မိုးညှင်းရောက် ကသာစစ်ရှောင်​တွေ အရေးပေါ် အကူအညီတွေ လိုအပ်နေ

ကချင်ပြည်နယ် ၊ မိုးညှင်းမြို့ကို ရောက်ရှိနေတဲ့ ကသာမြို့ စစ်ဘေးရှောင် ပြည်သူ ၁၀၀၀ ကျော် အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီဖို့ လုပ်ကိုင်နေသူတွေ ဆီကသိရပါတယ်။
အဓိက အကူအညီ လိုအပ်နေတဲ့ စစ်ရှောင်တွေကတော့ ကသာ မိုးညှင်းမြို့နယ်မှာ အိမ်ခန်းငှား ရမ်းနိုင်ခြင်းမရှိဘဲ ဘုန်းကြီးကျောင်းတွေနဲ့ မိတ်​ဆွေအိမ်​တွေမှာ စုပေါင်းနေထိုင်ကြရသူတွေဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ရှောင်တွေအတွက် အဝတ်အစား ၊ စောင် ၊ ခြင်ထောင် ၊ အစားအစာ ၊ ဆေးဝါး အကူ အညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
" အရေးပေါ် ထွက်လာရတော့ အကူအညီတွေ လိုအပ်မှု ရှိနေတာပါ ။ အခုလည်း မိုးညှင်းမြို့ခံတွေက လှူနေကြတာတွေလည်း ရှိပါတယ်။ ချက်ပြုတ် စားသောက်ဖို့ ဟင်းသီး ဟင်းရွက်တွေ လှူကြတာ ရှိပါတယ်။ အဓိကတော့ မိုးညှင်းမှာ ဆွေမျိုးမရှိဘဲ ရှောင်လာကြ သူတွေပေါ့ ။ စစ်ဖြစ်လို့သာ ပြေးလာရတာ ဘာမှ မသယ်နိုင် မပါတော့ အကူအညီ လိုအပ်နေကြတာပါ ။ တချို့ဆို့ သက်ကြီး ရွယ်အိုတွေပါတယ်။လေဖြတ်သူ တောင်ပါတယ် ဆိုတော့ ဆေးကုသဖို့ ၊ ဆေးဝါး လိုအပ်မှု ရှိပါတယ်။ " လို့ မိုးညှင်း ဒေသခံက ပြောပါတယ်။
လက်ရှိမှာ စစ်ရှောင်တွေဟာ ပင်ရဲလှ ရွာ ဘုန်းကြီးကျောင်း မှာ လူဦးရေ ၂၀၀ ကျော် ရှိပြီး
နန့်ပုတ် ကွက်သစ် ရှိ ဓမ္မဥယျာဉ် ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင် လူဦးရေ ၂၀၀ ဝန်းကျင် ၊ အောင်သပြေ ဆရာတော် ဦးဉာဏ်တော ကျောင်းမှာ စစ်ရှောင် လူဦးရေ ၁၂၀ ဝန်းကျင် ၊ထီးလင်းကျောင်းမှာ လူဦးရေ ၁၀၀ ကျော် ၊ နတ်ကြီးကုန်း ကျောင်းမှာ လူဦးရေ ၂၀၀ ကျော် ၊ သိမ်အင်း ဘုန်တော်ကြီးကျောင်းမှာ စစ်ရှောင်လူဦးရေ ၂၀၀ ကျော် အထိရှိနေတယ်လို့ ကနဦး သိရပါတယ်။
" ပိုက်ဆံရှိတဲ့သူတွေကတော့ အိမ်ငှား နေကြတာပေါ့။ မပြည့်စုံတဲ့သူနဲ့ ဘာမှ မသယ်နိုင်ခဲ့တဲ့ လူတွေကျတော့ အကူအညီလိုအပ်နေတာပါ။ အသိ မိတ်ဆွေက မရှိ နဲ့ ဘုန်းကြီး ကျောင်းမှာ ချက်ပြုတ် စားသောက်ဖို့ ကလည်း ရေရှည်ကျ မလွယ်ဘူး ။ ချက်ပြုတ်ဖို့ ဆိုရင် အိုးခွက်က လိုသေးတယ်။ ထင်းကလည်းလိုတယ် ။အဲဒီတော့ အကုန် အကူအညီ လိုအပ် နေတဲ့ အခြေအနေပါ ။ " လို့ စစ်ရှောင် ကူညီဖို့ လုပ်နေသူက ​ပြောပါတယ်။
ကသာမြို့မှာ ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာ ၂၇ ရက်နေ့ ညပိုင်းက စပြီး တိုက်ပွဲစတင် ဖြစ်ပွား ခဲ့တာဖြစ်ပြီး အဲဒီနောက် ဒီဇင်ဘာ ၂၈ ၊ ၂၉ ၊ ၃၀ ၊ ၃၁ ရက် နဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ၊ ၂ ရက်နေ့အထိ ​ ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ဖြစ်တယ် လို့သိရပါတယ်။
အဆိုပါ တိုက်ပွဲကြောင့် ကသာမြို့ခံ အများစုဟာ နေရပ်စွန့်ခွာပြီး မိုးညှင်း ၊ မြစ်ကြီးနား ၊ မော်လူး ၊ နဘား ၊မဲဇာ ၊ ရွှေကူ ၊ အင်းတော် မြို့တို့ကို စစ်ဘေးရှောင်ခဲ့ကြရပြီး ငွေကြေး ပြည့်စုံပြီး မြို့ကနေ အစောဆုံး ထွက်ခွာနိုင်ခဲ့သူကတော့ ရန်ကုန် နဲ့ မန္တလေးကို စစ်ရှောင်မှု ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိ ကသာမှာတော့ အစိုးရတပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြား အပစ်အခတ် ရပ်ပြီး တိုက်ပွဲ ငြိမ်နေတယ်လို့ သိရပါတယ်။

ခြေသလုံးရိုးကျိုးဒဏ်ရာကြောင့် ခွဲစိတ်ကုသမှုခံယူရမယ့် မန်စီးတီးရဲ့ ဂဗာဒီယောလ်
===================

မန်စီးတီးနောက်ခံလူဂျို့စ်ကိုဂဗာဒီယော်ဟာ တနင်္ဂနွေနေ့တုန်းက ချဲလ်ဆီးနှင့် တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်တွင် ရရှိခဲ့တဲ့ ခြေသလုံးရိုးကျိုးဒဏ်ရာအား ခွဲစိတ်ကုသမှု ခံယူလာရပါတော့မယ်။
အသက် ၂၃ နှစ်ရှိ ခရိုအေးရှားနောက်ခံလူဟာ ချဲလ်ဆီးနှင့်ပွဲရဲ့ ပွဲချိန် ၅၁ မိနစ်တွင် လူစားလဲလှယ်ခဲ့ရပြီး ယင်းပွဲတွင်ပင် ဗဟိုနောက်ခံလူရူဘင်ဒီယာ့စ်မှာလည်း ဒဏ်ရာကြောင့် လူစားလဲလှယ်ခဲ့ရပါတယ်။
ဂဗာဒီယော်က "ခက်ခဲတဲ့ ကာလပါ။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ဘယ်လိုလူလဲဆိုတာ သိပါတယ်။ ဘယ်ကလာလဲ သိပါတယ်။ သန်မာစွာ ပြန်လာနိုင်ဖို့ နေ့တိုင်း တိုက်ပွဲဝင်ပါမယ်။ ပိုကောင်းလာစေပါမယ်။ ပြန်တက်လာပါမယ်"လို့ အင်စတာဂရမ်တွင် ရေးသားသွားပါတယ်။
မန်စီးတီးဟာ ဂဗာဒီယော် ခြေထောက်ကျိုးဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူရမှုနှင့်အတူ ချန်ပီယံရှစ်ကလပ် ဝက်ဖို့ဒ်သို့ အငှားချထားတဲ့ အကယ်ဒမီကစားသမားမက်စ်အယ်လေနီကို ပြန်လည် ခေါ်ယူထားပါတယ်။ အယ်လေနီဟာ ဗုဒ္ဓဟူးနေ့ ဘရိုက်တန်နှင့် ကစားမယ့် ပရီးမီးယားလိဂ်ပွဲအတွက် မန်စီးတီးလူစာရင်းတွင် ပါဝင်လာဖို့ ရှိပါတယ်။
အသက် ၂၀နှစ်ရှိ နောက်ခံလူဟာ ချန်ပီယံရှစ်ကလပ် ဝက်ဖို့ဒ်တွင် အငှားဖြင့် ကစားစဉ်အတွင်း ပွဲ ၂၀ ကစားခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် မန်စီးတီးဟာ ဗဟိုနောက်ခံလူဂျွန်စတုန်းကိုလည်း ဒဏ်ရာကြောင့် ဆုံးရှုံးထားရရာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် ပဲလေ့စ်အသင်းခေါင်းဆောင်မာ့ခ်ဂူဟီကို ခေါ်ယူရေး ကြိုးပမ်းနေကြောင်း သတင်းထွက်နေပါတယ်။

ရူဘင်အမိုရမ်အား ထုတ်ပယ်လိုက်မှုအပေါ် ယူနိုက်တက်ကစားသမားများ မပျော်မရွှင်ဖြစ်နေ
=====================

ယူနိုက်တက်ကစားသမားအများစုဟာ ရူဘင်အမိုရမ်အား ထုတ်ပယ်လိုက်မှုအပေါ် မပျော်မရွှင် ဖြစ်နေကြပါတယ်။
ယူနိုက်တက်သတင်းအရင်းအမြစ်အရ အမိုရမ်ဟာ ကစားသမားများအကြား ရေပန်းစားသူ ဖြစ်ပြီး ကစားသမားအများစုရဲ့ ထောက်ခံအားပေးမှု ရရှိထားခဲ့သူလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ကစားသမားများဟာ တနင်္လာနေ့ နံနက်ပိုင်းတွင် အမိုရမ်အား ထုတ်ပယ်လိုက်ကြောင်း သတင်းပေးခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့် ကစားသမားများမှာ အမိုရမ်မှာ ထုတ်ပယ်ခြင်းခံရလိမ့်မယ်လို့ ယူဆထားကြပြီး ဖြစ်ပါတယ်။
ရူဘင်အမိုရမ်ဟာ လိဒ်နှင့် ၁ ဂိုးစီသရေကျတဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ၎င်းမှာ နည်းပြမဟုတ်ဘဲ မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်နေခြင်း ဖြစ်ကြောင်း ပြောကြားကာ ဘုတ်အဖွဲ့အား တိုက်ခိုက် ပြောဆိုခဲ့ပါတယ်။
အမိုရမ်အား ထုတ်ပယ်လိုက်ပြီးချိန်တွင် ယူနိုက်တက်ကစားသမားများဟာ ပေါ်တူဂီလူမျိုးနည်းပြအတွက် စိတ်မကောင်းဖြစ်ရကြောင်း ဆိုရှယ်မီဒီယာတွင် ပို့စ်တင်လာကြပါတယ်။
ပက်ထရစ်ဒေါ်ဂူနှင့် ဘင်ဂျာမင်ဆက်စ်ကိုတို့ဟာ အမိုရမ်ရဲ့ လူသိရှင်ကြား ဝေဖန်မှု ခံခဲ့ရပေမယ့်လည်း အနာဂတ်တွင် အကောင်းဆုံးဖြစ်ပါစေ ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါတယ်။
ဒေါ်ဂူနှင့် ဆက်စ်ကိုတို့ဟာ အမိုရမ်ရဲ့ မီးစိမ်းပြမှုကြောင့် ယူနိုက်တက်သို့ ရောက်လာကြသူများ ဖြစ်ပါတယ်။
၎င်းတို့အပြင် ဒီယေဂိုဒါလော့၊ ဟယ်ရီမက်ဂွိုင်းယား၊ မားသီးယပ်စ်ဒီလက်၊ ဘရိုင်ယန်အမ်ဘူမို၊ မေဆင်မောင့်၊ ဘရူနိုဖာနန်ဒက်စ်၊ ဂျိုရှာဇတ်ဇီးတို့ကလည်း အမိုရမ်အား ကျေးဇူးတင်ကြောင်း အင်စတာဂရမ်တွင် ပို့စ်တင်ခဲ့ကြပါတယ်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလတုန်းက မော်ရင်ဟို ထုတ်ပယ်ခြင်းခံရတုန်းက ယူနိုက်တက်ကစားသမား ၄ ဦးတည်းသာ ကျေးဇူးတင်ကြောင်း လူသိရှင်ကြား ပို့စ်တင်ခဲ့ကြပါတယ်။
ယူနိုက်တက်ဟာ နည်းပြသစ် ရှာဖွေနေစဉ်အတွင်း ယူ-၂၁ အသင်းနည်းပြဒါရင်းဖလက်ချာကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားပါတယ်။
ဒါရင်းဖလက်ချာဟာ ဗုဒ္ဓဟူးနေ့ ဘန်လေအား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ရမယ့်ပွဲစဉ်တွင် ယူနိုက်တက်အား စတင်ကြီးကြပ်လာပါမယ်။
အမိုရမ်ဟာ ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံရပြီးနောက် ချီရှိုင်းယားရှိ နေအိမ်အနီးတွင် ဇနီးသည်နှင့်အတူ ပျော်ရွှင်စွာ လမ်းလျှောက်နေတာ တွေ့ရပါတယ်။
ယူနိုက်တက်ဟာ အမိုရမ်အား ထုတ်ပယ်လိုက်မှုအတွက် ပေါင်သန်း ၃၀ ဝန်းကျင်အထိ ကုန်ကျလာပါမယ်။

အသုံးစရိတ်ချွေတာလျှော့ချလာခဲ့ပေမယ့်လည်း ရူဘင်အမိုရမ်အား ၁၄ လအကြာတွင် ထုတ်ပယ်လိုက်မှုအတွက် ပေါင်သန်း ၃၀ ကုန်ကျလာမယ့် ယူနိုက်တက်
======================

ယူနိုက်တက်ဟာ အသုံးစရိတ်ချွေတာမှုများစွာ ပြုလုပ်ခဲ့ပေမယ့်လည်း ၁၄ လကြာ တာဝန်ထမ်းဆောင်အပြီးတွင် ရူဘင်အမိုရမ်အား ထုတ်ပယ်လိုက်မှုနှင့်အတူ ပေါင်သန်း ၃၀ အထိ ကုန်ကျလာတော့မှာ ဖြစ်ပါတယ်။
ပေါ်တူဂီလူမျိုးနည်းပြဟာ ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရပေမယ့်လည်း ချီရှိုင်းယားအနီး ငှားရမ်းနေထိုင်နေတဲ့ အိမ်အနီးတွင် ဇနီးသည်နှင့်အတူ ပျော်ရွှင်စွာ လမ်းလျှောက်နေခဲ့တာ တွေ့ရပါတယ်။
အသက် ၄၀ နှစ်ရှိ အမိုရမ်ဟာ ယူနိုက်တက်တွင် ၁၄ လကြာ တာဝန်ထမ်းဆောင်စဉ်အတွင်း လုပ်ခ ပေါင် ၇.၅ သန်းဝန်းကျင် ရရှိထားပြီးဖြစ်ကာ လက်ကျန်စာချုပ်အတွက် နစ်နာကြေးပေါင် ၁၂ သန်းဝန်းကျင် ရရှိလာဦးမှာလည်း ဖြစ်ပါတယ်။
ဒါကြောင့်လည်း အမိုရမ်ဟာ ယူနိုက်တက်မှာ ၁၄ လကြာ တာဝန်ထမ်းဆောင်မှုအတွက် ပေါင်သန်း ၂၀ ဝန်းကျင် ရရှိလာမှာလည်း ဖြစ်ပါတယ်။
ဒါတင်မကသေးပါဘူး။ ယူနိုက်တက်ဟာ အမိုရမ်အား ၂၀၂၄ ခုနှစ် နိုဝင်ဘာလတုန်းက ခန့်အပ်နိုင်ရန်အတွက် စပို့တင်းလစ္စဘွန်းကို နစ်နာကြေး ပေါင် ၉.၂၅ သန်းပေးခဲ့ရာ စုစုပေါင်း ပေါင်သန်း ၃၀ ဝန်းကျင်သုံးစွဲလာရပါမယ်။
ဒါ့အပြင် ယူနိုက်တက်ဟာ အမိုရမ်ရဲ့ လက်ထောက်နည်းပြ ၆ ဦးကိုလည်း လက်ကျန် စာချုပ်သက်တမ်းအတွက် နစ်နာကြေး ပေးရပါဦးမယ်။
ယူနိုက်တက်ပူးတွဲပိုင်ရှင်ဆာဂျမ်ရက်ကလစ်ဖ်ဟာ ယူနိုက်တက်ဘောလုံးဆိုင်ရာစီမံခန့်ခွဲမှုများကို ဦးစီးပြီးနောက် အသုံးစရိတ်ချွေတာတဲ့အနေဖြင့် ဝန်ထမ်း ၄၀၀ ဦးဝန်းကျင်ကို ထုတ်ပယ်ခဲ့သလို အစားအသောက်အခမဲ့ကျွေးမွေးတဲ့ စနစ်ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။
ဒါ့အပြင် ခရစ္စမတ်ဘောနပ်စ် အပိုဆုကြေး ပေါင် ၁၀၀ ပေးမယ့်အစား ဈေးဝယ်ဘောင်ချာပေးကာ အသုံးစရိတ်ချွေတာခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဆာဂျမ်ရက်ကလစ်ဖ်လက်ထက် အသုံးစရိတ်ချွေတာလျှော့ချမှုနှင့်အတူ ပထမ ၃ လတွင် ပေါင် ၁၃.၃ သန်းအထိ အမြတ်ပေါ်ခဲ့ပါတယ်။ ယင်းမတိုင်မီ တစ်နှစ်တုန်းက ယူနိုက်တက်ဟာ ပေါင် ၆.၉ သန်းအထိ အရှုံးပေါ်ခဲ့တာပါ။

၈ ပွဲကိုင်တွယ်ပြီးချိန်တွင် ထုတ်ပယ်လိုက်တဲ့ နန်စီနေရာမှာ အိုနေးလ်အား ယာယီနည်းပြအဖြစ် ဆဲလ်တစ် ပြန်လည်ခန့်အပ်
======================

ဆဲလ်တစ်ဟာ ဝီလ်ဖရှိုင်းနန်စီကို ထုတ်ပယ်လိုက်ပြီးနောက် ဝါရင့်နည်းပြမာတင်အိုနေးလ်အား ရာသီအကုန်အထိ နည်ပြအဖြစ် ခန့်အပ်လာပါတယ်။
အသက် ၇၃ နှစ်ရှိ အိုနေးလ်ဟာ အောက်တိုဘာလတုန်းက ဘရန်ဒန်ရော်ဂျာ ထုတ်ပယ်ခံရချိန်တွင် ဆဲလ်တစ်အား ယာယီနည်းပြအဖြစ် ၈ ပွဲ ကိုင်တွယ်ခဲ့ပြီး ၇ ပွဲ အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။
ယင်းနောက် သူဟာ ဒီဇင်ဘာလတွင် နန်စီ ခန့်အပ်ခံလာရချိန်မှာတော့ ရာထူးမှ ထွက်ခွာခဲ့ပါတယ်။ ဒါပေမယ့် နန်စီဟာ ဆဲလ်တစ်အား ၈ ပွဲ ကိုင်တွယ်ရာတွင် ၂ ပွဲတည်းသာ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ရာထူးမှ ထုတ်ပယ်ခြင်းခံလာရပါတယ်။
အိုနေးလ်ဟာ ၂၀၀၀ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ဆဲလ်တစ်ကို ကိုင်တွယ်ဖူးသူ ဖြစ်ပြီး ယင်းကာလအတွင်း ဆုဖလား ၇ လုံး ရယူပေးခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
အိုနေးလ်ရဲ့ လက်ထောက်နည်းပြများအဖြစ် ရှောင်မာလိုနေ၊ မတ်ဖိုသာရင်ဟမ်၊ စတီဖင်မက်မာနပ်စ်တို့က ထမ်းဆောင်လာပါမယ်။
နောက်ဆုံး ၁၄ ရာသီတွင် ၁၃ ကြိမ် ချန်ပီယံဖြစ်ထားတဲ့ ဆဲလ်တစ်ဟာ စကော့တလန်ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၂ နေရာတွင် ရပ်တည်နေပြီး ထိပ်ဆုံးမှ ဟတ်နှင့် ၆ မှတ်ကွာဟနေပါတယ်။
၎င်းတို့ဟာ နန်စီလက်ထက်တွင် စိန့်မာရန်အား လိဂ်ဖလားဗိုလ်လုပွဲတွင် ရှုံးနိမ့်ထားပါတယ်။ အိုနေးလ်ဟာ ယခုရာသီ ယာယီနည်းပြအဖြစ် ကိုင်တွယ်စဉ်တုန်းက လိဂ်ဖလားဗိုလ်လုပွဲသို ပို့ဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။
လက်စတာ၊ ဗီလာ၊ ဆန်းဒါးလန်းနှင့် နော်တင်ဟမ်ဖောရက်စ်နည်းပြဟောင်းဟာ နန်စီ မရောက်လာမီ ဆဲလ်တစ်အား လိဂ်ပွဲ ၅ ပွဲ ကြီးကြပ်ခဲ့ရာမှာ ၅ ပွဲလုံး အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

အာဖရိကဖလား ၁၆ သင်းရှုံးထွက်အဆင့်မှ ထွက်ခဲ့ရပြီးနောက် နည်းပြထရာဘယ်ဆီကို တူနီးရှားထုတ်ပယ်လာ
======================

တူနီးရှားနည်းပြဆာမီထရာဘယ်ဆီဟာ အာဖရိကဖလား ၁၆ သင်း ရှုံးထွက်အဆင့်တွင် မာလီအား ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရပြီးနောက် ရာထူးမှ ထုတ်ပယ်ခြင်းခံလာရပါတယ်။
၂၀၀၄ ခုနှစ်အာဖရိကဖလားချန်ပီယံဟာ ကာဆာဘလင်ကာတွင် မိနစ် ၉၀ ကျော် အချိန်ပိုအထိ တစ်ယောက်အသာဖြင့် ကစားခဲ့ရပေမယ့် ပြိုင်ပွဲမှ ထွက်ခဲ့ရတာပါ။
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားတဲ့ တူနီးရှားဟာ ၈၈ မိနစ်တွင် ဦးဆောင်ဂိုးရရှိပြီး ဦးဆောင်ပြီးမှ အချိန်ပို ၉၆ မိနစ်တွင် ပင်နယ်တီမှ တဆင့် ချေပဂိုးပေးခဲ့ရကာ ပင်နယ်တီအဆုံးအဖြတ်တွင် ရှုံးနိမ့်ခဲ့ရတာပါ။
အသက် ၅၇ နှစ်ရှိ ထရာဘယ်ဆီဟာ ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလတုန်းက တူနီးရှားအသင်းကို ဒုတိယအကြိမ်မြောက် ကိုင်တွယ်လာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ယင်းမတိုင်မီ တူနီးရှားကို ၂ နှစ်နီးပါး ကိုင်တွယ်ခဲ့ပြီး ၂၀၁၃ အာဖရိကဖလားပြိုင်ပွဲအုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် ထွက်ခွာခဲ့ရတာပါ။
မြောက်အာဖရိကအသင်းဟာ မော်ရိုကိုတွင် ကျင်းပနေတဲ့ အာဖရိကဖလားပြိုင်ပွဲ အုပ်စု(ဂ)တွင် အုပ်စုဒုတိယအဖြစ်ဖြင့် ရှုံးထွက်အဆင့်သို့ တက်ခဲ့တာလည်း ဖြစ်ပါတယ်။

အိုးထရက်ဖို့ဒ်တွင် မအောင်မြင်တဲ့ ၁၄ လတာကြုံရပြီးနောက် အမိုရမ်ကို ယူနိုက်တက် ထုတ်ပယ်လာ
=======================

ယူနိုက်တက်ဟာ ဘုတ်အဖွဲ့ကို လူသိရှင်ကြား ဝေဖန်တိုက်ခိုက်မှု ပြုလုပ်တဲ့ ရူဘင်အမိုရမ်အား ထုတ်ပယ်လာခဲ့ပြီ ဖြစ်ပါတယ်။
ပေါ်တူဂီလူမျိုးနည်းပြဟာ လိဒ်နှင့် ၁ ဂိုးစီသရေကျတဲ့ပွဲအပြီးတွင် အိုးထရက်ဖို့ဒ်အကြီးအကဲများအား ဝေဖန်တိုက်ခိုက်မှု ပြုလုပ်ခဲ့သူလည်း ဖြစ်ပါတယ်။
အသက် ၄၀ နှစ်ရှိ အမိုရမ်ဟာ ယူနိုက်တက်ကို ကိုင်တွယ်တဲ့ ၁၄ လတာကာလအတွင်းတွင် ကွင်းတွင်း ကွင်းပြင် ပြဿနာများနှင့် ကြုံရပြီးနောက် အိုးထရက်ဖို့ဒ်မှ ထွက်ခွာလာခဲ့ရတာလည်း ဖြစ်ပါတယ်။
သူဟာ ယူနိုက်တက်ကို ၆၃ ပွဲ ကိုင်တွယ်စဉ်အတွင်း ၂၁ ပွဲတည်းသာ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကာ အနိုင်ရာခိုင်နှုန်း ၃၈.၇၁ ရာခိုင်နှုန်းသာ ရယူနိုင်ခဲ့ပါတယ်။
ယူနိုက်တက်သမိုင်းတွင် ၁၉၇၁ ခုနှစ်တုန်းက ထုတ်ပယ်ခဲ့တဲ့ ဖရန့်အိုဖာရဲလ်နောက်ပိုင်းတွင် မှတ်တမ်းအဆိုးရွားဆုံး နည်းပြလည်း ဖြစ်လာပါတယ်။
ဖရန့်အိုဖာရဲလ်ဟာ ယူနိုက်တက်အား ၈၁ ပွဲ ကိုင်တွယ်ရာတွင် ပွဲ ၃၀ တည်းသာ အနိုင်ရယူနိုင်ခဲ့ကာ အနိုင်ရာခိုင်နှုန်း ၃၇.၀၄ သာ ရယူနိုင်ခဲ့ပါတယ်။
ယူနိုက်တက်ယူ-၂၁ နည်းပြဒါရင်းဖလက်ချာက ယူနိုက်တက်အား ယာယီနည်းပြအဖြစ် ကိုင်တွယ်လာပါမယ်။
ဒါရင်းဖလက်ချာဟာ ဗုဒ္ဓဟူးနေ့ ဘန်လေနှင့် ရင်ဆိုင်ရမယ့်ပွဲစဉ်တွင် ယူနိုက်တက်အား ကြီးကြပ်လာပါမယ်။
အမိုရမ်ဟာ လိဒ်နှင့်ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ၎င်းမှာ နည်းပြမဟုတ်ဘဲ မန်နေဂျာတစ်ဦးသာ ဖြစ်ကြောင်း ပြောဆိုခဲ့သလို အန်တိုနီဆီမန်ယိုအား ခေါ်ယူရေး မအောင်မြင်မှုအတွက် ဘောလုံးဒါရိုက်တာဂျေဆင်‌ကော့ဝဲလ်ကိုလည်း ပါးပါးလေး ဝေဖန်တိုက်ခိုက်ခဲ့ပါသေးတယ်။
အမိုရမ်က ယူနိုက်တက်နည်းပြရာထူးမှ နုတ်ထွက်မည်မဟုတ်ကြောင်း ကတိပေးခဲ့ပေမယ့် အပြောင်းအရွှေ့လုပ်ဆောင်မှုများတွင် ပိုမို ထိန်းချုပ်ရန် တောင်းဆိုခဲ့ပါတယ်။
စပို့တင်းလစ္စဘွန်းနည်းပြဟောင်းဟာ ထိုစဉ်ကတည်းက ရာထူးမှ ထုတ်ပယ်ခြင်းခံလာရမယ်လို့ သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် လစ်လပ်နေတဲ့ ယူနိုက်တက်နည်းပြရာထူးအတွက် အင်္ဂလန်နည်းပြဟောင်းဂါရတ်ဆောက်ဂိတ်၊ ဘာစီလိုနာနည်းပြဟောင်းဇာဗီး၊ ခရစ္စတယ်ပဲလေ့စ်နည်းပြအိုလီဗာဂလပ်စ်နာ၊ ဖူလ်ဟမ်နည်းပြအန်ဒိုနီအိုင်ရာအိုလာတို့က ထိပ်ဆုံးမှ ရေပန်းစားလျက်ရှိပါတယ်။

မေဂျာလိဂ်တစ်နှစ်တာအကောင်းဆုံးဆုရ ဂိုးသမားအား ခေါ်ယူအားဖြည့်လာတဲ့ မက်ဆီရဲ့ အင်တာမိုင်ယာမီ
======================

အင်တာမိုင်ယာမီဟာ ၂၀၂၅ ခုနှစ်အတွက် မေဂျာလိဂ်တစ်နှစ်တာအကောင်းဆုံးဂိုးသမားဆုရ ဒေးနီစိန့်ကလဲယားကို ခေါ်ယူအားဖြည့်ကာ ရာသီသစ်အတွက် ပြင်ဆင်လာပါတယ်။
ကနေဒါလက်ရွေးစင်ဂိုးသမားဟာ အင်တာမိုင်ယာမီသို့ တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ပါ တစ်နှစ်စာချုပ်ဖြင့် ပြောင်းလာခဲ့တာ ဖြစ်ပြီး မေဂျာလိဂ်ချန်ပီယံအသင်းတွင် လူးဝစ်ဆွာရက်ဇ်၊ လီယွန်နယ်မက်ဆီတို့နှင့် အတူကစားခွင့်ရလာတော့မှာလည်း ဖြစ်ပါတယ်။
မာရှေးယာနိုဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဝါရင့်ဂိုးသမားအော်စကာအူစတာရီကို ဦးစားပေးဂိုးသမားအဖြစ် အသုံးပြုခဲပြီး မေဂျာလိဂ်ဗိုလ်လုပွဲနိုင်ပွဲတွင် ရိုကိုရီယို့စ်နိုဗိုအား ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုခဲ့ပါတယ်။
အသက် ၂၅ နှစ်ရှိ ဒေးနီစိန့်ကလဲယားဟာ ၂၀၂၅ ခုနှစ်အတွင်း ပွဲ ၃၀ ကစားခဲ့ရာမှာ ဂိုးမပေးရတဲ့ ပွဲ ၁၀ ပွဲပိုင်ဆိုင်ခဲ့ပြီး ကာကွယ်မှု ၁၁၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ၂၀၂၅ ခုနှစ်တွင် ဂိုးပေါက်ကာကွယ်မှု ၇၅ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်တဲ့ တစ်ဦးတည်းသော ဂိုးသမားအဖြစ် ရပ်တည်ခဲ့သူလည်း ဖြစ်ပါတယ်။
အင်တာမိုင်ယာမီဟာ ဒေးနီစိန့်ကလဲယားအား မခေါ်ယူမီ အာဂျင်တီးနားနောက်ခံလူမူရာနှင့် စပိန်နောက်ခံလူရိုဂူလွန်တို့ကိုလည်း အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူကာ ပြင်ဆင်ထားပါတယ်။
လီယွန်နယ်မက်ဆီဦးဆောင်တဲ့ အင်တာမိုင်ယာမီဟာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် LAFC နှင့် ရာသီသစ်အဖွင့်ပွဲ ကစားသွားရပါမယ်။

ရှုံးနေတဲ့ တိုက်ပွဲကို တိုက်နေရကာ ယူနိုက်တက်နည်းပြဘဝ အဆုံးသတ်ရဲ့ အစကြုံလာရပြီဖြစ်တဲ့ ရူဘင်အမိုရမ်
====================

ကလပ်ဘုတ်အဖွဲ့ကို အံ့ဩသင့်ဖွယ် တိုက်ခိုက်ပြောဆိုမှု ပြုလုပ်ခဲ့တဲ့ ရူဘင်အမိုရမ်မှာ ယူနိုက်တက်နည်းပြအဖြစ် ကြာကြာရှင်သန်ခွင့်ရလာတော့မှာ မဟုတ်ကြောင်း ထင်ကြေးပေးခံလာရပြီ ဖြစ်ပါတယ်။
ယူနိုက်တက်နည်းပြဟာ တနင်္ဂနွေနေ့ညတုန်းက လိဒ်နှင့် တစ်ဂိုးစီသရေကျတဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ယူနိုက်တက်ဘုတ်အဖွဲ့အား တိုက်ခိုက်ပြောဆိုမှုပြုလုပ်ပြီးနောက် ထုတ်ပယ်ခြင်းခံရမယ်လို့ ယူဆခြင်းခံလာရသူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ၎င်းက စာချုပ်သက်တမ်းကုန်ဆုံးမယ့် ၂၀၂၇ ခုနှစ်မတိုင်မီ နုတ်ထွက်လာမှာ မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။
သူဟာ ယူနိုက်တက်တွင် မန်နေဂျာတစ်ဦးအဖြစ် မဟုတ်ဘဲ နည်းပြတစ်ဦးအဖြစ် ဆက်ဆံခြင်းခံနေရမှုအပေါ် ငြီးတွားပြောဆိုခဲ့သလို ဘုန်းမောက်မှ အန်တိုနီဆီမန်ယိုအား ခေါ်ယူရေး မအောင်မြင်ခဲ့မှုအတွက် ဘောလုံးဒါရိုက်တာဂျေဆင်ဝဲလ်ကော့စ်ကိုလည်း တိုက်ခိုက်ပြောဆိုခဲ့ပါသေးတယ်။
ယခုအခါ ပရီးမီးယားလိဂ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်နေတဲ့ ဂန္ထဝင်တိုက်စစ်မှူးအလန်ရှီးယားက ရူဘင်အမိုရမ်မှာ မကြာမီ အဖြစ်ဆိုးနှင့် ကြုံလာရတော့မှာ ဖြစ်ကြောင်း ပြောကြားလာပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟောင်းက "သူက ရှုံ့းနေတဲ့ တိုက်ပွဲတစ်ခုကို တိုက်နေရတာပါ။ အနိုင်ရမယ့်သူက ထွက်ပြီးသားပါ။ သူ ကြာကြာမရှိတော့ရင်တော့ ကျွန်တော့်အတွက် အံ့ဩစရာ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဘုတ်အဖွဲ့ကို ဒီလို ကိုင်တွယ်ဖို့ သူ့မှာ လုံလောက်တဲ့ ခွန်အား မရှိပါဘူး"လို့ ဆိုသွားပါတယ်။
ဒါ့အပြင် အလန်ရှီးယားက ရူဘင်အမိုရမ်ဟာ နောက်ဆုံး ၂ ပွဲဆက် စီနီယာကစားသမား ၈ ဦး မပါဘဲ ကစားရပေမယ့်လည်း ကလပ်ဘက်က ဇန်နဝါရီတွင် ကစားသမားခေါ်ယူအားဖြည့်ရန် အစီအစဉ်မရှိမှုနှင့်အတူ ယခုကဲ့သို့ ဒေါသတကြီး တိုက်ခိုက်ပြောဆိုမှုပြုလုပ်လာတာလို ယူဆကြောင်းလည်း ဆိုသွားပါတယ်။
ရူဘင်အမိုရမ်ဟာ ယူနိုက်တက်အား ၁၃ လကြာ ကိုင်တွယ်စဉ်အတွင်း ၆၃ ပွဲကိုင်တွယ်ရာတွင် ၂၄ ပွဲသာ နိုင်ပွဲရယူပေးထားနိုင်ပြီး ရှုံးပွဲ ၂၁ ပွဲအထိ ကြုံထားပါတယ်။ ဒါပေမယ့် သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ယူနိုက်တက်အား ယူရိုပါလိဂ်ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးထားနိုင်ပါတယ်။

လက်ထောက်ဟောင်းရိုစီနီယာမှာ ချဲလ်ဆီးအခွင့်အရေးနှင့် ထိပ်တန်ကြောင်း ဝိန်းရွန်းနီပြောကြားလာ
======================

လက်ထောက်နည်းပြဟောင်းလီယမ်ရိုစီနီယာမှာ နည်းပြကောင်းတစ်ဦးဖြစ်ပြီး ချဲလ်ဆီးအခွင့်အရေးနှင့် ထိုက်တန်ကြောင်း ဝိန်းရွန်းနီက ပြောကြားလာပါတယ်။
စထရာဘော့နည်းပြဟာ လစ်လပ်နေတဲ့ ချဲလ်ဆီးနည်းပြရာထူးအတွက် ထိပ်ဆုံးမှ ရေပန်းစားနေသူ ဖြစ်ပါတယ်။
အသက် ၄၁ နှစ်ရှိ ရိုစီနီယာဟာ စထရာဘော့ဥက္ကဌ၊ အားကစားဒါရိုက်တာတို့နှင့်အတူ တနင်္ဂနွေနေ့ကတည်းက လန်ဒန်သို့ ရောက်ရှိနေကာ ချဲလ်ဆီးနှင့် ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။
အားလုံး အဆင်ပြေချောမွေ့လာပါက ချဲလ်ဆီးဟာ ယနေ့ တနင်္လာနေ့တွင်ပင် ရိုစီနီယာကို နည်းပြသစ်အဖြစ် ခန့်အပ်လာမှာ ဖြစ်ပြီး ဗုဒ္ဓဟူးနေ့ ဖူလ်ဟမ်နှင့်ပွဲစဉ်မှ စတင်ကာ တာဝန်ယူလာစေပါမယ်။
ရိုစီနီယာဟာ ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်းတွင် ဒါဘီကောင်တီအသင်းမှာ ဝိန်းရွန်းနီရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ သူဟာ ဝိန်းရွန်းနီ ထွက်ခွာသွားပြီးနောက် ဒါဘီကောင်တီတွင် ယာယီနည်းပြအဖြစ် ထမ်းဆောင်ခဲ့ပါတယ်။
ယင်းနောက် သူဟာ ဟားလ်စီးတီးကို ကိုင်တွယ်ခဲပြီး ချန်ပီယံရှစ်ပလေးအော့ဖ်ရလုနီးပါး အခြေအနေသို့ ပို့ဆောင်ခဲ့ပေမယ့် ထုတ်ပယ်ခြင်းခံခဲ့ရကာ ၂၀၂၄ ခုနှစ်တွင် စထရာဘော့နည်းပြဖြစ်လာပါတယ်။
ဝိန်းရွန်းနီက "သူက အခွင့်အရေးတွေကို အမိအရယူခဲ့တယ်။ လီယမ်က ကျွန်တော် အလုပ်တွဲလုပ်ဖူးတဲ့ နည်းပြကောင်းတစ်ဦးဖြစ်လို့ အကျိုးကျေးဇူးခံစားရဖို့ မျှော်လင့်ပါတယ်။ သူက အသေးစိတ်ကျတယ်။ တစ်နေ့ချင်းစီ ချဉ်းကပ်တယ်။ ကျွန်တော်နဲ့တွဲလုပ်တုန်းကလည်း ကောင်းတယ်"လို့ BBC ရဲ့ Wayne Rooney Show.ပြောကြားသွားပါတယ်။
ဝိန်းရွန်းနီဟာ ဒီစီယူနိုက်တက်၊ ဘာမင်ဂမ်စီးတီးနှင့် ပလိုင်းမောက်တို့ကို ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပြီး လက်ရှိအချိန်တွင် မီဒီယာအလုပ်လုပ်နေပါတယ်။
ဆက်လက်ပြီး ရွန်းနီက "လီယမ်က ကျွန်တော့်အတွက် အရမ်းအရေးပါခဲတယ်။ နည်းပြအရည်အသွေးအရမ်းကောင်းတယ်။ ကျွန်တော်က မန်နေဂျာပိုဆန်ခဲ့တယ်။ ကစားသမားတွေနဲ့ အရာအားလုံးကို ကိုင်တွယ်တယ်။ သူ့ရဲ့အမြင်တွေဆီကနေ အများကြီးသင်ယူခဲ့ရတယ်။ သူ့အလုပ်ကို အကောင်းဆုံးလုပ်ခဲ့တယ်လို့ ထင်တယ်"လို့ ပြောကြားသွားပါတယ်။