စပိန်နှင့် ဂိုးမရှိသရေကျတဲ့ပွဲတွင် ဂန္ထဝင်မြောက် လက်စွမ်းပြကစားပြီးနောက် မျက်ရည်ကျခဲ့တဲ့ ကိတ်ဗာဒီဂိုးသမား
===================

ကိတ်ဗာဒီသူရဲကောင်းဗိုဇင်ဟာဟာ စပိန်နှင့် ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲတွင် အဖိုးတန်ရမှတ်တစ်မှတ်ရရှိအောင် လက်စွမ်းပြကာကွယ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ပွဲအပြီးတွင် မျက်ရည်ကျနေခဲ့တာ တွေ့ရပါတယ်။
အသက် ၄၀ နှစ်ရှိ ဂိုးသမားဟာ အသင်းငယ်လေး ကိတ်ဗာဒီအား ယူရိုချန်ပီယံနှင့်ပွဲတွင် ဂိုးမရှိသရေကျအောင် လက်စွမ်းပြခဲ့သူလည်း ဖြစ်ပါတယ်။
ကိတ်ဗာဒီဟာ ဗိုဇင်ဟာရဲ့ လက်စွမ်းပြမှုကြောင့် သမိုင်းတွင် ပထမဆုံးကမ္ဘာ့ဖလားပွဲတွင် ပထမဆုံးရမှတ် ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ကိတ်ဗာဒီဟာ ကမ္ဘာ့ဖလားသမိုင်းတွင် တတိယအငယ်ဆုံးနိုင်ငံအဖြစ် လူဦးရေ ၅၀၀၀၀ သာ ရှိပါတယ်။ ဗိုဇင်ဟာဟာ စပိန်နှင့်ပွဲတွင် ကာကွယ်မှုများစွာ ပြုလုပ်နိုင်ခဲ့မှုနှင့်အတူ ကိတ်ဗာဒီ ပြည်သူတစ်ဦးချင်းစီရဲ့ ချီးကျူးမှု ရရှိနေမှာ သေချာပါတယ်။
ကမ္ဘာ့ဖလားရဲ့အသက်အကြီးဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဗိုဇင်ဟာဟာ ကာကွယ်မှု ၇ ကြိမ်ပြုလုပ်ခဲ့တာ ဖြစ်ပြီး ၃ ကြိမ်က အပိုင်အခွင့်အရေးကို ကာကွယ်ခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ ၁၉၆၆ နောက်ပိုင်းတွင် ကာကွယ်မှု အများဆုံးပြုလုပ်နိုင်ခဲ့တဲ့ ဒုတိယအသက်အကြီးဆုံးဂိုးသမားဖြစ်ပါတယ်။ သူ့မတိုင်မီ မြောက်အိုင်ယာလန်ဂိုးသမားပက်ဂျန်နင်းဟာ ဘရာဇီးနှင့် ၁၉၈၆ ကမ္ဘာ့ဖလားပွဲတွင် ၁၀ ကြိမ်ကာကွယ်ပြီး အသက် ၄၀ နှစ်အထက် ဂိုးသမားများထဲတွင် ကာကွယ်မှုအများဆုံးလုပ်သူအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူထားပါတယ်။
ပွဲအပြီးတွင် ဗိုဇင်ဟာက "ကလေးဘဝကတည်းက အဘိုးအဘွားတွေနဲ့ ကြီးပြင်းလာခဲ့ရတယ်။ သူတို့ ဒီမှာ ရှိမနေနိုင်လို့ ပွဲအပြီးမှာ ငိုခဲ့မိတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက သူတို့ ဆုံးပါးသွားခဲ့ကြပါတယ်။ ကျွန်တော့်အမေလည်း ဗီဇာပြဿနာကြောင့် ဒီမှာ ရှိမနေနိုင်ဘူး။ ပြီးတော့ ကျွန်တော်တို့ကပဲ ငွေပေးရမယ်လေ။ ဒီအချိန်မှာ ဒါမျိုး ကျွန်တော်တို့ မတတ်နိုင်ဘူး"လို့ ပြောကြားသွားပါတယ်၊
ဗိုဇင်ဟာဟာ စပိန်နှင့် ပွဲတွင် လက်စွမ်းပြကာကွယ်နိုင်မှုနှင့်အတူ ပွဲကစားချိန်အတွင်းတွင်ပင် အင်စတာဂရမ်အကောင့်တွင် Follower သစ် တစ်သန်းကျော် ပိုင်ဆိုင်လာခဲ့ပါတယ်။

image