ခံစစ်အား ယခင်ထက်ပိုပြီး အကူအညီပေးသွားမယ်လို့ ပြင်သစ်အသင်းခေါင်းဆောင်ဘက်ပေး ကြုံးဝါးပြောကြားလာ
====================

ပြင်သစ်အသင်းခေါင်းဆောင်ကိုင်လီယန်ဘက်ပေးက ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ပြင်သစ်အသင်းအတွက် ခံစစ်ပိုင်းတွင်လည်း ပိုမို အကူအညီပေးသွားမယ်လို့ ကတိပြု ပြောကြားလာပါတယ်။
အသက် ၂၇ နှစ်ရှိ ဘက်ပေးဟာ ကလပ်နှင့် နိုင်ငံအသင်းတို့တွင် ခေါင်းဆောင်မှု၊ စွမ်းဆောင်ရည်ပိုင်းတို့အတွက် ဝေဖန်မှုများနှင့် ကြုံနေရသူ ဖြစ်ပြီး ကစားဖော်ဒမ်ဘီလီကိုယ်တိုင် ရှေ့ထွက်ကာ အကာအကွယ်ပေးမှု ပြုလုပ်လာရပါတယ်။
La Parisie သတင်းစာနှင့် အင်တာဗျူးမှာတော့ ဘက်ပေးက "နောက်ထပ် ခြေလှမ်းထပ်လှမ်းဖို့ လိုတယ်(ခံစစ်ပိုင်းလုပ်မှု)။ ဒီကလည်း အသင်းအတွက် အရေးပါတဲ့ အရာပါ။ ဒါကို ကျွန်တော် လုပ်ရမယ်။ ကျွန်တော်တို့ နိုင်ပြီးရင်း နိုင်ချင်နေတာကြောင့် အခုက စလုပ်ရမယ်။ အနိုင်အတွက် ဘာမဆို လုပ်ဖို့ အသင့် ဖြစ်နေတာကြောင့် လုပ်ဖို့လည်း အသင့်ပါ"လို့ ပြောကြားသွားပါတယ်။
၂၀၂၄ ခုနှစ်တွင် ပီအက်စ်ဂျီမှ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းလာခဲ့တဲ့ ဘက်ပေးဟာ နှစ်ရာသီဆက် အဓိကဆုဖလားလက်မဲ့ ကြုံပြီးနောက် အဝတ်အစားလဲခန်းအတွင်း ကစားဖော်များနှင့် အဆင်မပြေမှုများ ဖြစ်နေတယ်လို့လည်း သတင်းထွက်နေသူပါ။
သူဟာ လာလီဂါဂိုးသွင်းဘုရင်ဖြစ်ခဲ့ပေမဲ့ Opta ရဲ့မှတ်တမ်းအချက်အလက်များအရ ခံစစ်ပိုင်း လုပ်ဆောင်မှု အလွန်နည်းပါးတာ တွေ့ရပါတယ်။
သူဟာ ဥရောပထိပ်သီးလိဂ်ကြီး ၅ ခုမှ ကစားသမား ၁၄၉၀ ဦးတို့တွင် ခံစစ်ပိုင်း စွမ်းဆောင်ရည်အဆင့် ၁၃၅၀ တွင်သာ ရပ်တည်ထားနိုင်တာ တွေ့ရပါတယ်။
သူဟာ တစ်ပွဲပျမ်းမျှ ဘောလုံးဖျက်ထုတ်မှု ၀.၁၄ ကြိမ်သာ ပြုလုပ်ထားပါတယ်။

image