ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းနောင်မြို့အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၂၆ ဦးနှင့် မြန်မာနိုင်ငံသား ရှစ်ဦးကို လုပ်ငန်းသုံးပစ္စည်းများ၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(တောင်ပိုင်း) ​ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများ လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၂၆ ဦးနှင့် မြန်မာနိုင်ငံသား ရှစ်ဦးကို လုပ်ငန်းသုံးပစ္စည်းများ၊ လက်နက်ခဲယမ်းများနှင့်အတူ နိုဝင်ဘာ ၂၄ ရက်၊ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ဖမ်းဆီးရမိခဲ့​ကြောင်း သိရသည်။
ကျေးသီးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၄ ရက်တွင် ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၏ အရှေ့တောင်ဘက် နောင်တောက်ကျေးရွာ၏ အနောက်မြောက်ဘက်နေရာတစ်ဝိုက်သို့ ရောက်ရှိစဉ် မသင်္ကာဖွယ်ရာ အဆောက်အအုံများကို တွေ့ရှိရသဖြင့် ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ အွန်လိုင်းငွေကြေး လိမ်လည်မှုနှင့် လောင်းကစားမှုများ လုပ်ဆောင်နေသည့်နေရာဖြစ်ကြောင်း တွေ့ရှိရပြီး လုပ်ငန်းလုပ်ကိုင်နေကြသူများကို မတွေ့ ရှိရဘဲ အလျား ၄၀ ပေ၊ အနံ ၂၀ ပေ ရှိ ယာယီလူနေမိုးကာတဲ ငါးလုံး၊ အလျား ၂၀ ပေ၊ အနံ ၁၀ ပေ ရှိ ယာယီလူနေမိုးကာတဲ ​ခြောက်လုံး၊ အလျား ၁၀ ပေ၊ အနံ ၁၀ ပေရှိ ယာယီလူနေမိုးကာတဲ ခုနစ်လုံး၊ အလျား ၁၀ ပေ၊ အနံ ၁၀ ပေ ရှိ ရေကန်သုံးလုံး၊ ဝက်ခြံငါးခြံ၊ ကင်းတဲရှစ်လုံး၊ စားဖိုဆောင် ၂ လုံး၊ ပလပ်စတစ်ထိုင်ခုံ ၁၅ဝ လုံး၊ မှန်တင်ခုံကြီးတစ်လုံး၊ သစ်သားခုံ ၅ ခုံ၊ မော်နီတာနှစ်လုံးနှင့် STARLINK တစ်လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

image

ဆန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်စေရေးအတွက် အိမ်အရောက်ပို့စနစ် (Home Delivery) ဖြင့် ရောင်းချမည့် ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများ ထုတ်ပြန်

ရောင်းချမည့် ဆန်သည် ၁၀၈ ပေါင် ၂၄ ပြည်ပါ တစ်အိတ်ဖြစ်ပြီး ဆန်အမျိုးအစားအလိုက် ရောင်းချမည့် စျေးနှုန်းများအနေဖြင့် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၈ဝဝဝဝ ကျပ် (ဆန်ဟောင်း)၊ ဧရာဝတီပေါ်ဆန်း (ကြားပျံ) တစ်အိတ်လျှင် ၁၅ဝဝဝဝ ကျပ် (ဆန်ဟောင်း)၊ ဧရာဝတီပေါ်ဆန်း (ကြားပျံ) တစ်အိတ်လျှင် ၁၃ဝဝဝဝ ကျပ် (ဆန်သစ်)၊ ဧရာဝတီပေါ်ဆန်း (နယ်စုံ) တစ်အိတ်လျှင် ၁၂၅ဝဝဝ ကျပ် (ဆန်ဟောင်း)၊ ဧရာဝတီပေါ်ဆန်း (နယ်စုံ) တစ်အိတ်လျှင် ၁၁၅ဝဝဝ ကျပ် (ဆန်သစ်)၊ ရက် (၉၀) တစ်အိတ်လျှင် ၇၅ဝဝဝ ကျပ်၊ ဧည့်မထ (၁၅ မှတ်) တစ်အိတ်လျှင် ၅ဝဝဝဝ ကျပ် တို့ဖြစ်ကြောင်း သိရသည်။
စားသုံးသူများအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဖုန်းနံပါတ်များဖြစ်သည့် ဝ၉-၄ဝဝဝ၆၇၂၄၀၊ ဝ၉-၄၀၀၀၆၇၂၅၀၊ ၀၉-၄၀၀၀၆၇၂၆ဝ သို့ ရုံးချိန်အတွင်း ဆက်သွယ်၍ မှာယူလိုသည့် ဆန်အမျိုးအစား၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို တိကျစွာဖြင့် SMS or Viber Message ပေးပို့မှာရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဖုန်းနံပါတ်များမှ အသင်းချုပ်သို့ ငွေကြိုတင်ပေးသွင်းရမည့် KBZ pay နံပါတ်ကို စားသုံးသူ၊ ဝယ်ယူသူထံသို့ ချက်ချင်း ပြန်ကြားပေးမည်ဖြစ်ကြောင်း၊ အဆိုပါဖုန်းများမှ ပြန်ကြားပြောဆိုသည့် KBZ pay Account နံပါတ်များသို့သာ ငွေပေးသွင်းရန်ဖြစ်ကြောင်း၊ ငွေပေးသွင်းပြီးစီးမှုကို Viber ဖြင့် အတည်ပြုပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
ငွေပေးသွင်းသည့်နေ့မှစ၍ ရုံးဖွင့်ရက် သုံးရက်အတွင်း လိပ်စာဖော်ပြပါအတိုင်း ဆန်များကို Delivery အခမဲ့ဖြင့် အရောက်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ ပို့ဆောင်မည့် နေ့ရက်နှင့်အချိန်အား ကြိုတင်ဆက်သွယ် ပြန်ကြားပေးမည်ဖြစ်ကြောင်း၊ အထပ်မြင့်သို့ ပို့ရလျှင် ထိုက်သင့်သည့် ဝန်ဆောင်ခ ထပ်မံပေးရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်သည်။

image

နှစ်နိုင်ငံကုန်သည်စက်မှုအသင်းများဖြစ်သည့် UMFCCI နှင့် BelCCI တို့ပူးပေါင်း၍ မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ် ကျင်းပခဲ့ပြီး နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစာချုပ် ၁၆ စောင် လက်မှတ်ရေးထိုး

နှစ်နိုင်ငံကုန်သည်စက်မှုအသင်းများဖြစ်သည့် UMFCCI နှင့် BelCCI တို့ပူးပေါင်း၍ မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ် ကျင်းပခဲ့ပြီး နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစာချုပ် ၁၆ စောင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၂၇ ရက်က မြန်မာနှင့် ဘယ်လာရုစ်နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံကုန်သည်စက်မှုအသင်းများဖြစ်ကြသော UMFCCI နှင့် BelCCI တို့ပူးပေါင်း၍ မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်ကို ရန်ကုန်မြို့ LOTTEE ဟိုတယ်၌ ကျင်းပခဲ့သည်။
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာတာဝန်ရှိသူများက သဘောတူလက်မှတ်ရေးထိုးခြင်း အစီအစဉ်ကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး စုစုပေါင်းစာချုပ် ၁၆ စောင်အား အပြန်အလှန်လဲလှယ်ခဲ့ကြကြောင်း၊ ယင်းနောက် မှတ်တမ်းတင်ဓာတ်ပုံရိုက်ခြင်းနှင့် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များက ကဏ္ဍအလိုက် Powerpoint Presentation ဖြင့် ဆွေးနွေးခြင်းအစီအစဉ်များကို ဆောင်ရွက်ခဲ့ကြပြီး စီးပွားရေးချိတ်ဆက်ဆွေးနွေးခြင်းများကို ဆောင်ရွက်ကြကြောင်း၊ ဆွေးနွေးပွဲတွင် ဘဏ်နှင့်ငွေကြေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေးအခြေခံစက်မှုကုန်ထုတ်လုပ်ငန်း၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို အဓိကဆွေးနွေးခဲ့ကြကြောင်း သိရသည်။

image

မြန်မာနိုင်ငံအပါအဝင် တတိယကမ္ဘာ့နိုင်ငံအားလုံးမှ ပြောင်းရွှေ့နေထိုင်သူများကို အမြဲတမ်းရပ်ဆိုင်းမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ပြောကြား

အမေရိကန်သမ္မတက ဒေါ်နယ်ထရန့် က တတိယကမ္ဘာ့နိုင်ငံများဟု ၎င်းင်းခေါ်သည့် နိုင်ငံများမှ ပြောင်းရွှေ့သူများကို အမြဲတမ်း ရပ်ဆိုင်းရန် စီစဉ်ထားသည်ဟု နိုဝင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံသားတစ်ဦးက ၀ါရှင်တန်တွင် အမျိုးသားအစောင့်တပ်သား နှစ်ဦးကို ပစ်ခတ်ခဲ့သည့်ဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် တစ်ရက်အကြာတွင် သမ္မတက အ ထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
“အမေရိကန်စနစ် ပြည့်ဝစွာပြန်ကောင်း လာစေဖို့ (မြန်မာအပါအဝင်၁၉နိုင်ငံ) တတိယကမ္ဘာ့နိုင်ငံအားလုံးကနေ ပြောင်းရွှေ့ သူတွေကို ကျွန်တော်ကအမြဲတမ်းရပ်ဆိုင်း တော့မှာဖြစ်ပါတယ်”ဟု ထရန့်က ဆိုရှယ်မီ ဒီယာတွင် ရေးခဲ့သည်။

image

နေပြည်တော်ရှိ ကြေးမုံဆေးရုံမှာ လိုင်စင်သက်တမ်းကုန်ဆုံးနေခြင်း၊ တရားဝင်ဆေးကုသခွင့်မရှိသည့် ဆရာဝန်/အထူးကုဆရာဝန်များ ထားရှိသဖြင့် လုပ်ငန်းများ ရပ်ဆိုင်းခံရ

နေပြည်တော်ရှိ ကြေးမုံဆေးရုံမှာ လိုင်စင်သက်တမ်းကုန်ဆုံးနေခြင်း၊ တရားဝင်ဆေးကုသခွင့်မရှိသည့် ဆရာဝန်/အထူးကုဆရာဝန်များ ထားရှိသဖြင့် လုပ်ငန်းများ ရပ်ဆိုင်းခံရခြင်းဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
နေပြည်တောင်ကောင်စီနယ်မြေရှိ ကြေးမုံဆေးရုံကို ပိတ်သိမ်းခံရခြင်းနှင့်ပတ်သက်ပြီး သတင်းဌာနအချို့၏ မေးမြန်းမှုအပေါ် ကျန်းမာရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါဆေးရုံမှာ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်တွင် တည်ရှိပြီး ယင်းဆေးရုံကို ကျန်းမာရေးဝန်ကြီးဌာနက ရှောင်တခင်ဝင် ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးရာတွင် လိုင်စင်သက်တမ်းကုန်ဆုံးနေခြင်း၊ တရားဝင်ဆေးကုသခွင့်မရှိသော ဆရာဝန်/အထူးကုဆရာဝန်များထားရှိခြင်းတို့ တွေ့ရှိရသည့်အတွက် လူနာများအကျိုးဌာ၎င်းင်းဆေးရုံအား လုပ်ငန်းများ ရပ်ဆိုင်းထားရခြင်းဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

image

ရန်ကုန်တက္ကသိုလ်နှင့် ဘီလာရုစ်နိုင်ငံတက္ကသိုလ်တို့အကြား ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု သဘောတူညီမှုလက်မှတ်ရေးထိုး

ရန်ကုန်တက္ကသိုလ်နှင့် Belarusian State University of Informatics and Radioelectronics (BSUIR) တို့အကြား ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု Letter of Agreement (LoA) ကို နိုဝင်ဘာ (၂၇) ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တိုနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ Belarusian State University (BSU) ၊ Bela-rusian State University of Infor-matics and Radioelectronics (BSUIR) တို့အကြား ပညာရေးဆိုင်ရာ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံတက္ကသိုလ်များအကြား တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ပြီးနောက် လက်မှတ်ရေးထိုးခဲ့ခြင်းလည်း ဖြစ်သည်။
ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်းက ကြိုဆိုမိတ်ဆက်စကားပြောကြားပြီး BSU ပါမောက္ခချုပ် Prof. Andrei Karol ၊ BSUIR ပါမောက္ခချုပ် Vadim Bogush၊ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦးနှင့် မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင့်တင့်တို့က မိတ်ဆက်စကားများပြောကြားကာ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့မှ တာဝန်ရှိသူများက တက္ကသိုလ်များနှင့်ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံမှုကို Bela-rusian State University (BSU) မှ ပါမောက္ခချုပ် Andrei Karol ၊ Belarusian State University of Informatics and Radioelectro-nics (BSUIR) မှ ပါမောက္ခချုပ် Vadim Bogush တို့နှင့်အတူ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များ တက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။

image

ဘယ်လာရုစ်နိုင်ငံသမ္မတ၏ တရားဝင်ခရီးစဥ်ကိုဂုဏ်ပြုသည့်အနေဖြင့် နေပြည်တော်ရှိ လမ်းတစ်ခုကို "မင့်စ်"လမ်းဟုအမည်ပေး

မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံသမ္မတ Η.Ε. Mr. Aleksandr LUKASHENKO သည် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဥ်အဖြစ်ရောက်ရှိနေသည်။
ထိုသို့ ဘယ်လာရုစ်နိုင်ငံသမ္မတ၏ တရားဝင်ချစ်ကြည် ရေးခရီးစဥ်ကို ဂုဏ်ပြုသည့်အနေဖြင့် နေပြည်တော်ရှိ လမ်းတစ်ခုအား ဘီလာရုစ်နိုင်ငံ၏ မြို့တော်ဖြစ်သော "မင့်စ်" ကိုအစွဲပြု၍ အခမ်းအနားဖြင့် ဂုဏ်ပြုအမည်ပေးခဲ့သည်။

image

စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့မှာ လေကြောင်း တိုက်ခိုက်မှုဖြစ်ပြီး ၁၀ ယောက် သေဆုံး

မန္တလေးတိုင်း၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်မှာ မနေ့ နိုဝင်ဘာ ၂၇ ရက်က လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေဆီက သိရပါတယ်။
မနေ့ မနက် ၉ နာရီခွဲဝန်းကျင်က စဉ့်ကူးမြို့နယ်ရှိ ဝါးရုံကုန်းကျေးရွာမှာ လေကြောင်း တိုက်ခိုက်မှု စတင် ဖြစ်ပွားခဲ့တာဖြစ်ပြီး ငါးယောက် သေဆုံးကာ ၁၀ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီနေ့ ညနေ ၄ နာရီခွဲ ဝန်းကျင်ကလည်း စဉ့်ကူးမြို့နယ်အတွင်းက ပင်လယ်ကြီး၊ ​ရှောက်ပင်ရိုးနဲ့ ပျဥ်းပင်ရွာတို့မှာ လေကြောင်း တိုက်ခိုက်ခဲ့ခြင်းကြောင့် နှစ်ယောက် သေဆုံးကာ နှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကူညီပေးနေသူ တယောက်က ပြောပါတယ်။
“ဝါးရုံကုန်းရွာ လေကြောင်း ဖြစ်စဉ်မှာတော့ ပြင်းထန်ဒဏ်ရာ ရတဲ့သူတွေရှိတယ်။ အဲဒီမှာ လေကြောင်း တိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်တယ်။ ဘုန်းကြီးကျောင်းပေါ် ကျတယ်။ ညနေပိုင်း လေကြောင်း ဖြစ်စဉ်မှာတော့ ပျဉ်းပင်ရွာက စာသင်ကျောင်းနားကို ကျတာမှာ အဲဒီမှာ တယောက်က ပွဲချင်းပြီး ဆုံးတယ်။ နောက်တယောက်ကတော့ ဆေးကုသနေရင်း ဆုံးတယ်” လို့ သူက ပြောပါတယ်။
အဲဒီ နိုဝင်ဘာ ၂၇ ရက်နေ့၊ ညနေပိုင်းမှာပဲ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာမှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး သုံးယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အဲဒီဖြစ်စဉ်က ဖြစ်တာမှန်ပေမယ့် ကျွန်တော်တို့နဲ့ နည်းနည်း အလှမ်းဝေးတဲ့နေရာ ဖြစ်နေတော့ အသေးစိတ်အခြေအနေ မသိရသေးဘူး ဖြစ်နေတယ်။ သေဆုံးသူ သုံးယောက်လို့တော့ အကြမ်းဖျင်းသိထားတယ်။ ဒဏ်ရာအခြေအနေ၊ နောက် အဆောက်အအုံ ထိခိုက်ပျက်စီးမှု ဒါတွေလည်း မသိရသေးဘူး” လို့ ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ အစိုးရ တာဝန်ရှိသူတွေနဲ့ ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေက သတင်း ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်မှာ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ကျရောက်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့ကလည်း သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် လေးယောက် သေဆုံးကာ အဆောက်အအုံ လေးလုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၇ ရက်ကလည်း စဉ့်ကူးမြို့နယ်၊ ရွှေပြည်ရွာမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ခြောက်ယောက် သေဆုံးကာ ၁၀ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း စဉ့်ကူးမြို့နယ်၊ မာလဲတောကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ငါးယောက်ထက်မနည်း သေဆုံးခဲ့သလို နိုဝင်ဘာ ၂၂ ရက်ကလည်း နတ်ကြီးစင်ရွာမှာ လက်နက်ကြီး ကျရောက်ခဲ့တဲ့အတွက် လေးယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒေသတွင်း လက်နက်ကိုင်တပ်တွေဟာ မန္တလေးတိုင်းအတွင်းရှိ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်း မြို့နယ်တွေထဲက အစိုးရစစ်စခန်း အများအပြားကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နှစ်လယ်ပိုင်းကတည်းက တိုက်ခိုက် ထိန်းချုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ နယ်မြေတွေကို ပြန်လည် စိုးမိုးနိုင်ဖို့ အစိုးရတပ်တွေက မြေပြင်ကသာမက ဝေဟင်ကပါ လေကြောင်း ပစ်ကူတွေနဲ့ တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာ မန္တလေး - မတ္တရာ - စဉ့်ကူး - မိုးကုတ် ကားလမ်းအတိုင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတဲ့ အစိုးရတပ်တွေဟာ မတ္တရာနဲ့ စဉ့်ကူး နယ်အစပ်အထိ ရောက်ရှိလာနေပြီး တိုက်ပွဲ ပြင်းထန်‌နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း စတဲ့ မြို့နယ်တွေက သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ နီးစပ်ရာ တောတောင်တွေအတွင်း တိမ်းရှောင်နေကြရသလို ဧရာဝတီမြစ်ကို ဖြတ်ကူးကာ အနောက်ဘက်ကမ်း စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်နဲ့ ကျေးရွာတွေဆီ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

image

ထိုင်းတောင်ပိုင်းရေကြီးမှု သေဆုံးသူ ၃၃ ဦးကျော်ရှိလာ
---------------------------

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဆယ်စုနှစ် တော်တော်များများအတွင်း အဆိုးဆုံး ရေကြီးမှုတွေ ကြုံတွေ့နေပြီး သေဆုံး သူ ၃၃ ယောက်ထက်မနည်း ရှိလာခဲ့တယ်လို့ နိုဝင်ဘာလ ၂၇ ရက်က The Nation Thailand သတင်းမှာ ဖော်ပြ ထားပါတယ်။
မလေးရှားနဲ့ နယ်စပ်နားက ပြည်နယ်တွေမှာ ၃ ရက်ဆက်တိုက်လောက် မနားတမ်း သည်းသည်းမည်းမည်း မိုးရွာ ခဲ့တဲ့နောက် ရေကြီးတာတွေ စတင်ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဟတ်ယိုင်မြို့ကတော့ လက်ရှိ ရေကြီးနေတဲ့ နေရာအားလုံးထဲမှာ အခြေအနေ အဆိုးဆုံး ဧရိယာလို့ ဆိုနိုင်ပါတယ်။
ဟတ်ယိုင်မှာ အခုသီတင်းပတ် အစောပိုင်းက တစ်နေ့တည်းမှာတင် မိုးရေချိန် ၃၃၅ မီလီမီတာ ရွာသွန်းခဲ့တာပါ။ ဒါဟာ ဒေသတွင်းမှာ နှစ်ပေါင်း ၃၀၀ အတွင်း မိုးအသည်းထန်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အိမ်တွေက ရေမြုပ်ကုန်တာကြောင့် ဒေသခံတွေဟာ အိမ်အမိုးတွေ၊ တိုက်အမိုးတွေပေါ်ထိ ပြောင်းရွှေ့နေကြရပါ တယ်။ ထိုင်းစစ်တပ်ကလည်း ရဟတ်ယာဉ်တွေနဲ့ ပိတ်မိနေတဲ့ ဒေသခံတွေဆီ ရိက္ခာတွေ ပို့ဆောင်ပေးတာအပြင် ဆေးရုံက လူနာတွေကိုပါ ရွှေ့ပြောင်းပေးနေပါတယ်။ မိုးကလည်း စဲမသွားသေးတာကြောင့် ဟတ်ယိုင်မှာ တစ်ပတ်လောက် ကြာတဲ့အထိ ရေမကျသေးဘဲ့ ထိုင်းတောင်ပိုင်းက နေရာတချို့မှာတော့ နည်းနည်း ရေပြန်ကျ နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

image

Miss Universe ပိုင်ရှင် မူးယစ်ဆေးဝါးမှောင်ခိုမှုဖြင့် တရားစွဲခံရ
------------------------

Miss Universe ပိုင်ရှင် Raúl Rocha ဟာ မူးယစ်ဆေးဝါး၊ လက်နက်နဲ့ လောင်စာဆီ မှောင်ခိုရောင်းဝယ်မှုတွေနဲ့ တရားစွဲခံထားရတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။
Rocha ကို မက္ကဆီကို ရှေ့နေတွေက ဂွာတီမာလာကနေ မက္ကဆီကိုကို ကုန်ပစ္စည်းတွေ မှောင်ခိုတင်သွင်းတဲ့ ရာဇဝတ်အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်အဖြစ် ယူဆထားကြတာ ဖြစ်ပါတယ်။
မက္ကဆီကို Reforma သတင်းဌာနရဲ့ထုတ်ပြန်အရ မက္ကဆီကို စုံစမ်းစစ်ဆေးသူတွေဟာ Raúl Rocha ရဲ့ ပုဂ္ဂလိက နေအိမ်များစွာကို ဝင်ရောက်စီးနင်းပြီးနောက် ရာဇဝတ်အဖွဲ့အစည်းတွေကို ပေးနေတဲ့ ငွေကြေးထောက်ပံ့မှုများစွာ တွေ့ရှိခဲ့ကြောင်း စွပ်စွဲပြောဆိုထားပါတယ်။
အရှုပ်တော်ပုံတွေ ပြည့်နှက်နေတဲ့ Miss Universe ၂၀၂၅ အလှမယ်ပြိုင်ပွဲအပြီး ရက်အနည်းငယ်အကြာမှာ Miss Universe Organization ဥက္ကဋ္ဌနဲ့ ပူးတွဲပိုင်ရှင်ဖြစ်တဲ့ Raúl Rocha ဟာ ဂွာတီမာလာနဲ့ မက္ကဆီကိုအကြား မူးယစ် ဆေးဝါး၊ လက်နက်နဲ့ လောင်စာဆီ ရောင်းဝယ်မှုတွေမှာ ပါဝင်ပတ်သက်မှု စွပ်စွဲချက်တွေနဲ့ မက္ကဆီကို ရှေ့နေချုပ် ရုံး(FRG)က တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
မက္ကဆီကို အထူးစုံစမ်းစစ်ဆေးရေးရုံးက အေးဂျင့်တစ်ဦးဖြစ်သူကလည်း မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခို ရောင်းဝယ်မှုတွေမှာ ပါဝင်ပတ်သက်မှုကြောင့် ပေါ်ပေါက်လာတဲ့ ရာဇဝတ်ပြစ်မှုဆိုင်ရာ စွဲချက်တွေအတွက် Rocha ကို ပြီးခဲ့တဲ့ဩဂုတ်လကတည်းက ဖမ်းဝရမ်းတစ်ခု တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

image