YUFL မှ အင်္ဂလိပ်ဘာသာစကား Online နှင့် On Campus သင်တန်း ဖွင့်လှစ်မည်

တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများတတ်ရောက်နိုင်မည့် အင်္ဂလိပ်ဘာသာစကား Online နှင့် On Campus သင်တန်းကို YUFL မှ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Diploma in English Communication Skill သင်တန်းကို အွန်လိုင်းမှဖြစ်စေ၊ ကျောင်းတွင် လူကိုယ်တိုင်ဖြစ်စေ တက်ရောက်နိုင်မည်ဖြစ်ပြီး သင်တန်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၇) ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်သည်။
Basic I (Online) သင်တန်း လျှောက်ထားသူများသည် အနိမ့်ဆုံးပညာအရည်အချင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားရမည်ဖြစ်ပြီး ဇန်နဝါရီ (၈) ရက်နေ့၊ နေ့လည် (၁၂) နာရီတိတိတွင် Online Registration ပြုလုပ်ရမည်ဖြစ်သည်။
လူဦးရေ (၄၀၀) ပြည့်သည်နှင့် Registration Form အား စာရင်းပိတ်မည်ဖြစ်ပြီး Registration အောင်မြင်သူများကို ဇန်နဝါရီ (၉) ရက်နေ့ ည (၈) နာရီတွင် YUFL Facebook Page တွင် ကြေညာပေးမည်ဖြစ်သည်။
Registration အောင်မြင်သူများသည် YUFL KBZ Quick Pay ဖြင့် စာမေးပွဲကြေး (၃,၀၀၀) ကျပ်ကို ဇန်နဝါရီ (၁၁) ရက်နေ့မတိုင်မီ ပေးသွင်းရမည်ဖြစ်သည်။
ယင်းအပြင် ဇန်နဝါရီ (၁၁) ရက်နေ့ Page တွင်ကြေညာထားမည့် Exam Form ၌ငွေသွင်းချလန်အား Screenshot ရိုက်၍ အချက်အလက် ပြည့်စုံစွာ ဖြည့်စွက်မှသာ စာမေးပွဲဖြေဆိုရမည့် Link ကို အီးမေးလ်မှတဆင့် ရရှိမည်ဖြစ်ကြောင်း၊ ဇန်နဝါရီ (၁၃) ရက်နေ့ နံနက် (၁၀) နာရီတွင် ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမည်ဖြစ်သည်။
ဝင်ခွင့်စာမေးပွဲအောင်စာရင်းကို ဇန်နဝါရီ (၁၅) ရက်နေ့ ကြေညာပေးမည်ဖြစ်ပြီး အမှတ်အများဆုံးရရှိသူ (၂၀၀) ဦးသာ သင်တန်းတက်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး သင်တန်းတက်ရောက်ခွင့် မရရှိသူများအား စာမေးပွဲကြေး (၃,၀၀၀) ကျပ်အား ပြန်လည်ထုတ်ပေးမည် မဟုတ်ကြောင်း သိရသည်။

image

ကျိုက်ထီးရိုး စေတီတော်ကို ဇန်နဝါရီ ပထမအပတ်အတွင်း ခရီးသွား ခုနှစ်သောင်းနီးပါး ဝင်ရောက်ခဲ့

ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးသို့ ယခုနှစ် ဇန်နဝါရီလ ပထမအပတ်အတွင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် (၆၉,၀၀၀) ကျော် လာရောက်ဖူးမြော်ခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာမှ သိရသည်။
နှစ်ဦးဖြစ်သည်နှင့်အညီ ကျိုက်ထီးရိုးစေတီတော်မြတ်သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ စည်ကားသိုက်မြိုက်စွာဖြင့် နေ့စဉ်လာရောက်ဖူးမြော်ခဲ့ကြပြီး ယခုနှစ်ပထမအပတ်တွင်းပင် လာရောက်သူများပြားခဲ့ခြင်းဖြစ်သည်။
“ရင်ပြင်တော်ပေါ်မှာ ညဘက်ဆို ခြေချစရာတောင်မရှိဘူး၊ တည်းခိုခန်းတွေလည်း အပြည့်ပဲ၊ ဒီပိတ်ရက်တွေမှာလည်း လာဖို့ရှိကြအုံးမှာပါ” ဟု သွားရောက်ဖူးမျှော်ခဲ့သူတစ်ဦးထံမှလည်း သိရသည်။
ဘုရားဖူးလာရောက်ကြသည့် ပြည်သူများ၊ အန္တရာယ်ကင်းဝေးစေရန်နှင့် စိတ်ချမ်းမြေ့စွာ ဘုရားဖူးမြော်နိုင်ရန်အတွက် စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများက လုံခြုံရေး၊ အခမဲ့တည်းခိုနေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိသည်။
ကျိုက်ထီးရိုး‌ တောင်တော်တလျှောက် အထင်ကရနေရာများဖြစ်သည့် မုဆိုးတောင်တော်၊ ကျီးကန်းပါးစပ် လိုဏ်ဂူတော်၊ ကျောက်ထပ်ကြီး စေတီတော်၊ ရေတံခွန် စသည့်နေရာများ၊ ရင်ပြင်တော် ဈေးဆိုင်တန်းတစ်လျှောက်ရှိ ထမင်းဆိုင်များ၊ အမှတ်တရအရောင်းဆိုင်များ၌ ဘုရားဖူးများဖြင့် စည်ကားလျက်ရှိကြောင်းလည်း သိရသည်။

image

သီးနှံအာမခံစနစ်ကို အကောင်အထည်ဖော်ရာတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ပြီး အစိုးရအနေဖြင့် မူဝါဒရေးဆွဲခြင်းနှင့် အာမခံပရီမီယံကြေး သတ်မှတ်ပေးနိုင်‌ရေး ဆောင်ရွက်မည်ဖြစ်

သီးနှံအာမခံစနစ်ကို အကောင်အထည်ဖော်ရာတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ပြီး အစိုးရအနေဖြင့် လိုအပ်သည့် မူဝါဒ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲခြင်းနှင့် အာမခံပရီမီယံကြေး သတ်မှတ်ပေးနိုင်‌ရေးကိုလည်း စဉ်းစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားခဲ့သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ (၅၁) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့စကားဝိုင်းဆွေးနွေးပွဲကို ရာသီဥတုဒ-ဏ်ကြောင့် သီးနှံအထွက်နှုန်း ထိခိုက်မှုကြောင့် တောင်သူအပေါ် ထိခိုက်မှုလျှော့ချရန် သီးနှံအာမခံစနစ် ပေါ်ပေါက်စေရေးခေါင်းစဉ်ဖြင့် ဇန်နဝါရီ ၈ ရက် မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က သီးနှံအာမခံစနစ်ဆိုသည်မှာ တောင်သူများ အတွက်သာမက စားရေရိက္ခာဖူလုံရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံ့စီးပွားတည်ငြိမ်ရေးအတွက်ပါ မဖြစ်မနေဖော်ဆောင်ရမည့်လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ရိတ်သိမ်းခါနီးအချိန်တွင် မမျှော်လင့်ထားသည့် သဘာဝဘေးအန္တရာယ်တစ်ခုခုကြောင့် သီးနှံများပျ-က်စီးသွားပါက တောင်သူများ ရင်းနှီးမြှုပ်နှံထားသည့် အရင်းအနှီးများ ဆုံးရှုံးစေရုံသာမက တောင်သူတစ်ဦးချင်းစီ၏ မိသားစုဘဝကို ထိခိုက်စေပြီး နိုင်ငံတော်၏ စိုက်ပျိုးထုတ်လုပ်မှုကွင်းဆက် (Value Chain) တစ်ခုလုံးကိုပါ ထိခိုက်စေပါကြောင်း၊ ရာသီဥတုပြောင်းလဲဖြစ်စဉ်များကြောင့် သီးနှံအထွက်နှုန်းနှင့် တောင်သူအပေါ်ထိခိုက်မှုလျှော့ချနိုင်ရေးကို ထိရောက်စွာ ဖြေရှင်းနိုင်စေရန် တောင်သူများအတွက် နိုင်ငံတကာအသိအမှတ်ပြုသည့် သီးနှံအာမခံစနစ်ကို ထားရှိစေခြင်းဖြစ်ကြောင်း ပြောကြားသည်။
သီးနှံအာမခံစနစ်ကို ကြိုတင်ကာကွယ်မှုဆိုင်ရာ စီမံခန့်ခွဲမှုအဖြစ် စနစ်တကျ အကောင်အထည်ဖော်သွားကြရန်နှင့် သဘာဝဘေးကြောင့် သီးနှံပျ-က်စီးသည့်အခါ တောင်သူများအနေဖြင့် ထိုက်သင့်သည့် လျော်ကြေးငွေကို ပြန်လည်ရရှိစေပြီး နောက်တစ်ရာသီအတွက် ပြန်လည်စိုက်ပျိုးနိုင်ရန် အရင်းအနှီးရရှိစေမည်ဖြစ်ပါကြောင်း၊ သီးနှံအာမခံစနစ်ကို အကောင်အထည်ဖော်ရာတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ပြီး အစိုးရအနေဖြင့် လိုအပ်သည့် မူဝါဒ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲခြင်းနှင့် အာမခံပရီမီယံကြေး သတ်မှတ်ပေးနိုင်‌ရေးကိုလည်း စဉ်းစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။
ထို့နောက် စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ ပညာရှင်များက ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးကြပြီး စကားဝိုင်းဆွေးနွေးပွဲတက်ရောက်လာကြသူများ၊ အွန်လိုင်းဖြင့် ပါဝင်တက်ရောက်သည့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်း၊ အကြံပြုသုံးသပ်တင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

image

မိမိတို့အနေဖြင့် နိုင်ငံတော်အားပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းနိုင်ရေးဆောင်ရွက်သွားမည်ဟု နိုင်ငံတော် ယာယီသမ္မတပြော

မိမိတို့အနေဖြင့် နိုင်ငံတော်အားပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းနိုင်ရေးဆောင်ရွက်သွားမည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါ ရီ ၈ ရက်နံနက်ပိုင်းက ပဲခူးတိုင်း၊ ပန်းတောင်းမြို့ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအားတွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။
မိမိတို့အနေဖြင့် နိုင်ငံတော်အားစတင်တာဝန်ယူချိန်တွင် ဦးတည်ချက်များချမှတ်ဆောင်ရွက်ခဲ့ပြီး ယခုအခါ မိမိတို့အစိုးရ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပခဲ့ပြီးဖြစ်ကာ ကျန်ရှိနေသည့် အပိုင်း(၂)နှင့်အပိုင်း(၃)ကိုလည်း ဆက်လက်ကျင်းပသွားမည်ဟု ပြောသည်။
" မိမိတို့အနေနဲ့ နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်း ကြောင်းပေါ်ဆက်လက်လျှောက်လှမ်းနိုင်ဖို့ ဆောင်ရွက်သွားမှာပါ။ ရွေးကောက်ပွဲအပိုင်း(၁)မှာ ဆန္ဒမဲပေးတာများပြားပြီး ပြည်သူတွေအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာပါဝင်လျှောက်လှမ်းလိုတဲ့ ဆန္ဒတွေရှိတာကိုတွေ့ရှိရတာကြောင့် အောင်မြင်တဲ့ရွေးကောက်ပွဲဖြစ်ပါတယ်"ဟု နိုင်ငံတော် ယာယီသမ္မတက ပြော သည်။
ထို့ကြောင့် ပန်းတောင်းဒေသတွင်လည်း ရွေးကောက်ပွဲ ကျင်းပချိန်တွင်ဆန္ဒမဲပေးချိန်၌ ရာခိုင်နှုန်းများပြားစွာ ပိုမိုပေးအပ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စေလိုကာ ဆန္ဒမဲပေးရာတွင်လည်း နိုင်ငံတော်နှင့် ဒေသအကျိုးကို ဆောင်ရွက်ပေးနိုင်သည့်သူ၊ အမျိုးဘာသာသနာအကျိုးကို သယ်ပိုးထမ်းရွက်နိုင်မည့်သူ၊ နိုင်ငံတည်ရှိနေသရွေ့တည်တံ့ခိုင်မြဲစွာတည်ရှိနေမည့် တပ်မတော်နှင့် လက်တွဲဆောင်ရွက်နိုင်မည့် ကိုယ်စားလှယ်လောင်းများကိုရွေးချယ်၍ ဆန္ဒမဲပေးနိုင်ရန်လိုသည်ဟု ပြောသည်။
ထို့အတူ ဥပဒေပြုရေးလုပ်ငန်းများကိုဆောင်ရွက်မည့်သူများဖြစ်၍ ဥပဒေကိုသိရှိနားလည်ကြသူများဖြစ်ရန်လိုကာ အထူးသဖြင့် ပညာတတ်ကိုယ်စားလှယ်လောင်းများကို ရွေးချယ်နိုင်မှသာ ပန်းတောင်းမြို့နယ်အတွက် ကိုယ်စားလှယ်ကောင်းများရရှိမည်ဖြစ်၍ ပန်းတောင်းမြို့နယ်အတွင်းကျင်းပမည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန် နိုင်ငံတော် ယာယီသမ္မတက တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတမှ ခင်းကျင်းပြသထားသည့် ပန်းတောင်းမြို့နယ်အတွင်းရှိအငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများမှထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများအားကြည့်ရှုခဲ့သည်။

image

ထုတ်လုပ်လိုက်သည့် စက်ပစ္စည်းများအရည်အသွေး ပြည့်မီစေရေးအတွက် စနစ်တကျသုတေသနပြု ထုတ်လုပ်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာကြား

နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ ၈ ရက်က ပဲခူးတိုင်း၊ ဆင်တဲနှင့် ထုံးဘိုတို့ရှိ နယ်မြေခံတပ်မတော်အကြီးစားစက် ရုံများ၌ လယ်ယာသုံးစက်ကိရိယာများ၊ မော်တော်ယာဉ်များထုတ်လုပ်နေမှုအခြေအနေတို့ကိုကြည့်ရှုစစ်ဆေးစဥ် ထုတ်လုပ်လိုက်သည့် စက်ပစ္စည်းများအရည်အသွေး ပြည့်မီစေရေးအတွက် စနစ်တကျသုတေသနပြုထုတ် လုပ်ရန် မှာကြားခဲ့သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကစီးပွား ရေးအဖြစ်ဆောင်ရွက်သည့်နိုင်ငံဖြစ်၍ နိုင်ငံတော်၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတိုးတက်စေရေးအတွက် လိုအပ်သည့် လယ်ထွန်စက်များနှင့် စက်ကိရိယာများအား ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရမည်ဖြစ်ကာ စက်ရုံ၏ကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သောကျွမ်းကျင်လုပ်သားများရရှိစေရေးဆောင် ရွက်ရမည်ဟု မှာကြားသည်။
" ထုတ်လုပ်လိုက်တဲ့ စက်ပစ္စည်းတွေ အရည်အသွေး ပြည့်မီစေဖို့အတွက် စနစ်တကျသုတေသနပြုထုတ် လုပ်သွားဖို့လိုပါတယ်။ ဝန်ထမ်းတွေရဲ့လုပ်ငန်းခွင်ကျွမ်းကျင်မှုအလိုက် ချီးမြှင့်မှုတွေဆောင်ရွက်ပေးဖို့လိုပါတယ်"ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။
ထို့ပြင် မော်တော်ယာဉ်များထုတ်လုပ်ရာတွင် အစိတ်အ ပိုင်းများအားလုံးကို မိမိတို့ကိုယ်တိုင်ထုတ်လုပ်အသုံး ပြုနိုင်ရန်လိုပြီး အစိတ်အပိုင်းများအား ပိုမိုတိုးမြှင်ေထုတ်လုပ်နိုင်ရေး စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်ရန်လိုကာ ထုတ်လုပ်ပြီးစက်ပစ္စည်းအစိတ်အပိုင်းများအား တစ်ခုချင်းစီအလိုက် အရည်အသွေးစမ်းသပ်ခြင်းများဆောင်ရွက်ပြီးမှသာ တပ်ဆင်အသုံးပြုရမည်ဖြစ်ပြီး မော်တော်ယာဉ်အရည်အသွေးစစ်ဆေးခြင်း၊ စမ်းသပ်မောင်းနှင်ခြင်းများကို စနစ်တကျဆောင်ရွက်၍ အ ရေအတွက်ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် အရည်အ သွေးပိုမိုကောင်းမွန်လာရေးတို့ကို ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တပ်မတော်အကြီးစားစက်ရုံ(ဆင်တဲ)မှထုတ်လုပ်သည့် လက်ဆွဲကောက် စိုက်စက်နှင့် Manual Drum Seeder များ၊ ဆက်စပ်ပစ္စည်းများထုတ်လုပ်နေမှု၊ သံရည်ကြိုအလုပ်ရုံအတွင်း စက်ပစ္စည်းအစိတ်အပိုင်းများသွန်းလောင်းထုတ်လုပ်နေမှု၊ သံဂဟေချောင်းအလုပ်ရုံအတွင်း သံဂဟေချောင်းများ အဆင့်ဆင့်ထုတ်လုပ်နေမှု၊ တပ်မတော် အကြီးစားစက်ရုံ(ထုံးဘို)တွင် အလုပ်ရုံများအတွင်း မော်တော်ယာဉ်များထုတ်လုပ်နေမှုလုပ်ငန်းစဉ်အဆင့်ဆင့်၊ ထုတ်လုပ်ပြီးမော်တော်ယာဉ်များအား စစ်ဆေးစမ်းသပ်နေမှုနှင့် ထုတ်လုပ်ထားရှိသည့် မော်တော်ယာဉ်များအားကြည့်ရှုစစ်ဆေးခဲ့သည်။

image

ဘာကီနာဖာဆို စစ်ခေါင်းဆောင်ကို လုပ်ကြုံသတ်ဖြတ်ဖို့ ကြိုးပမ်းမှု မအောင်မြင်

ဘာကီနာဖာဆို၏ စစ်ခေါင်းဆောင် ဗိုလ်မှူးကြီး အီဘရာဟင် ထရာအိုရေးကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်မှုကို ဟန့်တားနိုင်ခဲ့တာကြောင့် ပျက်ပြားသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ ထရာအိုရေး ရာထူးမှ ဖြုတ်ချခံခဲ့ရတဲ့ စစ်ဘက်အရာရှိ ဒုတိယဗိုလ်မှူးကြီး ပေါလ် ဟင်နရီ ဒါမီဘာက လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်ခဲ့တာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
" ထောက်လှမ်းရေးဌာနတွေဟာ နောက်ဆုံးနာရီတွေအတွင်း ဒီစစ်ဆင်ရေးကို ကြားဖြတ်နိုင်ခဲ့ပါတယ်။ သူတို့ဟာ နိုင်ငံတော်အကြီးအကဲကို လုပ်ကြံပြီးနောက် အရပ်ဘက်ပုဂ္ဂိုလ်တွေအပါအဝင် အခြားအဓိက အဖွဲ့အစည်းတွေကိုပါ တိုက်ခိုက်ဖို့ စီစဉ်ခဲ့ပါတယ်။ "လို့ လုံခြုံရေးဝန်ကြီး မဟာမာဒူ ဆာနာက ပြောပါတယ်။
ဒီကြံစည်မှုကို အိမ်နီးချင်း အိုင်ဗရီကို့စ်နိုင်ငံမှ ရန်ပုံငွေထောက်ပံ့ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ စွပ်စွဲချက်တွေကို ဗိုလ်မှူးကြီး ဒါမီဘာ သို့မဟုတ် အိုင်ဗရီကို့စ်နိုင်ငံမှ မှတ်ချက်တစုံတရာ မပေးပါဘူး။
အာဏာသိမ်းပြီးကတည်းက ဗိုလ်မှူးကြီး ထရာအိုရေးဟာ သူ့ကို အာဏာသိမ်းမှု နှစ်ကြိမ်နဲ့ ရင်ဆိုင်ခဲ့ရပြီး လူသန်းပေါင်းများစွာ နေရပ်စွန့်ခွာခဲ့ရတဲ့ အစ္စလာမ္မစ်အကြမ်းဖက်မှုတွေနဲ့လည်း ရင်ဆိုင်နေခဲ့ရပါတယ်။
လုံခြုံရေးဝန်ကြီး၏ အဆိုအရ ကြံစည်သူတွေ အစီအစဉ်များအကြောင်း ဆွေးနွေးနေတဲ့ ရုပ်သံမှတ်တမ်းတခုရရှိခဲ့ပြီး ဇန်နဝါရီလ ၃ ရက် စနေနေ့ ဒေသစံတော်ချိန် ည ၁၁ နာရီနောက်ပိုင်းမှာ သမ္မတကို အနီးကပ် သို့မဟုတ် သူ့နေအိမ်တွင် ဖောက်ခွဲရေးပစ္စည်းတွေကို ဖောက်ခွဲတိုက်ခိုက်ဖို့ တိုင်ပင်နေကြတယ်လို့ ဆိုပါတယ်။
ဗိုလ်မှူးကြီး ဒါမီဘာဟာ စစ်သားတွေနဲ့ အရပ်ဘက်ထောက်ခံသူတွေကို စည်းရုံးခဲ့ပြီး အထူးသဖြင့် အိုင်ဗရီကို့စ်မှ ပေးပို့တဲ့ နိုင်ငံခြားရန်ပုံငွေ ဒေါ်လာ တသိန်းနှစ်သောင်းကျော် ရရှိခဲ့ပြီး နိုင်ငံခြားတပ်ဖွဲ့တွေ ဝင်ရောက်စွက်ဖက်မှုမပြုမီ နိုင်ငံရဲ့ ဒရုန်းလွှတ်တင်ရေးစခန်းကို ဖျက်ဆီးဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။
"ဒီကိစ္စနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေပြီး အများအပြားကို ဖမ်းဆီးခဲ့ပါတယ်။ ဒီလူတွေကို မကြာမီ တရားစီရင်ခံရမယ် "လို့ လုံခြုံရေးဝန်ကြီးက ပြောပါတယ်။ ဒါပေမယ့် လူဘယ်လောက် ဖမ်းဆီးထားတယ်ဆိုတာကို အသေးစိတ်မသိရသေးပါဘူး။

image

ရန်ကုန်- မော်လမြိုင်လမ်းမှာ ရပ်ထားတဲ့ကုန်ကားကို ပရိုဘောက်ဝင်တိုက်လို့ သုံးယောက်သေ

ပဲခူးတိုင်း ၊ ဝေါမြို့နယ်၊ ရန်ကုန်- မော်လမြိုင် လမ်းမကြီး၊ မိုင်တိုင်အမှတ် (၆/၄) ဖာလုံ မှာ ညက ယာဥ်တိုက် မှုဖြစ်ပွားပြီး သုံးယောက်သေဆုံးကာ ကလေးတယောက် ပြင်းထန် ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဝေါမြို့နယ် မီးသတ်ဌာနက သိရပါတယ်။
ဖြစ်စဥ်မှာ ဒီကနေ့ ဇန်နဝါရီ ၈ ရက်နေ့ ၊ မနက်အစောပိုင်း ၁ နာရီ မထိုးခင် လောက်မှာ ရန်ကုန်- မော်လမြိုင်လမ်းပေါ် ရပ်ထားတဲ့ ၂၂ ဘီး ကုန်ကားကို ပရိုဘောက်က နောက်ကနေ ဝင်တိုက်မိပြီး ကားပေါ်ပါသူထဲက အမျိုးသားနှစ်ယောက် နဲ့ အမျိုးသမီးတယောက် သေဆုံးကာ ကလေးငယ် တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
သေဆုံးသူတွေက ရန်ကုန် မြောက်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ ဒေါ်တင်တင်လှိုင် နဲ့ ဦးဇေယျာလင်း တို့နဲ့ နောက်ထပ်အမျိုးသား တ​ယောက်တို့ ဖြစ်ကြောင်း သိရပြီး ၊ ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့ ကလေးငယ်ကတော့ ဦးဇေယျာလင်း နဲ့ ဒေါ်တင်တင်လှိုင်တို့ရဲ့ အသက် ၁၀ နှစ်အရွယ် သမီးဖြစ်သူ ဖြစ်ပါတယ်။
ယာဥ်တိုက်မှုကြောင့် ကလေးငယ်မှာ ဘယ်ဘက် နားထင် ပေါက်ပြဲ သွေးထွက်ဒဏ်ရာ နဲ့ ရင်ဘတ်အောင့်ဒဏ်ရာတွေ ရရှိခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေရှိတာကြောင့် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
"ညက ၁၂ နာရီ ခွဲလောက်မှာ ဖြစ်တာ ။ စက်ချို့ယွင်းလို့ ရပ်ထားတဲ့ ကုန်ကားကို ပရိုဘောက်က နောက်ကနေ ဝင်တိုက်တာပါ။ ပရိုဘောက်က ရန်ကုန် ဘက်နေ လာတာ ။ သုံးယောက်က နေရာမှာ ပွဲချင်းပြီးဆုံးပါတယ်။ကလေး တယောက်ကတော့ ဒဏ်ရာပြင်းထန်တယ် ။ " လို့ ဝေါမြို့နယ် မီးသတ်ဌာနမှ တာဝန်ကျ တပ်ဖွဲ့ဝင် တ​ယောက်က ပြောပါတယ်။
လက်ရှိမှာတော့ အဆိုပါ ယာဥ်တိုက်မှု နဲ့ ပတ်သက်ပြီး ရပ်တန့်ထား ၂၂ ဘီး ကုန်တင်ကား ယာဥ်မောင်းကို လိုက်နာရမယ့် စည်းမျဥ်း စည်းကမ်းကို မလိုက်တာတဲ့အတွက် လူသေဆုံးတဲ့အထိ ဖြစ်စေခဲ့တယ်ဆိုပြီး ဝေါမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၇၉ နဲ့ အမှုဖွင့်အရေးယူထား တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁ ရက်နေ့ မနက်အစော ၄ နာရီ ကျော်လောက်ကလည်း ရန်ကုန်- ပုသိမ်လမ်းမပေါ်၊ ငွေဗျိုင်းဖြူဆီဆိုင်အနီးမှာ ရပ်ထားတဲ့ ဆန်ကားကို အိမ်စီးကားက နောက်ကနေ ဝင်တိုက်မိပြီး အမျိုးသား တယောက်နဲ့ အမျိုးသမီးတယောက်တို့ သေဆုံးကာ နောက်ထပ် နှစ်ယောက် ပြင်းထန် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ် ။

image

မင်နီယာပိုလစ်မှာ အမေရိကန်လူဝင်မှုကြီးကြပ်ရေး အေးဂျင့်တွေပစ်ခတ်မှု အမျိုးသမီးတယောက်သေဆုံး

အမေရိကန်ပြည်ထောင်စု မင်နီယာပိုလစ်မြို့မှာ လူဝင်မှုကြီးကြပ်ရေး အေးဂျင့်တယောက်ရဲ့ ပစ်ခတ်မှုကြောင့် အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတယောက် သေဆုံးသွားပါတယ်။
ဒီဖြစ်စဉ်မှာ မိမိကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ပစ်ခတ်ခဲ့တယ်ဆိုပြီး ထရန့်အစိုးရရဲ့ ပြောဆိုချက်ကို မင်နီယာပိုလစ်မြို့တော်ဝန် ဂျက်ကော့ဖရေးက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပြီး "သူတို့က ဒါကို မိမိကိုယ်ကိုယ် ကာကွယ်တဲ့လုပ်ရပ်အဖြစ် ပြောင်းလဲဖို့ ကြိုးစားနေကြပြီ" လို့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ လူဝင်မှုကြီးကြပ်ရေး အေးဂျင့်တွေ မြို့ကနေ ထွက်သွားဖို့ကိုလည်း သူက တောင်းဆိုပါတယ်။
ဖရေးက မြို့တော်မှာ ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေခဲ့တယ်လို့ ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေးအေးဂျင့်တွေကို အပြစ်တင်ခဲ့ပေမယ့်လည်း ဒေသခံတွေအနေနဲ့ စိတ်အေးအေးထားဖို့တိုက်တွန်းထားပါတယ်။ ပစ်ခတ်မှုကြောင့် အခင်းဖြစ်ပွားရာနေရာအနီးရှိ လမ်းတွေပေါ်ကို ဆန္ဒပြသူရာပေါင်းများစွာ ရောက်ရှိလာခဲ့ပြီး လက်နက်ကိုင် လုံခြုံရေးတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။
အမိမြေလုံခြုံရေးဌာနကတော့ အေးဂျင့်တွေဟာ ပြည်တွင်းအကြမ်းဖက်မှုတစ်ခုကို တားဆီးနိုင်ခဲ့ပြီး အသက်များစွာကို ကယ်တင်နိုင်ခဲ့တယ်လို့ ကြေညာချက်မှာ အခိုင်အမာဆိုပါတယ်။
ကျယ်ကျယ်ပြန့်ပြန့် မျှဝေထားတဲ့ ဗီဒီယိုတခုမှာတော့ ဆန္ဒပြနေသူတွေရှိတဲ့ နေရာအနီးမှာ အညိုရောင် Honda SUV ကားတစီးဟာ လမ်းကို တစိတ်တပိုင်း ပိတ်ဆို့နေတာကို ပြသထားပြီး ယာဉ်မောင်းဟာ အခြားကားတစီး ရှေ့မှာရပ်တန့်နေတာကြောင့် မောင်းနှင်နိုင်စေဖို့ ရှေ့ကို အနည်းငယ် ရှေ့တိုးလိုက်ပါတယ်။
ယာဉ်မောင်းဟာ ပြတင်းပေါက်မှန်ကို ချထားပြီးနောက် ချဉ်းကပ်လာတဲ့ ပစ်ကပ်ကားတစီးကိုလည်း ရှေ့သို့သွားဖို့ လက်ဟန်ပြနေပုံရပါတယ်။ အဲဒီနောက် ပစ်ကပ်ကားပေါ်ကနေ ရဲအရာရှိနှစ်ယောက် ထွက်လာပြီး ကားဆီကို ခြေလျင်ချဉ်းကပ်သွားပါတယ်။
အေးဂျင့်တစ်ဦးက ယာဉ်မောင်းကို SUV ကားပေါ်မှဆင်းဖို့ အမိန့်ပေးပြီး တံခါးလက်ကိုင်ကို ဆွဲလိုက်တဲ့ အခါ ကားဟာ ခဏတာ နောက်ပြန်ဆုတ်သွားပြီး တတိယအေးဂျင့်ဟာ ကားရှေ့တည့်တည့်မှာ ရောက်ရှိနေပြီး ယာဉ်မောင်းဟာ ရှေ့မှာရှိတဲ့ ရဲတွေနဲ့ဝေးရာ လမ်းပေါ်ကိုဦးတည်ဖို့ လုပ်ဆောင်ချိန်မှာ ကားရှေ့ရှိ အေးဂျင့်ဟာ သေနတ်နဲ့ သုံးချက်ပစ်ခတ်ခဲ့တာပါ။ အဲဒီနောက်ကားဟာ ထိန်းချုပ်မှုလွတ်ကင်သွားကာ လမ်းပေါ်ရှိ ဓါတ်တိုင်နဲ့ ကားတွေကို ဝင်တိုက်ခဲ့တာကို ဗီဒီယိုမှာ တွေ့ရပါတယ်။
ဒါဟာ သမ္မတထရန့်ရဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို တနိုင်ံလုံးအတိုင်းအတာနဲ့ နှိမ်နင်းမှုအတွင်း နောက်ဆုံးဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ဖြစ်ပါတယ်။

image

ပြည်သူ့ပါတီအမတ်လောင်း ဦးလွင်မြင့် အလုပ်နဲ့ ထောင်ဒဏ်တနှစ် ချမှတ်ခံရ

အပိုင်း ၁ ရွေးကောက်ပွဲမှာ ရန်ကုန် ၊ သင်္ဃန်းကျွန်း မြို့နယ်ကနေ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ ပြည်သူ့ပါတီ PP ရဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို သင်္ဃန်းကျွန်း မြို့နယ်တရားရုံးက ဒီကနေ့ ဇန်နဝါရီ ၈ ရက်နေ့မှာ ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၅၈ (ဂ) အရ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် တနှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး ရေးဆိုင်ရာနည်းဥပဒေကို ဖောက်ဖျက်ကျူးလွန် တယ်ဆိုပြီး မြို့နယ်ရဲစခန်းက အမှုဖွင့် တရားစွဲဆိုခဲ့တာဖြစ်ကြောင်း ၊ တရားစွဲပြီး တလနီးပါးအကြာမှာ အမိန့်ချမှတ် လိုက်တာ ဖြစ်ပါတယ်။
" ဒီနေ့မနက် အမိန့်ချလိုက်တာ ။ လောလောဆယ် သင်္ဃန်းကျွန်း မြို့နယ်တရားရုံးအချုပ်ထဲမှာ ရှိတယ်။အဲဒီကမှ အင်းစိန်ပို့မှာပေါ့ ။ မနေ့က ရုံးချိန်းမှာ အပြီးသတ် လျှောက်လဲချက် မတင်ရသေးဘူး ။အဲဒီအချိန်မှာ တရားသူကြီးက ဘာပြောလဲဆိုတော့ ' မနက်ဖန် မနက် ၁၁ နာရီ တရားရုံးမှာအမိန့်ချလိုက်မယ် ပြန်လာခဲ့တဲ့ ' ။ အဲဒီမှာ ဦးလွင်မြင့်ရဲ့ ရှေ့နေက ' အပြီးသတ်လျှောက်လဲချက် မတင်ရသေးဘူး ' ပြောတော့ တရားသူကြီးက ' တင်ချင်လဲ လာတင်ပါ ။ မနက် ၁၀ နာရီ လာတင် ' ဆိုပြီးပြောတယ်။ ပုံမှန်ဆိုရင် အပြီးသတ်လျှောက်လဲချက်တင်ပြီးမှ နောက်တစ်ရက်ကို အမိန့်ချဖို့ ရုံးချိန်းချိန်းတာကို ။ကြည့်ရတာ အမှုကို မြန်မြန်လက်စသတ်ချင်နေတဲ့ပုံစံမျိုး ရှိတယ် " လို့ ပြည်သူ့ပါတီ ( အဝါရောင်ပါတီ ) ရဲ့ ဗဟိုကော်မတီဝင် ဦးရဲကျော်စွာက ပြောပါတယ်။
ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံး ရာမှာ ဦးလွင်မြင့်က တော်လှန်ရေး ၊ နွေဦးတော်လှန်ရေး ၊ အရေးတော်ပုံ စတဲ့ စကားလုံးတွေကို အသုံးပြုခဲ့တဲ့ အပေါ် အမှုဖွင့် တရားစွဲဆိုခံရပြီး အခုလို ထောင်ဒဏ်ချမှတ် ခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
" ကန့်ကွက်ခဲ့တဲ့ တိုင်ကြားတဲ့သူတွေကတော့ သူပြောတဲ့စကားလုံးတွေမှာပါတဲ့ အဖေရယ် ၊သားရယ် ၊ မြေးရယ် မျိုးဆက်သုံးဆက် နိုင်ငံရေးအကျဥ်းသားဖြစ်ခဲ့တယ်ဆိုတဲ့ စကားလုံး ၊ တော်လှန်ရေး ဆိုတဲ့စကားလုံး ၊ အရေးတော်ပုံဆိုတဲ့စကားလုံး ၊ နွေဦးတော်လှန်ရေး ဆိုတဲ့ စကားလုံးတွေနဲ့ ကန့်ကွက်တိုင်ကြားခဲ့တာပေါ့ ။ ပါတီဘက်ကတော့ ဘာဆက်လုပ်မလဲ အဲဒီအပိုင်း မသိရသေးဘူး ။ " လို့ သူက တဆက်တည်း ပြောပါတယ်။
ဦးလွင်မြင့်ဟာ TikTok လူမှုကွန်ရက်ကနေ တဆင့် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ခဲ့တာမှာ အရေးတော်ပုံ ၊ တော်လှန်ရေး ဆိုတဲ့ စကားလုံးတွေကို ပြောဆို သုံးနှုန်းခဲ့တာပါ။
မဲဆွယ် စည်းရုံးရေးအတွက် ဦးလွင်မြင့် ပြောဆိုခဲ့တာက " ကျွန်တော်တို့ ပြည်သူ့ပါတီ ဆိုတာဟာ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံမှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်တွေ စုစည်းထားတဲ့ ပါတီတခုဖြစ်တယ်။ ၈၈ ကျောင်းသားခေါင်းဆောင်၊ အဲဒီခေတ်ကာလက ဗကသ ဥက္ကဋ္ဌတဦးဖြစ်တဲ့ ကိုကိုကြီး ဦးဆောင်တဲ့ ပါတီဖြစ်တယ်။ ဒါကြောင့်မို့လို့ ခေတ်အဆက်ဆက်မှာ တော်လှန်ရေးကို အစဉ်တစိုက် လုပ်လာ တဲ့ ပါတီတခုဖြစ်တယ် လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
ဒါအပြင် ဦးလွင်မြင့်က သူတို့ မိသားစုဟာလည်း နိုင်ငံရေးမျိုးဆက် သုံးဆက်တိုင်တိုင် နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ပြီး သူရဲ့ဖခင်က ကိုကိုးကျွန်းပြန်ဖြစ်ကာ တပါတီ အာဏာရှင်စနစ်ဖြစ်တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီကို ဆန့်ကျင်ခဲ့တာကြောင့် ထောင်အကြိမ်ကြိမ် ကျခဲ့သူ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
နောက်ပြီး သူကိုယ်တိုင်ကလည်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ နဲ့အတူ အင်းစိန်ထောင်၊ သရက် အကျဉ်းထောင်တွေမှာ အကျဉ်းကျ ခံခဲ့ရသလို၊ သားဖြစ်သူကလည်း ၂၀၂၁ အရေးတော်ပုံမှာ ထောင်ကျခဲ့သူဖြစ်ကာ ပြီးခဲ့တဲ့ လပိုင်းကမှ ပြန်လည် လွတ်မြောက်လာတာ ဖြစ်တယ်လို့ ပြောဆိုထားခဲ့ ပါတယ်။
ပြည်သူအတွက် ထောင်ပဲကျကျ၊ တန်းပဲကျကျဆိုတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တဦး ဖြစ်တယ်ဆိုတဲ့အကြောင်း၊ ကျွန်တော်တို့ဟာ ယုံယုံကြည်ကြည်ပဲ ပြည်သူတွေအတွက် အာမခံချက် ပေးနိုင်ပါတယ် လို့ ပြောဆိုခဲ့ တာဖြစ် ပါတယ်။
ဦးလွင်မြင့် ရဲ့ အဲဒီလို ပြောဆိုချက်တွေက ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းမှု ရှိ မရှိ ဆိုတာကို သိရှိလိုကြောင်း Myanmar National Post သတင်းဌာနက ပြည်ထောင်စု ရွေးကောက်ပွဲ ကောက်မရှင် UEC ကို မေးမြန်းမှုလည်း ရှိခဲ့ပါတယ်။
UEC ကတော့ ဖြစ်စဥ်မှန်ပါက တရားစွဲ အဖွဲ့အစည်းတွေက သက်ဆိုင်ရာဥပဒေနဲ့ အရေး ယူ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။
အဲဒီလို အရေးယူ ဆောင်ရွက်ပြီးပါက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကလည်း လွှတ်တော် ကိုယ်စားလှယ်လောင်းနဲ့ သက်ဆိုင်တဲ့ လွှတ်တော် ရွေးကောက်ပွဲ ဥပေဒ ပြဋ္ဌာန်းချက်တွေနဲ့ ဆက်လက်အရေးယူ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ UEC က ပြန်လည် ဖြေကြားမှု ရှိခဲ့ပါတယ်။
ဦးလွင်မြင့် ကတော့ ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၁ မှာ သင်္ဃန်းကျွန်းမြို့နယ် ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့ တယ်လို့ သိရပါတယ်။

image

ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး အကယ်ဒမီအတွက် ဇာတ်ကားလေးကား တစ်ပြေးနေ

၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲကို လာမယ့် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ (MICC-1) မှာ ကျင်းပသွားမှာဖြစ်တယ်လို့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောပါတယ်။
မနေ့ ဇန်နဝါရီ ၇ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်တဲ့ ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
“၂၀၂၅ ခုနှစ်အတွင်း ရုံတင်ဇာတ်ကားတွေထဲက ရွေးချယ်ထားတဲ့ ဆန်ခါတင် ဇာတ်ကားတွေကို ဆုရွေးချယ်ရေး ဆပ်ကော်မတီက အသေးစိတ်ကြည့်ရှု စစ်ဆေးနေပြီဖြစ်ပါတယ်” လို့ ဦးမောင်မောင်အုန်းက ပြောပါတယ်။
အခမ်းအနား ပြင်ဆင်ရေးအတွက် Forever Group Company Limited နဲ့ ပေါင်းစပ်ပြီး ပြီးခဲ့တဲ့ နှစ်တွေကထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အကယ်ဒမီ ထူးချွန်ဆုတွေ ချီးမြှင့်နိုင်ဖို့အတွက် ၂၀၂၅ ခုနှစ်မှာ ပြသခဲ့တဲ့ ရုပ်ရှင် ဇာတ်ကားပေါင်း ၇၂ ကားကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်မှ စတင်ကာ စိစစ်ကြည့်ရှု အကဲဖြတ်ခဲ့တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက သိရပါတယ်။
အဲဒီလို စိစစ်အကဲဖြတ်နိုင်ဖို့ အကဲဖြတ်အဖွဲ့ကို ဖွဲ့စည်းထားပြီး ပထမအဆင့် အကဲဖြတ်မှုကို အရင်နှစ်နဲ့မတူဘဲ အကယ်ဒမီရပြီးသား ဝါရင့်အနုပညာရှင်၊အတတ်ပညာရှင်တွေရဲ့ အကဲဖြတ်မှုကို လိုချင်တဲ့အတွက် ဖိတ်ခေါ်ကာ လူဦးရေ အကန့်သတ်မရှိ အကဲဖြတ်နေကြတယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက “စိစစ်အကဲဖြတ်မှုနဲ့ ပတ်သက်လို့ ကျန်တဲ့အဖွဲ့တွေက မပြောဘူး။ ခဏခဏ ပြဿနာတက်လို့။ အခု ဒုတိယအဆင့် ကြည့်နေတယ်။ အဲဒီအထိပဲ ပြောလို့ရမယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ၂၀၂၅ ခုနှစ်မှာ ပြသခဲ့တဲ့ ဇာတ်ကား ၇၂ ကားထဲက ထူးချွန်ဆု ချီးမြှင့်ပွဲအတွက် အကယ်ဒမီ ဆန်ခါတင်စာရင်းဝင် ရုပ်ရှင်ဇာတ်ကား ၂၁ ကားကို ဒုတိယအကြိမ် ပြန်လည်ကြည့်ရှုမှုတွေ စတင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ်အတွက် တစ်ပြေးနေတဲ့ ရုပ်ရှင်ဇာတ်ကားတွေကတော့ နတ်ဝင်သည်၊ မြေစာ၊ မြစ်လက်တက်ပေမယ့် ရေစီးကကြမ်းတယ်၊ ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး စတဲ့ ဇာတ်ကားတွေဖြစ်ပြီး အမျိုးသား ဇာတ်ဆောင်ဆုအတွက် နေတိုး၊ မြင့်မြတ်၊ အလင်းရောင်၊ နေဝင်း၊ အမျိုးသမီး ဇာတ်ဆောင်ဆုအတွက် ဖွေးဖွေး၊ ဝတ်မှုံရွှေရည်၊ ခင်ဝင့်ဝါ၊ ရတနာဗိုတို့က ရေပန်းစားနေတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုတွေ ပေးအပ် ချီးမြှင့်ခဲ့ရာမှာ ရုပ်ရှင်တသက်တာဆု သုံးဆု၊ အထူးဆု တဆု အပါအဝင် အကယ်ဒမီဆု စုစုပေါင်း ၂၀ ဆု ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ၂၀၂၄ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ မြန်မာ့ရုပ်ရှင်ဇာတ်ကား ၄၉ ကား ရှိခဲ့ပြီး အဲဒီ ဇာတ်ကားတွေထဲက ၁၈ ကားကို မြန်မာ့ရုပ်ရှင် စိစစ်အကဲဖြတ်ရေးအဖွဲ့က စိစစ် ရွေးချယ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

image