နာသန်အကီကို ယူရိုသန်း(၃၀)ဝန်းကျင်နဲ့ ရောင်းထုတ်ဖို့ မန်စီးတီးအသင်း စီစဉ်

မန်စီးတီးအသင်းဟာ နယ်သာလန်နောက်ခံလူ နာသန်အကီကို လာမယ့် ဇန်နဝါရီစျေးကွက်မှာ ယူရိုသန်း(၃၀)ဝန်းကျင်နဲ့ ရောင်းထုတ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။
၂၀၂၀ နွေရာသီမှာ ဘုန်းမောက်ကနေ မန်စီးတီးကို ပေါင်(၄၁)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ နာသန်အကီဟာ မန်စီးတီးအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ လက်ရှိအချိန်မှာ ပွဲကစားခွင့်အနည်းငယ်သာ ရရှိနေပါတယ်။
ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်ရခဲ့တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ နယ်သာလန်အသင်းအတွက် ရွေးချယ်ခံရဖို့ ပုံမှန်ကစားခွင့်ရရှိမယ့်အသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။
နာသန်အကီဟာ လာမယ့်ဖေဖော်ဝါရီလမှာ အသက်(၃၁)နှစ်ပြည့်တော့မှာကြောင့် မန်စီးတီးအသင်းကလည်း ရောင်းထုတ်ဖို့ လိုလားနေပြီး ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၃၀)ဝန်းကျင်လို့ သတ်မှတ်ထားကြောင်း သိရပါတယ်။
နာသန်အကီကို ပရီးမီးယားလိဂ်ကလပ်အသင်းတွေနဲ့အတူ ဘာစီလိုနာအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။
ဒါပေမဲ့ ဘာစီလိုနာအသင်းက ဘဏ္ဍာရေးအခက်အခဲကြောင့် အရင်ဆုံးအငှားနဲ့ခေါ်ယူပြီး ရာသီကုန်မှ အပြီးသတ်ခေါ်ယူမယ့် ကမ်းလှမ်းမှုမျိုးကိုသာ ပြုလုပ်ဖွယ်ရှိကြောင်း သိရပါတယ်။

image

အန်နရီကေးနဲ့ ဂွါဒီယိုလာတို့က ဘောလုံးဒဿနချင်း တူညီတဲ့နည်းပြတွေဖြစ်တယ်လို့ ဗီတင်ညာ ပြောကြား

PSG အသင်းရဲ့ ပေါ်တူဂီကွင်းလယ်ကစားသမား ဗီတင်ညာက PSG နည်းပြ အန်နရီကေးနဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာတို့ဟာ ဘောလုံးဒဿနချင်း တူညီတဲ့နည်းပြတွေဖြစ်တယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။
ဗီတင်ညာဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်တာကြောင့် ဂွါဒီယိုလာက မန်စီးတီးအသင်းကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း သတင်းထွက်ခဲ့ဖူးပါတယ်။
ဗီတင်ညာဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ပေါ်တူဂီမီဒီယာတွေက ချီးမြှင့်တဲ့ အကောင်းဆုံးဆုတွေကို ရရှိခဲ့သလို၊ မနေ့က ကျင်းပတဲ့ Globe Soccer Awards ဆုပေးပွဲမှာလည်း အကောင်းဆုံးကွင်းလယ်ကစားသမားဆု ရရှိခဲ့ပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းထွက်လာတဲ့အတွက် မေးမြန်းခဲ့ရာမှာ ဗီတင်ညာက ''ကျွန်တော် ရှိနေတဲ့နေရာမှာ အရမ်းပျော်ရွှင်နေပါတယ်။ သဘောလည်းကျပါတယ်။ ပြီးတော့ PSG အသင်းနဲ့၊ လူးဝစ်အန်နရီကေးနဲ့ လေ့ကျင့်ရတာကိုလည်း သဘောကျပါတယ်။ နောက်နည်းပြတစ်ယောက်ကို ရွေးရရင်တော့ ဂွါဒီယိုလာပါ။ သူ့ကစားဟန်က လူးဝစ်အန်နရီကေးနဲ့ တော်တော်လေးတူတယ်လို့ ထင်ပါတယ်။ ဘောလုံးဒဿနာချင်းလည်း တူပါတယ်။ ဒါကြောင့် သူ ဦးဆောင်ရင်လည်း ဒီအတိုင်းပဲ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ဒီမှာ အရမ်းပျော်နေပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။
ဗီတင်ညာ(၂၅ နှစ်)ဟာ PSG အသင်းနဲ့ ၂၀၂၉ အထိ စာချုပ်ချုပ်ဆိုထားပြီး ယူရိုသန်း(၉၀)တန် လျော်ကြေးစာချုပ်ရှိနေကြောင်းလည်း သတင်းထွက်နေပါတယ်။

image

မန်ယူနိုက်တက်အသင်းကစားကွက်ကို ပြောင်းလဲရမယ့်အချိန်လို့ အာမိုရင်မ် ပြောကြား

မန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က အသင်းကစားကွက်ကို ပြောင်းလဲရမယ့်အချိန် ရောက်လာလို့ ပြောင်းလဲခဲ့တာဖြစ်ကြောင်း
ပြောကြားခဲ့ပါတယ်။
အာမိုရင်မ်ဟာ သူ့လက်ထက် ပထမဆုံးအဖြစ် နယူးကာဆယ်နဲ့ပွဲမှာ Three Back အစား Four Back ကစားခဲ့တာဖြစ်တယ်။
မန်ယူနိုက်တက်အသင်းဟာ အဲဒီပွဲ ပွဲပြီးခါနီးမှာ holding midfielder နှစ်ဦးပါ ခံစစ်ဆင်းကူပြီး အခုရာသီ ဒုတိယမြောက် Clean Sheet ကို ရယူခဲ့
ပါတယ်။
၎င်းက မီဒီယာဖိအားကြောင့် ကစားကွက်ကို ပြောင်းလဲခဲ့ရင် သူ့ကို အဆုံးသတ်သွားစေမယ်လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။
''ပြီးခဲ့တဲ့ရာသီက ကျွန်တော် ဒီကိုရောက်လာချိန်မှာ ဒီစနစ်ကို ကောင်းကောင်းကစားနိုင်တဲ့ ကစားသမားတွေ မရှိဘူးဆိုတာ ကျွန်တော် ကောင်းကောင်းနားလည်ခဲ့တယ်။ ဒါပေမဲ့ လုပ်ငန်းစဉ်ကို စတင်ခဲ့တယ်။ ကျွန်တော်တို့ တစ်သားတည်းဖြစ်ဖို့ တည်ဆောက်ရင်း ကြိုးစားခဲ့တယ်။ ယနေ့မှာတော့ ကွဲပြားခြားနားတဲ့ အခိုက်အတန့်ပေါ့။ ကျွန်တော်တို့မှာ ကစားသမားအမြောက်အမြား မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဒါနဲ့ လိုက်လျောညီထွေဖြစ်ဖို့ လိုပါတယ်။ ဘာကြောင့် ကျွန်တော်တို့ ပြောင်းလဲရသလဲဆိုတာ သူတို့ နားလည်ပါတယ်။ ဒါဟာ
မီဒီယာ သို့မဟုတ် ပရိသတ်ဖိအားကြောင့် မဟုတ်ပါဘူး။ မီဒီယာတွေက တစ်ချိန်လုံး စနစ်ပြောင်းလဲဖို့ ပြောတဲ့အချိန်မှာ ကျွန်တော် မပြောင်းခဲ့ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ကစားသမားတွေက မီဒီယာတွေကြောင့် ပြောင်းလဲခဲ့တာလို့ ယူဆသွားမယ်။ ဒါဟာ မန်နေဂျာတစ်ယောက်ရဲ့ အဆုံးသတ်ပါပဲ။ ကျွန်တော်တို့စနစ်နဲ့ ကောင်းကောင်းကစားလာနိုင်ချိန်မှာ အခုအခိုက်အတန့်ကတော့ ပြောင်းလဲ
ရတော့မှာပါ။ ကစားသမားတွေအားလုံး ပြန်လာချိန်မှာ ပိုကောင်းတဲ့အသင်းဖြစ်လာဖို့ လုပ်ဆောင်မယ်။ တစ်ချိန်လုံး နောက်ခံလူ သုံးယောက်နဲ့ ကစားနေမှာ မဟုတ်ပါဘူး''လို့ အာမိုရင်မ်က ပြောခဲ့ပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(ဒီဇင်ဘာ - ၃၀ ရက်၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၃၆၈ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆၀၀၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉၁၀၀၀၀၀ ကျပ်
ဝယ်ဈေး ၉၀၆၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၇၀၀၀၀၀ ကျပ်
ဝယ်ဈေး ၈၆၆၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၉၈၀၀၀၀ ကျပ်
ဝယ်ဈေး ၈၉၄၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၅၈၀၀၀၀ ကျပ်
ဝယ်ဈေး ၈၅၄၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၄ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၃၉၉၀ ကျပ်
ဝယ်ဈေး - ၃၈၉၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၀၀ ကျပ်
ဝယ်ဈေး - ၃၀၂၅ ကျပ်
-ယူရို
ရောင်းဈေး - ၄၆၉၅ ကျပ်
ဝယ်ဈေး - ၄၅၈၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၆.၅၈ ကျပ်
ဝယ်ဈေး - ၁၂၃.၄၆ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၈၄ ကျပ်
ဝယ်ဈေး - ၉၆၀ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၆၉ ကျပ်
ဝယ်ဈေး - ၅၅၅ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၅၂ ကျပ်
ဝယ်ဈေး - ၂၄.၈၉ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၄.၃၃ ကျပ်
ဝယ်ဈေး - ၄၃.၂၄ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၈ ကျပ်
ဝယ်ဈေး - ၂.၇၁ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၃၈၅ ကျပ်
ဝယ်ဈေး - ၅၂၅၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၇၃ ကျပ်
ဝယ်ဈေး - ၂၆၀၇ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၁၄ ကျပ်
ဝယ်ဈေး - ၂၈၄၂ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၁၃ ကျပ်
ဝယ်ဈေး - ၅၀၀ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၀၈၆ ကျပ်
ဝယ်ဈေး - ၁၀၅၉ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

ချားလ်ဘုရင်ရဲ့ နှစ်သစ်ကူးဂုဏ်ပြုချီးမြှင့်ခံရမှုအဖြစ် အမျိုးသမီးဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ခံလာရတဲ့ အင်္ဂလန်အမျိုးသမီးအသင်းနည်းပြဆာရီနာဝီမန်း
=======================

အင်္ဂလန်အမျိုးသမီးလက်ရွေးစင်အသင်းနည်းပြဆာရီနာဝီမန်းဟာ အင်္ဂလန်အသင်းအား ယူရို ၂ ကြိမ်ဆက် ဆွတ်ခူးနိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် နှစ်ကူးဂုဏ်ပြုချီးမြှင့်ခံရမယ့်စာရင်းတွင် ပါဝင်လာပြီး အမျိုးသမီးဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ခြင်းခံလာရပါမယ်။
ဒါ့အပြင် ချားလ်ဘုရင်ရဲ့ နှစ်သစ်ကူးဂုဏ်ပြုချီးမြှင့်ခြင်းခံရမယ့်စာရင်းတွင် ၁၉၈၄ ခုနှစ် ဆာယာယေဗို ဆောင်းရာသီအိုလံပစ်တွင် ရွှေတံဆိပ် ဆွတ်ခူးခဲ့တဲ့ ရေခဲပြင်စကိတ်အကအတွဲ တော်ဗီးလ်နှင့် ဒိန်းတို့မှာလည်း ဂုဏ်ပြုချီးမြှင့်ခြင်းခံလာရပါမယ်။
၎င်းတို့အတွဲဟာ ရေခဲပြင်အက ကမ္ဘာ့ချန်ပီယံ ၄ ကြိမ်ဖြစ်ခဲ့သလို ဥရောပချန်ပီယံ ၄ ကြိမ်ရခဲ့ပါတယ်။ ဒါ့အပြင် ၎င်းတို့ဟာ ၁၉၉၄ အိုလံပစ်တွင်လည်း ကြေးတံဆိပ်ဆု ဆွတ်ခူးခဲ့ပါတယ်။
အင်္ဂလန်အမျိုးသမီးအသင်းနည်းပြဆာရီနီဝီမန်းမှာ ၂၀၂၂ နှင့် ၂၀၂၅ တို့တွင် ယူရိုချန်ပီယံ ၂ ကြိမ်ဆက် ဆွတ်ခူးနိုင်အောင် ဦးဆောင်ပေးနိုင်ခဲ့ပြီးနောက် ဂုဏ်ထူးဆောင်အမျိုးသမီးဘွဲ့ချီးမြင့်ခံလာရမှာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အင်္ဂလန်အမျိုးသမီးအသင်း အသင်းခေါင်းဆောင်လီယာဝီလီယမ်ဆင်မှာ CBE ဘွဲ့ချီးမြှင့်ခြင်းခံသလို အမျိုးသမီးအသင်းသားအချို့လည်း ချီးမြှင့်ခံလာရပါတယ်။ အသက် ၂၈ နှစ်ရှိ ဝီလီယမ်ဆင်ဟာ အာဆင်နယ်နှင့်အတူ ၂၀၂၅ ခုနှစ် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့သူလည်း ဖြစ်ပြီး ၂၀၂၃ ခုနှစ်တုန်းက OBE ဘွဲ့ချီးမြှင့်ခံခဲ့ရပြီးလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အင်္ဂလန်အမျိုးသမီးရက်ဘီအသင်းအား ကမ္ဘာ့ဖလားရရှိအောင် စွမ်းဆောင်ခဲ့တဲ့ နယူးဇီလန်နိုင်ငံသားဂျွန်မစ်ချဲလ်မှာလည်း အသင်းခေါင်းဆောင်ဇိုးထရက်ဖို့ဒ်နှင့်အတူ OBE ဘွဲ့ချီးမြှင့်ခံလာရပါတယ်။
အဲလက်စ်ဂရင်းဝုဒ်၊ ဂျော်ဂျီယာစတန်ဝေး၊ အယ်လာတိုးနီ၊ ကိုင်ရာဝေါ့ရှ်တို့မှာလည်း MBE ဘွဲ့ချီးမြှင့်ခြင်းခံရပါတယ်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
************************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

ရွေကောက်ပွဲနေ့နံနက်ပိုင်းက မန္တလေးမြို့အတွင်းသို့ ရှော့တိုက်ဒုံးလေးလုံး ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိကာ မန္တလေးပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသူ နှစ်ဦးအား ထောက်ပံ့ငွေများ ပေးအပ်

ရွေကောက်ပွဲနေ့နံနက်ပိုင်းက မန္တလေးမြို့အတွင်းသို့ ရှော့တိုက်ဒုံးလေးလုံး ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိကာ မန္တလေးပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသူ နှစ်ဦးအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၂၈ ရက်က မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများနှင့် အတွင်းရေးမှူးတို့လိုက်ပါပြီး မန္တလေးမြို့တွင်းသို့ သောင်းကျန်းသူများ ပစ်ခတ်ခဲ့သည့် ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားနှစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိ၍ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသပေးနေမှုအား သွားရောက်ကြည့်ရှုပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သောင်းကျန်းသူများသည် အရပ်သားပြည်သူများ နေထိုင်ရာမြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ကွက်များဖော်ဆောင်ခြင်း၊ Drop Bomb များဖြင့် တိုက်ခိုက်ခြင်း၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိသည့်အပြင် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပျက်စီးရာပျက်စီးကြောင်း ကြံရွယ်လျက်နှောင့်ယှက်ဖျက်ဆီးရာ ဒီဇင်ဘာ ၂၈ ရက် နံနက် ၁ နာရီ မိနစ်ခွဲခန့်မှ ၂ နာရီအချိန်အထိ ရှော့တိုက်ဒုံးလေးလုံးဖြင့် ပစ်ခတ်ခဲ့ပြီး သောင်းကျန်းသူများ ပစ်ခတ်ခဲ့သည့် ရှော့တိုက်ဒုံးများသည် မတ္တရာမြို့နယ် နန်းတော်ကျွန်းကျေးရွာအနီးသို့ သုံးလုံး၊ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အမရဌာနီအရှေ့ရပ်ကွက်အတွင်း လူနေအိမ်ပေါ်သို့ တစ်လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

image

ဝိုင်ဘီအက်စ်(၁၁၇)ယာဉ်လိုင်း လမ်းကြောင်းပြောင်းလဲ ပြေးဆွဲမည်

၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ YBS (၁၁၇)ယာဉ်လိုင်းအား ယခင်က မြောက်ဒဂုံ ပင်လုံ လမ်းမအတိုင်းပြေးဆွဲလျက်ရှိရာ ယခုအခါတွင် တပင်ရွှေထီးလမ်းမဘက်မှ အသွား/အပြန် ပြောင်းလဲပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြောင်းလဲပြေးဆွဲမည့် YBS(၁၁၇) ခရီးစဉ်လမ်းကြောင်းမှာ ဂိတ်ရင်း ဒဂုံတက္ကသိုလ်- ဘုန်းကြီးကျောင်းကွေ့ - ၇/၈ လမ်းဆုံ - ကုန်ပဒေသာ - တပင်ရွှေထီးလမ်း- ဦးဝိစာရလမ်း- နာရီစင်- ပါရမီ (ညောင်ပင်)-ကမ္ဘာအေးဘုရား - (၈)မိုင်ပန်းခြံ -ပြည်လမ်း - လှည်းတန်း -အထက်/အောက် ကြည့်မြင်တိုင်လမ်း - သခင်မြပန်းခြံဂိတ်ဖျားဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ရာ YBS(၁၁၇) ယာဉ်လိုင်း လက်ရှိပြေးဆွဲနေသည့် ဒဂုံတက္ကသိုလ်၊ မင်းရဲကျော်စွာလမ်း၊ ပြည်
ထောင်စုလမ်း၊ ပင်လုံလမ်း၊ ပါရမီလမ်းကြောင်းအစား ဒဂုံတက္ကသိုလ်၊မင်းရဲကျော်စွာလမ်း၊ ပြည်ထောင်စုလမ်း၊ တပင်ရွှေထီးလမ်း၊ ဦးဝိစာရလမ်း၊ ပင်လုံလမ်း၊ ပါရမီလမ်းသို့(အသွား/အပြန်) ပြောင်းလဲပြေးဆွဲမည်ဖြစ်ရာ ပင်လုံလမ်းရှိ မ၀တမှတ်တိုင်၊ မန္တလေးလမ်းမှတ်တိုင်၊စစ်တောင်းမှတ်တိုင်၊ ကျောင်းလမ်းမှတ်တိုင်၊ ဆက်သွယ်ရေးမှတ်တိုင်၊၃၅ မှတ်တိုင်၊ သင်းဝင်မှတ်တိုင်၊ နာရီစင်မှတ်တိုင်တို့မှ စီးမည့်ခရီးသည်များအနေဖြင့် တပင်ရွှေထီးလမ်းနှင့်ဦးဝိစာရလမ်းတို့မှ စောင့်ဆိုင်းစီးနင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ကြောင်းဖော်ပြထားသည်။

image

သုံးနိုင်ငံမဆွေးနွေးမီထိုင်း-ကမ္ဘောဒီးယားအပ-စ်ရပ်‌မှုကို တရုတ်က ကြိုဆို

ရက်သတ္တပတ်ပေါင်းများစွာကြာအောင် ‌ေ-သကျေပျ-က်စီးမှုများရှိခဲ့သည့် နယ်စပ်တို-က်ပွဲများအပြီးတွင် ထိုင်းနိုင်ငံနှင့် အပ-စ်အခတ်ရပ်စဲရေး သဘောတူမှုကိုရရှိခဲ့သည့်အတွက် တရုတ်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံကို ဂုဏ်ယူဝမ်းမြောက်ကြောင်း တနင်္ဂနွေနေ့ (ဒီဇင်ဘာလ ၂၈ ရက်နေ့) တွင် ပြောကြားခဲ့သည်။ ယခုအခါ အဆိုပါ သုံးနိုင်ငံမှ တာဝန်ရှိသူများသည် တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် နှစ်ရက်ကြာပြုလုပ်မည့် အစည်းအဝေးသို့ တက်ရောက်ရန် ပြင်ဆင်လျက်ရှိပါသည်။
ထိုင်းနှင့် ကမ္ဘောဒီးယားတို့သည် လတ်တလောကာလအတွင်း ဒုတိယအကြိမ်မြောက် အပ-စ်အခတ်ရပ်စဲရေးကို စနေနေ့တွင် သဘောတူညီခဲ့ပြီး အနည်းဆုံးအနေဖြင့် လူ ၁၀၁ ဦး ‌ေ-သဆုံးခဲ့ပြီး ငါးသိန်းကျော် နေရပ်စွန့်ခွာခဲ့ရသည့် ဆိုးရွားလှသော နယ်စပ်ပဋိပက္ခများကို ရပ်တန့်ခဲ့ပါသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် ယခုအပ-စ်အခတ်ရပ်စဲရေးကို "ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်ရန်အတွက် အရေးပါသော ခြေလှမ်းတစ်ခု" ဟု ခေါ်တွင်ခဲ့ပြီး ၎င်းမှာ "ဒေသတွင်းနိုင်ငံများ၏ ဘုံမျှော်မှန်းချက်နှင့်လည်း ကိုက်ညီသည်" ဟု ပြောကြားခဲ့ပါသည်။ ကမ္ဘောဒီးယား ထိပ်တန်းသံတမန် ပရတ်ဆိုခွန်း နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့သည် နယ်စပ်အခြေအနေကို ဆွေးနွေးရန် တနင်္ဂနွေနေ့နှင့် တနင်္လာနေ့များတွင် ယူနန်ပြည်နယ်၌ ဝမ်ယိနှင့် တွေ့ဆုံဆွေးနွေးကြရန် ဆောင်ရွက်လျက်ရှိပါသည်။
ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အနေဖြင့် "လုံးဝဥဿုံနှင့် ရေရှည်တည်တံ့မည့် အပ-စ်အခတ်ရပ်စဲရေးကို မြှင့်တင်ရန်၊ ပုံမှန်ဆက်ဆံရေးများ ကိုပြန်လည်စတင်ရန်နှင့် အပြန်အလှန် ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရန်" လိုအပ်ကြောင်း ဝမ်ယိက ပြောကြားခဲ့သည်ဟု ရှင်းဟွာသတင်းဌာနက ဖော်ပြထားပါသည်။
နှစ်နိုင်ငံစလုံးမှ သံတမန်များနှင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများသည် ယူနန်တွင်ပြုလုပ်မည့် ဤအစည်းအဝေးကို "ပြောင်းလွယ်ပြင်လွယ်ရှိသော နည်းလမ်းဖြင့် ဆက်ဆံရန်နှင့် နားလည်မှုများ မြှင့်တင်ရန်" အခွင့်အရေးတစ်ရပ်အဖြစ် အသုံးချသင့်ကြောင်းလည်း ဝမ်ယိက ထပ်လောင်းပြောကြားခဲ့သည်။
ထို့အပြင် နယ်စပ်ဒေသတွင် နေရပ်စွန့်ခွာရသူများ ပြန်လည်အခြေချနိုင်ရေးအတွက် ကမ္ဘောဒီးယားနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရန် တရုတ်နိုင်ငံက ဆန္ဒရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

image

ယူကရိန်းဆိုင်ရာ လုပ်ငန်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရေး အလားအလာများ- ပူတင်-ထရမ့်ဖုန်းဖြင့်ဆွေးနွေးမှု အသေးစိတ်

ရုရှားသမ္မတ ဗလာဒီမာ ပူတင် နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့သည် ယခုနှစ်အတွင်း (၉) ကြိမ်မြောက်အဖြစ် ဖုန်းဖြင့် ဆွေးနွေးခဲ့ကြသည်။
ခရင်မ်လင်နန်းတော်၏ အကြံပေးပုဂ္ဂိုလ် ယူရီ အူရှာကော့ဗ် ၏ ပြောကြားချက်အရ ထရမ့်နှင့် ယူကရိန်းသမ္မတ ဇီလန်းစကီးတို့ မတွေ့ဆုံမီတွင် နှစ်နိုင်ငံခေါင်းဆောင်များသည် ယူကရိန်းအရေးနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါ ဖုန်းဖြင့်ဆွေးနွေးမှုမှ အဓိကအချက်များကို အောက်ပါအတိုင်း စုစည်းဖော်ပြလိုက်ပါသည်။
အမေရိကန်ဘက်မှ စတင်ကမ်းလှမ်းမှု
သမ္မတထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်တွင် "ယူကရိန်းသမ္မတ ဇီလန်းစကီးနဲ့ မတွေ့ဆုံမီမှာ သမ္မတပူတင်နဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့တယ်" ဟု ပထမဆုံး ထုတ်ဖော်ပြောကြားခဲ့သည်။
အမေရိကန်ဘက်မှ စတင်ကမ်းလှမ်းသည့် ယခုဖုန်းခေါ်ဆိုမှုသည် ၁ နာရီနှင့် ၁၅ မိနစ် ခန့် ကြာမြင့်ခဲ့သည်။
ထရမ့်နှင့် ယူကရိန်းကိုယ်စားလှယ်အဖွဲ့တို့ မာအာလာဂို (Mar-a-Lago) တွင် တွေ့ဆုံပြီးနောက် နှစ်ဖက်ခေါင်းဆောင်များ ထပ်မံဖုန်းပြောရန် သဘောတူညီခဲ့ကြသည်။
ပဋိပက္ခဖြေရှင်းရေးအတွက် လုပ်ငန်းအဖွဲ့များ
ဆွေးနွေးမှုအတွင်း ထရမ့်က ယူကရိန်းအကျပ်အတည်းသည် ၎င်းအတွက် အခက်ခဲဆုံး စိန်ခေါ်မှုဖြစ်ကြောင်း ဝန်ခံခဲ့ပြီး ရုရှား၏ နိုင်ငံရေးနှင့် သံတမန်နည်းလမ်းဖြင့် ဖြေရှင်းလိုသည့် ဆန္ဒကို ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ယူကရိန်းအရေး ဖြေရှင်းရန် အထူးလုပ်ငန်းအဖွဲ့ နှစ်ခုဖွဲ့စည်းရန် ထရန့်၏ အဆိုပြုချက်ကို ပူတင်က သဘောတူခဲ့သည်။ ယင်းတို့မှာ လုံခြုံရေးဆိုင်ရာ အဖွဲ့နှင့် စီးပွားရေးဆိုင်ရာ အဖွဲ့တို့ဖြစ်ကြပြီး၊အဆိုပါအဖွဲ့များကို ဇန်နဝါရီလအစောပိုင်း တွင် စတင်နိုင်ရန် မျှော်မှန်းထားသည်။
ယူကရိန်းဘက်မှ 'ပြတ်သားသော' ဆုံးဖြတ်ချက်ချရန် လိုအပ်မှု
စစ်မက်ဖြစ်ပွားမှုကို အဆုံးသတ်ရန်အတွက် ကိယက်ဗ် (ယူကရိန်း) အစိုးရအနေဖြင့် ရုရှားနှင့် အမေရိကန်တို့၏ ကြိုးပမ်းမှုများနှင့်အညီ "ပြတ်သားပြီး တာဝန်ယူမှုရှိသော နိုင်ငံရေးဆုံးဖြတ်ချက်" ကို ချမှတ်ရန် လိုအပ်ကြောင်း အူရှာကော့ဗ်က ဆိုသည်။ အထူးသဖြင့် ဒွန်ဘတ်စ် (Donbass) ဒေသနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်ကို နှောင့်နှေးခြင်းမရှိဘဲ ချမှတ်သင့်ကြောင်း ရုရှားဘက်က တိုက်တွန်းထားသည်။
ထို့အပြင် ယူကရိန်းနှင့် ဥရောပနိုင်ငံအချို့က အဆိုပြုထားသည့် "ယာယီအပစ်အခတ်ရပ်စဲရေး" သည် ပဋိပက္ခကို ပိုမိုရှည်ကြာစေရုံသာရှိမည်ဟု ခေါင်းဆောင်နှစ်ဦးစလုံးက ယူဆကြသည်။
ရုရှား-အမေရိကန် ပူးပေါင်းဆောင်ရွက်ရေး အလားအလာ
ယူကရိန်းအရေး ပြေလည်သွားပြီးနောက် မော်စကိုနှင့် ဝါရှင်တန်တို့အကြား ဆက်ဆံရေး အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြသည်။ စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်ရန် လိုအပ်ပြီး စစ်ပြီးကာလတွင် အမေရိကန်၊ ရုရှားနှင့် ယူကရိန်းတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းကြီးမားစွာ ရှိနေကြောင်း ထရမ့်က အလေးပေးပြောကြားခဲ့သည်။
ချစ်ကြည်ရင်းနှီးသော ဆွေးနွေးမှု
ခရင်မ်လင်အရာရှိ၏ ပြောကြားချက်အရ ခေါင်းဆောင်နှစ်ဦးသည် ခရစ္စမတ်နှင့် နှစ်သစ်ကူးအတွက် နွေးထွေးစွာ နှုတ်ခွန်းဆက်သခဲ့ကြပြီး၊ ဆွေးနွေးမှုတစ်ခုလုံးသည် "ချစ်ကြည်ရင်းနှီးမှုရှိခြင်း၊ အပြုသဘောဆောင်ခြင်းနှင့် လက်တွေ့ကျခြင်း" တို့ဖြင့် ပြည့်နှက်နေကြောင်း သိရသည်။

image