင်းဆောင်တွေဟာ ယူကရိန်းကို နိုင်ငံစုံတပ်ဖွဲ့တခု စေလွှတ်ဖို့ သဘောတူညီချက်ဟာ တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်တယ်လို့ ရုရှားတာဝန်ရှိသူတွေက သတိပေးလိုက်ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ဒီအစီအစဉ်ကို သတိပေးတဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး ရုရှားတပ်ဖွဲ့တွေအနေနဲ့ အနောက်အုပ်စုရဲ့ တပ်ဖွဲ့တွေကို တရားဝင်တိုက်ခိုက်ရေးပစ်မှတ်တွေ အဖြစ် သတ်မှတ်မယ်လို့ ဆိုပါတယ်။
ဥရောပ ခေါင်းဆောင်တွေဟာ ယူကရိန်းကို ကူညီဖို့နည်းလမ်းတွေကို ဆွေးနွေးဖို့ အင်္ဂါနေ့မှာ ထိပ်သီးအစည်းအဝေးတခု ကျင်းပခဲ့ပြီး ယူကရိန်းသမ္မတ ဇီလန်စကီး အမေရိကန် အထူးသံတမန် စတိဗ်ဝှစ်အော့ဖ်တို့လည်း တက်ရောက်ခဲ့ပါတယ်။
နိုင်ငံစုံတပ်ဖွဲ့ကို အမေရိကန်ပြည်ထောင်စုက ကျောထောက်နောက်ခံ ပံ့ပိုးပေးမှုာဖြစ်ပြီး ပြင်သစ်နဲ့ ဗြိတိန်မှ တပ်ဖွဲ့ဝင်တွေလည်း ပူးပေါင်းပါဝင်ဖွယ်ရှိကြောင်း ဆွေးနွေးပွဲအပြီးထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ယူကရိန်းနဲ့ အမေရိကန်အကြား လုံခြုံရေးအာမခံချက်တွေနဲ့ပတ်သက်ပြီး အပြီးသတ်ဖို့ အခြေခံအားဖြင့် အသင့်ဖြစ်နေပြီလို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။
ဒီအတောအတွင်း ယူကရိန်းအရှေ့တောင်ပိုင်းကို ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် လူတသန်းကျော်ဟာ အပူပေးစနစ်နဲ့ ရေမရရှိဘဲ နာရီများစွာ နေထိုင်ခဲ့ရတယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် ဒီနီပရိုပက်ထရော့ဗ် နဲ့ ဇာပိုရစ်ဇီးယား‌ဒေသတွေရှိ အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။
ရုရှားဟာ ပြင်းထန်တဲ့ ဆောင်းရာသီကာလအတွင်း လျှပ်စစ်ဓါတ်အားထောက်ပံ့မှုကို ရပ်တန့်စေဖို့ရည်ရွယ်ပြီး ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို မကြာသေးမီကာလအတွင်း အပြင်းအထန် တိုက်ခိုက်ခဲ့ပါတယ်။

image

ထိုင်းကလပ်ငယ်လေးသို့ ပြောင်းလာတဲ့ Ballon d'Or ဆုရကမ္ဘာ့ဖလားဆုရှင် ဘရာဇီးဂန္ထဝင်ရဲ့သား
===================

ဘရာဇီးဂန္ထဝင်ရီဗယ်ဒိုရဲ့သားဟာ ထိုင်းကလပ်ငယ်လေး True Bangkok United သို့ ပြောင်းရွှေ့လာပါတယ်။
ရီဗယ်ဒင်ဟိုလို့ လူသိများတဲ့ ရီဗယ်ဒိုဗစ်တာမော့စ်ကာဖာရီရာဂျူနီယာဟာ ကစားသမားဘဝ စာမျက်နှာသစ်တွင် ကြုံလာရမယ့် စိန်ခေါ်မှုအသစ်အတွက် အသင့် ဖြစ်နေကြောင်း ပြောကြားလာပါတယ်။
အသက် ၃၀ နှစ်ရှိ ရီဗယ်ဒင်ဟိုဟာ ဖခင်ဖြစ်သူရဲ့ ကစားသမားဘဝအတွင်း ကြီးမားတဲ့ အောင်မြင်မှုများကြောင့် မျှော်လင့်ချက်ကြီးကြီးမားမား ထားခြင်းခံရကာ ဖိအားများနှင့် ကြုံခဲ့ရသူလည်း ဖြစ်ပါတယ်။
၎င်းက ဖခင်ဖြစ်သူရဲ့ အောင်မြင်မှုမျိုး ၁၀ ရာခိုင်နှုန်း ရရှိလျှင်ပင် ကျေနပ်စရာဖြစ်ကြောင်း ဖင့်ဟထားပါတယ်။
ဒါအပြင် ၎င်းက ကလပ်သစ်တွင် ပြုလုပ်တဲ့ ပထမဆုံးအင်တာဗျူးတွင် ၎င်းမှာ ရီဗယ်ဒိုမဟုတ်ကြောင်း၊ အဖေနှင့် သားအကြား အရည်အသွေးကွာခြားကြောင်း ဆိုထားပါတယ်။
၎င်းက "ဂန္ထဝင်တစ်ဦးရဲ့ သားဖြစ်ရတာ မလွယ်ကူပါဘူး။ လူတွေက သူ(အဖေ)နဲ့ပဲ နှိုင်းယှဉ်ကြတယ်။ ဒါကြောင့်လည်း အင်တာဗျူးတိုင်းမှာ ကျုပ်က ရီဗယ်ဒိုမဟုတ်ဘူး၊ သူ့သားလို့ပဲ ပြောလာရတာပါ။ လူတွေက ကျွန်တော့်အဖေလိုမျိုး လုပ်ပြဖို့ ကျွန်တော့်ဆီက မျှော်လင့်ကြတယ်။ ကျုပ်က သူမဟုတ်ပါဘူး။ သူက ပြိုင်ဘက်ကင်းပါ။ ကျွန်တော်တို့က နာမည်ပဲ တူတာ။ လုံးဝကွဲပြားတဲ့ ကစားသမားတွေပါ။ အရည်အချင်းလည်း ကွဲတယ်။ ကျွန်တော့်မှာ ကိုယ်ပိုင်ကစားသမားဘဝ ရှိတယ်။ သူ့က အံ့ဩစရာကောင်းတဲ့ ကစားသမားဘဝပိုင်ဆိုင်ခဲ့တယ်။ ဒါကို လူတိုင်းကို ပြောနေရတယ်။ သူ့လို ဖြစ်ဖို့ ကျုပ်ဆီက မမျှော်လင့်ပါနဲ့။ လုပ်နိုင်မှာလည်း မဟုတ်ပါဘူး။ မလွယ်ကူတာ မသိပါတယ်။ ဒါပေမယ့် လူတွေက ဒါကို ကောင်းကောင်း နားမလည်ကြဘူး။ ဒီတော့ ဒါနဲ့ပတ်သက်ပြီး အသားကျနေပါပြီ"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ၎င်းက ဖခင်ဖြစ်သူ ရီဗယ်ဒိုမှာ လက်ရှိ သူကစားနေတဲ့ True Bangkok United သို့ လာရောက်လည်ပတ်ရန် သေချာကြောင်းလည်း ဆိုသွားပါတယ်။
၎င်းက "သေချာတယ်။ သူ့က ကျွန်တော့်နဲ့ သူ့မြေးတွေဆီ လည်ပတ်ချင်တယ်။ အချိန်ရရင်တော့ သူ ကျွန်တော်နဲ့ဆီ လာလည်ပြီး ဘန်ကောက်ယူနိုက်တက်ပွဲကို လာကြည့်ပါလိမ့်မယ်"လို့ ဆိုသွားပါတယ်။
ရီဗယ်ဒင်ဟိုဟာ သူ့ကစားသမားဘဝအပေါ်တွင် အပြည့်အဝ အာရုံစိုက်ထားပြီး ကလပ်သစ်တွင်‌ ခြေစွမ်းပြနိုင်‌ရေး စိတ်အားထက်သန်နေပါတယ်။
ကျောနံပါတ် ၇ ကစားသမားက "ဒီကလပ်သို့ ပြောင်းခွင့်ရလိ့ အရမ်းပျော်တယ်။ ဒီအခွင့်အရေးအတွက် ပျော်တယ်။ ဘန်ကောက်ယူနိုက်တက်အတွက် ကစားခွင့်ရလို့ ပျော်တယ်။ အရမ်းကောင်းတဲ့ဘာသာစကားပါ။ နှစ်ပေါင်းများစွာ လေ့လာခဲ့တဲ့ ဘာသာစကားပါ။ နောက်ဆုံးပြောင်းနိုင်လို့ ဝမ်းသာပါတယ်။ အမြန်ဆုံးကြံ့ခိုင်လာဖို့ လုပ်သွားမယ်။ ဘန်ကောက်ယူနိုက်တက်ကို နိုင်ပွဲရအောင် ကူညီမယ်။ ဒီလှပတဲ့ ဝတ်စုံဝတ်ပြီး ပထမဆုံးဂိုးသွင်းဖို့ စိတ်အားထက်သန်နေပါတယ်"လို့ ပြောကြားသွားပါတယ်။

image

ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခံရပြီး ရက်အနည်းငယ်အကြာတွင် ကလပ်သစ်နှင့် ဘောလုံးလောကသို့ ချက်ချင်းပြန်ဝင်လာဖို့ ရှိနေတဲ့ အမိုရမ်
==================

ရူဘင်အမိုရမ်ဟာ ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံရပြီး ရက်အနည်းငယ်အကြာတွင်ပင် ကလပ်သစ်ဖြင့် ဘောလုံးလောကသို့ ပြန်လည်ဝင်ရောက်လာဖို့ ရှိနေပြီ ဖြစ်ပါတယ်။
ရူဘင်အမိုရမ်ဟာ ပေါ်တူဂီထိပ်သီးကလပ် ဘင်ဖီကာနည်းပြရာထူးအတွက် ရေပန်းစားနေတာလည်း ဖြစ်ပါတယ်။ ဘင်ဖီကာနည်းပြဟိုဆေးမော်ရင်ဟိုဟာ ထိပ်ဆုံးမှ ပေါ်တိုနှင့် ရမှတ် ၁၀ မှတ်အထိ ကွာဟနေမှုနှင့်အတူ ဖိအားများနှင့် ကြုံနေရပါတယ်။
ဒါ့အပြင် ဘင်ဖီကာဟာ ချန်ပီယံလိဂ်တွင်လည်း အဆင့် ၂၅ နေရာတွင် ရပ်တည်နေပါတယ်။
Daily Mail သတင်းစာရဲ့ဖော်ပြလာမှုအရ မော်ရင်ဟိုရဲ့ ဘင်ဖီကာအနာဂတ်မှာ တဖြည်းဖြည်း ပိုမို မရေမရာ ဖြစ်လာနေပြီး အမိုရမ်နှင့် အစားထိုးခြင်းခံရဖို့ ရှိနေကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဘင်ဖီကာဥက္ကဌရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဂျိုအာနိုရွန်ဟာလိုပက်စ်က အမိုရမ်အား ဘင်ဖီကာသို့ ခေါ်ဆောင်လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။
ဒါ့အပြင် လိုပက်စ်ဟာ အိုးထရက်ဖို့ဒ်သို့ လာရောက်ကာ ယူနိုက်တက်ရဲ့ ပွဲကိုပါ ကြည့်ခဲ့ပါသေးတယ်။
ဒါပေမယ့် သူဟာ ဥက္ကဌရွေးကောက်ပွဲတွင် ရူအီကော်စတာအား အရေးနိမ့်ခဲ့ပါတယ်။
အမိုရမ်ဟာ လိဒ်နှင့် တစ်ဂိုးစီသရေကျတဲ့ပွဲအပြီးတွင် ၎င်းမှာ နည်းပြမဟုတ်ဘဲ မန်နေဂျာဖြစ်ကြောင်း ပြောဆိုကာ လုပ်ပိုင်ခွင့်ပိုမိုတောင်းဆိုလာမှုနှင့်အတူ ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ယူနိုက်တက်ဟာ ယူ-၁၈ နည်းပြဒါရင်းဖလက်ချာကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားပါတယ်။ ဖလက်ချာဟာ ဘန်လေနှင့် ၂ ဂိုးစီသရေကျတဲ့ပွဲကို စတင်ကိုင်တွယ်ခဲ့ပြီး တနင်္ဂနွေနေ့ ဘရိုက်တန်နှင့် အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်ကိုလည်း ကြီးကြပ်လာပါဦးမယ်။
ယူနိုက်တက်ဟာ ရာသီအကုန်အထိ ယာယီနည်းပြခန့်အပ်ရန် လုပ်ဆောင်နေပြီး ဆိုးလ်ရှားနှင့် မိုက်ကယ်ကာရစ်တို့က ထိပ်ဆုံးမှ ရေပန်းစားနေပါတယ်။

image

လိဒ်နှင့်ပွဲတွင် ဆိုးရွားတဲ့ ဒဏ်ရာရရှိပြီးနောက် ချက်ချင်းဆေးရုံပို့ခဲ့ရတဲ့ ဖေဘီယန်ရှား
===================

နယူးကာဆယ်နောက်ခံလူဖေဘီယန်ရှားဟာ မနေ့ညတုန်းက လိဒ်အား ၄-၃ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် ဆိုးရွားတဲ့ ဒဏ်ရာရရှိကာ လူနာတင်ထမ်းစင်ဖြင့် ကွင်းအပြင်သို့ ထွက်ခွာခဲ့ရပြီးနောက် ဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့ရပါတယ်။
အသက် ၃၄ နှစ်ရှိ ဝါရင့်နောက်ခံလူဟာ ပွဲချိန် ၇၀ မိနစ်တွင် ဒီမီနစ်ကယ်ဗတ်လီဝင်းနှင့် မတော်တဆချိတ်မိပြီး ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
နယူးကာဆယ်ဆေးအဖွဲ့ဟာ ကွင်းအတွင်းသို့ ချက်ချင်းဝင်ရောက်လာပြီး ဖေဘီယန်ရှားကို ၅ မိနစ်ခန့် ကုသပြီးနောက် လူနာတင်ထမ်းစင်ဖြင့် ကွင်းပြင်သို့ ထုတ်ခဲ့ပါတယ်။
အက်ဒီဟောင်းဟာ ရှားကို ဂျာကော့ရမ်ဆေးနှင့် လူစားလဲလှယ်ခဲ့သလို နစ်ဝယ်တီမိတ်နေရာတွင်လည်း ယိုအာနီဝစ်ဆာနှင့် လူစားလဲခဲ့ပါတယ်။
ပွဲအပြီးတွင် အက်ဒီဟောင်းက "ဖာရဲ့ အခြေအနေမကောင်းဘူး။ သူ ဆေးရုံမှာပါ။ ခြေကျင်းဝတ်ပြဿနာရှိနေတာ။ အခြေအနေမကောင်းပါဘူး။ မပြင်းထန်ဖို့ မျှော်လင့်တယ်။ ကျွန်တော်တို့ရဲ့ ချစ်ခြင်းတွေ သူ့ဆီ ပို့ထားပါတယ်။ သူက အရေးပါတဲ့ ကစားသမားပါ"လို့ ပြောကြားသွားပါတယ်။
နယူးကာဆယ်ဟာ အီမေးလ်ခရက်ဖ်၊ ဒန်ဘန်းနှင့် ဂျာမယ်လက်စ်ဆယ်လက်စ်တို့အား ဆုံးရှုံးထားရချိန်တွင် ဖေဘီယန်ရှားကိုလည်း ထပ်မံ ဆုံးရှုံးလာတာပါ။
နယူးကာဆယ်ဟာ ဖေဘီယန်ရှား ဒဏ်ရာရရှိလာမှုနှင့်အတူ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် နောက်ခံလူရှာဖွေလာရဖို့ ရှိနေပါတယ်။

image

မတော်ရာကို ကန်ချက် ထိမှန်ပြီးနောက် ချက်ချင်းလူစားလဲခဲ့ရတဲ့ ချဲလ်ဆီးစတားအင်ဒရေဆန်းတို့စ်
=====================

ချဲလ်ဆီးစတားအင်ဒရေဆန်းတို့စ်ဟာ ဖူလ်ဟမ်နှင့် ဒါဘီပွဲစဉ်တွင် မတော်ရာကို ကန်ချက် ထိမှန်ပြီးနောက် ချက်ချင်း လူစားလဲလှယ်မှု ပြုလုပ်ခဲ့ရပါတယ်။
သူဟာ မတော်ရာကို ဘောလုံးထိမှန်ပြီးနောက် မိနစ်အနည်းငယ်အကြာတွင်ပင် လူစားလဲလှယ်ခဲ့ရတာလည်း ဖြစ်ပါတယ်။
ဟယ်ရီဝီလ်ဆင်ရဲ့ ဖရီးကစ်က ရာအူးလ်ဂျေမီနက်ဇ်ထံသို့ ရောက်သွားပြီး ကန်လာချိန်တွင် ဆန်းတို့စ်ရဲ့ မတော်ရာကို ထိမှန်သွားခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ ရတနာရွှေဥကို ဖမ်းအုပ်ကို ကွင်းမြက်ခင်းတွင် လဲကျသွားခဲ့ပါတယ်။
ယင်းနောက် ချက်ချင်းဆိုသလိုပဲ ချဲလ်ဆီးယာယီနည်းပြကာလမ်မက်ဖာလိန်းက ဆန်းတို့စ်အား လူစားလဲလှယ်လာပါတယ်။
မနေ့ညကပွဲတွင် ချဲလ်ဆီးဟာ ပွဲချိန် ၂၂ မိနစ်တွင် ကူကူရယ်လာ အနီကတ်ပြထုတ်ပယ်ခြင်းခံရလို့ တစ်ယောက်အလျှော့ဖြင့် ကစားသွားခဲ့ရပြီး ဖူလ်ဟမ်ကို ၂-၁ ဖြင့် အရေးနိမ့်သွားခဲ့ပါတယ်။
ကူကူရယ်လာရဲ့ အနီကတ်က ယခုရာသီ ချဲလ်ဆီးရဲ့ ပရီးမီးယားလိဂ်တွင် ၅ ကြိမ်မြောက် အနီကတ်လည်း ဖြစ်ပါတယ်။
အင်ဒရေဆန်းတို့စ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက စထရာဘော့သို့ အငှားဖြင့် သွားရောက်ကစားစဉ် ချဲလ်ဆီးနည်းပြသစ်လီယမ်ရိုစီနီယာရဲ့လက်အောက်တွင် ကစားခဲ့သူ ဖြစ်ပြီး ၄၃ ပွဲကစားခဲ့ရာမှာ ၁၁ ဂိုးသွင်းယူခဲ့သူ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ဆန်းတို့စ်ဟာ နည်းပြလီယမ်ရိုစီနီယာလက်အောက်တွင် ချဲလ်ဆီးရဲ့အရေးပါတဲ့ ကစားသမားဖြစ်လာမယ်သူအဖြစ် သတ်မှတ်ခံထားရပါတယ်။

image