အီကွေတာအနီးဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းမှာ မုန်တိုင်းငယ်အဖြစ်သို့ ပြောင်းလာနိုင်ဟု မိုးဇ/လ ထပ်မံ အတည်ပြု

အီကွေတာအနီးဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာနိုင်သည်ဟု ယနေ့ ဇန်နဝါရီ (၇) ရက်တွင် မိုး/ဇလက အသိပေးထုတ်ပြန်ထားသည်။

ယနေ့ နံနက် (၅) နာရီ မိနစ် (၃၀) အချိန် တိုင်းထွာချက်အရ လေဖိအားနည်းရပ်ဝန်းအဖြစ်မှ နောက် (၂၄) နာရီအတွင်း ပိုမိုအားကောင်းလာနိုင်သည်ဟု ထုတ်ပြန်ထားသည်။

ယနေ့ မိုးဇ/လ၏ ထုတ်ပြန်ချက်၌ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အရှေ့အိန္ဒိယသမုဒ္ဒရာတို့တွင်ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ နောက် (၂၄) နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းကြောင်း ဖော်ပြထားသည်။

ဆာအဲလက်စ်ဖာဂူဆန်နှင့် စကားပြောပြီးမှ ယူနိုက်တက်ယာယီနည်းပြရာထူးကို ရယူခဲ့ခြင်းဖြစ်ကြောင်း ဖလက်ချာဖွင့်ဟလာ
======================

ဒါရင်းဖလက်ချာက ယူနိုက်တက်ဂန္ထဝင်နည်းပြဆာအဲလက်စ်ဖာဂူဆန်နှင့် စကားပြောဆွေးနွေးပြီးမှ ယူနိုက်တက်ယာယီနည်းပြရာထူးကို လက်ခံခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။

ဖလက်ချာဟာ ရူဘင်အမိုရမ် ထုတ်ပယ်ခြင်းခံရပြီးနောက် ယနေ့ည ဘန်လေနှင့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်အား ယာယီနည်းပြအဖြစ် ကြီးကြပ်လာမှာ ဖြစ်ပြီး တနင်္ဂနွေနေ့ ဘရိုက်တန်နှင့် အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်ကိုလည်း ကြီးကြပ်လာမယ်လို့ ယူဆရပါတယ်။

ဖလက်ချာဟာ ယူနိုက်တက်ယူ-၂၁ အသင်းကို ကိုင်တွယ်နေသူ ဖြစ်ပြီး ဖာဂူဆန်နှင့် ဆွေးနွေးစကားပြောပြီးမှ ယူနိုက်တက်ယာယီနည်းပြရာထူးကို လက်ခံခဲ့တာပါ။ အသက် ၈၄ နှစ်ရှိ ဖာဂူဆန်ဟာ အမိုရမ်ရဲ့ နောက်ဆုံးပွဲဖြစ်တဲ့ လိဒ်နှင့် တစ်ဂိုးစီသရေကျတဲ့ပွဲကိုလည်း ကိုယ်တိုင်တက်ရောက်ကြည့်ရှုခဲ့သူ ဖြစ်ပါတယ်။

အသက် ၄၁ နှစ်ရှိ ဖလက်ချာက "ဆာအဲလက်စ်နဲ့ စကားမပြောဘဲ အရေးကြီးတဲ့ ဆုံးဖြတ်ချက်မချပါဘူး။ ဆာအဲလက်စ်နဲ့ အရမ်းကောင်းတဲ့ ဆက်ဆံရေး ရှိပါတယ်။ ပထမဆုံး သူနဲ့ပဲ စကားပြောချင်တယ်။ သူ့ရဲ့ကောင်းချီရယူတယ်။ လေးစားမှုနဲ့ သူ ထိုက်တန်တယ်လို့ ထင်ပါတယ်။ သူ့ဆီက အကြံဉာဏ်နဲ့ပဲ သွားချင်တယ်။ သူ့စကားသံတွေ ကျွန်တော့်အတွေးထဲမှာ ရိုက်ခတ်နေတယ်။ ကလပ်ရဲ့ ဝန်ထမ်းတစ်ဦးဖြစ်နေတဲ့အချိန်မှာ မန်ချက်စတာယူနိုက်တက်အတွက် အကောင်းဆုံးလုပ်ပေးဖို့က ကိုယ့်အလုပ်ပါ။ နေ့တိုင်း ကျွန်တော် တခုခု လုပ်တယ်၊ ရှင်သန်တယ်၊ ယုံကြည်တယ်။ ဒီလိုပြောရလို့ သူ့အတွက်ရော ကျွန်တော့်အတွက်ပါ နှစ်သိမ့်မှုရပါတယ်"လို့ ပြောကြားသွားပါတယ်။

ရူဘင်အမိုရမ်ဟာ လိဒ်နှင့်ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ၎င်းမှာ နည်းပြမဟုတ်ဘဲ မန်နေဂျာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရန် ယူနိုက်တက်သို့ ရောက်လာခြင်း ဖြစ်ကြောင်း ပြောကြားကာ ဘုတ်အဖွဲ့အား စိန်ခေါ်မှု ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် အမိုရမ်က ယူနိုက်တက်စီနီယာဝန်ထမ်းများမှာ ဂယ်ရီနဗီးလ်အပါအဝင် ဘောလုံးဝေဖန်ရေးသမားများအဖြစ် အလုပ်လုပ်နေကြတဲ့ ကစားသမားဟောင်းများရဲ့ အသံကို ပိုမိုအာရုံစိုက်ကြောင်းလည်း ပြောဆိုခဲ့ပါသေးတယ်။

ဒါရင်းဖလက်ချာဟာ ယူနိုက်တက်ကစားသမားဟောင်းများနှင့် အတူ တွဲကစားလာခဲ့တဲ့ သူ ဖြစ်တဲ့အပြင် ယခုတိုင် ခင်မင်နေကြဆဲ ဖြစ်ပါတယ်။

ဆက်လက်ပြီး ဖလက်ချာက "သူတို့ကို လေသံလျှော့ဖို့ ပြောလို့ မရပါဘူး။ သူတို့က အရမ်းစိတ်အားထက်သန်တဲ့သူတွေပါ။ သတို့မှာလည်း ကိုယ်ပိုင်အမြင်ရှိတယ်။ ပြီးတော့ သူတို့က အရမ်းကောင်းကြတယ်။ သူတို့မှာ အချိတ်အဆက်ရှိတယ်။ သူတို့ပြောတာကောင်းပါတယ်။ သူတို့ ပြောတာ ကောင်းကောင်းနားထောင်တယ်။ သူတို့နဲ့ အဝတ်အစားလဲခန်းမှာ နှစ်အကြာကြီးနေလာခဲ့တာပါ။ အတူတူထိုင်လာတာပါ။ အားလုံးကို သင့်ယူခဲ့တယ်။ ဒီကစားသမားတွေက အားလုံး အောင်မြင်ခဲ့တော့ အပြင်က ဆူညံသံကို ကိုင်တွယ်ဖို့က အရမ်းခက်တယ်။ သူတို့ အောင်မြင်မှုတွေ အများကြီးရခဲ့တယ်။ ဆုဖလားတွေ ရခဲ့တယ်။ သူတို့မှာ ဆုဖလားတွေ စားပွဲအပြည့်ရှိတော့ ပြန်ဝေဖန်ဖို့ ခက်တယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်ကစားသမားဆိုတာ ဒီကနေ သင်ယူရပါမယ်၊ စိန်ခေါ်မှုနဲ့ အသားကျရပါမယ်"လို့ ပြောကြားသွားပါတယ်။

ဒါ့အပြင် ဒါရင်းဖလက်ချာက အချိန်များစွာ မရှိမှုနှင့်အတူ ကစားသမားများနှင့် တစ်ဦးချင်း စကားမပြောဖြစ်သေးကြောင်းလည်း ဆိုသွားပါတယ်။

ဒါပေမယ့် သူဟာ အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်၊ ကစားသမားသစ်များဖြစ်ကြတဲ့ ဘင်ဂျာမင်ဆက်စ်ကို၊ မားသီးယပ်စ်ကန်ညာတို့နှင့်မူ စကားပြောခဲ့ပြီး ဖြစ်ပါတယ်။

ဒါရင်းဖလက်ချာဟာ ၁၉၉၅ ခုနှစ်တွင် အသက် ၁၁ နှစ်အရွယ်မှာ ဆဲလ်တစ်မှ ယူနိုက်တက်သို့ ရောက်လာပြီးနောက် ပွဲပေါင်းသုံးရာကျော်ကစားပေးခဲ့ကာ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ကွန်မြူနတီဒိုင်း ၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား၊ လိဂ်ဖလား၊ အက်ဖ်အေဖလားနှင့် ကလပ်ကမ္ဘာ့ဖလားတို့လည်း ဆွတ်ခူးခဲ့ပါတယ်။

စနေနေ့မတိုင်မီ ဆီမန်ယိုရဲ့ မန်စီးတီး အပြောင်းအရွှေ့ အပြီးသတ်လာမည်
==================

အန်တိုနီဆီမန်ယိုဟာ မန်စီးတီးသို့ ပြောင်းရေး ဆေးစစ်ဆေးမှု ပြုလုပ်လာတော့မှာ ဖြစ်ပြီး အပြောင်းအရွှေ့မှာ စနေနေ့မတိုင်မီ အပြီးသတ်လာမယ်လို့ ယုံကြည်ရပါတယ်။

မန်စီးတီးဟာ ဆီမန်ယိုကို စာချုပ်ပါအချက်အတိုင်း ပေါင် ၆၅ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။ ဆီမန်ယိုမှာ ဇန်နဝါရီလ ၁၀ ရက်နေ့ နောက်ဆုံးထားကာ ပေါင် ၆၅ သန်းဖြင့် အသင်းပြောင်းနိုင်တဲ့အချက်အား စာချုပ်အတွင်းတွင် ထည့်သွင်းချုပ်ဆိုထားသူ ဖြစ်ပါတယ်။

ဘုန်းမောက်တောင်ပံကစားသမားဟာ ယနေ့ည စပါးစ်နှင့်ပွဲစဉ်တွင် ပါဝင်ကစားပြီးပါက မန်စီးတီးသို့ ပြောင်းရေး ဆေးစစ်ဆေးမှု ပြုလုပ်လာမှာလည်း ဖြစ်ပါတယ်။

သူဟာ ချဲလ်ဆီး၊ ယူနိုက်တက်၊ လီဗာပူး၊ စပါးစ်တို့ရဲ့ စိတ်ဝင်စားခြင်းခံရပေမယ့်လည်း မန်စီးတီးသို့ ပြောင်းရန် ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဘုန်းမောက်နည်းပြအန်ဒိုနီအိုင်ရာအိုလာက "သူ့ရဲ့ နောက်ဆုံးပွဲ(စပါးစ်)ဖြစ်နိုင်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ကိုယ်ပိုင်အမြင်ပါ။ ဒါပေမယ့် ဘာသဘာတူညီမှုမှ မရပါဘူး။ စာချုပ်လည်း မချုပ်ရသေးပါဘူး။ ဈေးကွက်နားလည်တယ်။ ပြီးတော့ ဆူလည်း ဆူညံတယ်။ ဒါပေမယ့် အခုအချိန်အထိ ဘာသဘောတူညီမှုမှ မရှိသေးပါဘူး။ အခု သူက ကျွန်တော်တို့ရဲ့ ကစားသမားပါ။ ဆက်ရှိနေဖို့မျှော်လင့်တယ်"လို့ ပြောကြားသွားပါတယ်။

ဆီမန်ယိုဟာ ယခုရာသီတွင် ဘုန်းမောက်အတွက် ၉ ဂိုးသွင်းကာ ၃ ကြိမ် ဖန်တီးမှု ပြုလုပ်ထားသူ ဖြစ်ပါတယ်။

ဒါ့အပြင် အိုင်ရာအိုလာက ဆီမန်ယို နေရာတွင် အစားထိုးရန် မဖြစ်နိုင်ကြောင်းလည်း ပြောကြားသွားပါတယ်။

စပါးစ်အသင်းအတွင်း စည်းလုံးညီညွတ်ကြောင်း သောမတ်စ်ဖရန့်ပြောကြားလာ
====================

စပါးစ်နည်းပြသောမတ်စ်ဖရန့်က ရလဒ်မကောင်းမွန်မှုကြောင့် ပရိသတ်များရဲ့ ဖိအားပေးမှု ခံနေရပေမယ့်လည်း အသင်းအတွင်း လုံးဝ စည်းလုံးညီညွတ်ကြောင်း ပြောကြားသွားပါတယ်။

စပါးစ်ဟာ တနင်္ဂနွေနေ့တုန်းက ဆန်းဒါးလန်းနှင့် တစ်ဂိုးစီသရေကျတဲ့ပွဲအပြီးတွင် ပရိသတ်များရဲ့ လှောင်ပြောင်မှုများနှင့် ကြုံခဲ့ရပါတယ်။ စပါးစ်ဟာ ဆန်းဒါးလန်းနှင့် သရေကျပြီးနောက် နောက်ဆုံး ပရီးမီးယားလိဂ် ၁၁ ပွဲတွင် ၂ ပွဲတည်းသာ အနိုင်ရထားပါတယ်။

ယခုတစ်ပတ်ထဲတွင် အန်ဇိုမာရက်စ်ကာနှင့် ရူဘင်အမိုရမ်တို့ဟာ အသင်းတာဝန်ရှိသူများနှင့် အဆင်မပြေဖြစ်ပြီးနောက် ချဲလ်ဆီး၊ ယူနိုက်တက်တို့မှ အသီးသီး ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ဒါပေမယ့် ဖရန့်ကတော့ စပါးစ်အသင်းတာဝန်ရှိသူများနှင့် ပြဿနာတစုံတရာ မရှိကြောင်း ဆိုသွားပါတယ်။

ဖရန့်က "ကျွန်တော်တို့အတွက် အကြီးမားဆုံးအရာက အသင်းပိုင်ရှင်နဲ့ လုံးဝ စည်းလုံးညီညွတ်တာပါ။ ဗီနိုင်းက စီအီးအိုအဖြစ်ရော၊ ဦးဆောင်အဖြစ်ရော ကျွန်တော် တွေ့ဖူးသမျှ လူတွေထဲမှာ ဆက်ဆံရေးအကောင်းဆုံးပါ။ သူအရမ်းတော်တယ်။ ကိုယ့်ကိုယ်ကို အဆင်ပြေတယ်လို့ ထင်တာပဲ။ သူက အရမ်းထူးချွန်တယ်။ အတွင်းပိုင်းရော အပြင်ပိုင်းက အရမ်းအရေးကြီးတယ်။ သူက သွေးအေးတယ်။ ကျိုးကြောင်းဆီလျော်တဲ့ ဆုံးဖြတ်ချက်ချတယ်။ ဒါက ဘောလုံးမှာ ရှားပါးတဲ့ အရည်အချင်းပါ"လို့ ပြောကြားသွားပါတယ်။

စပါးစ်ဟာ ယနေ့ညတွင် ဘုန်းမောက်အား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ကစားရပါမယ်။ စပါးစ်ဟာ နောက်ဆုံး ၃ ပွဲဆက် ရှုံးပွဲမရှိပေမယ့်လည်း Open Play မှ ဂိုးရရှိထားခြင်း မရှိပါဘူး။

ဝီလ်ဆင်အား စာချုပ်ဖျက်သိမ်းရန် ဝက်စ်ဟမ်း ဆွေးနွေးနေ
=====================

ဝက်စ်ဟမ်းဟာ တိုက်စစ်မှူးကယ်လမ်ဝီလ်ဆင်အား စာချုပ်ဖျက်သိမ်းရေး‌ ဆွေးနွေးနေပြီး အပြီးသတ်နိုင်လုနီးပါး အခြေအနေတွင် ရှိနေပြီ ဖြစ်ပါတယ်။

ဝီလ်ဆင်ဟာ နွေရာသီတုန်းက ဝက်စ်ဟမ်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပြီး ၁၈ ပွဲကစားထားရာမှာ ၄ ဂိုးသွင်းထားနိုင်ပါတယ်။

ဒါပေမယ့် သူဟာ ယခုဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် ပါဘလိုဖီးလစ်ပီနှင့် တာတီကယ်စတယ်လာနို့စ်တို့ ရောက်လာမှုနှင့်အတူ ဝက်စ်ဟမ်းပထမအသင်းတွင် အကန့်အသတ်ဖြင့်သာ ကစားခွင့်ရလာတော့မှာလည်း ဖြစ်ပါတယ်။

အသက် ၃၃ နှစ်ှရှိ နယူးကာဆယ်အသင်းခေါင်းဆောင်ဟောင်းဟာ ပထမဆုံးအသင်းတွင် ပုံမှန်ကစားခွင့်ရလိုနေသူ ဖြစ်ပါတယ်။

ယင်းသို့ အခြေအနေကြောင့် ဝက်စ်ဟမ်းနှင့် ဝီလ်ဆင်တို့ဟာ ၆ လသက်တမ်းကျန် စာချုပ်အား စောစောစီးစီးဖျက်သိမ်းနိုင်ရေး ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။

အမိုရမ် မရှိတော့ပေမယ့်လည်း ရက်ဖို့ဒ်ရဲ့ ယူနိုက်တက်ကစားသမားဘဝ အဆုံးသတ်သွားပြီ
=====================

မားကပ်စ်ရက်ဖို့ဒ်အပါအဝင် အငှားဖြင့် ထွက်ကစားနေတဲ့ ကစားသမားများမှာ ရူဘင်အမိုရမ် ထုတ်ပယ်ခြင်းခံခဲ့ရပြီးဖြစ်ပေမယ့်လည်း အိုးထရက်ဖို့ဒ်သို့ ပြန်ရောက်လာဖို့ မရှိတော့ပါဘူး။

မားကပ်စ်ရက်ဖို့ဒ်၊ ဂျာဒွန်ဆန်ချို၊ ရာစမပ်စ်ဟွိုက်လန်း၊ အင်ဒရေအိုနာနာတိုဟာ ယူနိုက်တက်ကို ရူဘင်အမိုရမ် ကိုင်တွယ်တဲ့ ၁၄ လတာကာလအတွင်း အငှားဖြင့် ထွက်ကစားခဲ့ရသူများ ဖြစ်ကြပါတယ်။

ဒါပေမယ့် ယူနိုက်တက်စီနီယာဝန်ထမ်းများက ယင်းကစားသမားများကို အမိုရမ် မရှိတော့တဲ့အချိန်တွင်လည်း အသင်းတွင် ဆက်ထိန်းထားရန် ဆန္ဒမရှိရာ လက်ရှိ အခြေအနေမှာ အပြောင်းအလဲ ဖြစ်လာဖို့ အခြေအနေတွင် မရှိပါဘူး။

ရက်ဖို့ဒ်ဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတုန်းက အမိုရမ် ကိုင်တွယ်တဲ့ ပထမဆုံးပွဲတွင် ဂိုးသွင်းနိုင်ခဲ့ပေမယ့်လည်း ပြဿနာတက်ပြီးနောက် အသင်းမှ ထွက်ခွာခဲ့ရပါတယ်။

ထိုစဉ်တုန်းက ရူဘင်အမိုရမ်က အသင်းအတွက် အစွမ်းကုန် မကြိုးစားတဲ့ ကစားသမားကို အသုံးပြုမယ့်အစား သူ့ရဲ့ဂိုးနည်းပြကိုသာ ကစားစေမည်လို့ လူသိရှင်ကြား ပြောဆိုခဲ့ပါတယ်။

အသက် ၂၈ နှစ်ရှိ ရက်ဖို့ဒ်ဟာ ဗီလာသို့ အငှားဖြင့် သွားကစားခဲ့ရပြီးနောက် နွေရာသီတွင် ဘာစီလိုနာသို့ ပေါင်သန်း ၃၀ ဖြင့် အပြီးသတ်ပြောင်းနိုင်မယ့်အချက်ဖြင့် အငှားဖြင့် ထပ်မံ ထွက်ခွာခဲ့ပါတယ်။

သူဟာ စပိန်သို့ ရောက်ချိန်တွင် အကောင်းဆုံးပုံစံ ပြန်လည် ရရှိလာပြီး ၇ ဂိုးသွင်းကာ ၈ ကြိမ် ဖန်တီးမှု ပြုလုပ်ထားနိုင်ပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်တာဝန်ရှိသူများက အဝတ်အစားလဲခန်းယဉ်ကျေးမှုကို ပိုကောင်းအောင် ပြုလုပ်လိုနေမှုနှင့်အတူ ရက်ဖို့ဒ်အား ပြန်လည်ခေါ်ဆောင်ရန် အစီအစဉ် မရှိပါဘူး။

လက်ရှိအချိန်တွင် ဗီလာမှာ အငှားဖြင့် သွားကစားနေတဲ့ ဆန်ချို့မှာလည်း ပြန်လာခွင့်ရလာဖို့ မရှိပါဘူး။

သူဟာ အဲရစ်တန်ဟက်၊ ရူဘင်အမိုရမ်တို့နှင့် ပြဿနာတက်ပြီးနောက် ဒေါ့မွန်၊ ချဲလ်ဆီးသို့လည်း အငှားဖြင့် သွားကစားခဲ့ရပါတယ်။

ချဲလ်ဆီးဟာ သူ့ကို အပြီးသတ် မခေါ်ယူဘဲ ယူနိုက်တက်အား နစ်နာကြေး ပေါင် ၅ သန်းပေးခဲ့ရပါတယ်။

သူဟာ လက်ရှိအချိန်တွင် ဗီလာမှာလည်း အကောင်းဆုံးပုံစံ ပြသရန် ရုန်းကန်နေရပါတယ်။

နာပိုလီတွင် အငှားဖြင့် ကစားနေတဲ့ ဟွိုက်လန်းမှာလည်း အီတလီတွင် အကောင်းဆုံးပုံစံ ပြန်လည် ရရှိနေပါတယ်။

နာပိုလီဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိပါက ဟွိုက်လန်းအား ပေါင် ၃၈ သန်းဖြင့် အပြီးသတ်ခေါ်ယူမယ့်အချက်ကို ထည့်သွင်းထားပါတယ်။

အိုနာနာမှာလည်း တူရကီကလပ် ထရက်ဇွန်စပေါ်တွင် အငှားဖြင့် သွားကစားနေပြီး အကောင်းဆုံးပုံစံ ပြသနေသလို လုပ်ခနှစ်ဆ ရရှိနေမှုကြောင့် ပျော်ရွှင်နေပါတယ်။

စထရာဘော့အသင်းအား ကိုင်တွယ်ရန် ဘုန်းမောက်နည်းပြဟောင်းအိုနေးလ် သဘောတူညီမှု ရရှိ
=====================

ဂယ်ရီအိုနေးလ်ဟာ ချဲလ်ဆီးအား ကိုင်တွယ်ရန် ထွက်ခွာသွားတဲ့ လီယန်ရိုစီနီယာရဲ့ စထရာဘော့နည်းပြရာထူးအား ရယူရန် သဘောတူညီမှု ရရှိလာပါတယ်။

အသက် ၄၂ နှစ်ရှိ အိုနေးလ်ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ဝုဗ်ရဲ့ ထုတ်ပယ်ခြင်းခံရပြီးနောက် အသင်းလက်မဲ့ ဖြစ်နေခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ ဘုန်းမောက်ကို ၂၀၂၂-၂၃ ရာသီဉ်တုန်းက တန်းမဆင်းရအောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် ထုတ်ပယ်ခြင်းခံခဲ့ရကာ အန်ဒိုနီအိုင်ရာအိုလာနှင့် အစားထိုးခြင်းခံခဲ့ရပါတယ်။

သူဟာ စထရာဘော့ ပထမဆုံးပွဲအဖြစ် စနေနေ့ တတိယတန်းကလပ် Avranches နှင့် Coupe de France ပွဲစဉ်အား စတင်ကိုင်တွယ်လာပါမယ်။

စထရာဘော့ကို ချဲလ်ဆီးပိုင်ရှင် Blue Co ကပင် ပိုင်ဆိုင်တာ ဖြစ်ပြီး ပရိသတ်များဟာ ရိုစီနီယာအား လက်လွှတ်လိုက်ရမှုအပေါ် ဒေါသထွက်လျက်ရှိကြပါတယ်။

မန်စီးတီးဘက်က ပေါင်သန်း ၄၀ ပေးလာပါက ယခုလတွင် အသင်းခေါင်းဆောင်ဂူဟီကို ရောင်းချလာမယ့် ခရစ္စတယ်ပဲလေ့စ်
=====================

ခရစ္စတယ်ပဲလေ့စ်ဟာ ၎င်းတို့တောင်းဆိုတဲ့အတိုင်း ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ ပေးလာမည်ဆိုပါက အသင်းခေါင်းဆောင်မာ့ခ်ဂူဟီကို ယခုလတွင်ပင် မန်စီးတီးသို့ ရောင်းချလာပါမယ်။

မန်စီးတီးဟာ ဒဏ်ရာပြဿနာများနှင့် ကြုံတွေ့ရပြီးနောက် ခံစစ်အား အားဖြည့်ရန် လိုအပ်နေပြီး မာ့ခ်ဂူဟီမှာ နံပါတ်တစ်ပစ်မှတ်ဖြစ်နေပါတယ်။

မန်စီးတီးဟာ ရူဘင်ဒီယာ့စ်၊ ဂျွန်စတုန်းတို့အပြင် ဂျို့စ်ကိုဂဗာဒီယော်မှာလည်း ခြေထောက်ကျိုးဒဏ်ရာကြောင့် ကာလရှည်အနားယူရမှာ ဖြစ်လို့ ခံစစ်ကို အားဖြည့်ရန် လိုနေပါတယ်။

ပဲလေ့စ်နည်းပြဂလပ်စ်နာဟာ ဂူဟီကို မဆုံးရှုံးလိုပေမယ့်လည်း ကလပ်ဘက်ကမူ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ ရရှိလာလျှင် ရောင်းချရန် အသင့်ရှိနေပါတယ်။

ဒါပေမယ့် မန်စီးတီးနှင့် ပဲလေ့စ်အနေဖြင့် နွေရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာနိုင်တဲ့ ဂူဟီမှာ လက်မှတ်ထိုးကြေးများစွာ ရရှိနိုင်တဲ့အခြေအနေကြောင့် နားချနိုင်ဖို့ လိုပါသေးတယ်။

ခရစ္စတယ်ပဲလေ့စ်ဟာ နွေရာသီတုန်းက ဂူဟီကို ပေါင် ၃၅ သန်းဖြင့် လီဗာပူးသို့ ရောင်းချရန် သဘောတူညီမှု ရခဲ့ပြီးဖြစ်ပေမယ့် အစားထိုးနိုင်မယ့် ကစားသမားရှာမတွေ့မှုကြောင့် ရောင်းချရေးအား ဖျက်သိမ်းခဲ့ပါတယ်။

လီဗာပူးနှင့်ပွဲစဉ်မှ ဖလိုရီယန်ဝါ့ဇ်ရဲ့ အငြင်းပွားဖွယ်ဂိုးအတွက် PGMOL ကို ဆက်သွယ်ထားတဲ့ ဖူလ်ဟမ်
======================

ဖူလ်ဟမ်နည်းပြမာကိုဆေးလ်ဗားက တနင်္ဂနွေနေ့တုန်းက လီဗာပူးနှင့်ပွဲစဉ်မှ ဖလိုရီယန်ဝါ့ဇ်ရဲ့ အငြင်းပွားဖွယ်ဂိုးနှင့်ပတ်သက်ပြီး ပရော်ဖက်ရှင်နယ်ဘောလုံးပွဲဒိုင်အဖွဲ့ချုပ် (PGMOL) နှင့် ဆက်သွယ်မှု ပြုလုပ်ထားကြောင်း ပြောကြားလာပါတယ်။

ဂျာမနီအလယ်တန်းတိုက်စစ်သမားဟာ ပွဲချိန် ၅၇ မိနစ်တွင် လီဗာပူးအတွက် ဂိုးသွင်းခဲ့ပြီး စည်းကြပ်ဒိုင်က လူကျွံအလံထောင်ထားခဲ့ပါတယ်။

ကစားသမားကိုယ်တိုင်ကလည်း လူကျွံတယ်လို့ ယူဆထားမှုနှင့်အတူ ဂိုးသွင်းနိုင်ခဲ့ပေမယ့် အောင်ပွဲခံခဲ့ခြင်း မရှိပါဘူး။

အနှေးပြကွက်များအရလည်း လီဗာပူးစတားမှာ လူကျွံတယ်လို့ ယူဆရပေမယ့်လည်း VAR က ဂိုးကို ခွင့်ပြုခဲ့ပါတယ်။

ယင်းပွဲမှာ ၂ ဂိုးစီသရေဖြင့် ပြီးဆုံးသွားခဲ့ပြီး မာကိုဆေးလ်ဗားက ဖလိုရီယန်ဝါ့ဇ်ရဲ့ ဂိုးမှာ ရှင်းလင်းတဲ့ လူကျွံဘောဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ယခုအခါ ဆေးလ်ဗားက "ကလပ်ဘက်က (PGMOL)ဆက်သွယ်ဖို့ ကြိုးစားနေတယ်။ အခုအချိန်အထိ အကြောင်းပြန်မရသေးဘူး"လို့ ပြောကြားသွားပါတယ်။

လက်ရှိအနေအထားအရ ဖူလ်ဟမ်မှ တာဝန်ရှိသူများဟာ နောက်ပိုင်းတွင် PGMOL မှ တာဝန်ရှိသူများနှင့် စကားပြောဆွေးနွေးမှု ပြုလုပ်လာဖို့ ရှိနေပါတယ်။

ဆက်လက်ပြီး ဆေးလ်ဗားက "အခုအချိန်အထိတော့ ပရီးမီးယားလိဂ်နဲ့ PGMOL ဆီက အသံစောင့်နေတုန်းပါ။ ဒါက ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်။ ကျွန်တော့်အတွက်သာ မဟုတ်ပါဘူး။ ဝန်ထမ်းတွေ၊ ကျွန်တော်တို့ကလပ်နဲ့ ကစားသမားအားလုံးအတွက် အရေးကြီးပါတယ်။ ပရီးမီးယားလိဂ်ကလပ်တိုင်းကို မေးကြည့်လိုက်ပါ။ အဖြေတစ်ခုတည်းပဲ ထွက်ပါလိမ့်မယ်။ ဘောလုံးကို ချစ်တဲ့သူတိုင်းလည်း ကျွန်တော့်လိုပဲ မြင်ပါလိမ့်မယ်"လို့ ပြောကြားသွားပါတယ်။

ပေါင်သန်း ၅၀ တန်ဖိုးရှိ ကိုယ်ပိုင်လေယာဉ်၊ Batcopter နှင့် Batmobile တို့ကို နေမာပြသလာ
====================

နေမာဟာ ပေါင် ၁.၃ သန်းတန်ဖိုးရှိ Batmobile ကို ဝယ်ယူလိုက်ပြီး အိပ်မက်တစ်ခုကို အကောင်အထည်ဖော်လိုက်နိုင်ပြီ ဖြစ်ပါတယ်။

အသက် ၃၃ နှစ်ရှိ ဘရာဇီးစူပါစတားဟာ ကိုယ်ပိုင်ဂျက်လေယာဉ်၊ Batcopter ၊Batmobile တို့နှင့် တွဲရိုက်ကူးထားတဲ့ ဓာတ်ပုံအား အင်စတာဂရမ်တွင် တင်လာတာလည်း ဖြစ်ပါတယ်။

Batmobile ကို လူ ၅၀ ပါ အဖွဲ့တစ်ခုက သုံးနှစ်အထိ အချိန်ယူတည်ဆောက်ခဲ့ရတာ ဖြစ်ပါတယ်။ ယင်းကားကို ဆာအိုပေါ်လိုအနီး Dream Car Museum မှ နေမာရဲ့ ကားဂိုထောင်သို့ ပြောင်းရွှေ့လာပြီလည်း ဖြစ်ပါတယ်။

နေမာဟာ Batmobile ကို ဝယ်ယူလိုက်ပြီ ဖြစ်ပေမယ့် ယင်းကားကို အများသူငါ အသုံးပြုတဲ့ လမ်းမှာ မောင်းနှင်နိုင်ခွင့် မရှိပါဘူး။

ဘရာဇီးသမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်နေတဲ့ နေမာဟာ Batman အမာခံပရိသတ်တစ်ဦးဖြစ်ပြီး ၂၀၂၂ ခုနှစ်ထွက် The Batman ကားအား ပဲရစ်တွင် အထူးပွဲပြသရာသို့ မင်းသားရောဘတ်ပက်တာဆင်၊ ဇိုးခရာဗက်ဇ်တို့နှင့်အတူ တက်ရောက်ကြည့်ရှုခဲ့သူလည်း ဖြစ်ပါတယ်။

နေမာဟာ တန်ဖိုး ပေါင် ၁၀ သန်းဝန်းကျင်ရှိ Batcopter အပြင် ပေါင် ၃၇ သန်းတန်ဖိုးရှိ Dassault Falcon 900LX တို့ကိုလည်း ပြသလာတာဖြစ်ပြီး ယင်းယာဉ်သုံးမျိုးပေါင်းတန်ဖိုးက ပေါင်သန်း ၅၀ နီးပါး ရှိပါတယ်။

နေမာဟာ ပြိုင်ကားစုဆောင်းသူတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တုန်းကလည်း ပေါင် ၃ သိန်းတန်ဖိုးရှိ Rolls-Royce Ghost ကားကို ဝယ်ယူခဲပါတယ်။

သူဟာ Bentley Continental GT ၊ Aston Martin DBX ၊ Lamborghini Huracan ၊ Mercedes G Wagon နှင့် Maserati MC12 တို့ကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

ဘာစီလိုနာ၊ ပီအက်စ်ဂျီတို့တွင် အောင်မြင်မှုများ ရယူခဲ့တဲ့ နေမာဟာ ဆော်ဒီကလပ် Al Hilal တွင် ကစားစဉ်တုန်းက တစ်ပတ်လုပ်ခ ပေါင် ၂.၅ သန်းအထိ ရရှိကာ တစ်နှစ်ခွဲကြာကစားခဲ့ပါတယ်။

ဒါပေမယ့် သူဟာ တစ်နှစ်ခွဲကြာ ကစားစဉ်အတွင်း ဒဏ်ရာကြောင့် ၇ ပွဲတည်းသာ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ လုပ်ခ ပေါင် ၁၉၃.၈ သန်းအထိ ရရှိခဲ့ပါတယ်။

သူဟာ ၂၀၂၅ ခုနှစ်အစောပိုင်းမှာတော့ လုပ်ခလျှော့ယူကာ အသင်းဟောင်းဆန်းတို့စ်သို့ ပြန်လည်ပြောင်းလာခဲ့ပါတယ်။ သူဟာ ပေါင်သန်း ၃၃၀ ကြွယ်ဝချမ်းသာသူ ဖြစ်ပါတယ်။