မြန်မာ ယူ- ၁၆ ဖူဆယ်အသင်းကို ဆုကြေးငွေ ကျပ် သိန်း (၇၁၀) ချီးမြှင့်

၂၀၂၅ အာဆီယံ ယူ- ၁၆ ဖူဆယ်ပြိုင်ပွဲမှာ တတိယဆုရရှိခဲ့တဲ့ မြန်မာ ယူ- ၁၆ လူငယ်ဖူဆယ်အသင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ဦးဆောင်ပြီး ဆုကြေးငွေ ကျပ် သိန်း (၇၁၀) ချီးမြှင့်ခဲ့ပါတယ်။
ဆုချီးမြှင့်ပွဲကို ဇန်နဝါရီ (၆) ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏ MFF Futsal Stadium မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
မြန်မာ ယူ- ၁၆ လူငယ်ဖူဆယ်အသင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ကျပ်သိန်း (၁၀၀)၊ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ကျပ်သိန်း (၂၀၀)၊ ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီဥက္ကဋ္ဌ ဦးဝင်းသော်က ကျပ်သိန်း (၁၀၀)၊ MIU အသင်းပိုင်ရှင် ဦးဖြိုးမောင်မောင်က ကျပ်သိန်း (၁၀၀)၊ YRG အသင်းပိုင်ရှင် ဦးထက်ရဲနောင်က ကျပ်သိန်း (၁၀၀)၊ TG United အသင်းပိုင်ရှင် ဦးရွှေတောက်က ကျပ်သိန်း (၁၀၀)၊ မိသားစုပရိဘောဂလုပ်ငန်း(ဦးကျော်မြင့်ဦး+ဒေါ်ဖြူဖြူဝင်း) က ကျပ်သိန်း (၁၀) သိန်း စုစုပေါင်း ဆုကြေးငွေ ကျပ်သိန်း (၇၁၀) ကို ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) ဟာ အာဆီယံ ယူ- ၁၆ ဖူဆယ်ပြိုင်ပွဲကို ပထမဆုံးကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာ ယူ- ၁၆ ဖူဆယ်အသင်းဟာလည်း ပထမဆုံးဖွဲ့စည်းဝင်ရောက်ယှဥ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

image

သီဟဇော်ကို ဒဂုံစတားအသင်း လာမယ့်ရာသီကုန်အထိ စာချုပ်ချုပ်ဆိုခေါ်ယူ

MNL ကလပ် ဒဂုံစတားယူနိုက်တက်အသင်းဟာ မြန်မာ့လက်ရွေးစင်တိုက်စစ်ကစားသမား သီဟဇော်ကို လာမယ့် ၂၀၂၆-၂၀၂၇ ရာသီကုန်အထိ စာချုပ် ချုပ်ဆိုခေါ်ယူလိုက်ကြောင်း သိရပါတယ်။
သီဟဇော်ဟာ ယခုရာသီအစက မလေးရှားစူပါလိဂ်ကလပ် အင်မီဂရီဆမ်အသင်းမှာ တစ်ရာသီစာချုပ်နဲ့ သွားရောက်ကစားခဲ့ပေမဲ့ အကြောင်းကြောင်းကြောင့် ပထမအကျော့ မပြီးဆုံးခင်မှာပဲ စာချုပ်ဖျက်သိမ်းထားခဲ့တာဖြစ်ပါတယ်။
သီဟဇော်ကို အခြားသော မလေးရှားကလပ်အသင်းအချို့က ကမ်းလှမ်းခဲ့ပေမယ့် သီဟဇော်ဟာ ဒဂုံစတားအသင်းနဲ့ ပြီးခဲ့တဲ့ဒီဇင်ဘာ (၁) ရက်ကတည်းက ကြိုတင်စာချုပ်ချုပ်ဆိုထားတာဖြစ်လို့ စာချုပ်အပေါ်လေးစားသမှုနဲ့ ဒဂုံစတားအသင်းမှာပဲ ကစားဖို့ ကစားသမားက ရွေးချယ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
သီဟဇော်ဟာ ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် ပြည်တွင်းမှာဆိုရင် ဧရာဝတီ၊ ရှမ်းယူနိုက်တက်၊ ပြည်ပမှာဆိုရင် ကမ္ဘောဒီးယားကလပ်အသင်းတွေဖြစ်တဲ့ ခိုကောင်၊ ပရေးဗန်၊ နာဂါဝေါလ်၊ မလေးရှားကလပ် အင်မီဂရီဆမ်အသင်းတွေမှာ ကစားထားခဲ့ပါတယ်။
ဒဂုံစတားယူနိုက်တက်အသင်းဟာ လက်ရှိ MNL ပြိုင်ပွဲ ပွဲစဥ် (၁၁) ကစားပြီးချိန်မှာ (၅) ပွဲနိုင်၊ (၄) ပွဲသရေ၊ (၂) ပွဲရှုံး၊ ရမှတ် (၁၉) မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံး (၅) သင်းထဲမှာ ရောက်ရှိနေပါတယ်။

image

မြန်မာဘောလုံးအကယ်ဒမီဲများပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်ရောက်ရှိ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နဲ့ အား/ကာ သိပ္ပံတို့ ပူးပေါင်းပြီး ၂၀၂၆ မြန်မာဘောလုံးအကယ်ဒမီများပြိုင်ပွဲကို ပြီးခဲ့တဲ့ဇန်နဝါရီ (၃) ရက်ကစပြီး ရန်ကုန်မြို့မှာ ကျင်းပနေရာ ယခုအခါ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။
ပြိုင်ပွဲကို အမျိုးသားဘောလုံးအကယ်ဒမီ ယူ- ၁၄၊ အမျိုးသားဘောလုံးအကယ်ဒမီ ယူ- ၁၅၊ မြန်မာဘောလုံးအကယ်ဒမီ ယူ- ၁၄၊ မြန်မာဘောလုံးအကယ်ဒမီ ယူ- ၁၅၊ ISPE (ရန်ကုန်)၊ ISPE (မန္တလေး)၊ ISPE (မော်လမြိုင်)နဲ့ တပ်မတော်အကယ်ဒမီအသင်း (၈) သင်း ပါဝင်ယှဥ်ပြိုင်ခဲ့ကြပါတယ်။
ပြိုင်ပွဲဝင်အသင်း (၈) သင်းကို (၄) သင်း (၂) အုပ်စုခွဲပြီး ပထမအဆင့်အနေနဲ့ ယှဥ်ပြိုင်ကစားစေရာ ဇန်နဝါရီ (၇) ရက် အုပ်စုပွဲများအပြီး အုပ်စု (A) မှာ အမျိုးသားဘောလုံးအကယ်ဒမီ ယူ- ၁၅ အသင်းက ပထမ၊ ISPE (မော်လမြိုင်) အသင်းက ဒုတိယ၊ အုပ်စု ( မှာ တပ်မတော်အကယ်ဒမီအသင်းက ပထမ၊ မြန်မာဘောလုံးအကယ်ဒမီ ယူ- ၁၅ အသင်းက ဒုတိယ ရပ်တည်နိုင်ခဲ့ပါတယ်။
ဆီမိးဖိုင်နယ်ပွဲများကို တစ်ချိန်တည်းအဖြစ် ဇန်နဝါရီ (၉) ရက်၊ မနက် (၇) နာရီခွဲမှာ ကျင်းပမှာဖြစ်ပါတယ်။
ဆီမီးဖိုင်နယ်ပွဲများအဖြစ် MFF မြက်ခင်းတုကွင်း (၁) မှာ အမျိုးသားဘောလုံးအကယ်ဒမီ ယူ- ၁၅ အသင်းနဲ့ မြန်မာဘောလုံးအကယ်ဒမီ ယူ- ၁၅ အသင်း၊ MFF မြက်ခင်းတုကွင်း (၂) မှာ တပ်မတော်အကယ်ဒမီအသင်းနဲ့ ISPE (မော်လမြိုင်) အသင်းတို့ ယှဥ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
ဗိုလ်လုပွဲနဲ့ တတိယနေရာလုပွဲများကို ဇန်နဝါရီ (၁၁) ရက်မှာ ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။

image

အမှတ်ပေးဇယားအောက်ဆုံး (၈)သင်းနဲ့ ကစားခဲ့ရပေမယ့်
မန်ယူအသင်း (၂)ပွဲသာ အနိုင်ရ

မန်ယူအသင်းက ပရီးမီးယားလိဂ်နောက်ဆုံး (၁၀)ပွဲမှာ အမှတ်ပေးဇယားအောက်ဆုံး (၈)သင်းနဲ့သာ ကစားရပေမယ့် နှစ်ပွဲသာအနိုင်ရတဲ့အထိ အခြေအနေဆိုးခဲ့ပါတယ်။
နောက်ဆုံးကစားတဲ့ ဘန်လေအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း
မန်ယူအသင်းက နှစ်ဂိုးစီသရေသာကစားနိုင်ခဲ့ပါတယ်။
မန်ယူအသင်းက ပရီးမီးယားလိဂ်နောက်ဆုံး (၃)ပွဲမှာ တန်းဆင်းရဖို့ နီးစပ်နေတဲ့ ဝုလ်ဗ်အသင်းကို အိမ်ကွင်းမှာ အနိုင်မရခဲ့သလို၊
အခုလည်း တန်းဆင်းဇုန်ထဲက ဘန်လေအသင်းကို သရေသာကစားနိုင်ခဲ့တာပါ။
မန်ယူအသင်းက လက်ရှိရာသီပရီးမီးယားလိဂ်မှာ ဂိုးမပေးရတဲ့ပွဲ နှစ်ပွဲသာ ရှိထားပြီး ခံစစ်စွမ်းဆောင်ရည် ညံ့ဖျင်းနေပါတယ်

image

ဆန်းတို့စ်နှင့် စာချုပ်သက်တမ်းတိုးချုပ်ဆိုလာတဲ့ ဘရာဇီးစူပါစတားနေမာ
=======================

ဘရာဇီးစူပါစတားနေမာဟာ ၂၀၂၆ ခုနှစ် နှစ်ကုန်အထိ ဆန်းတို့စ်နှင့် စာချုပ်သစ်ချုပ်ဆိုလာပါတယ်။
အသက် ၃၃ နှစ်ရှိ‌ နေမာဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ကစားသမားဘဝစတင်ရာ ဆန်းတို့စ်သို့ ရောက်လာခဲ့သူ ဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးအသင်းနှင့် ပါဝင်ရန် ရည်မှန်းနေသူလည်း ဖြစ်ပါတယ်။
သူဟာ ဒဏ်ရာပြဿနာများကြောင့် ၂၀၂၃ ခုနှစ်ကတည်းက ဘရာဇီးအတွက် ကစားခွင့်မရလာခဲ့သူ ဖြစ်ပါတယ်။
ဘာစီလိုနာနှင့် ပီအက်စ်ဂျီစူပါစတားဟောင်းဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်နှောင်းပိုင်းတုန်းက ဒဏ်ရာပြဿနာရှိနေလင့်ကစား ဆန်းတို့စ်အတွက် ကစားကာ နောက်ဆုံး ၅ ပွဲတွင် ၅ ဂိုးသွင်းကာ တန်းမဆင်းရရေး အဓိကနေရာမှ ကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။
ယင်းနောက် သူဟာ ရာသီအကုန်တွင် ဘယ်ဖက်ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ ၂၀၂၆ ရာသီသစ်တွင် ဆန်းတို့စ်အတွက် အကောင်းဆုံးကစားကာ ဘရာဇီးနည်းပြကာလိုအန်ဆယ်လော့တီရဲ့ ကမ္ဘာ့ဖလားစီမံကိန်းတွင် ပါဝင်ရန် မျှော်လင့်နေပြီလည်း ဖြစ်ပါတယ်။
နေမာက "ဆန်းတို့စ်က ကျွန်တော့်နေရာပါ။ ကျွန်တော့်အိမ်ပါ။ လိုအပ်နေသေးတဲ့ အိပ်မက်တွေ ဖြစ်လာဖို့ ဒီမှာပဲ ရချင်တယ်"လို့ ပြောကြားသွားပါတယ်။
အောက်တိုဘာလတုန်းက ဘရာဇီးနည်းပြအန်ဆယ်လော့တီက ၇၉ ဂိုးဖြင့် ဘရာဇီးသမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်နေတဲ့ နေမာအနေဖြင့် ဘရာဇီးအသင်းတွင် ပြန်လည်ရွေးချယ်ခြင်းခံရရန် ကြံ့ခိုင်မှုပြည့်ဝနေရန် လိုအပ်ကြောင်း ပြောကြားထားပါတယ်။
နေမာဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလတုန်းက ဘရာဇီးအတွက် ကစားစဉ် ဒူးအရွတ်ဒဏ်ရာရရှိကာ ၁၂ လတိုင်တိုင် အနားယူခဲ့ရသူဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွင်မှ ပြန်လည်ကစားလာနိုင်ခဲ့တာပါ။
သူဟာ ပြီးခဲ့တဲ့နှစ်တုန်းက ဘရာဇီးအသင်းတွင် ပြန်လည်ရွေးချယ်ခံခဲ့ရပေမယ့်လည်း ကြွက်သားဒဏ်ရာကြောင့် နုတ်ထွက်ခဲ့ရပါတယ်။
ဘရာဇီးဟာ ၂၀၂၆ ကမ္ဘာ့ဖလားအုပ်စုအတွင်းတွင် အုပ်စု(ဂ)တွင် စကော့တလန်၊ မော်ရိုကို၊ ဟေတီတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

image

ယနေ့ည ဘန်လေနှင့်ပွဲတွင် သားများဖြစ်ကြတဲ့ အမြွှာညီနောင်ကို သုံး/မသုံး ပြောကြားရန် ယူနိုက်တက်ယာယီနည်းပြဖလက်ချာငြင်းဆိုလာ
====================

ယူနိုက်တက်ယာယီနည်းပြဒါရင်းဖလက်ချာဟာ ယနေ့ည ဘန်လေနှင့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်တွင် သားများဖြစ်ကြတဲ့ အမြွှာညီနောင်ကို အသုံးပြုရေးနှင့်ပတ်သက်ပြီး ပြောကြားရန် ငြင်းဆိုလာပါတယ်။
စကော့တလန်လူမျိုးနည်းပြဟာ ရူဘင်အမိုရမ် ထုတ်ပယ်ခြင်းခံရပြီးနောက် ယူနိုက်တက်ယူ-၁၈ နည်းပြရာထူးမှ စီနီယာအသင်းယာယီနည်းပြအဖြစ် တိုးမြှင့်ခန့်အပ်ခြင်းခံလာရပြီး သားများဖြစ်ကြတဲ့ အသက် ၁၈ နှစ်အရွယ်ရှိ ဂျက်နှင့် တေလာတို့ကို နည်းပြရမယ့် အခြေအနေကြုံလာတာလည်း ဖြစ်ပါတယ်။
ဂျက်မှာ ယခုရာသီတွင် ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲ ၃ ပွဲကစားထားပြီးဖြစ်ကာ တေလာကတော့ ယူနိုက်တက်အတွက် တစ်ပွဲမျှ ကစားခွင့်မရသေးပါဘူး။
ပရီးမီးယားလိဂ်သမိုင်းတွင် မည်သည့်နည်းပြမျှ သား ၂ ဦးကို တစ်ပွဲတည်းတွင်အသုံးပြုခဲ့တဲ့ မှတ်တမ်းမရှိပါဘူး။
ဒါပေမယ့် ဖလက်ချာက "ဒါနဲ့ပတ်သက်ပြီး ဘာသတင်းအချက်အလက်မှ ပေးမှာ မဟုတ်ပါဘူး။ သူတို့ တနင်္လာနေ့မှာ လေ့ကျင့်ခန်းဆင်းကြတယ်။ ကျွန်တော် မရောက်ခင်ကတည်းက သူတို့ ဒီမှာ ရှိနေခဲ့ကြတယ်။ သူတို့ မကြာခင်တုန်းက အသင်းလူစာရင်းမှာ ပါဝင်လာခဲ့ကြတယ်။ ဒဏ်ရာကနေ ကောင်းလာတဲ့ ကစားသမားအချို့ ရှိတယ်။ သူတို့(အမြွှာနှစ်ဦး)က လူစာရင်းထဲမှာ ရှိနေပြီးသားပါ။ ပွဲလူစာရင်းမှာ ပါမလား မသိသေးပါဘူး။ ကြည့်ရပါဦးမယ်"လို့ ပြောကြားသွားပါတယ်။
ဖလက်ချာညီနောင်တို့ဟာ ယူနိုက်တက်အကယ်ဒမီထွက် အတောက်ပလုံး အလယ်တန်းကစားသမားများဖြစ်ကြပြီး ဖခင်ဖြစ်သူကသာ အခွင့်အရေးပေးလာပါက အစွမ်းကုန်ကြိုးစားရန် ဆန္ဒပြင်းပြနေကြပါတယ်။
ဒါရင်းဖလက်ချာဟာ ရာသီအကုန်အထိ ယူနိုက်တက်ယာယီနည်းပြအဖြစ် ခန့်အပ်ခြင်းခံရရန် ဂန္ထဝင်များဖြစ်ကြတဲ့ မိုက်ကယ်ကာရစ်၊ အိုလီဂန်းနားဆိုးလ်ရှားတို့နှင့်အတူ ထိပ်ဆုံးမှ ရေပန်းစားနေသူတစ်ဦး ဖြစ်ပါတယ်။

image

ဘီလ်ဘာအိုနှင့် စပိန်စူပါဖလားဆီမီးဖိုင်နယ်ပွဲစဉ်ကို ဘာစီလိုနာစူပါစတားလာမိန်းယာမဲလ် လွဲချော်လာဖွယ်ရှိ
======================

ဘာစီလိုနာစူပါစတားလာမိန်းယာမဲလ်ဟာ နေမကောင်းဖြစ်မှုကြောင့် နောက်ဆုံး လေ့ကျင့်ခန်းအစီအစဉ်အား လွဲချော်လာမှုနှင့်အတူ ယနေ့ည ဘီလ်ဘာအိုနှင့် ရင်ဆိုင်ရမယ့် စပိန်စူပါဖလားဆီမီးဖိုင်နယ်ပွဲစဉ်ကို လွဲချော်လာဖို့ ရှိနေပါတယ်။
ဘာစီလိုနာနည်းပြဟန်ဆီဖလစ်ဟာ ဝါရင့်ဂိုးသမားမာ့ခ်အင်ဒရေတာစတီဂန်မှာ မတော်တဆဒဏ်ရာရရှိကာ စပိန်သို့ ပြန်သွားမှုကြောင့် အခက်ကြုံနေချိန်တွင် လာမိန်းယာမဲလ် နေမကောင်းမှုနှင့် ကြုံလာရတာလည်း ဖြစ်ပါတယ်။
ဘာစီလိုနာဟာ အင်္ဂါနေ့တုန်းက King Abdullah Stadium တွင် ယနေ့ည ဘီလ်ဘာအိုနှင့်ပွဲမတိုင်မီ နောက်ဆုံးလေ့ကျင့်ခန်းအစီအစဉ်တွင် လာမိန်းယာမဲလ်မပါဝင်ဘဲ လေ့ကျင့်ခဲ့ရပါတယ်။
ဒါပေမယ့် စပိန်မီဒီယာများရဲ့ ဖော်ပြမှုအရ လာမိန်းယာမဲလ်မှာ ဒဏ်ရာပြဿနာ မရှိတဲ့အပြင် ကာလတို အဖျားဝေဒနာသာ ကြုံရခြင်း ဖြစ်ကြောင်း သိရပါတယ်။
ဒါကြောင့်လည်း ဘာစီလိုနာနည်းပြဖလစ်အနေဖြင့် ပွဲကစားခါနီးအချိန်တွင်မှ လာမိန်းယာမဲလ်ရဲ့အခြေအနေအပေါ် မူတည်ပြီး အသုံးပြု/မပြု ဆုံးဖြတ်လာဖို့ ရှိနေပါတယ်။
လာမိန်းယာမဲလ်ဟာ လာလီဂါရာသီဝက် ပွဲသိမ်းပွဲဖြစ်တဲ့ အက်စ်ပန်ညိုနှင့်ပွဲမတိုင်မီတုန်းကလည်း သက်တောင့်သက်သာ မဖြစ်မှုကြောင့် လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့ပေမယ့် တကယ်တမ်း ပွဲကစားချိန်မှာတော့ ပွဲထွက်လူစာရင်းတွင် ပါဝင်ကစားသွားနိုင်ခဲ့ပါတယ်။
ဒါ့အပြင် အသက် ၃၃ နှစ်ရှိ ဂျာမနီဂိုးသမားတာစတီဂန်မှာ အင်္ဂါနေ့တုန်းက လေ့ကျင့်ခန်းအစီအစဉ်တွင် မတော်တဆဒဏ်ရာရရှိသွားပြီးနောက် ဆေးစစ်ဆေးမှု ခံယူရန် အသင်းမှ နုတ်ထွက်ကာ စပိန်သို့ ပြန်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဟန်ဆီဖလစ်ဟာ တာစတီဂန် နုတ်ထွက်သွားမှုကြောင့် အမေရိကန်ယူ-၂၀ လက်ရွေးစင်ဂိုးသမားဒီယေဂိုကိုချန်ကို ပထမအသင်းသို့ ဆင့်ခေါ်ထားရပါတယ်။ သူဟာ ဂျိုဟန်ဂါစီယာ၊ ဆက်ဇက်နီတို့နောက် တတိယဦးစားပေးဂိုးသမားအဖြစ် ကစားရပါမယ်။

image

ရီးရဲလ်မက်ဒရစ်ရဲ့ စပိန်စူပါဖလားလူစာရင်းတွင် ကိုင်လီယန်ဘက်ပေး မပါဝင်
====================

ကိုင်လီယန်ဘက်ပေးဟာ ရီးရဲလ်မက်ဒရစ်ရဲ့ စပိန်စူပါဖလားပြိုင်ပွဲ လူစာရင်းထဲတွင် ပါဝင်လာခြင်း မရှိပါဘူး။
ပြင်သစ်စူပါစတားဟာ ဒူးဒဏ်ရာကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့ ဆော်ဒီတွင် ကစားရမယ့် စပိန်စူပါဖလားပြိုင်ပွဲလူစာရင်းတွင် မပါဝင်လာတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ရီးရဲလ်မက်ဒရစ်နည်းပြဇာဘီးအလွန်ဆိုအတွက် ကျေနပ်စရာကောင်းတာကတော့ ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပြီဖြစ်တဲ့ နောက်ခံလူထရန်းအလက်ဇန္ဒားအာနိုး ပြန်လည် ပါဝင်လာနိုင်တာလည်း ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံးဆုဖလားရရှိရေး ကြိုးပမ်းမှုအဖြစ် မနက်ဖြန် ကြာသပတေးနေ့တွင် အက်သလက်တီကိုနှင့် စပိန်စပါဖလားဆီမီးဖိုင်နယ်ကစားရပါမယ်။
ဘက်ပေးဟာ ဒုတိယရာသီသစ်အတွက် လေ့ကျင့်ခန်းဆင်းစဉ် ဘယ်ဖက်ဒူးအဆစ်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး အစောပိုင်းတုန်းက စပိန်စူပါဖလားတွင် ပါဝင်ရန် မျှော်လင့်ခဲ့ပေမယ့်လည်း ဆေးအဖွဲ့က အခြေအနေ ပိုဆိုးလာနိုင်မှုကြောင့် အသုံးမပြုရန် တားဆီးခဲ့ပါတယ်။
ဆေးအဖွဲ့က ရေရှည်အကျိုးမျှော်ကိုးကာ ရာနှုန်းပြည့်ကောင်းမွန်လာချိန်တွင်မှ အသုံးပြုရန် အကြံပေးထားတာလည်း ဖြစ်ပါတယ်။
ဘက်ပေးဟာ ၂၀၂၅-၂၆ ရာသီအတွင်းတွင် ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၂၄ ပွဲကစားထားရာမှာ ၂၉ ဂိုးအထိ သွင်းထားနိုင်ပါတယ်။

image

ယာယီနည်းပြရာထူးအတွက် ဆိုးလ်ရှားနှင့် ကာရစ်တို့အား အင်တာဗျူးလာမယ့် ယူနိုက်တက်
====================

မိုက်ကယ်ကာရစ်နှင့် အိုလီဂန်းနားဆိုးလ်ရှားတို့ဟာ ရာသီအကုန်အထိ ယူနိုက်တက်ယာယီနည်းပြအဖြစ် တာဝန်ထမ်းဆောင်ရန် ထိပ်ဆုံးမှ ရေပန်းစားလာနေပါတယ်။
ယူနိုက်တက်တွင် ကစားသမားအဖြစ်ရော နည်းပြအဖြစ်ပါ ကျင်လည်ခဲ့ကြဖူးတဲ့ ကာရစ်နှင့် ဆိုးလ်ရှားတို့ဟာ ကလပ်ခေါင်းဆောင်ပိုင်းများနှင့် တွေ့ဆုံ အင်တာဗျူးမှု ပြုလုပ်လာကြပါမယ်။
၎င်းတို့ နှစ်ဦးဟာ ယူနိုက်တက်နည်းပြအဖြစ် အတူတကွ တာဝန်ထမ်းဆောင်ဖူးကြသူများလည်း ဖြစ်ပါတယ်။ ကာရစ်ဟာ ၂၀၁၈ ခုနှစ်တုန်းက မော်ရင်ဟို ထုတ်ပယ်ခံရချိန်တွင် အစားထိုးခန့်အပ်ခြင်းခံခဲ့ရတဲ့ ဆိုးလ်ရှားလက်အောက် နည်းပြအဖဲ့တွင် တာဝန်ထမ်းဆောင်ဖူးပါတယ်။
လက်ရှိ ယူနိုက်တက်ယာယီနည်းပြအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒါရင်းဖလက်ချာမှာ အစောပိုင်းတုန်းက ရာသီအကုန်အထိ ယာယီနည်းပြအဖြစ် ဆောင်ရွက်မယ့် စာရင်းတွင် ပါဝင်ခဲ့ပေမယ့်လည်း ယခုအခါ ယာယီနည်းပြခန့်အပ်တဲ့အချိန်အထိသာ တာဝန်ထမ်းဆောင်လာတော့မှာ ဖြစ်ပါတယ်။
အလယ်တန်းကစားသမားဟောင်းဟာ ယနေ့ည ဘန်လေနှင့် ရင်ဆိုင်ကစားရမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်ကို ကြီးကြပ်လာမှာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ မိုက်ကယ်ကာရစ်နှင့် အိုလီဂန်းနားဆိုးလ်ရှားတို့အား ခန့်အပ်ရေး အင်တာဗျူးမှု အဆင်မပြေပါက ကစားသမားဟောင်းတစ်ဦးပင် ဖြစ်တဲ့ နစ္စတယ်ရွိုင်းကိုလည်း အင်တာဗျူးလာဖို့ ရှိပါတယ်။
ယူနိုက်တက်ဟာ ရာသီအကုန်အထိ ယာယီနည်းပြခန့်အပ်ပြီးနောက် နွေရာသီတွင်မှ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရေး ဆုံးဖြတ်လာမှာလည်း ဖြစ်ပါတယ်။
ဆိုးလ်ရှားဟာ ၂၀၁၈ ခုနှစ်တုန်းက မော်ရင်ဟို ထုတ်ပယ်ခံရစဉ်တုန်းက ယူနိုက်တက်ကို ယာယီနည်းပြအဖြစ် ရောက်လာပြီးနောက် ရာသီအကုန်တွင် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
မိက်ကယ်ကာရစ်မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတုန်းက ဆိုးလ်ရှားထုတ်ပယ်ခံလာရချိန်တွင် ယာယီနည်းပြအဖြစ် ယူနိုက်တက်အား ၃ ပွဲ ကိုင်တွယ်ဖူးပါတယ်။
သူဟာ ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အား ၂ နှစ်ခွဲကြာ ကိုင်တွယ်ပြီးနောက် ဇွန်လတုန်းက ထတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ဆိုးလ်ရှားမှာလည်း ဩဂုတ်လတုန်းက တူရကီထိပ်သီး ဘီဆစ်တပ်မှ ထုတ်ပယ်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အမြဲတမ်းနည်းပြရာထူးအတွက် ခရစ္စတယ်ပဲလေ့စ်နည်းပြအိုလီဗာဂလပ်စ်နာနှင့် မာဆေးနည်းပြရောဘတ်တိုဒီဇာဘီတို့အား လျာထားပါတယ်။

image

တနင်္ဂနွေနေ့ ဘရိုက်တန်နှင့် အက်ဖ်အေဖလားပွဲတွင်လည်း ယူနိုက်တက်ကို ကိုင်တွယ်မယ်လို့ ဖလက်ချာအတည်ပြုလာ
====================

ဒါရင်းဖလက်ချာက လာမယ့် တနင်္ဂနွေနေ့ အိုးထရက်ဖို့ဒ်ကွင်းတွင် ဘရိုက်တန်အား ဧည့်ခံကစားရမယ့် အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်တွင် ယူနိုက်တက်အား ယာယီနည်းပြအဖြစ် ကိုင်တွယ်ကြီးကြပ်သွားမယ်လို့ အတည်ပြုလာပါတယ်။
ဖလက်ချာဟာ ယခုအပတ်အစောပိုင်းတုန်းက ရူဘင်အမိုရမ် ထုတ်ပယ်ခြင်းခံရပြီးနောက် ယာယီနည်းပြအဖြစ် ခန့်အပ်ခြင်းခံရပြီး ဗုဒ္ဓဟူးနေ့ညတုန်းက ဘန်လေနှင့် နှစ်ဂိုးစီသရေကျတဲ့ ပွဲစဉ်အား ကြီးကြပ်ခဲ့ပါတယ်။
ဖလက်ချာက "တနင်္ဂနွေနေ့ပွဲကိုလည်း ကြီးကြပ်စေချင်တဲ့အကြောင်း သူတို့ ကျွန်တော့်ကို သတင်းပို့ထားပါတယ်။ ဘန်လေပွဲကိုပဲ အာရုံစိုက်ထားချင်ခဲ့တာပါ။ တနင်္ဂနွေနေ့မှာ အသင်းကို ဦးဆောင်သွားပါဦးမယ်။ အခု ကျွန်တော့်အာရုံစိုက်မှုနဲ့ စွမ်းအင်တွေက ဒီပွဲအတွက် ဖြစ်နေပါတယ်။ သူတို့ဆိုတာက ယူနိုက်တက်အမှုဆောင်ချုပ်အိုမာဘာရီဒါနဲ့ ဘောလုံးဒါရိုက်တာဂျေဆင်ဝဲလ်ကော့စ်ကို ပြောချင်တာပါ"လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ နိုဝင်ဘာလအစပိုင်းမှ စတင်ကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအောက်ပိုင်း ၈ သင်းစာရင်းဝင် အသင်းများနှင့် ၁၀ ပွဲကစားခဲ့ရာတွင် ၂ ပွဲတည်းသာ အနိုင်ရထားပါတယ်။
၎င်းတို့ဟာ နောက်ဆုံး ၃ ပွဲတွင် တန်းမဆင်းရရေး တိုက်ပွဲဝင်နေတဲ့ အသင်းများဖြစ်ကြတဲ့ ဝုဗ်၊ လိဒ်၊ ဘန်လေတို့နှင့် ရင်ဆိုင်ခဲ့ရာမှာ ၃ ပွဲလုံး သရေကျထားပါတယ်။
ဒါ့အပြင် ယူနိုက်တက်ဟာ မနေ့ညက ပွဲတွင် ဆက်စ်ကိုရဲ့ သွင်းဂိုး ၂ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ချေပဂိုး ပြန်လည် ပေးရမှုနှင့်အတူ သရေကျလာခဲ့တာလည်း ဖြစ်ပါတယ်။ ဆက်စ်ကိုဟာ နွေရာသီတွင် လိုက်ဇစ်မှ ပေါင် ၇၃.၇ သန်းဖြင့် ပြောင်းလာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တစ်ပွဲတည်း ၂ ဂိုးသွင်းလာနိုင်ခြင်း ဖြစ်သလို အောက်တိုဘာနှောင်းပိုင်း ပထမဆုံးဂိုးသွင်းလာနိုင်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ ယခုတစ်ရာသီလုံးတွင် ၂ ပွဲတည်းသာ ဂိုးမပေးထားရတဲ့ပွဲ ပိုင်ဆိုင်ထားကာ ခံစစ်ပြဿနာကြုံနေရတုန်း ဖြစ်ပါတယ်။
ဒါကြောင့် ယာယီနည်းပြဖလက်ချာဟာ ရူဘင်အမိုရမ် ခေတ်အလွန်တွင် ၃-၄-၃ ကစားကွက်ကို ချန်ထားခဲ့ပြီး ၄-၂-၃-၁ ကစားကွက် ပြောင်းကစားခဲ့ပေမယ့် ပြဿနာများစွာ ရှိနေဆဲ ဖြစ်နေတာ တွေ့ရပါတယ်။
တဖက်တွင် ယူနိုက်တက်ဟာ ဘန်လေနှင့်ပွဲတွင် ဂိုးပေါက်ကန်ချက် အကြိမ် ၃၀ အထိ ရှိခဲ့ပေမယ့်လည်း ဂိုးပေါက်တည့်ကန်ချက် ၁၀ကြိမ် သာ ပြုလုပ်နိုင်ခဲ့ကာ ၂ ဂိုးတည်းသာ ရခဲ့ပါတယ်။
ဆက်လက်ပြီး ဖလက်ချာက "ဘာကြောင့်လဲ ကျွန်တော် မသိပါဘူး။ တကယ်ဆို ကျုပ်တို့ အနိုင်ရခဲ့သင့်တာ"လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်အတွက် ယခုရာသီ တစ်ခုတည်းသော ဆုဖလားမျှော်လင့်ချက်အဖြစ် အက်ဖ်အေဖလားပြိုင်ပွဲသာ ရှိပြီး ဘရိုက်တန်နှင့်ပွဲတွင် စတင် စမ်းသပ်မှု ခံယူရပါမယ်။
တဖက်တွင် ယူနိုက်တက်ဟာ ဘရိုက်တန်နှင့် ရင်ဆိုင်ပြီးပါက ခက်ခဲတဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်များအဖြစ် မန်စီးတီး၊ အာဆင်နယ်တို့အား ဆက်တိုက်ရင်ဆိုင်ရပါမယ်။

image