နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲနဲ့ ဂီတဖျော်ဖြေပွဲ မန္တလေးမှာ စည်စည်ကားကား ကျင်းပမယ်

၂၀၂၅ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်ကို ကူးပြောင်းမယ့် ဒီဇင်ဘာ ၃၁ ရက်နေ့ ည မန္တလေးမှာ နှစ်သစ်ကူးပျော်ပွဲရွင်ပွဲတွေနဲ့အတူ ဂီတဖျော်ဖြေပွဲတော်ကြီးကိုလည်း ထည့်သွင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ သိရပါတယ်။
နှစ်သစ်ကူးပျော်ပွဲ ရွှင်ပွဲများနှင့်အတူ ဂီတဖျော်ဖြေပွဲကြီးကို ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေ ၆ နာရီက စပြီး ၆၆ လမ်းနဲ့ ၂၆ လမ်း(ကျုံးထောင့်)မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်တယ်လို့ ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာန ကနေ သိရပါတယ်။
နှစ်သစ်ကူးပွဲတော်အတွက် ၂၆ လမ်း၊ ၆၆ လမ်းနဲ့ ၇၀ လမ်းကြားမှာ စားသောက်ဆိုင်တွေ ခင်းကျင်းရောင်းချပေးသွားမှာဖြစ်ပြီး
ပွဲတော်ကိုလာတဲ့ ပရိတ်သတ်တွေ အဆင်ပြေဖို့ ၂၆လမ်း၊ ၆၂ လမ်းမှ ၆၄ လမ်း၊ ၂၇လမ်း ၆၈ လမ်းမှ ၇၀ လမ်း နဲ့ ၆၈လမ်း ၂၇ လမ်းမှ ၂၉ လမ်းတွေမှာ ယာဥ်ရပ်နား အပ်နှံဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။
New Year ည နှစ်သစ်ကူးပွဲတော်ညတွင် နိုင်ငံကျော် သရုပ် ဆောင်၊ အဆိုတော်တွေ ဖြစ်တဲ့ မယ်လိုဒီ၊ မေလသံစဥ်၊ အေးမြဖြူ၊ သားစိုး၊ ဖိုးသောကြာ၊ ရဲထွဋ်ကျော်၊ ဇော်ကို၊ ချစ်ဇွဲသာ၊ ခိုင်ဇင်လင်း၊ ဇင်နွယ်ခိုင်၊ DJ Bella၊ Dancer တို့က ဖျော်ဖြေသွားမှာဖြစ်ပြီး မန်းစည်ပင်တေးဂီတအဖွဲ့ အပါဝင် ပရိတ်သတ်တွေနဲ့အတူ နှစ်သစ်ကူး မီးရှုး မီးပန်းတွေကို ရင်သပ်ရှုမောဖွယ် ပစ်ဖောက်ကျင်းပသွားမည်ဖြစ်လို့မန္တလေးမြို့တော်သူ၊ မြို့တော်သားများအနေနဲ့ ပျော်ရွှင်စွာအတူဆင်နွှဲနိုင်ရန် ဖိတ်ခေါ်ထားတယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ကနေ သိရပါတယ်။

image

ထိုင်းနိုင်ငံ အီလက်ထရောနစ် စက်ရုံကအလုပ်သမား ၁၀၀၀ ကျော် ရုတ်တရက် အလုပ်ထုတ်ခံရ

ထိုင်းနိုင်ငံ၊ ဖစ်ဘူရီခရိုင်ရှိ Cal-Comp အီလက်ထရောနစ် စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၁၀၀၀ ကျော် ရုတ်တရက် အလုပ်ထုတ်ခံလိုက်ရတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက်၊ မနက်ပိုင်းမှာ စက်ရုံ တာဝန်ရှိသူတွေက တစုံတရာ ကြိုတင်အသိပေး အကြောင်းကြားခြင်း မရှိဘဲ အလုပ်သမား အယောက် ၁၆၀၀ ဝန်းကျင်ကို နစ်နာကြေးပေးကာ အလုပ်ရပ်နားလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းဥပဒေအရ သတ်မှတ်ထားတဲ့ နစ်နာကြေးအဖြစ် တနှစ်နဲ့ သုံးနှစ်ကြား လုပ်သက်ရှိသူ အလုပ်သမား တယောက်အတွက် လျော်ကြေး ဘတ် ငါးသောင်းလေးထောင်၊ လုပ်သက် တနှစ်အောက် အလုပ်သမား တယောက်အတွက် လျော်ကြေး ဘတ် နှစ်သောင်းခုနစ်ထောင် အသီးသီး ရရှိခဲ့တယ်လို့ သိရပါတယ်။
“ဒီလို လျော်ကြေးတွေ ရခဲ့ကြပေမယ့် ခုလိုကာလမှာ နောက်ထပ် အလုပ်သစ်ထပ်ရဖို့ ငွေထပ်ကုန်ပြီး အခက်အခဲတွေ ရင်ဆိုင်ရဦးမှာ ဖြစ်တာမို့ ဘယ်သူမှ မပျော်နိုင်ကြဘူး” လို့ ထိုင်းရောက် ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ အေအေစီ ကိုရဲမင်းက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် ပြောဆိုထားပါတယ်။
အဲဒီ အီလက်ထရောနစ် စက်ရုံဟာ အခု ၂၀၂၅ ခုနှစ်ထဲမှာ အလုပ်သမားတွေကို အလုပ်ထုတ်ပစ်တာ နှစ်ကြိမ်ရှိပြီလို့ သိရပြီး ပထမတကြိမ် စက်တင်ဘာလတုန်းကတော့ အလုပ်သမား ဦးရေ ၁၅၀၀ ကျော်ကို အလုပ်ရပ်နားခဲ့တာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေဆီက သိရပါတယ်။
“Cal-Comp က ဒုတိယအကြိမ် အလုပ်ထုတ်တာကို အကြောင်းကြားပါတယ်။ နစ်နာကြေး အတော်အသင့်ရလို့ တချို့ ပျော်နေကြပါတယ်” လို့ ထိုင်းရောက် မြန်မာလုပ်သား တယောက်က ပြောပါတယ်။
အဲဒီ စက်ရုံဟာ နံပါတ် ၁ ကနေ ၁၅ လောက်အထိ ရုံခွဲတွေ အများကြီးရှိပြီး လတ်တလော အလုပ်ထုတ်တဲ့ ရုံတွေက နံပါတ် ၁၀ နဲ့ ၁၁ ဖြစ်ကာ ဖုန်းနာရီ ထုတ်လုပ်တာ ဖြစ်တယ်လို့ နောက်ထပ် အလုပ်သမား တယောက်က ပြောပါတယ်။
“ကျန်တဲ့ရုံတွေက မျိုးစုံထုတ်လုပ်တာ။ တရုံတည်းမှာတင် လူဦးရေ သုံးသောင်းကျော်လောက် ရှိတယ်။ ဒီစက်ရုံက ဥပဒေနဲ့အညီ လျော်ကြေးပေးတယ်။ နစ်နာကြေးပေးတယ်။ စက်ရုံအခွင့်ရေး ပေးထားတာတွေက ထမင်းနှစ်နပ်၊ နှစ်စဥ် bonus ၊ ပတ်စ်ပို့ စာရွက်စာတမ်း ဘယ်နှစ်နှစ်နေနေ အကုန် free လုပ်ပေးတယ်။ ရက်မှန်ကြေး ၁၀၀၀ ၊ နေ့စားအစိုးရဈေး၊ အိုဗာတိုင် အစိုးရဈေး၊ ပိတ်ရက်ခိုင်းရင် နှစ်ဆ၊ တခြားရုံနဲ့ယှဥ်ရင်တော့ အခွင့်ရေးများများရတယ်။ လူများတယ်။ ကျွန်တော်တို့ အခုလုပ်နေတာ ရုံခွဲမှာ” လို့ သူက ပြောပါတယ်။
လက်ရှိ အလုပ်ရပ်နားခံရသူတွေဟာ နှစ်နိုင်ငံနားလည်မှု (MoU) စနစ်နဲ့ ထိုင်းနိုင်ငံကို လာရောက်ခဲ့သူတွေဖြစ်ပြီး မူလအလုပ်မှာ အဆင်မပြေတဲ့အတွက် Cal-Comp စက်ရုံကို ပြောင်းရွှေ့လာခဲ့သူတွေ ဖြစ်ကာ အလုပ်သမားပတ်စ်ပို့ (PJ) နဲ့ ပန်းရောင်ကတ် အထောက်အထား ကိုင်ဆောင်ထားသူတွေလို့ သိရပါတယ်။
Cal-Comp Electronics (Thailand) ကုမ္ပဏီဟာ ဟောင်ကောင်အခြေစိုက် KINPO GROUP လုပ်ငန်းစုရဲ့ လက်အောက်ခံ ကုမ္ပဏီတခု ဖြစ်တယ်လို့ သိရပါတယ်။

image

အပစ်ရပ်သဘောတူညီချက် ကမ္ဘောဒီးယား ချိုးဖောက်တယ်လို့ ထိုင်းစစ်တပ် စွပ်စွဲ

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့အကြား နယ်စပ်ပြဿနာနဲ့ပတ်သက်ပြီး မကြာသေးမီက လက်မှတ်ရေးထိုးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ကမ္ဘောဒီးယားက ချိုးဖောက်တယ်လို့ ထိုင်းစစ်တပ်က စွပ်စွဲလိုက်ပါတယ်။
ကမ္ဘောဒီးယားဘက်ကနေ ပျံသန်းလာတဲ့ ဒရုန်းအစင်း ၂၅၀ ကျော်ကို တွေ့ရှိခဲ့ကြောင်း ထိုင်းစစ်တပ်ရဲ့ ကြေညာချက်တစောင်မှာ ပြောပါတယ်။ မကြာသေးမီးက အပစ်အခတ်ရပ်စဲရေးဟာ စနေနေ့ ဒေသစံတော်ချိန် မွန်းတည့်ချိန်မှာ စတင်အသက်ဝင်ခဲ့တာပါ။
နှစ်ဖက်စလုံးက တပ်ဖွဲ့ဝင်တွေ လက်ရှိရှိနေသော ရှေ့တန်းစစ်မျက်နှာမှာ တိုက်ပွဲတွေရပ်ဖို့ ၊ အင်အားဖြည့်တင်းမှုတွေ မပြုလုပ်ဖို့နဲ့ နယ်စပ်ဒေသတွေမှာ နေထိုင်တဲ့ အရပ်သားတွေကို နေရပ်ပြန်နိုင်ဖို့အတွက်တွေကို သဘောတူညီခဲ့ကြပါတယ်။
ဒီသဘောတူညီချက်ဟာနှစ်နိုင်ငံစလုံးအပေါ် တရုတ်နဲ့ အမေရိကန်တို့ရဲ့ သံတမန်ရေးဖိအားပေးမှုနဲ့အတူ ရက်ပေါင်းများစွာ ဆွေးနွေးမှုတွေအပြီးမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ကမ္ဘောဒီးယားရဲ့ လုပ်ရပ်တွေဟာ တင်းမာမှုတွေကို လျှော့ချဖို့ ရည်ရွယ်ထားတဲ့ အစီအမံတွေကို ချိုးဖောက်ခြင်ေ ဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး စည်းကမ်းချက်တွေနဲ့ မကိုက်ညီဘူလို့ တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တခုမှာ ထိုင်းစစ်တပ်က ပြောပါတယ်။
ဇူလိုင်လမှစပြီး ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ကမ္ဘောဒီးယားစစ်သား ၁၈ ယောက်ကို လွှတ်ပေးဖို့ကိုလည်း ပြန်စဉ်းစားမယ်လို့ ဆိုပါတယ်။ "သဘောတူညီချက်တွေနဲ့ နိုင်ငံတော်အချုပ်အခြာအာဏာကို ချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေပါက တုံ့ပြန်သွားမယ်လို့ " လို့ ထိုင်းစစ်တပ်က ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက် ဆိုခွန်ကတော့ လက်ရှိစွပ်စွဲချက်ဟာ နယ်စပ်မျဉ်းတလျှောက် နှစ်ဖက်စလုံးမှ မြင်တွေ့ရတဲ့ ဒရုန်းပျံသန်းမှုနဲ့ ဆက်စပ်တဲ့ အသေးအဖွဲပြဿနာတခုလို့ ပြောဆိုထားပါတယ်။

image

ဘင်္ဂလား‌ဒေ့ရှ်ရဲ့ ပထဆုံးအမျိုးသမီးဝန်ကြီးချုပ် ခါလီဒါဇီယာ ကွယ်လွန်

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ခါလီဒါဇီယာဟာ နာတာရှည်ရောဂါခံစားနေရပြီးနောက် အသက် ၈၀ မှာ ကွန်လွန်သွားပြီလို့ သူမရဲ့ ပါတီက ဒီကနေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
"ကျွန်မတို့ သဘောအကျဆုံး ဆုံးခေါင်းဆောင်က ကျွန်မတို့နဲ့အတူ မရှိတော့ပါဘူး။ ဒီမနက် ၆ နာရီမှာ သူမက ကျွန်မတို့ကို ထားသွားခဲ့တယ်" ဇီယာရဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) က Facebook မှာ ကြေညာပါတယ်။
ဇီယာရဲ့ အခြေအနေဟာ "အလွန်အရေးကြီးတဲ့ အနေအထား " လို့ တနင်္လာနေ့ညမှာ ဆရာဝန်တွေက ပြောပါတယ်။ သူမကို အသက်ကယ်ပစ္စည်း ကိရိယာတွေနဲ့ ကုသပေးခဲ့ပေမယ့် အသက်အရွယ်နဲ့ ကျန်းမာရေး ချို့တဲ့မှုကြောင့် ကုသမှုများစွာကို တစ်ပြိုင်နက်တည်း ပေးနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
ဇီယာဟာ နှစ် ၂၀ အတွင်း ပထမဆုံး ဒီမိုကရေစီရွေးကောက်ပွဲမှ BNP ကို အောင်ပွဲခံအောင် ဦးဆောင်ပြီးနောက် ၁၉၉၁ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်ရဲ့ ပထမဆုံး အမျိုးသမီး အစိုးရခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ ဇီယာဟာ ၂၀၀၁ ခုနှစ်မှာတော့ ဝန်ကြီးချုပ်ရာထူးကို ပြန်လည်ရရှိခဲ့ပြီး အထွေထွေရွေးကောက်ပွဲမတိုင်မီ ၂၀၀၆ ခုနှစ် အောက်တိုဘာလမှာ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။
သူမရဲ့ နိုင်ငံရေးဘဝဟာ အဂတိလိုက်စားမှုစွပ်စွဲချက်တွေနဲ့အတူ ပြီးခဲ့သည့်နှစ်က ဝန်ကြီးချုပ်ရာထူးကနေ ဖြုတ်ချခံခဲ့ရတဲ့ အဝါမီလိဂ်ခေါင်းဆောင် ရှိတ်ဟာစီနာနဲ့ ရေရှည်နိုင်ငံရေးပြိုင်ဆိုင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အဆုံးသတ်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကွယ်လွန်သူ သမ္မတ ဇီယာရာမန်ရဲ့ ဇနီးဖြစ်သူ ဇီယာဟာ ၂၀၁၈ ခုနှစ်မှာ အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ်ငါးနှစ် ချမှတ်ခံခဲ့ရပါတယ်။

image

ရိုးမားသို့ ပေါင်သန်း ၃၀ ဖြင့် ပြောင်းရွှေ့ရန် ယူနိုက်တက်ရဲ့ ဇတ်ဇီး သဘောတူညီမှု ရရှိ
===================

ယူနိုက်တက်တိုက်စစ်မှူးဂျိုရှာဇတ်ဇီးဟာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် ရိုးမားသို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။
အသက် ၂၄ နှစ်ရှိ ဇတ်ဇီးဟာ ၂၀၂၄ ခုနှစ်တွင် ဘိုလော့ဂ်နာမှ ပေါင် ၃၅ သန်းဖြင့် ပြောင်းလာပြီးနောက် အကောင်းဆုံးပုံစံ ရရှိရေး ရုန်းကန်လာခဲ့ရသူ ဖြစ်ပါတယ်။
သူဟာ ယခုရာသီတွင်လည်း ပြိုင်ပွဲအရပ်ရပ် ၁၂ ပွဲကစားထားရာမှာ ၁ ဂိုးတည်းသာ သွင်းထားနိုင်ကာ ဆက်လက် ရုန်းကန်နေရပါတယ်။
နယ်သာလန်လက်ရွေးစင်တိုက်စစ်မှူးဟာ ယူနိုက်တက်တွင် ပုံမှန်ပွဲကစားခွင့် ရရှိရေး ရုန်းကန်နေရမှုကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ရန် အခွင့်အရေး နည်းပါးလာမှုနှင့်အတူ ပွဲကစားခွင့်အာမခံချက် ပေးလာတဲ့ ရိုးမားသို့ ပြောင်းရန် စိတ်အားထက်သန်နေတာလည်း ဖြစ်ပါတယ်။
La Gazzetta dello Sportက ဇတ်ဇီးဟာ ရိုးမားအားကစားဒါရိုက်တာရစ်ကီမာဆာရာ၊ နည်းပြဂက်စ်ပါရီနီတို့နှင့် ဆွေးနွေးမှုပြုလုပ်ခဲ့ရာ ဇန်နဝါရီတွင် ပြောင်းရန် သဘောတူညီမှု ရခဲ့ကြောင်း ဖော်ပြလာပါတယ်။
ဒါ့အပြင် ဂက်စ်ပါရီနီက သူ့ရဲ့ ၃-၄-၂-၁ ကစားကွက်တွင် ဇတ်ဇီးမှာ အံဝင်အောင် ကစားနိုင်ကြောင်းလည်း အာမခံချက်ပေးထားကြောင်း သိရပါတယ်။
တဖက်တွင် ယူနိုက်တက်ဟာ ဘရိုင်ယန်အမ်ဘူမို၊ အာမက်ဒီရယ်လိုတို့အား အာဖရိကဖလားပြိုင်ပွဲသို့ စေလွှတ်ထားရာရာ ဇန်နဝါရီတွင် ဇတ်ဇီးအား ထွက်ခွာခွင့်ပေးလာပါ့မလား မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
တဖက်တွင် ရိုးမားဟာ ဇတ်ဇီးကို ၆ လအငှားဖြင့် ခေါ်ယူပြီး အငှားစာချုပ်အတွင်းတွင် နွေရာသီတွင် ပေါင် ၃၅ သန်းဝန်းကျင်ဖြင့် အပြီးသတ်ခေါ်ယူမယ့်အချက်ကို ထည့်သွင်းလိုနေပါတယ်။
မကြာသေးမီတုန်းက အင်တာဗျူးမှာတော့ ယူနိုက်တက်နည်းပြရူဘင်အမိုရမ်က အစားထိုးနိုင်မယ့် ကစားသမား မရရှိပါက အသင်းရှိ ကစားသမားများအား ထွက်ခွာခွင့်ပေးလာမှာ မဟုတ်ကြောင်း ဆိုထားပါတယ်။

image

နိုင်ဂျီးရီးယားယာဉ်မတော်တဆမှုကြောင့် ဗြိတိန်ဟဲဗီးဝိတ်လက်ဝှေ့သမားအန်တိုနီဂျိုရှာ ဒဏ်ရာရရှိခဲ့ပြီး အဖွဲ့ဝင် ၂ ဦး သေဆုံး
=======================

ဗြိတိန်ဟဲဗီးဝိတ်လက်ဝှေ့သမားအန်တိုနီဂျိုရှာဟာ နိုင်ဂျီးရီးယားတွင် ဖြစ်ပျက်တဲ့ ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရရှိခဲ့ပြီး အဖွဲ့ဝင် ၂ ဦး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။
ကမ္ဘာ့ချန်ပီယံဟောင်းစီးနင်းလာတဲ့ကားဟာ လာဂို့စ်အနီး အိုဂတ်ပြည်နယ်ရှိ အဝေးပြေးလမ်းတွင် ထရပ်ကားတစ်စီးနှင့် တိုက်မိခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းယာဉ်မတော်တဆမှုကြောင့် ဂျိုရှာရဲ့အခင်ဆုံးသူငယ်ချင်းများဖြစ်တဲ့အပြင် အဖွဲ့ဝင်များလည်း ဖြစ်ကြတဲ့ ဆီနာဂါမီနှင့် လာတစ်ဖ်လက်ဇ်အေယိုဒီလီတို့ ဆုံးပါးသွားခဲ့ကြပါတယ်။
လက်ရှိအချိန်တွင် ဂျိုရှာမှာ ဆေးရုံတွင် တည်ငြိမ်တဲ့အနေအထားတွင် ရှိနေပြီး နောက်ထပ် စစ်ဆေးမှုများ ပြုလုပ်ရပါဦးမယ်။
ယင်းယာဉ်မတော်တဆဖြစ်မှုမတိုင်မီ နာရီအနည်းငယ်အလိုတွင် ဂျိုရှာဟာ အင်စတာဂရမ်တွင် အေယိုဒီလီနှင့် စားပွဲတင်တင်းနစ်ကစားတဲ့ ဗီဒီယိုဖိုင်အား တင်ခဲ့ပါသေးတယ်။
အိုဂန်နှင့် လာဂို့စ်ပြည်နယ်အစိုးရက ဂျိုရှာမှာ ကံကောင်းထောက်မ၍ အသက်မဆုံးရှုံးခဲ့ရခြင်း ဖြစ်ကြောင်းနှင့် ယာဉ်မတော်တဆမှုအား စုံစမ်းစစ်ဆေးနေကြောင်း ကြေညာထားပါတယ်။
တဖက်တွင် နိုင်ဂျီးရီးယားသမ္မတဘိုလာအာမက်တီနူဘူကလည်း အသက် ၃၆ နှစ်ရှိ ဂျိုရှာအား ကိုယ်တိုင်တိုက်ရိုက်ဆက်သွယ်ကာ အမြန်ဆုံးပြန်လည်သက်သာကောင်းမွန်လာရေး ဆုမွန်ကောင်းတောင်းပေးထားပါတယ်။
ယင်းမတော်တဆမှုမှာ တနင်္လာနေ့တုန်းက ဒေသတွင်းစံတော်ချိန် နေ့လည် ၁၂ နာရီဝန်းကျင် ယာဉ်အသွားအလာ ရှုပ်ထွေးချိန်တဲ့ Lagos-Ibadan လမ်းပေါ်တွင် ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။
ယာဉ်မတော်တဆမှုတွင် Lexus အနက်ရောင်နှင့် အနီရောင်ထရပ်ကားတို့ ပါဝင်ခဲ့ပါတယ်။ နိုင်ဂျီးရီးယားရဲ့ Federal Road Safety Corps (FRSC) က Lexus ကားက သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်ခဲ့တယ်လို့ သံသယဝင်ရကြောင်း ဆိုထားပါတယ်။
ဒေသခံများရဲအ့ဆိုအရ ဂျိုရှာနှင့် ယာဉ်မောင်းတို့အား လက်ဝှေ့ချန်ပီယံဟောင်းရဲ့ လုံခြုံရေးအဖွဲ့က ကယ်ထုတ်ခဲ့ကြောင်း ဆိုထားပါတယ်။
Lagos-Ibadan လမ်းမှာ နိုင်ဂျီးရီးယားတွင် လူသေမှုအများဆုံးဖြစ်ပျက်တဲ့ လမ်းများထဲမှ တစ်ခု ဖြစ်ပြီး ယာဉ်မတော်တဆမှု မကြာခဏ ဖြစ်ပွားရာလမ်းလည်း ဖြစ်ပါတယ်။
ဂျိုရှာမှာ ဝက်ဖို့ဒ်ဖွားတစ်ဦးဖြစ်ပေမယ့်လည်း မိသားစုဝင်များမှာ အိုဂန်ပြည်နယ် ဆာဂါမန်းဒေသနွယ်ဖွားများ ဖြစ်ကြပါတယ်။

image

၂၀၂၅ အာဆီယံ ယူ- ၁၆ ဖူဆယ်ပြိုင်ပွဲတွင် မြန်မာဖူဆယ်အသင်း တတိယရရှိ

၂၀၂၅ အာဆီယံ ယူ-၁၆ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ ယူ-၁၆ ဖူဆယ်အသင်းဟာ တတိယဆု ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။
၂၀၂၅ အာဆီယံ ယူ-၁၆ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် နွန်သာဘူရီမြို့မှာ ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၃ ရက်က ၂၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ပြိုင်ပွဲကို အိမ်ရှင်ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘရူနိုင်း အသင်း ငါးသင်း ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ပထမအဆင့်အနေနဲ့ အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားစေခဲ့ပါတယ်။
အုပ်စုပတ်လည်ပွဲများအပြီးမှာ ထိပ်ဆုံးရပ်တည်မှု ရ အသင်းနှစ်သင်းက ဗိုလ်လုပွဲ၊ အဆင့် ၃၊ ၄ ရ အသင်းနှစ်သင်းက တတိယနေရာလုပွဲ ကစားခဲ့ရခြင်းဖြစ်ပါတယ်။
မြန်မာ ယူ-၁၆ ဖူဆယ်အသင်းဟာ အုပ်စုတွင်းမှာ ဘရူနိုင်းကို (၆-၁) ဂိုးနဲ့ အနိုင်ရပြီး အင်ဒိုနီးရှားကို (၂-၄) ဂိုး၊ အိမ်ရှင်ထိုင်းကို (ဝ-၄) ဂိုး၊ ဗီယက်နမ်ကို (၂-၅) ဂိုးတို့နဲ့ ရှုံးနိမ့်ကာအမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်ခဲ့ပါတယ်။
ဒါကြောင့် မြန်မာ ယူ-၁၆ ဖူဆယ်အသင်းဟာ ဒီနေ့ တတိယနေရာလုပွဲအဖြစ် အုပ်စုတွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ထားတဲ့ ဗီယက်နမ်နဲ့ ပြန်လည်ကစားခဲ့ရာ (၂-၁) ဂိုးနဲ့ အနိုင်ရရှိပြီး တတိယဆု ရရှိခဲ့တာဖြစ်ပါတယ်။

image

ဘာစီလိုနာပရိသတ်တွေ ရောင်းထုတ်စေလိုဆုံး ကစားသမားအဖြစ် ဒီယွန်းရပ်တည်

ဘာစီလိုနာအသင်းရဲ့ နယ်သာလန်ကွင်းလယ်ကစားသမား ဒီယွန်းဟာ အသင်းပရိသတ်တွေရဲ့ ရောင်းထုတ်စေလိုဆုံးကစားသမားအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။
စပိန်သတင်းစာ Mundo Deportivo က ၂၀၂၆ နွေရာသီမှာ ဘယ်ကစားသမားကို ရောင်းထုတ်စေချင်သလဲဆိုတာ ဘာစီလိုနာပရိသတ် (၃၀၀)ထံက စစ်တမ်းကောက်ယူခဲ့ရာမှာ ဒီယွန်းကို ရွေးချယ်သူ အများဆုံးဖြစ်ခဲ့ကြောင်း သိရပါတယ်။
ဒီယွန်းက ဆန္ဒမဲ (၃၇.၃)ရာခိုင်နှုန်းရရှိခဲ့ပြီး ဥရုဂွေးနောက်ခံလူ အာရူဟိုက (၃၂.၃)ရာခိုင်နှုန်းနဲ့ ဒုတိယအများဆုံးဖြစ်ခဲ့ပါတယ်။
၂၀၁၉ နွေရာသီမှာ အေဂျက်စ်ကနေ ဘာစီလိုနာကို ယူရို(၇၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဒီယွန်းဟာ ဘာစီလိုနာအသင်းကနေ ရောင်းထုတ်ခံရဖို့ အကြိမ်ကြိမ်သတင်းထွက်ခဲ့ဖူးသူဖြစ်ပြီး အာရူဟိုကလည်း ဘာစီလိုနာအသင်း ရောင်းထုတ်လိုတဲ့ ကစားသမားစာရင်းမှာ ပါဝင်နေသူဖြစ်ကြောင်း သိရပါတယ်။
အဲဒီစစ်တမ်းကောက်ယူမှုမှာ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးကို စာချုပ်သက်တမ်းမတိုးဖို့ ဆန္ဒရှိသူက (၅၉.၃)ရာခိုင်နှုန်းရှိခဲ့ပြီး ရပ်ရှ်ဖို့ဒ်ကို အပြီးသတ်ခေါ်ယူဖို့ ထောက်ခံသူက (၅၄.၇)ရာခိုင်နှုန်း ရှိကြောင်းလည်း သိရပါတယ်။
ထူးခြားတာကတော့ ဘာစီလိုနာအသင်းရဲ့ ကြယ်ပွင့်ကစားသမားဖြစ်တဲ့ ယမားလ်ကို ရောင်းထုတ်သင့်တယ်လို့ ဆန္ဒမဲပေးသူ နှစ်ဦးရှိခဲ့ကြောင်းလည်း သိရပါတယ်။

image

ဂိုး(၁၀၀၀)မပြည့်မချင်း အနားယူမှာမဟုတ်ဘူးလို့ စီရော်နယ်လ်ဒို ပြောကြား

အယ်လ်နာဆာအသင်းရဲ့ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုက ဂိုး(၁၀၀၀)မပြည့်မချင်း အနားယူမှာမဟုတ်ဘူးလို့ Globe Soccer Awards ဆုပေးပွဲအခမ်းအနားမှာ ပြောကြားခဲ့ကြောင်း သိရပါတယ်။
၂၀၂၅ Globe Soccer Awards ဆုပေးပွဲမှာ စီရော်နယ်လ်ဒိုဟာ အရှေ့အလယ်ပိုင်းအကောင်းဆုံးကစားသမားဆု ရရှိခဲ့ပြီး ကျေးဇူးတင်စကားပြောကြားချိန်မှာ ဂိုး(၁၀၀၀)ရည်မှန်းချက်အကြောင်း ထည့်သွင်းပြောကြားခဲ့တာပါ။
'' ဘောလုံးဆက်ကစားဖို့က ခက်ခဲပေမဲ့ ကျွန်တော့်မှာ လှုံ့ဆော်မှုရှိပါတယ်။ ကျွန်တော့်ရဲ့ စိတ်အားထက်သန်မှုက မြင့်မားပြီး ရှေ့ဆက်သွားချင်ပါတယ်။ အရှေ့အလယ်ပိုင်းပဲဖြစ်ဖြစ် ဥရောပပဲဖြစ်ဖြစ် ဘယ်မှာ ကစားသလဲဆိုတာက အရေးမကြီးပါဘူး။ ဘောလုံးကစားနေရရင် ကျွန်တော် ပျော်ရွှင်ပါတယ်။ ကျွန်တော့်ရည်မှန်းချက် ဘာလဲဆိုတာလည်း ခင်ဗျားတို့ သိပါတယ်။ ကျွန်တော် ဆုဖလားတွေ ရယူသွားချင်ပြီး အဲဒီကိန်းဂဏန်း(ဂိုး ၁၀၀၀)ကိုလည်း ရောက်ချင်ပါတယ်။ ဒဏ်ရာပြဿနာသာ မရှိရင် ကျွန်တော် အဲဒီကိန်းဂဏန်းကို သေချာပေါက်ရောက်မှာပါ'' လို့ စီရော်နယ်လ်ဒိုက ပြောကြားခဲ့ပါတယ်။
စီရော်နယ်လ်ဒိုဟာ လာမယ့် ဖေဖော်ဝါရီလမှာ အသက်(၄၁)နှစ်ပြည့်မှာဖြစ်ပြီး အယ်လ်နာဆာအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။
သူ့ရဲ့ ကလပ်နဲ့ လက်ရွေးစင် နှစ်မျိုးပေါင်း သွင်းဂိုးက (၉၅၆)ဂိုးရှိနေပြီဖြစ်တာကြောင့် ဂိုး(၁၀၀၀)ပြည့်ဖို့ (၄၄)ဂိုးသာ လိုတော့တာပါ။

image

မြန်မာ ယူ- ၁၇ အသင်းကို တရုတ်နဲ့ ကာတာနိုင်ငံများဆီ MFF စေလွှတ်မယ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဟာ မြန်မာ ယူ-၁၇ လူငယ်အသင်းကို ၂၀၂၆ အာဆီယံ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲ မတိုင်မီ တရုတ်နဲ့ ကာတာနိုင်ငံများထံ စေလွှတ်ပြီး လေ့ကျင့်ရေးခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားစေဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
မြန်မာ ယူ-၁၇ လူငယ်အသင်းဟာ ၂၀၂၆ ခုနှစ်ထဲမှာ အဓိက နိုင်ငံတကာပြိုင်ပွဲ နှစ်ခု ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိနေပြီး အဲ့ဒီပြိုင်ပွဲများမှာ ထိုက်သင့်တဲ့အောင်မြင်မှုများရရှိဖို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ရည်ရွယ်ထားကြောင်း သိရပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ် (MFF) ဟာ မြန်မာ ယူ-၁၇ လူငယ်အသင်းကို ၂၀၂၆ အာဆီယံ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲ မတိုင်မီ တရုတ်နဲ့ ကာတာနိုင်ငံများထံ စေလွှတ်ပြီး လေ့ကျင့်ရေးခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားစေရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဟာ မြန်မာ ယူ-၁၇ လူငယ်အသင်းကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီအတွင်း တရုတ်နိုင်ငံကို စေလွှတ်ပြီး လေ့ကျင့်ရေးခြေစမ်းပွဲများ၊ မတ်လအတွင်း ကာတာနိုင်ငံကို စေလွှတ်ပြီး လေ့ကျင့်ရေးခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ပေးထားကြောင်း သိရပါတယ်။
မြန်မာ ယူ-၁၇ လူငယ်အသင်းဟာ ၂၀၂၆ ခုနှစ်အတွင်း အဓိကနိုင်ငံတကာပြိုင်ပွဲ နှစ်ခုဖြစ်တဲ့ ၂၀၂၆ အာဆီယံ ယူ-၁၇ ပြိုင်ပွဲနဲ့ ၂၀၂၆ အာရှဖလား ယူ-၁၇ ပြိုင်ပွဲတို့ကို ဝင်ရောက်ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။
မြန်မာ ယူ-၁၇ လူငယ်အသင်းဟာ ၂၀၂၆ ခုနှစ်၊ ဧပြီအတွင်း အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ၂၀၂၆ အာဆီယံ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲနဲ့ မေလအတွင်း ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၆ အာရှဖလား ယူ-၁၇ ပြိုင်ပွဲတို့ကို ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

image