ကွင်းပတ်ဝန်းကျင်တွင် အရောင်းချခွင့်ပိတ်ပင်လာသလို လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ ၅၆၂၃၀ အထိ ချမှတ်လာတဲ့ ကမ္ဘာ့ဖလားအိမ်ရှင်မြို့
======================

မက္ကဆီကိုစီးတီးအာဏာပိုင်တို့ဟာ ချက်နှင့် ကစားရမဲ့ ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲစဉ်မတိုင်မီ ဆန္ဒပြမှုများ ဖြစ်လာနိုင်တာကြောင့် ကွင်းပတ်လည်ဧရိယာတွင် အရက်ရောင်းချခွင့်ပိတ်ပင်လာပါတယ်။
မက္ကဆီကိုအာဏာပိုင်တို့ဟာ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မတိုင်မီ ဆန္ဒပြသပိတ်မှောက်မှုများ ကြုံရပြီးနောက် အုပ်စုနောက်ဆုံးပွဲစဉ်မတိုင်မီ လုံခြုံရေးပိုင်း ကြိုတင်ပြင်ဆင်မှု ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။
မက္ကဆီကိုစီးတီးဟာ ချက်နှင့်ပွဲစဉ်မတိုင်မီ ပြည်နယ်အချို့တွင် ညနေ ၃ နာရီမှ စတင်ကာ နောက်တစ်နေ့ နံနက် ၇ နာရီအထိ အရက်ရောင်းချခွင့်ပိတ်ပင်ထားပြီး ပွဲအတွင်း လုံခြုံရေးရဲတပ်ဖွဲ့ ၅၆၀၀၀ ကျော်အထိ ချထားပါတယ်။
ယနေ့ည ချက်နှင့်ပွဲကို ဒေသတင်းစံတော်ချိန် ညနေ ၇ နာရီ (မြန်မာနိုင်ငံတွင် မနက် ၇ နာရီ ၃၀ မိနစ်)မှာ ကစားသွားမှာ ဖြစ်ပြီး ပွဲမတိုင်မီနှင့် ပွဲနှောင်းပိုင်းတို့တွင် အရက်ရောင်းချခွင့်ပိတ်ပင်လာတာလည်း ဖြစ်ပါတယ်။
ယင်းကာလအတွင်းတွင် စူပါမတ်ကက်များ၊ လိုင်စင်မဲ့ဆိုင်များ၊ ကုန်စုံဆိုင်ငယ်များတွင်လည်း အရက်ရောင်းချခွင့်ပိတ်ပင်ထားပါတယ်။
မက္ကဆီကိုပြည်သူ ၇၀၀၀၀၀ တို့ဟာ တောင်ကိုရီးယားနှင့်ပွဲတွင် ၃၂ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ပြီးနောက် အကြီးအကျယ်အောင်ပွဲခံမှု ပြုလုပ်ခဲ့ကြပြီး ဖြစ်ပါတယ်။
ပရိသတ်အမြောက်အမြားတို့ဟာ တညလုံး အရက်သောက်စားခဲ့ကြပါတယ်၊
ယင်းသို့ အရက်သောက် ပျော်ပါးမှုနှင့်အတူ ဆူပူသောင်းကျန်းမှုအချို့တို့လည်း ဖြစ်ပျက်ခဲ့ကာ အာဏာပိုင်တို့ အလုပ်ရှုပ်ခဲ့ရပါတယ်။
တဖက်တွင် မက္ကဆီကိုအာဏာပိုင်တို့ဟာ မက္ကဆီကိုစီးတီးရှိ ဆိုင်များတွင် အရက်ရောင်းချခွင့်ပိတ်ပင်ထားပေမဲ့ ဘား၊ ဟိုတယ်၊ စားသောက်ဆိုင်နှင့်ကလပ်တို့တွင်မှာမူ ပိတ်ပင်ထားခြင်း မရှိပါဘူး။
မက္ကဆီကိုအာဏာပိုင်တို့ဟာ ကမ္ဘာ့ဖလားမတိုင်မီကတည်းက ကျောင်းဆရာ/ဆရာမများ လုပ်အားခ တိုးမြှင့်ရောင်းချရေး တောင်းဆိုမှု ဆန္ဒပြသပိတ်မှောက်မှုနှင့် ကြုံလာရတဲ့အပြင် ပြည်သူထောင်ပေါင်းများစွာ အဆက်အသွယ်ပြတ် ပျောက်ဆုံးမှုအတွက် ဆန္ဒပြမှုများနှင့် ရင်ဆိုင်လာခဲ့ရတာပါ။

image