ထိပ်ဆုံး ၅ သင်းစာရင်းဝင်လျှင်လည်း ချန်ပီယံလိဂ်မှ တန်းချခြင်းခံရမယ့် ရင်ဆိုင်နေရတဲ့ အဲဗာတန်
====================
အဲဗာတန်ရဲ့ ချန်ပီယံလိဂ်အိပ်မက်မှာ ရာသီအား အကောင်းဆုံးပုံစံဖြင့် အဆုံးသတ်နိုင်လျှင်ပင် ပျက်ပြယ်လာရမယ့်အရေးနှင့် ရင်ဆိုင်နေရပါတယ်။

ဒေးဗစ်မိုယက်စ်ရဲ့ အဲဗာတန်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၈ နေရာတွင် ရပ်တည်နေပြီး အဆင့် ၅ နေရာမှ ခါးသီးတဲ့ မြို့ခံပြိုင်ဘက် လီဗာပူးနှင့် ၃ မှတ်သာ ကွာဟနေပါတယ်။

အဲဗာတန်ဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲ ရထားမှုနှင့်အတူ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်းလာတာ ဖြစ်ပြီး အဆင့် ၅ နေရာအတွက် လီဗာပူး၊ ချဲလ်ဆီး၊ ဘရန့်ဖို့ဒ်တို့နှင့် တိုက်ပွဲဝင်နေပါတယ်။

အဲဗာတန်ဟာ လာမယ့် ပရီးမီးယားလိဂ် ၂ ပွဲအဖြစ် ဘရန့်ဖို့ဒ်၊ လီဗာပူးတို့ နှင့် ရင်ဆိုင်ရမှာ ဖြစ်ပြီး ယင်းနှစ်ပွဲက ၎င်းတို့ရဲ့ ချန်ပီယံလိဂ်အိပ်မက်ကို အဖြေထုတ်လာမယ့်ပွဲများ ဖြစ်နေပါတယ်။

တကယ်လို့များ အဲဗာတန်ဟာ ပရီးမီးယားလိဂ်ထိပ်ဆုံး ၅ သင်းစာရင်းဝင်လာပါက ၂၀၁၇-၁၈ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပဝင်ခွင့် ရလာပါမယ်။

ဒါ့အပြင် အဲဗာတန်ဟာ ၂၀၀၅-၀၆ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်ရလာမှာလည်း ဖြစ်ပါတယ်။ ယင်းရာသီတုန်းက အဲဗာတန်ဟာ ခြေစစ်ပွဲတွင် ရှုံးနိမ့်ကာ အုပ်စုအဆင့်ဝင်ကစားခွင့်တော့ မရခဲ့ပါဘူး။

တဖက်တွင် အဲဗာတန်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံး ၅ သင်းစာရင်းဝင်လျှင်လည်း စီးရီးအေထိပ်သီးကလပ်အပေါ် မူတည်ပြီး ချန်ပီယံလိဂ်မှ တန်းချခြင်းခံရနိုင်ပါတယ်။

အဲဗာတန်အသင်းကို ဒန်ဖရိုင်းကင်က ပိုင်ဆိုင်ထားတာ ဖြစ်ပြီး အမေရိကန်ဘီလျှံနာဟာ အီတလီထိပ်သီးရိုးမားအသင်းကိုလည်း ပိုင်ဆိုင်သူပါ။

အဲဗာတန်အသင်းကဲ့သို့ ရိုးမားကလည်း စီးရီးအေထိပ်သီး ၄ သင်းစာရင်းဝင်ရေး တိုက်ပွဲဝင်နေပါတယ်။

ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းအရ ပိုင်ရှင်တစ်ဦးတည်းပိုင် အသင်းနှစ်သင်းတို့ တူညီတဲ့ ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိပါဘူး။

တကယ်လို့များ ပိုင်ရှင်တူ အသင်းနှစ်သင်း ချန်ပီယံလိဂ်ဝင်ခွင့် ရလာပါက လိဂ်ရပ်တည်မှုအဆင့်အပေါ် မူတည်ကာ တန်းချခံရပါမယ်။

ယင်းစနစ်ကို ယူရိုပါလိဂ်နှင့် ကွန်ဖရင့်လိဂ်တို့တွင်လည်း အသုံးပြုနေတာပါ။ ပိုင်ရှင်တူ နှစ်သင်း ယူရိုပါလိဂ်ဝင်ခွင့်ရပါက လိဂ်တွင် အဆင့်နိမ့်တဲ့အသင်းက ကွန်ဖရင့်လိဂ်ဆင်းကစားရပါမယ်။ အလားတူ ပိုင်ရှင်တူ နှစ်သင်း ကွန်ဖရင့်လိဂ်ဝင်ခွင့်ရလာပါက လိဂ်တွင် အဆင့်နိမ့်အသင်းက ပြိုင်ပွဲမှ အထုတ်ခံရပါမယ်။

ပြီးခဲ့တဲ့ ရာသီတုန်းက ခရစ္စတယ်ပဲလေ့စ်ဟာ ပိုင်ရှင်တူ လိုင်ယွန်နှင့် ယူရိုပါလိဂ်အတူ ကစားခွင့်ရခဲ့ပေမယ့် ကွန်ဖရင့်လိဂ်သို့ တန်းချခံခဲ့ရဖူးပါတယ်။

ယင်းနောက် ယူအီးအက်ဖ်အေဟာ နော်တင်ဟမ်ဖောရက်စ်ဟာ ယူရိုပါလိဂ်သို့ တန်းတက်ကစားခွင့်ပေးခဲ့ပါတယ်။

ယခု အဲဗာတန်ဟာလည်း ပရီးမီးယားလိဂ်တွင် အဆင့် ၅ ရလာပြီး ရိုးမားက အဆင့် ၄ ရလာပါက ချန်ပီယံလိဂ်ဝင်ခွင့်မရဘဲ ယူရိုပါလိဂ်သို့ တန်းချခံလာရပါမယ်။

image

အိမ်ရောင်းပြီး ကမ္ဘာ့ဖလားသွားကြည့်မယ့် အင်္ဂလန်ရဲ့ အကြီးကျယ်ဆုံးပရိသတ်
=====================
အင်္ဂလန်စူပါပရိသတ်တစ်ဦးဟာ နွေရာသီ ကမ္ဘာ့ဖလားခရီးစဉ်အတွက် နေအိမ်ရောင်းပြီး ငွေရှာဖြည့်တင်းလာပါမယ်။

အသက် ၆၂ နှစ်အရွယ်ရှိ ကျောင်းဆရာဟောင်းအင်ဒီမေးလ်နီဟာ ၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားနောက်ပိုင်းတွင် အင်္ဂလန်ရဲ့ နာမည်ကျော် ပရိသတ်များထဲမှ တစ်ဦး ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

မေးလ်နီဟာ ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အမေရိကန်သို့ သွားရန် လေယာဉ်လက်မှတ်စီစဉ်ထားပြီး ဖြစ်သလို အင်္ဂလန်ရဲ့ ပွဲတိုင်းကို ကြည့်လာပါမယ်။

ဒါပေမယ့် မေးလ်နီဟာ အမေရိကန်တွင် ရက်သတ္တပတ် ခုနှစ်ပတ်ကြာ နေထိုင်ရေးအတွက် ကြီးမားတဲ့ အသုံးစရိတ်ကြုံလာရပါမယ်။

ယခုနှစ် ကမ္ဘာ့ဖလားမှာ ပရိသတ်များအတွက် လေယာဉ်ခ၊ လက်မှတ်ဖိုး၊ ဟိုတယ်စရိတ်ကြီးမားနေမှုနှင့်အတူ သမိုင်းတွင် စရိတ်စက ကုန်ကျမှုအများဆုံးကမ္ဘာ့ဖလားဖြစ်လာမှာ ဖြစ်ပါတယ်။

ဘောလုံးပရိသတ်များအနေဖြင့် ကိုယ်အသင်း ဗိုလ်လုပွဲအထိ ရောက်ပါက ပေါင် ၅၀၀၀ ကျော်အထိ အသုံးပြုလာရပါမယ်။

အင်္ဂလန်ပရိသတ်များဟာ ခရိုအေးရှား၊ ဂါနာနှင့် ပနားမားတို့နှင့် အုပ်စုပွဲများကို ကြည့်ရန် လက်မှတ်ဖိုး အနည်းဆုံး ပေါင် ၅၂၆ အသုံးပြုရပါမယ်။

မေးလ်နီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အင်္ဂလန်ကို တောက်လျှောက်အားပေးနိုင်ရန်အတွက် သူ့ရဲ့ ဒုတိယနေအိမ်ကို ရောင်းချရန် စီစဉ်ထားပြီး ဖြစ်ပါတယ်။

သူဟာ ချီရှိုင်းယား၊ နော့ဝှစ်ချ်မှ ဒုတိယနေအိမ်အား ပေါင် ၃၅၀၀၀၀ ဖြင့် ရောင်းချရန် အရောင်းစာရင်း တင်လိုက်ပြီလည်း ဖြစ်ပါတယ်။

မေးလ်နီဟာ ယင်းနေအိမ်ကို အိမ်ငှားတင်ထားခဲ့ပေမယ့်လည်း ၂၇ နှစ်ကြာ ပိုင်ဆိုင်လာတဲ့ ယင်းအိမ်ကို ရောင်းရန် ဆုံးဖြတ်လာပြီလည်း ဖြစ်ပါတယ်။

၎င်းက "ကမ္ဘာ့ဖလားသွားရမှာ ဖြစ်လို့ ဒီအိမ်ကို ရောင်းဖို့ အရောင်းစာရင်းတင်လိုက်တော့မယ်။ ကာတာကမ္ဘာ့ဖလားတုန်းက ကိုယ့်ကိုယ်ကို လက်ဆောင်ပေးခဲ့တာ။ နှစ်တွေအကြာကြီး ငွေစုလာမှုတွေအတွက် ဆုပေးခဲ့တာ။ ဒီအိမ်ကိုလည်း ၂၇ နှစ်ကြာ ပိုင်ဆိုင်လာတာ ဆိုတော့ ရောင်းဖို့ အချိန်ကျလာပါပြီ။ ပြိုင်ပွဲတစ်ခုလုံး ကြည့်လာမယ်။ ဇွန်လ ၃ ရက်နေ့မှာ အမေရိကန်သို့ သွားမယ်။ ပြီးရင် ခုနှစ်ပတ်နေမယ်။ ဒီတော့ ငွေအများကြီး ကုန်ကျလာမယ်။ အတတ်နိုင်ဆုံး စရိတ်ချွေတာမယ်။ မက္ကဆီကို၊ ဒဲလ်လက်စ်နဲ့ ဗန်ကူးဗားတို့မှာ သူငယ်ချင်း‌တွေ ရှိနေတာ ကံကောင်းတယ်။ ခရီးစရိတ်က အရမ်းဈေးကြီးတယ်။ ထွက်ခွာချိန် ၁၀ မိနစ်ပြောင်းရင်တောင် ပြောင်းလဲနိုင်တဲ့ နိုင်ငံတကာလေကြောင်းလိုင်းလက်မှတ်တွေ ဝယ်ထားတယ်"လို့ ပြောကြားသွားပါတယ်။

မေးလ်နီဟာ ၂၀၂၂ ခုနှစ် ကာတာကမ္ဘာဖ့လားပြိုင်ပွဲတုန်းက ကမ္ဘာ့ဖလားကိုင်ဆောင်ထားတဲ့ ဓာတ်ပုံမှာ အွန်လိုင်းတွင် ပျံ့နှံ့သွားပြီးနောက် နာမည်ကျော်ကြားလာခဲ့သူလည်း ဖြစ်ပါတယ်။ အချို့ပရိသတ်များက သူ့ကို အင်္ဂလန်နည်းပြဟောင်းစတိဗ်မက္ကလာရင်နှင့် တူတယ်လို့လည်း ပြောနေကြပါတယ်။

image

သောမတ်စ်တူချယ်ရဲ့ ဖိတ်ကြားမှုကြောင့် အင်္ဂလန်ပထမအသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းခွင့်ရလာတဲ့ ပရီးမီးယားလိဂ်စတားဟောင်းရဲ့သား
===================
စပါးစ်လူငယ်ကစားသမားတိုင်ယီဟေးလ်ဟာ ဝင်ဘာလေကွင်းအတွင်း အင်္ဂလန်ပထမအသင်းသားများနှင့်အတူ လေ့ကျင့်ခန်းဆင်းရန် ဖိတ်ကြားခြင်းခံလာရပါတယ်။

ခရစ္စတယ်ပဲလေ့စ်နှင့် ကျူပီအာနောက်ခံလူဟောင်းဖစ်ဇ်ရဲ့သားဟေးလ်ဟာ ယခုရာသီတွင် စပါးစ်အသင်းယူ-၁၈ အသင်းခေါင်းဆောင်အဖြစ် ကစားနေသူလည်း ဖြစ်ပါတယ်။

အသက် ၁၈ နှစ်ရှိ ကစားသမားဟာ ဥရုဂွေးနှင့်ခြေစမ်းပွဲမတိုင်မီ သောမတ်စ်တူချယ်ရဲ့ ဖိတ်ကြားခြင်းခံရကာ အင်္ဂလန်စီနီယာစတားများနှင့်အတူ လေ့ကျင့်ခန်းဆင်းခွင့်ရလာတာလည်း ဖြစ်ပါတယ်။

အင်္ဂလန်ဟာ ယနေ့ညတွင် ဝင်ဘာလေကွင်းတွင် မာဆယ်လိုဘီရယ်ဆာရဲ့ ဥရုဂွေးနှင့် ခြေစမ်းပွဲကစားလာပါမယ်။

ဟေးလ်ဟာ ယင်းပွဲမတိုင်မီ အင်္ဂလန်စတားများဖြစ်ကြတဲ့ ဂျူ့ဘယ်လင်ဂမ်၊ ဟယ်ရီကိန်း၊ ကိုးလ်ပါလ်မာ၊ ဂျော်ဒန်ဟင်ဒါဆင်၊ ဟယ်ရီမက်ဂွိုင်းယား၊ ဖီးလ်ဖိုဒန်တို့နှင့်အတူ လေ့ကျင့်ခန်းဆင်းခွင့်ရခဲ့ပါတယ်။

အလယ်တန်းကစားသမားဟာ ဇန်နဝါရီလတုန်းက ဖရန့်ဖတ်နှင့်ပွဲစဉ်တွင် စပါးစ်အသင်းလူစာရင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပါဝင်ခွင့်ရခဲ့သူပါ။

သူဟာ အသက် ၇ နှစ်အရွယ်ကတည်းက စပါးစ်အကယ်ဒမီသို့ ရောက်လာခဲ့ကာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတုန်းက ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခြင်းခံခဲ့ရပါတယ်။

သူဟာ ဇန်နဝါရီလတုန်းက စပါးစ်နှင့် စာချုပ်သက်တမ်းတိုးချုပ်ဆိုမှု ပြုလုပ်ခဲ့ပါတယ်။

ဟေးလ်ရဲ့ဖခင်ဖြစ်သူ ဖစ်ဇ်ဟာ ဆောက်သမ်တန်၊ ခရစ္စတယ်ပဲလေ့စ်၊ ဝီဂန်နှင့် ကျူပီအာတို့မှာ ကစားခဲ့ပါတယ်။

image

ပြင်သစ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူစံချိန်ကို လိုက်မီရန် တစ်ဂိုးတည်းသာ လိုတော့တဲ့ ကိုင်လီယန်ဘက်ပေး
=====================
ကိုင်လီယန်ဘက်ပေးဟာ အမေရိကန်နိုင်ငံ၊ ဆက်စ်ဆာချူးဆက်ရှိ Gillette Stadium တွင် ဘရာဇီးအား အနိုင်ရတဲ့ ခြေစမ်းပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပြင်သစ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူစံချိန်အား လိုက်မီရန် တစ်ဂိုးတည်းသာလိုတော့ပြီ ဖြစ်ပါတယ်။

ဘက်ပေးဟာ ယင်းပွဲရဲ့ပွဲချိန် ၃၂ မိနစ်တွင် ဒမ်ဘီလီရဲ့ ဖန်တီးမှုမှ တဆင့် ပြင်သစ်အတွက် ဦးဆောင်ဂိုးသွင်းခဲ့တာလည်း ဖြစ်ပါတယ်။

ယင်းဂိုးက ဘက်ပေးရဲ့ ပြင်သစ်အသင်းအတွက် ၉၅ ပွဲမြောက် ကစားရာတွင် ၅၆ ဂိုးမြောက်ဂိုးဖြစ်ပြီး ပြင်သစ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားတဲ့ အိုလီဗာဂျရူးရဲ့ စံချိန်ကို လိုက်မီရန် တစ်ဂိုးတည်းသာလိုတော့ပြီ ဖြစ်ပါတယ်။

ဂျရူးက ကမ္ဘာ့ဖလား ၂ ကြိမ်ချန်ပီယံ ပြင်သစ်အတွက် ၁၃၇ ပွဲကစားထားရာမှာ ၅၇ ဂိုးသွင်းပြီး ဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်နေတာလည်း ဖြစ်ပါတယ်။

အသက် ၂၇ နှစ်ရှိ ဘက်ပေးဟာ ပထမပိုင်းမှာ နောက်ထပ်အခွင့်အရေး နှစ်ကြိမ် ရခဲ့ပေမယ့် လွဲချော်ခဲ့ပြီးနောက် ပွဲချိန် ၆၆ မိနစ်တွင် မားကပ်စ်သူရမ်နှင့် လူစားလဲလှယ်ခြင်းခံခဲ့ရပါတယ်။

ဘက်ပေးဟာ ၂၀၁၇ ခုနှစ်တွင် အသက် ၁၈ နှစ်အရွယ်မှာ ပထမဆုံး ပြင်သစ်လက်ရွေးစင်အသင်းအတွက် ကစားခွင့်ရခဲ့သူ ဖြစ်ပါတယ်။

မနေ့ညက ကစားတဲ့ပွဲရဲ့ ပွဲချိန် ၅၅ မိနစ်တွင် ပြင်သစ်ဟာ ဒါယော့အူပါမီကာနို အနီကတ်ပြထုတ်ပယ်ခြင်းခံရလို့ တစ်ယောက်အလျော့ဖြင့် ကစားခဲ့ရပေမယ့်လည်း ပွဲချိန် ၆၅ မိနစ်မှာ အီကီတီကီက ဒုတိယဂိုးသွင်းခဲ့လို့ ၂-၀ ဖြင့် ဦးဆောင်နိုင်ခဲ့ပါတယ်။

ဘရာဇီးအတွက် ချေပဂိုးတစ်ဂိုးကို ဘရီမာက ၇၈ မိနစ်တွင် သွင်းယူခဲ့ပါတယ်။

image

လွန်ခဲ့တဲ့ ၄၃ နှစ်ကျော်တုန်းက ကိုင်တွယ်ခဲ့တဲ့ အင်္ဂလိပ်ကလပ်အား ယာယီနည်းပြအဖြစ် ကိုင်တွယ်ကာ နည်းပြလောကသို့ ပြန်ဝင်လာတဲ့ ဟော့ဆန်
===================
အင်္ဂလန်နည်းပြဟောင်းရွိုင်းဟော့ဆန်ဟာ ဘရစ်စတိုးစီးတီးအား ယာယီနည်းပြအဖြစ် ရာသီအကုန်အထိ ကိုင်တွယ်ကာ နည်းပြလောကသို့ ပြန်လည် ဝင်ရောက်လာပါတယ်။

ဘရစ်စတိုးစီးတီးဟာ ရလဒ်ဆိုးရွားမှုကြောင့် ဂါဟတ်စထရူဘာကို ထုတ်ပယ်ပြီး တချိန်တည်းမှာပင် အသက် ၇၈ နှစ်ရှိ ရွိုင်းဟော့ဆန်အား ခန့်အပ်ကြောင်း ကြေညာလာတာလည်း ဖြစ်ပါတယ်။

ဘရစ်စတိုးဟာ ချန်ပီယံရှစ်အမှတ်ပေးဇယားအဆင့် ၁၆ နေရာမှာ ရပ်တည်နေပြီး ငါးပွဲဆက် နိုင်ပွဲပျောက်နေပါတယ်။

၎င်းတို့ဟာ နောက်ဆုံးပွဲဖြစ်တဲ့ စနေနေ့တုန်းက ဝက်စ်ဘရွန်းကို အိမ်ကွင်းမှာ ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့သလို မကြာသေးမီတုန်းက လိဂ် ၁ အမှတ်ပေးဇယားအောက်ခြေမှ ပေါ့ဗေးလ်ကို ရှုံးနိမ့်ကာ အက်ဖ်အေဖလားပြိုင်ပွဲမှ ထွက်ခဲ့ရပြီးလည်း ဖြစ်ပါတယ်။

ဟော့ဆန်ဟာ ပဲလေ့စ်အား ဒုတိယအကြိမ်‌မြောက် ကိုင်တွယ်ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကတည်းက နည်းပြလောကနှင့် ဝေးကွာလာခဲ့သူ ဖြစ်ပါတယ်။

ဟော့ဆန်ဟာ ဘရစ်စတိုးရဲ့ ရာသီလက်ကျန်ပွဲ ၇ ပွဲကို ကြီးကြပ်လာမှာ ဖြစ်ပြီး ပထမဆုံးပွဲအဖြစ် သောကြာနေ့ အဆင့် ၁၈ နေရာမှ ချာလ်တန်နှင့်ပွဲအား ကြီးကြပ်သွားပါမယ်။

အင်္ဂလန်အသင်းကို ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကိုင်တွယ်ခဲ့တဲ့ ဟော့ဆန်ဟာ ၁၉၈၂ ခုနှစ်တုန်းက ဘရစ်စတိုးအား နည်းပြချုပ်အဖြစ် ကိုင်တွယ်ခဲ့ဖူးပေမယ့်လည်း လေးလသာ ကိုင်တွယ်ခဲ့ရပြီးနောက် ထုတ်ပယ်ခြင်းခံခဲ့ရဖူးပါတယ်။

image

ကလေး ၁၁၀ ဦးအပါအဝင် လူ ၁၆၈ ဦးသေဆုံးခဲ့တဲ့ အမေရိကန်ရဲ့ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုအား အီရန်အသင်း ဆန္ဒပြလာ
=======================
အီရန်လက်ရွေးစင်အသင်းဟာ အီရန်စစ်ပွဲ ပထမဆုံးနေ့တွင် လူပေါင်းတစ်ရာကျော် သေဆုံးခဲ့တဲ့ အမေရိကန်ရဲ့ မူကြိုကျောင်းအား ဒုံးကျည်ဖြင့် တိုက်ခိုက်မှုအား ဆန္ဒပြမှု ပြုလုပ်လာပါတယ်။

အီရန်အသင်းဟာ နိုင်ဂျီးရီးယားနှင့်ကစားတဲ့ ခြေစမ်းပွဲစဉ်မတိုင်မီ နိုင်ငံတော်သီချင်းသီဆိုစဉ် လက်ပတ်အနက်ရောင် ပတ်၊ ကျောင်းလွယ်အိတ်များ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတုန်းက Shajareh Tayyebeh ကျောင်းအား တိုက်ခိုက်မှုကြောင့် ကလေး ၁၁၀ ဦးအပါအဝင် လူပေါင်း ၁၆၈ ဦး သေဆုံးခဲ့ကြောင်း အီရန်တာဝန်ရှိသူများက ဆိုထားပါတယ်။

အမေရိကန်မီဒီယာများက အီရန်တောင်ပိုင်း မီနက်မြို့ရှိ စာသင်ကျောင်းကို မရည်ရွယ်ဘဲ တိုက်ခိုက်ခဲ့မှုအတွက် တာဝန်ရှိနေတယ်လို့ အမေရိကန်စစ်ဘက်စုံစမ်းစစ်ဆေးရေးအဖွဲ့က ယုံကြည်နေကြောင်း ဖော်ပြခဲ့ကြပါတယ်။

ယူအန်လူ့အခွင့်အရေးအကြီးအကဲကလည်း အမေရိကန်အနေဖြင့် ယင်းဖြစ်ရပ်အား အလုံးစုံစုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီး လူသိရှင်ကြား ချပြရန် တိုက်တွန်းထားပါတယ်။

တူရကီကမ်းခြေဘီလက်တွင် ကစားတဲ့ နိုင်ဂျီးရီးယားနှင့်ခြေစမ်းပွဲစဉ်မတိုင်မီမှာတော့ ပေါ်တိုနှင့် အင်တာမီလန်တိုက်စစ်မှူးဟောင်းမီဒီတာရီမီအပါအဝင် အီရန်ကစားသမားများဟာ လည်စင်းပါဝင်တဲ့ ပန်းရောင်၊ ခရမ်းရောင်အိတ်များ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြပါတယ်။

အီရန်အာဏာပိုင်တို့က အမေရိကန်နှင့် အစ္စရေးတို့မှာ အီရန်တော်လှန်ရေးအစောင့်တပ်တည်နေရာလို့ ယူဆကာ စာသင်ကျောင်းအား မှားယွင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းလုပ်ရပ်အတွက် အပြည့်အဝ တာဝန်ယူရမယ်လို့ ဆိုထားပါတယ်။

အီရန်ဟာ အမေရိကန်၊ မက္ကဆီကို၊ ကနေဒါတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ထားပေမယ့်လည်း ပါဝင်ယှဉ်ပြိုင်ရေး မရေမရာ ဖြစ်နေဆဲ ဖြစ်ပါတယ်။

၎င်းတို့ဟာ နယူးဇီလန်၊ ဘယ်လ်ဂျီယံ၊ အီဂျစ်တို့နှင့် အုပ်စုပွဲအားလုံးကို အမေရိကန်တွင် ကစားရမှာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်အနေဖြင့် ကိုယ့်အသက်နှင့် လုံခြုံရေးအတွက် ကမ္ဘာ့ဖလားတွင် မပါဝင်သင့်ကြောင်း ဆိုထားပါတယ်။

အီရန်ဘောလုံးအဖွဲ့ချုပ်နှင့် အားကစားဝန်ကြီးဌာနတို့ကလည်း အီရန်အသင်းမှာ အမေရိကန်သို့ သွားရောက်ကာ ၄ ကြိမ်ဆက် ကမ္ဘာ့ဖလားကစားလာမည်မဟုတ်ကြောင်း ကြေညာထားပါတယ်။

အီရန်အသင်းဟာ နိုင်ဂျီးရီးယားနှင့်ခြေစမ်းပွဲတွင် ၂-၁ ဖြင့် အရေးနိမ့်ခဲ့ပြီး အင်္ဂါနေ့တွင် တူရကီတွင်ပင် ကော့စတာရီကာနှင့်ခြေစမ်းပွဲ ကစားသွားပါမယ်။

ယခုလအစောပိုင်းတုန်းက အီရန်အမျိုးသမီးလက်ရွေးစင်အသင်းဟာ အာရှဖလားအုပ်စုအဖွင့်ပွဲစဉ်တွင် နိုင်ငံတော်သီချင်း မသီဆိုဘဲ ဆန္ဒပြမှုကြောင့် နိုင်ငံတော်သစ္စာဖောက်များအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

အီရန်အမျိုးသမီးအသင်းမှ အဖွဲ့ဝင် ၈ ဦးတို့ဟာ အီရန်သို့ ပြန်ချိန်တွင် ကွပ်မျက်ခြင်း၊ ထောင်ချခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းခံရနိုင်မှုကြောင့် ဩစတြေးလျနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် ရယူခဲ့ကြပါတယ်။

ဒါပေမယ့် ၎င်းတို့ဟာ မိသားစုဝင်များရဲ့ လုံခြုံရေးအခြေအနေများကြောင့် နိုင်ငံရေးခိုလှုံခွင့်ရယူထားမှုအား ရုတ်သိမ်းကာ အီရန်သို့ ပြန်ခဲ့ကြပါတယ်။

image

ယခုနှစ်သင်္ကြန်အား အစိုးရ၊ လွှတ်တော်၊ ပြည်သူများနှင့်အတူ ပျော်ပျော်ရွှင်ရွှင်ကျင်းပသွားမည်

စက်သုံးဆီချွေတာမှုနှင့် လိုက်လျောညီထွေကျင်းပရန် ချင်းပြည်နယ်ဝန်ကြီးချုပ်မှာကြား

ချင်းပြည်နယ်၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား အစိုးရ၊ လွှတ်တော်၊ ပြည်သူများနှင့်အတူ ပျော်ပျော်ရွှင်ရွှင်ကျင်းပသွားမည်ဖြစ်ကာ စက်သုံးဆီချွေတာမှုနှင့် လိုက်လျောညီထွေကျင်းပရန် ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန်က မှာကြားခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန်မှ မတ် ၂၆ ရက်ကကျင်းပသည့် ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆)တွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" ဒီနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စက်သုံးဆီချွေတာမှုနဲ့ လိုက်လျောညီထွေကျင်းပဖို့လိုပါတယ်။ ယခင်နှစ်ကလည်း မန္တလေးငလျင်ကြီးကြောင့် ပုံစံတစ်မျိုးနဲ့ကျင်းပခဲ့ပြီး ဒီခုနှစ်မှာ အစိုးရ၊ လွှတ်တော်၊ ပြည်သူတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ကျင်းပသွားမှာပါ။ ခရိုင်/မြို့နယ်တွေမှာလည်း ကျင်းပသွားပါမယ်"ဟု ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန်က ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေးနှင့် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီအသီးသီးမှတာဝန်ရှိသူများက ယခုနှစ်မဟာသင်္ကြန်အတွက်ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့်ကော်မတီအလိုက်ခန့်မှန်းကုန်ကျစရိတ်များကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

image

ယခုနှစ်အတွင်း အားကောင်းသော စူပါ အယ်လ်နီညို ဖြစ်လာနိုင်မည်လောဟု မိုးလေဝသပညာရှင်များ သံသယရှိနေ

ဒီနှစ်မှာတော့ ကမ္ဘာ့နာမည်အကြီးဆုံး ရာသီဥတု ဖြစ်စဉ်တစ်ခုဖြစ်တဲ့ "အယ်လ်နီညို"(El Niño) ဟာ အားကောင်းတဲ့ ပုံစံမျိုးနဲ့ ပေါ်ပေါက်လာနိုင်ပြီး အဆိုပါ ရာသီဥတု ဖြစ်စဉ်တွေကို သိသိသာသာ ပြောင်းလဲပစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးနေကြပါတယ်။

ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင် ဒန်နီရယ်လ် ဆွိန်း (Daniel Swain) က မကြာသေးမီက X လူမှုကွန်ရက်မှာ ရေးသားခဲ့ရာမှာ "အခြေအနေ အရပ်ရပ်ကတော့ အားကောင်းတဲ့ (သို့မဟုတ်) အလွန်အားကောင်းတဲ့ စူပါအယ်လ်နီညို ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာဖို့ ပိုမိုညွှန်းဆိုနေပါတယ်" လို့ ဖော်ပြခဲ့ပါတယ်။

အလားတူပဲ Washington Post မှ မိုးလေဝသပညာရှင် ဘန်နိုးလ် (Ben Noll) ကလည်း "မိုးခေါင်ရေရှားမှု၊ ရေကြီးမှု၊ အပူလှိုင်းဖြတ်မှုနဲ့ ဟာရီကိန်း မုန်တိုင်းတွေရဲ့ တည်နေရာ၊ ပြင်းအားနဲ့ အကြိမ်အရေအတွက်တွေဟာ ပြောင်းလဲလာဖို့ ရှိနေပါတယ်" လို့ သတိပေးပြောကြားခဲ့ပါတယ်။

ဥရောပအလယ်အလတ်တန်းစား မိုးလေဝသ ခန့်မှန်းရေးစင်တာ (ECMWF) ရဲ့ မော်ဒယ်လ်အသစ်တွေအရ ဩဂုတ်လမှာ "စူပါ အယ်လ်နီညို" (Super El Niño) ဖြစ်ပွားနိုင်ခြေ ၂၂ ရာခိုင်နှုန်းရှိပြီး၊ "အားကောင်းသော" စူပါအယ်လ်နီညို ဖြစ်ပွားနိုင်ခြေ ၈၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ နိုးလ်က ခန့်မှန်းထားပါတယ်။

သို့သော်လည်း ဤရလဒ်မှာ အတည်တကျ မဖြစ်သေးဘဲ နွေဦးကာလ အစောပိုင်း ခန့်မှန်းချက်များသည် နှစ်ကုန်ပိုင်း ခန့်မှန်းချက်များလောက် စိတ်ချရမှု မရှိတတ်ပေ။ ထို့ကြောင့် အချို့သော သိပ္ပံပညာရှင်များက လောလောဆယ်တွင် ကြိုတင်ကောက်ချက်မချကြရန် သတိပေးထားကြပါတယ်။

"ဖန်လုံအိမ်ဓာတ်ငွေ့တွေ ပိုမိုသိပ်သည်းလာတာကြောင့်၊ နောက်ထပ် အယ်လ်နီညိုတစ်ခု ထပ်မလာခင်မှာ အရင်ဖြစ်ပွားခဲ့တဲ့ အယ်လ်နီညိုက ထွက်လာတဲ့ အပူတွေကို ရာသီဥတုစနစ်က ထိရောက်စွာ မစွန့်ထုတ်နိုင်တော့ပါဘူး။ ဒါကြောင့် အခြေခံအပူချိန် (baseline) ကို အထက်ကိုပဲ ထပ်ကာထပ်ကာ တွန်းပို့နေသလို ဖြစ်နေပါတယ်" လို့ ကာကွယ်ရေးဝန်ကြီးဌာနမှ မိုးလေဝသပညာရှင် အဲရစ် ဝက်ဘ် (Eric Webb) က The Washington Post ကို ပြောကြားခဲ့ပါတယ်။

၂၀၂၃-၂၄ ခုနှစ် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ၂၀၂၄ ခုနှစ်ဟာ ကမ္ဘာ့အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့ပါတယ်။

ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင် ဇိခ် ဟော့စ်ဖားသား (Zeke Hausfather) ရဲ့ အဆိုအရ ၂၀၂၆-၂၇ ခုနှစ်မှာ ဖြစ်ပေါ်လာမယ့် စူပါအယ်လ်နီညိုဟာ "၂၀၂၆ ခုနှစ်ရဲ့ ကမ္ဘာ့အပူချိန် ခန့်မှန်းချက်ကို ပိုမိုမြင့်တက်စေပါလိမ့်မယ် (ဒါပေမဲ့ အပူဆုံးနှစ်အဖြစ် ၂၀၂၄ ကို ကျော်ဖို့တော့ မသေချာသေးပါဘူး)၊ ပြီးတော့ ၂၀၂၇ ခုနှစ်ကိုတော့ သမိုင်းတစ်လျှောက် အပူဆုံးနှစ် ဖြစ်လာဖို့ အခွင့်အလမ်း အလွန်များစေပါလိမ့်မယ်" လို့ သိရပါတယ်။

အမေရိကန် အရှေ့မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ ပြင်းထန်တဲ့ နှင်းမုန်တိုင်းတွေ ကြုံတွေ့ခဲ့ရပေမဲ့၊ ၂၀၂၅-၂၆ ခုနှစ် ဆောင်းရာသီဟာ အမေရိကန်ပြည်ထောင်စုအတွက် သမိုင်းတစ်လျှောက် အပူဆုံး ဆောင်းရာသီဖြစ်ခဲ့တယ်လို့ ဖက်ဒရယ် မိုးလေဝသပညာရှင်တွေက တွက်ချက်ထားပြီးနောက်မှာ ဒီခန့်မှန်းချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

image

စက်သုံးဆီကန့်သတ်ချက်ကြောင့် YBS စီးနင်းသည့်ခရီးသည် ယခင်ကထက် (၂)သိန်းခွဲကျော်ရှိလာ

ဒီဇယ်အသုံးပြု YBS ယာဉ်(၄၂၃)စီး ခေါက်ရေပြည့်ပြေးဆွဲနိုင်ရန် ညအချိန်စက်သုံးဆီဖြည့်သွင်းနိုင်

စက်သုံးဆီကန့်သတ်ချက်ကြောင့် အိမ်စီးကားများအား စုံ/မ ခွဲခြားလိုက်ချိန်တွင် YBS စီးနင်းသည့် ခရီးသည်များ ယခင်ကထက် (၂)သိန်းခွဲကျော်ရှိလာသည်ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၏ တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်က ပြောသည်။

မတ် ၂၆ ရက်နေ့လည် ၃ နာရီက ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ YRTC ရုံး၌ "CNG အသုံးပြု YBS ယာဉ်များ သတ်မှတ်ခရီးစဉ်လမ်းကြောင်းအတိုင်းမောင်းနှင်ရန်နှင့်ဖောက်ဖျက်ပါကအရေးယူမည့်အကြောင်း"နှင့်ပတ်သက်၍ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

မတ်လဆန်းပိုင်းတွင် ယာဥ်လိုင်း(၁၃၂)လိုင်း၊ ယာဉ်စီးရေ(၃၄၀၀)စီးခန့်၊ ခရီးသည်(၁ ဒသမ ၄၆)သန်းခန့်ရှိရာမှ ယခုအချိန်တွင် စက်သုံးဆီကန့်သတ်ချက်ကြောင့် စုံ/မခွဲခြားချိန်၌ ယာဉ်လိုင်းပေါင်း(၁၃၂)လိုင်း၊ ယာဉ်စီးရေ (၃၅၀၀)စီးခန့်၊ ခရီးသည်(၁ ဒသမ ၇)သန်းခန့်ရှိလာခဲ့ပြီဖြစ်ရာ ယခင်ထက် ခရီးသည်(၂)သိန်းခွဲကျော်စီးနင်း လာခြင်းကိုတွေ့ရသည်ဟု ပြောသည်။

ထို့ပြင် YRTC ကြီးကြပ်မှုအောက်၌ YBS ယာဉ်လိုင်းကု မ္ပဏီ(၂၁)ခု၊ ယာဉ်လိုင်း(၁၄၅)လိုင်း၊ ယာဉ်စီးရေ (၅,၄၃၈)စီးရှိပြီး CNG အသုံးပြု YBS ယာဉ်(၅,၀၁၃)စီး၊ ဒီဇယ်အသုံးပြု YBS ယာဉ်(၄၂၃)စီးရှိ၍ ဒီဇယ်အသုံး ပြု YBS ယာဉ်များအတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ တစ်နေ့လျှင် ဒီဇယ်(၄၀)လီတာဝယ် ယူဖြည့်သွင်းခွင့်ပြုခဲ့သည်ဟု ပြောသည်။

" နေ့စဥ် ဒီဇယ်(၂၀)လီတာတန်းစီဝယ်ယူနေရာကနေ (၂၀)လီတာထပ်တိုးပြီး နေ့စဉ်(၄၀)လီတာကို ညပိုင်းမှာဆီဖြည့်ပြီး ခေါက်ရေပြည့်မှီအောင်ပြေးဆွဲနိုင်ဖို့ စီစဉ်ပေးတာကြောင့် ခရီးသွားတွေအတွက် ယာဉ်ထွက်စီးရေ တိုးတက်လာမှာဖြစ်ပါတယ်"ဟု YRTC ၏ တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်က ပြောသည်။

ထို့အတူ ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ညွှန်ကြားချက်အရ YBS ယာဉ်ထွက်အင်အားတိုးတက်ရေးအတွက် CNG သုံး YBS ယာဉ်များ သတ်မှတ်ခရီးစဉ်လမ်းကြောင်းအတိုင်းပြေးဆွဲခြင်းမရှိဘဲ ကြို/ပို့ပြုလုပ်ပါက CNG ပိတ်သိမ်းအရေးယူသွားမည်ဟုလည်း YRTC ၏ တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်က ရှင်းလင်းပြောကြားခဲ့သည်။

image

လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ်(၃)ဦးအား ဒု-ဗိုလ် ချုပ်မှူးကြီးစိုးဝင်းမှဂါရဝပြုတွေ့ဆုံ

ယနေ့ မတ် ၂၇ ရက်တွင်ကျရောက်သည့် (၈၁)နှစ် မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတက်ရောက်မည့် လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ် ဒုတိယအဆင့်(၁)ဦးနှင့် တတိယအဆင့်(၂)ဦးတို့အား ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယနေ့ မတ် ၂၇ ရက်နံနက်ပိုင်းက လက်ဘက်ရည်ဝိုင်းဖြင့်တည်ခင်းဧည့်ခံပြီး ဂါရဝပြုတွေ့ဆုံခဲ့သည်။

ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် တာဝန်ရှိသူများက လွတ် လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ်များ၏ ကျန်းမာရေးအခြေအနေများအား တစ်ဦးချင်းမေးမြန်းအားပေးပြီး လိုအပ်ချက်များကိုဖြည့်ဆည်းပေးကာ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှဂုဏ်ပြုပေးအပ်သည့် ဂါရဝပြုချီးမြှင့်ငွေကျပ်သိန်း(၅၀)စီနှင့် အားဖြည့်ငှက်သိုက်များကိုဂါရဝပြုပေးအပ်ခဲ့သည်။

(၈၁)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတက်ရောက်ရန်ရောက်ရှိနေသည့် လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ်များဖြစ်သည့် လွတ်လပ်ရေးမော်ကွန်းဝင် တတိယအဆင့်ဦးအေးသိန်းသည် အသက်(၉၈) နှစ်၊ လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယအဆင့် ဦးကျော်စိန်သည် အသက်(၁၀၁)နှစ်နှင့် လွတ်လပ်ရေး မော်ကွန်းဝင် တတိယအဆင့် ဦးဉာဏ်အေးသည် အ သက်(၁၀၂)နှစ်တို့ရှိပြီဖြစ်သည်။

၎င်းတို့သည် လက်ရှိအချိန်အထိ ကျန်းမာသန်စွမ်းလျက်ရှိပြီး ဂျပန်ခေတ်တော်လှန်ရေးများတွင် ကိုယ် တိုင်ကိုယ်ကျပါဝင်ဆောင်ရွက်ခဲ့မှုများကို ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် တာဝန်ရှိသူများကိုပြန်လည်ပြောပြခဲ့ကြသည်။

image