ကျိုက်ထီးရိုးသို့ လာရောက်သည့် ဘုရားဖူးခရီးသွား အလွန်များပြားနေ

နှစ်ကုန် ခရီးသွားရက်များအတွင်း ကျိုက်ထီးရိုးဘုရားဖူး ပြည်တွင်းခရီးသွားများ အလွန်များသောကြောင့် ရင်ပြင်တော်ပေါ်သို့ တက်ရောက်မည့် တောင်တက်ကားများပါ အလှည့်ကျစောင့်ဆိုင်းနေရကြောင်း သိရသည်။

"ရင်ပြင်တော်ပေါ်မှာပါ ခြေချစရာနေရာ မရှိသလောက်ပါပဲ၊ တောင်ခြေက တက်လာမယ့် ကားတွေကိုလည်း အလှည့်ကျ နားထားရတယ်၊ တောင်ပေါ်ကလူနဲ့ တောင်ခြေက လူနဲ့ ချိန်နေရတယ်" ဟု ဘုရားဖူးရောက်ရှိနေသူ တစ်ဦးက ပြောသ ည်။

လူများပြားခြင်း၏ နောက်ဆက်တွဲအနေဖြင့် အမှိုက်များ စွန့်ပစ်မှု အားနည်းလျက်ရှိနေပြီး ရင်ပြင်တော်ပေါ်တွင် သန့်ရှင်းမှု အမှီလိုက်လံဆောင်ရွက်နေရကြောင်းလည်း သိရသ ည်။

"လူများတော့ တချို့တွေပါလာတဲ့ ကလေးတွေကို ဒီပေါ်မှာပဲ အပေါ့တည်တာတို့၊ အမှိုက်ပစ်တာတို့လုပ်တယ်၊ အဲဒါတွေ လိုက်ထိန်းဖို့ကို မနိုင်ဘူး ဖြစ်နေတယ်" ဟု သိရှိသူတစ်ဦးကလည်း ဆိုသည်။

တောင်တက်သူများပြားသော်လည်း လက်ရှိ၌ တောင်တက်ကားခများမှာ အပြောင်းအလဲမရှိဘဲ ရှေ့ခန်း (၉၀၀၀) ကျပ်၊ နောက်ခန်း (၇၀၀၀) ကျပ်ဖြင့် ပြေးဆွဲပေးနေကြောင်းလည်း သိရပြီး New Year နေ့ရက်များတွင် လူပိုများလာနိုင်ကြောင်း ခန့်မှန်းပြောဆိုကြသည်။

image

ကမ္ဘောဒီးယား-ထိုင်းနှစ်နိုင်ငံနယ်စပ်ဒေသတွင် ဖြစ်ပွားနေသည့်အရေးကိစ္စကို မြန်မာနိုင်ငံမှ ဘက်လိုက်ခြင်းမရှိဘဲရပ်တည်လျက်ရှိ

ကမ္ဘောဒီးယား-ထိုင်းနှစ်နိုင်ငံနယ်စပ်ဒေသတွင် ဖြစ်ပွားနေသည့်အရေးကိစ္စကို မြန်မာနိုင်ငံမှ ဘက်လိုက်ခြင်းမရှိဘဲရပ်တည်လျက်ရှိသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းက ပြောသည်။

၎င်းမှ ဒီဇင်ဘာ ၂၂ ရက်က ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံကြား လက်ရှိအခြေအနေနှင့်ပတ်သက်၍ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ အစည်းအဝေးပုံစံနှစ်မျိုး (Hybrid Format)ဖြင့်ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်းအဝေးတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် လွတ်လပ်၍တက်ကြွပြီးဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒနှင့်အညီ နှစ်နိုင်ငံနယ်စပ်ဒေသတွင်ဖြစ်ပွားနေသော အရေးကိစ္စအပေါ် မည်သည့်ဘက်ကမှ ဘက်လိုက်ခြင်းမရှိပဲ ရပ်တည်လျက်ရှိသည်ဟု ပြောသည်။

ထို့ပြင် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ပြီး နှစ်နိုင်ငံကြားရှိ သဘောထားကွဲလွဲမှုများကို တွေ့ဆုံဆွေးနွေးမှုနှင့် စေ့စပ်ညှိနှိုင်းမှုများမှတစ်ဆင့် အဖြေရှာခြင်း၏ အရေးပါမှုကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့အတူ ယင်းနှစ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးရှိ၍ နှစ်နိုင်ငံလုံးအနေဖြင့် အိမ်နီးချင်းကောင်းစိတ်ဓာတ်နှင့် စည်းလုံးညီညွတ်သော အာဆီယံမိသားစုစိတ်ဓာတ်တို့ဖြင့် ဖြစ်ပေါ်နေသောအရေးကိစ္စများကို ငြိမ်းချမ်းစွာဖြေရှင်းပြီး နှစ်ဦးနှစ်ဖက်လက်ခံနိုင်သည့်အဖြေ မကြာမီရရှိနိုင်လိမ့်မည်ဟု မြန်မာနိုင်ငံကယုံကြည်မျှော်လင့်သည်ဟုလည်း နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းက ပြောကြားခဲ့သည်။

image

(၂)နှစ်ကျော်ကြာပိတ်ထားရသည့် နောင်ချိုမြို့နယ်ရှိ သုံးဆယ်တိုက်နယ်ဆေးရုံပြန်လည်ဖွင့်လှစ်

အကြမ်းဖက်ဖြစ်စဥ်များကြောင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကုန်ခါနီးမှစတင်ကာ ယာယီပိတ်ထားခဲ့ရသည့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ သုံးဆယ်တိုက်နယ်ဆေးရုံအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ကုသရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ နှီးနွယ်ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် စေတနာရှင်များပူးပေါင်း၍ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးနောက် ဒေသခံများအား ကျန်းမာရေးဝန်ထမ်းများက ကုသရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိ၍ သုံးဆယ်တိုက်နယ်မှ ဒေသခံ(၃၀,၀၀၀)ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုများလွှမ်းခြုံဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အထိ အသက်(၁၅) နှစ်အောက် ကလေးငယ်(၃၂,၃၅၀) ဦးအားလိုအပ်သည့် ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

image

တုတ်ကွေး K ရောဂါပိုး မြန်မာနိုင်ငံတွင် မတွေ့သေးဟု ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်

တရုတ်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ(၃၄)နိုင်ငံတွင် တွေ့ရှိရသည့် ရာသီတုတ်ကွေးအမျိုးအစားတစ်မျိုးဖြစ်သော Influenza A H3N2 Subclade K ရောဂါပိုးကို မြန်မာနိုင်ငံတွင် မတွေ့သေးဘူးကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ရောဂါပိုးရှိမရှိ ဓာတ်ခွဲစမ်းသပ်ခဲ့ပြီး မတွေ့ရသေးကြောင်း၊ လူထုအတွင်း Influenza A H3N2ရောဂါပိုးကို ခုခံနိုင်မည့် ကိုယ်ခံအားအသင့်အတင့်ရှိနေကြောင်းကျန်းမာရေးဝန်ကြီးဌာနကဆိုသည်။

ထို့ပြင် လက်ရှိအသုံးပြုနေသည့် တုတ်ကွေးကာကွယ်ဆေးနှင့် ကုသဆေးများသည် ကာကွယ်ကုသနိုင်ကြောင်း သိရသည်။

သို့သော် ရာသီတုတ်ကွေးရောဂါပိုးသည် က‌လေးငယ်၊ သက်ကြီးရွယ်အို၊ ကိုယ်ခံအားကျသူ၊ ရောဂါအခံရှိသူ၊ကိုယ်ဝန်ဆောင်များတွင် ပိုမိုပြင်းထန်စွာခံစားရနိုင်သည့်အတွက် ရောဂါကာကွယ်ရေးများဖြစ်သည့် လက်ဆေးခြင်း၊ ခပ်ခွာခွာနေခြင်း၊ နှာခေါင်းစည်းခြင်းတို့ကိုဆောင်ရွက်ရန် သတိပေးနှိုးဆော်ထားသည်။

image

မြန်မာနိုင်ငံသို့ ခွင့်ဖြင့် ပြန်မည့် အလုပ်လုပ်သူများအနေဖြင့် ရွှေ့ပြောင်းလုပ်သား အဝင် သတင်းပို့ရန် လို

မြန်မာနိုင်ငံသို့ ခွင့်ဖြင့် ပြန်မည့် အလုပ်လုပ်သူများအနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိုက်ရောက် (Arrival) တွင် ထားရှိသည့် ရွှေ့ပြောင်းလုပ်သား အဝင် သတင်းပို့ကောင်တာ (Arrival Counter) တွင် မပျက်မကွက် သတင်းပို့ကြရန် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထိုသို့ ပြုလုပ်ရခြင်းသည် ခွင့်ပြီးဆုံး၍ ပြန်ထွက်ခွါရာ၌ စိစစ်မှုများတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရန်အတွက် ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

image

ချယ်ရီပန်းရာသီ၌ ချယ်ရီပန်းများ မခူးကြရန် မေတ္တာရပ်ခံသည့် ကမ်ပိန်းပြုလုပ်

မြန်မာနိုင်ငံ၏ အအေးပိုင်း ဒေသများ၌သာ ပွင့်နိုင်သည့် ချယ်ရီပန်းများသည် လက်ရှိ၌ တောင်ကြီးမြို့အနီးတဝိုက်တွင် စတင်ပွင့်လာပြီဖြစ်ရာ ချယ်ရီပန်းများ မခူးကြရန် မေတ္တာရပ်ခံသည့် "Cherry Campaing" ပြုလုပ်လျက်ရှိကြောင်း သိရသည်။

"ပုံမှန်ဆို ဒီဇင်ဘာလ အကုန် ဇန်နဝါရီလ လောက်မှပွင့်တဲ့ ချယ်ရီပန်းလေးတွေက သစ်ပင်၊ သစ်တောများပြုန်းတီးခြင်းနဲ့ လူတို့ရဲ့ ခူးယူချိုးဖျ-က်ခြင်းတွေကြောင့် တောင်ကြီးမြို့မှာဆိုရင် ချယ်ရီပင်တွေက သိသိသာသာကိုလျော့နည်းလာတာဟာ (၁၀)စုနှစ် တစ်ခုစာလောက်တောင်ရှိနေပါပြီ" ဟု ကမ်ပိန်းပြုလုပ်သူက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ထို့ကြောင့် ခေတ်ကာလ အခြေနေအရ ရာသီစာပန်းများနှင့် ဓါတ်ပုံရို-က်ချင်သူများအတွက် သစ်ပင်၊ ပန်းပင် ချစ်သူများအတွက် ချယ်ရီပန်းများမခူးကြရန် မေတ္တာရပ်ခံသည်ဟုလည်း ဆိုသည်။

"ချယ်ရီပန်းဆိုတာ မိနစ်ပိုင်းအတွင်း ညှိုးသွားတတ်တဲ့ပန်းမို့လို့ လုံး၀ကို မခူးယူဖို့နဲ့ အကိုင်းအခက်တွေကို ချိုးခြင်းဟာ ချယ်ရီပင်ရဲ့ ရှင်သန်ကြီးထွားခြင်းကို ဒ-ဏ်ရာအနာတရဖြစ်စေနိုင်ကြောင်း မသိသေးတဲ့သူတွေကိုသိအောင် ပြောပြစေချင်တယ်" ဟုလည်း ၎င်းကရေးသားထားသည်။

image

မြန်မာနိုင်ငံ၌ကျင်းပမည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုများကို ထိုင်းနှင့် မြန်မာဆွေးနွေး

မြန်မာနိုင်ငံ၌ကျင်းပမည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုများကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဇော်စိုးနှင့် ထိုင်းဘုရင့်တပ်မတော်၊ အိမ်နီးချင်းနိုင်ငံများ ပူးပေါင်းညှိနှိုင်းရေး ဌာနအကြီးအကဲ General Direk Bongkarn တို့ဆွေးနွေးခဲ့ကြသည်။

၎င်းတို့နှစ်ဦးသည် ယနေ့ ဒီဇင်ဘာ ၂၃ ရက်နံနက် ၁၀ နာရီခွဲက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံစဥ် မြန်မာနိုင်ငံ၌ကျင်းပမည့် ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့၏ အရေးကြီးပုံနှင့် ပြင်ဆင်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာ-ထိုင်းနှစ်နိုင်ငံကြား ကာလရှည်ကြာပြီဖြစ်သော ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးပိုမိုခိုင်မာအားကောင်းလာစေရေး၊ နယ်စပ်ကုန်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်နှိမ်နင်းရေးတို့၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

image

ဂရင်းလန်းဆိုင်ရာ အထူးသံတမန် ဒေါ်နယ်ထရန့်ခန့်အပ်လိုက်ပြီး ဒိန်းမတ်နဲ့ ပိုမိုတင်းမာလာ

ဒေါ်နယ်ထရန့်ဟာ သူသိမ်းပိုက်လိုတယ်လို့ ပြောကြားထားတဲ့ အာတိတ်‌ဒေသက ဂရင်းလန်းကျွန်းဆိုင်ရာ အထူးသံတမန်တယောက်ကို ခန့်အပ်လိုက်ပြီးနောက် ဒိန်းမတ်နဲ့ အငြင်းပွားမှုတွေ ပိုမိုပြင်းထန်လာပြီး တင်းမာမှုတွေ မြင့်တက်လာပါတယ်။

လူဝီစီယားနားပြည်နယ် ရီပတ်ဘလီကန်အုပ်ချုပ်ရေးမှူး ဂျက်ဖ်လန်ဒရီကို ဒိန်းမတ်နိုင်ငံရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဂရင်းလန်းကျွန်းဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်လိုက်ပြီး အမျိုးသားကာကွယ်မှုအတွက် ဂရင်းလန်းကို လိုအပ်တယ်လို့ ထရန့်က ဆိုပါတယ်။

ဒီလုပ်ရပ်ကြောင်း ဒိန်းမတ်ဟာ အမျက်‌ဒေါသထွက်နေပြီး ရှင်းလင်းချက်တခုအတွက် အမေရိကန် သံအမတ်ကြီးကို ဆင့်ခေါ်မယ်လို့ ပြောပါတယ်။ ဂရင်းလန်းဝန်ကြီးချုပ်ကလည်း ကျွန်းရဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားရမယ်လို့ ပြောပါတယ်။

လူဝီစီယားနားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျက်ဖ်လန်ဒရီကတော့ ဂရင်းလန်းကို အမေရိကန်ရဲ့ အစိတ်အပိုင်းတခုဖြစ်စေဖို့ သံတမန်အဖြစ် တာဝန်ထမ်းဆောင်ရတာဟာ ဂုဏ်ယူစရာဖြစ်ကြောင်း ပြောပါတယ်။

ဇန်နဝါရီလမှာ ဒုတိယအကြိမ်သမ္မတဖြစ်လာတဲ့ ဒေါ်နယ်ထရန့်ဟာ မဟာဗျူဟာကျသောတည်နေရာနဲ့ အဖိုးတန်သတ္တုကြွယ်ဝမှုတွေရှိနေတဲ့ ဂရင်းလန်းကို သိမ်းပိုက်မယ်လို့ ပြောဆိုခဲ့ပါတယ်။ လိုအပ်ရင် စစ်အင်အားပါ သုံးမယ်လို့ဆိုထားပြီး ဒီရပ်တည်ချက်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ အစဉ်အလာအရ ဆက်ဆံရေးကောင်းမွန်တဲ့ နေတိုးမဟာမိတ်နိုင်ငံ ဒိန်းမတ်နိုင်ငံကို အံ့အားသင့်စေခဲ့ပါတယ်။

"ကျွန်တော်တို့ ဒါကို ဖြေရှင်းရပါလိမ့်မယ် ။ ကျွန်တော်တို့ဟာ သတ္တုတွေအတွက်မဟုတ်ဘဲ အမျိုးသားလုံခြုံရေးအတွက် ဂရင်းလန်းကို လိုအပ်ပါတယ်။" လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။

လူဦးရေ ငါးသောင်းခုနှစ်ထောင်ခန့် နေထိုင်သော ဂရင်းလန်းဟာ ၁၉၇၉ ခုနှစ်မှစပြီး ကျယ်ပြန့်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရရှိထားပေမယ့် ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးမူဝါဒဟာ ဒိန်းမတ်လက်ထဲမှာ ရှိနေဆဲဖြစ်ပါတယ်။

ဂရင်းလန်းသား အများစုက ဒိန်းမတ်မှ နောက်ဆုံးမှာ လွတ်လပ်ရေးရယူဖို့ကို ထောက်ခံကြပေမယ့် သဘောထားစစ်တမ်းတွေအရ အမေရိကန်ရဲ့ အစိတ်အပိုင်းတခု ဖြစ်လာဖို့ အလွန်အမင်း ဆန့်ကျင်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

image

မော်စကို ကားဗုံးကွဲမှု ရုရှားထိပ်တန်းစစ်ဗိုလ်ချုပ် သေဆုံး

ရုရှားနိုင်ငံ မော်စကိုမှာ တနင်္လာနေ့ကဖြစ်ပွားခဲ့တဲ့ ကားဗုံးပေါက်ကွဲမှုတခုအတွင်း ထိပ်တန်း စစ်ဗိုလ်ချုပ်တယောက် သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဒီကိစ္စမှာ ယူကရိန်းအထူးတပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်ခြင်းရှိမရှိကိုလည်း စုံစမ်းနေကြပါတယ်။

ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက ဒုတိယဗိုလ်ချုပ်ကြီး ဖာနေူလ်ဆောဗာရော့ဟာ မော်စကိုတောင်ပိုင်းရှိ ပေါက်ကွဲမှုမှာ သေဆုံးခဲ့တာဖြစ်ပြီး သူဟာ ရုရှားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အထွေထွေဝန်ထမ်းအဖွဲ့ စစ်ဆင်ရေးလေ့ကျင့်ရေးဌာနကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

ကားအောက်ခြေမှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတခု ထည့်ထားခံခဲရတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ သူ့ရဲ့ ကားဟာ ရပ်နားရာနေရာကနေ စတင်ရွေ့လျားတဲ့ အခါ လက်လုပ်ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတခု ပေါက်ကွဲသွားခဲ့တာလို့ ရုရှားမီဒီယာတွေက ဆိုပါတယ်။

ပေါက်ကွဲမှုဟာ အထပ်မြင့်တိုက်ခန်းတွေရှိတဲ့ လူနေရပ်ကွက်တခုမှာ ဖြစ်ပွားခဲ့တာပါ။ ရုရှားမီဒီယာတွေရဲ့အဆိုအရ ဆာဗာရော့ဗ်ဟာ ရုရှားတောင်ပိုင်းနဲ့ ဆီးရီးယားရှိ စစ်ဆင်ရေးတွေမှာ ယခင်က ပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ်မှာ ယူကရိန်းနိုင်ငံကို ကျူးကျော်ဝင်ရောက်ချိန်မှစပြီ ရုရှားနိုင်ငံမှာ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေ သေဆုံးခဲ့တဲ့ ပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပွားခဲ့ပါတယ်။ ဧပြီလမှာတော့ ရုရှားလုံခြုံရေး အာဏာပိုင်တွေဟာ မော်စကိုဆင်ခြေဖုံးရပ်ကွက်တခုမှာ ရုရှား ထိပ်တန်စစ်ဗိုလ်ချုပ်တယောက်သေဆုံးခဲ့တဲ့ ကားပေါက်ကွဲမှုမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ ယူကရိန်းထောက်လှမ်းရေးတယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

လက်ရှိမှာတော့ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန်ဦးဆောင်တဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ မတင်မကျဖြစ်နေပြီး အဓိကအားဖြင့် ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်နဲ့ နယ်မြေတွေ လက်လွှတ်ရေးတွေအပေါ် သဘောထားကွဲလွဲနေဆဲဖြစ်ပါတယ်။

ဒီအတောအတွင်း ရုရှားဟာ ယူကရိန်းတောင်ပိုင်း အိုဒီဆာ‌ဒေသမှာ တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်နေပြီး ရေကြောင်းအခြေခံအဆောက်အအုံတွေကို အဓိကထားတိုက်ခိုက်နေကာ ရေကြောင်းထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းကို ပိတ်ဆို့လိုတဲ့ ရည်ရွယ်ချက်ရှိတယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။

image

ဆင်ဖြူကျွန်းမြို့ပေါ်အထိ တိုက်ပွဲ ပြင်းထန်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့မှာ.တိုက်ပွဲပြင်းထန် ဖြစ်ပွားနေပြီး မြေပြင်ပစ်ခတ်မှုအပြင် လေကြောင်း ပစ်ကူ တိုက်ခိုက်မှု တွေလည်း ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းမှာ
ဆင်ဖြူကျွန်းမြို့ပါ်ရှိ နွယ်တမယ် တံတားထိပ်မှာ ရှိတဲ့ လုံခြုံရေးတပ်ဖွဲ့ စစ်ဆေးရေး ဂိတ်နဲ့ မြို့ထဲရှိ ဆင်ဖြူကျွန်း ရဲစခန်းကို PDF တပ်တွေက ဝင်ရောက် တိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှု အပြင် လေကြောင်း ၊ ဒရုန်းတိုက်ခိုက်မှုတွေ ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဆင်ဖြူကျွန်း မြို့ပြင်ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားမှု ရှိနေ တယ်လို့ သိရပါတယ်။

" မနက်က မြို့ထဲထိ ဝင်တိုက်ကြတာ ။ ဆင်ဖြူကျွန်းရဲစခန်းကို ပစ်တာပါ ။အခုတော့ မြို့ထဲ မဟုတ်တော့ဘူး ။ အခုက အနောက်ဘက်မှာ ချနေကြတယ်။မနက်က ဝင်ပစ်ခံရတဲ့ ရဲစခန်းကလည်း ချောင်းအစပ်နဲ့ နီးတယ်။အခုက မြို့ပတ်ချာလည်မှာ ချနေကြတယ်။ တညလုံးနဲ့ မနက်အစော လေယာဉ်တောက်လျှောက်ဝဲတယ် ။ မနက်အစောကျ တိုက်ပွဲဖြစ်ကြတယ်။ လေယာဥ်ကတော့ ကတည်းက တောက်လျှောက် ကြဲတာ ။ " လို့ ဆင်ဖြူကျွန်း မြို့ စစ်ရေး အခြေအနေကို မြို့ခံ ကပြောပြပါတယ်။

အဆိုပါ ဆင်ဖြူကျွန်း တိုက်ပွဲအတွင်းမှာ ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိထားပေမယ့်လည်း လတ်တလော စစ်ရေးအ ခြေအနေ အရ လူနာတွေကို ဆေးရုံပို့ဖို့ အဆင်မပြေသေးဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။

" ​လူနာတွေကို ကြက်ခြေနီက ခုမှကောက်ရတယ် ။ လူနာတွေ ကောက်လို့ရပေမယ့် စလင်းဘက်ကလည်း သွားလို့ မရဘူး ။မိုင်းထိတာဆို မကွေးကပဲ နိုင်တာဆိုတော့ အဲဒီဘက်ကို ပို့ရမယ့် သဘောရှိတယ် ။ " လို့ ဆင်ဖြူကျွန်း ကြက်ခြေနီအဖွဲ့ခွဲနဲ့ နီးစပ်သူက ပြောပါတယ်။

လက်ရှိ ဆင်ဖြူကျွန်း မြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် မြို့ကို အဝင်အထွက် ယာယီပိတ်ထား တဲ့ အခြေအနေရှိပြီး ခရီးသွားလာခွင့် မရကြောင်း ၊ တိုက်ပွဲဖြစ်နေတဲ့ မြို့ပတ်ဝန်းကျင်က ကျေးရွာတွေ ကတော့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

"တမြို့လုံး တနယ်လုံး လန့်နေကြတယ်။ ခရီးသွား လို့လည်း မရသေးဘူး။မြို့ပတ်ချာလည် မှာချနေကြတာ။ရွာတွေကတော့ လွတ်ရာပြေးနေကြတယ်။ရွာတွေက များတယ်။ " လို့ မြို့ခံက ထပ်မံပြောပါတယ်။

မနေ့က ဒီဇင်ဘာ၂၂ ရက်နေ့ ည ၁၁ နာရီလောက်ကတည်းက စပြီး စလင်းချောင်း အနောက်ဘက်ကမ်း နဲ့ မြောက်ဘက်ကို အစိုးရတပ်ဘက်က လေကြောင်း တိုက်ခိုက်မှု တွေဆက်တိုက်ပြု လုပ်ခဲ့တာ ဖြစ်တယ် လို့ ဒေသခံတွေ ပြောပြချက်အရသိရပါတယ် ။

image