ကနေဒါနှင့် ဘော့စနီးယားတို့ သရေကျတဲ့ ပွဲစဉ်တွင် အငြင်းပွားဖွယ် စည်းမျဉ်းသစ်အား ပထမဆုံးအကြိမ်အသုံးပြုလာ
=====================

ကနေဒါနှင့် ဘော့စနီးယားတို့ သရေကျတဲ့ ပွဲစဉ်တွင် အငြင်းပွားဖွယ်စည်းမျဉ်းသစ်တစ်ခုအား အသုံးပြုကာ ကမ္ဘာ့ဖလားသမိုင်းမှတ်တမ်း ရေးထိုးလာပါတယ်။
တိုရွန်တိုတွင် တစ်ဂိုးစီသရေကျတဲ့ ယင်းပွဲစဉ်တွင် စည်းမျဉ်းသစ်အား ပထမဆုံးအကြိမ်အဖြစ် အသုံးပြုလာတာပါ။
တစ်ဂိုးစီသရေကျတဲ့ ယင်းပွဲစဉ်ရဲ့ ဒုတိယပိုင်းတွင် ဘော့စနီးယားအသင်း လက်ပစ်ဘော ရရှိချိန်မှာတော့ လက်ပစ်ဘောအတွက် အချိန်သတ်မှတ်ထားတဲ့ စည်းမျဉ်းသစ်ကို မေ့လျော့သွားပုံရပါတယ်။
လက်ပစ်ဘောနှင့် ဂိုးလွန်ဘော တည်ကန်ဘောတို့အား ကန်ရာတွင် ၅ စက္ကန့်ထက် ပိုကြာလို့ မရပါဘူး။ ယင်းထက် ပိုကြာပါက ပြိုင်ဘက်အသင်းသို့ ပေးရပါတယ်။
အာဆင်နယ်နောက်ခံလူဟောင်းဆိဒ်ကိုလာဆီနစ်ဟာ လက်ပစ်ဘောမြှောက်ရာမှာတော့ အချိန်ဖြုန်းတီးမှုများ ပြုလုပ်ခဲ့ပါတယ်။
ယင်းကို ကနေဒါကစားသမားများက သတိထားမိသွားခဲ့ပြီး အာဂျင်တီးနားဒိုင်လူကြီးဖာကန်ဒိုတယ်လိုက စည်းမျဉ်းသစ်အတိုင်းပင် ကနေဒါအား လက်ပစ်ဘောမြှောက်ခွင့်ပေးလာပါတယ်။
ဖီဖာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် အချိန်ဖြုန်းတီးမှု တိုက်ဖျက်ရေး လုပ်ဆောင်တဲ့အနေဖြင့် ယင်းစည်းမျဉ်ူးသစ်အား အသုံးပြုလာခဲ့တာပါ။
အထက်ပါ စည်းမျဉ်းက ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စတင် အသုံးပြုလာတဲ့ စည်းမျဉ်းသစ်များထဲမှ တစ်ခု ဖြစ်ပါတယ်။
ဖီဖာရဲ့ အခြားစည်းမျဉ်းများအရ ကစားသမား လူစားလဲလှယ်မှု ပြုလုပ်ရာတွင်လည်း လူစားလဲခံရတဲ့ကစားသမားက ၁၀ စက္ကန့်အတွင်း ကွင်းအတွင်းမှာ ထွက်ခွာရမှာ ဖြစ်သလို လူစားဝင်ရောက်မဲ့ကစားသမားကလည်း တစ်မိနစ်အတွင်း ကွင်းအတွင်း ဝင်ရောက်ရပါမယ်။
ဒါ့အပြင် ဂိုးသမား ဒဏ်ရာအား ဆေးကုသမှု ခံယူချိန်တွင်လည်း ကစားသမားများအနေဖြင့် ရောက်ရှိနေတဲ့ နေရာတွင်သာ ရှိနေမှာ ဖြစ်ပြီး နည်းစနစ်ဧရိယာသို့ သွားရောက်ကာ နည်းပြထံမှ နည်းဗျူဟာပိုင်း လမ်းညွှန်ချက် ရယူနိုင်ခြင်း မရှိပါဘူး။

image

ကလေးငယ်များကို လုပ်ငန်းခွင်တွင် ဆောလျင်စွာအသုံးပြုပါက နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဆုံး ရှုံးမှုများဖြစ်ပေါ်နိုင်ဟု မကွေးတိုင်းဝန်ကြီးချုပ်ပြော

ကလေးငယ်များကို လုပ်ငန်းခွင်တွင်ဆောလျင်စွာအသုံးပြုပါက နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်ဆုံးရှုံးမှုများဖြစ်ပေါ်နိုင်သည်ဟု ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနာယက၊ မကွေး တိုင်းဝန်ကြီးချုပ်ဦးတင်ကိုကိုက ယနေ့ ဇွန် ၁၂ ရက်တွင်ကျင်းပသည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တို-က်ဖျ-က်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ၌ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝမြင့်မားမှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုများသည် လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော ကလေးများအပေါ်များစွာမူတည်နေပြီး ကလေးငယ်များအား လုပ်ငန်းခွင်တွင်ဆောလျင်စွာအသုံးပြုပါက ၎င်းတို့၏ ပညာသင်ကြားခွင့်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာလေ့လာဆည်းပူးခွင့်အခွင့်အရေးများဆုံးရှုံးနိုင်ပြီး အဖိုးတန်သောလူငယ်များဖြစ်စေရေးကို အတားအဆီးဖြစ်စေနိုင်သည်ဟု ပြောသည်။
ထိုသို့ အတားအဆီးဖြစ်စေနိုင်သည့်အပြင် နိုင်ငံတော် ၏ လူ့စွမ်းအားအရင်းအမြစ်များကိုဆုံးရှုံးမှုများဖြစ်ပေါ်လာနိုင်ကာ ကလေးငယ်များသည် နိုင်ငံတော်၏ အနာဂတ်ရင်သွေးငယ်များဖြစ်ပြီး ၎င်းတို့၏ဘဝအာမခံချက်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကာကွယ်စောင့်ရှောက်ရန် အားလုံး၏တာဝန်ဖြစ်သည်ဟု ပြောသည်။
ထို့ကြောင့် ကလေးအလုပ်သမားပပျေ-ာက်ရေးအတွက်သက်ဆိုင်ရာဌာနများ၊ လူမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရန်လည်း တိုင်းဝန်ကြီးချုပ်ကတိုက်တွန်းပြောကြားခဲ့သည်။

image

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာ/ဆရာမကြီးများနှင့်တွေ့ဆုံ
ပြည်သူ့လွှတ်တော်၏ဆောင်ရွက်နေမှုများကိုရှင်းလင်းပြောကြားခဲ့

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက ဇွန် ၁၁ ရက်နံနက်ပိုင်းက နေပြည်တော်စာပေဝိုင်း၏ နာယကအဖွဲ့ဝင် စာရေးဆရာဦးကြည်သိန်း(ကဖိုးကျင်)နှင့် စာရေးဆရာ/ဆရာမကြီးများအား ပြည်သူ့လွှတ်တော်ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်အစည်းအဝေးကျင်းပနေမှု၊ လွှတ်တော်ကိုယ်စားလှယ်များ၏ နေ့စဉ်လှုပ်ရှားမှုများကို ပြည်သူများပိုမိုသိရှိနိုင်စေရန် ဆောင်ရွက်နေမှု၊ ဥပဒေပြုလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသည့် စာရေးဆရာ/ဆရာမကြီးများက သိရှိလိုသည်များကိုပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

image

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ကြိုတင်ကြည့်ပေးမည်ဆိုသည့် အလိမ်အညာများကို သတိပြုရန် စာစစ်ဦးစီးဌာန နှိုးဆော်၊ တရားဝင် ဝက်ဘ်ဆိုက်မှထုတ်ပြန်မည်

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ မကြာမီ ထွက်ပေါ်တော့မည့် ကာလအတွင်း မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ မသိနားမလည်၍ မသမာသူများ၏ လိမ်လည်လှည့်ဖြားမှုများတွင် အလိမ်မခံရစေရန်အတွက် ကြိုတင်သတိပြုရမည့် အချက်များကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်သတိပေးထားသည်။
စာစစ်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းစနစ်အရ အများပြည်သူသို့ တရားဝင် မကြေညာခင် အောင်စာရင်း ကြိုတင်ပေါက်ကြားရန် လုံးဝမဖြစ်နိုင်သဖြင့် "အောင်စာရင်း ကြိုကြည့်ပေးမည်" ဟု အွန်လိုင်းပေါ်၌ ပြောဆိုနေမှုများသည် ရာနှုန်းပြည့် လိမ်လည်နေခြင်းသာ ဖြစ်ကြောင်း ဆိုသည်။
မသမာသူများ အသုံးပြုလေ့ရှိသည့် လိမ်လည်မှုပုံစံများ
အလကားကြည့်ပေးရာမှ ငွေလိမ်ခြင်း
အစပိုင်းတွင် ခုံအမှတ်ကို အခမဲ့တောင်းယူပြီးနောက် "စာမေးပွဲကျနေသဖြင့် အောင်အောင်လုပ်ပေးမည်" သို့မဟုတ် "ဂုဏ်ထူးရအောင် လုပ်ပေးမည်" ဟု အယုံသွင်းကာ ငွေကြေးများကို အဆင့်ဆင့် လိမ်လည်တောင်းခံတတ်ကြသည်။
အကောင့်တုများဖြင့် အုပ်စုဖွဲ့လိမ်ခြင်း
Social Media ပေါ်တွင် အကောင့်တု ၃-၄ ခုဖြင့် တစ်ယောက်နှင့်တစ်ယောက် "ဒီဆရာကြည့်ပေးတာ မှန်သည်" ဟု ထောက်ခံချက်ပေးကာ စနစ်တကျ အယုံသွင်း လိမ်လည်လေ့ရှိသည်။
ပြင်ပ Application (App) အတုများ
စာစစ်ဦးစီးဌာနအနေဖြင့် မည်သည့် အောင်စာရင်းကြည့် App ကိုမျှ ထုတ်ဝေထားခြင်း မရှိပါ။ ပြင်ပ App များသည် အချက်အလက် မမှန်ကန်နိုင်သည့်အပြင် ကိုယ်ရေးအချက်အလက် လုံခြုံရေးအတွက်ပါ အန္တရာယ်ရှိနိုင်သည်။
အမှန်ကန်ဆုံးနှင့် တရားဝင် ကြည့်ရှုနိုင်မည့် လမ်းကြောင်းများ
စာစစ်ဦးစီးဌာနသည် အောင်စာရင်းများကို မိမိတို့၏ တရားဝင် ဝက်ဘ်ဆိုက် (Website) မှသာ တစ်ပြိုင်တည်း ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။

image

သီတဂူဆရာတော်ကြီးက ငွေကျပ်သိန်း(၇၂၀)တန်ဖိုးရှိ မျက်စိရေချိန်တိုင်းစက်လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့ရှိ သီပေါသီတဂူစက္ခုဒါနဆေးရုံ၌အသုံးပြုနိုင်ရန် သီတဂူဆရာတော်ကြီးက ငွေကျပ်သိန်း(၇၂၀)တန်ဖိုးရှိ မျက်စိရေချိန်တိုင်းစက်(၁)လုံးကို ယနေ့ ဇွန် ၁၂ ရက်ကလှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် အခမဲ့ကုသမှုများပြုလုပ်ပေးလျက်ရှိသည့် သီ တဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ (၁၈)ကြိမ်မြောက်မျက် စိအလှူတွင်လည်း မျက်စိဝေဒနာရှင်(၁,၂၅၀)ဦးအား စမ်းသပ်စစ်ဆေးပေးခဲ့ကာ ခွဲစိတ်ကုသရန်လိုအပ်သူ များကိုလည်း အခမဲ့ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သိရသည်။

image

မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့ရှိ ကျေးရွာ(၃)ရွာမှဒေသခံများကို အကြမ်းဖက်အဖွဲ့ဝင်များက ဖမ်းဆီးနှိပ် စက်မှုအားကန့်ကွက်ရှုံ့ချကြောင်းအဆိုကို မကွေးတိုင်းဒေသကြီးလွှတ်တော်၌ မှတ်တမ်းတင်အတည်ပြု

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာ၊ ပေါက်မြို့နယ်၊ ရေပြာကျေးရွာနှင့် ကုက္ကိုစုကျေးရွာတို့မှ ဒေ သခံများကို အကြမ်းဖက်အဖွဲ့များက ဖမ်းဆီးနှိပ်စက်မှုအားကန့်ကွက်ရှုံ့ချကြောင်းအဆိုကို မကွေးတိုင်းဒေသကြီးလွှတ်တော်၌ မှတ်တမ်းတင်အတည်ပြုခဲ့ကြောင်း သိရသည်။
ဇွန် ၁၁ ရက်နံနက်ပိုင်းကကျင်းပသည့် တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး(စတုတ္ထနေ့)တွင် ယင်း အဆိုကို လွှတ်တော်သို့တင်သွင်းရာ မှတ်တမ်းတင်အတည်ပြုခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အကြမ်းဖက်အဖွဲ့ဝင်များက ယင်းကျေးရွာ(၃)ရွာမှဒေသခံများကို ဖမ်းဆီးနှိပ်စက်ခြင်းအတွက် ဝမ်းနည်းကြောင်းနှင့် ယင်းအကြမ်းဖက်မှုလုပ်ရပ်အား ကန့် ကွက်ရှုံ့ချကြောင်းအဆိုကို ငဖဲမြို့နယ်မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်နိုင်လင်းကလွှတ်တော်သို့တင်သွင်းခဲ့ကြောင်း သိရသည်။
ယင်း အဆိုတင်သွင်းမှုအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၃)ဦးကထောက်ခံဆွေးနွေးခဲ့ကြပြီး လွှတ်တော်ဥက္ကဋ္ဌက အဆိုအား လွှတ်တော်၏ အဆုံးအဖြတ်ဖြင့်မှတ်တမ်းတင်အတည်ပြုခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၃)ဦးက ကြယ်ပွင့်ပြမေးခွန်း(၃)ခုကိုမေးမြန်းရာ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။

image

မြန်မာ- လာအို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံ

အွန်လိုင်းလိမ်လည်မှုအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများ တို-က်ဖျ-က်ရေး ပူး‌ပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆွေးနွေး
မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် လာအိုဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သည့် အဖွဲ့ကို နေပြည်တော်တွင် ယမန်နေ့က တွေ့ဆုံခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီဂဌာနများ အကြား ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အွန်လိုင်းလိမ်လည်မှုများအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများ တို-က်ဖျ-က်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုပြင် နှစ်နိုင်ငံ လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေး အစိုးရချင်း လွှတ်တော်ချင်းသာမက ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှု တိုးမြှင့်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ပြီး ပညာရေး၊ စွမ်းအင်ကုန်သွယ်ရေး အလုပ်သမား၊ အားကစား အပါအဝင် နှစ်နိုင်ငံ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍာများတွင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

image

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား လာအိုနိုင်ငံသို့ချစ်ကြည်ရေးခရီးလာရောက်ရန် လာအိုနိုင်ငံသမ္မတဖိတ်ကြား

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား လာအိုနိုင်ငံသို့ချစ်ကြည်ရေးခရီးလာရောက်ရန် လာအိုနိုင်ငံသမ္မတကဖိတ်ကြားသည်ဟု လာအိုနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavan PHOMVIHANE ကပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတထံသို့ မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် လာအိုနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင် ငံခြားရေးဝန်ကြီး H.E. Mr. Thongsavan PHOMVIHANE က ယနေ့ ဇွန် ၁၂ ရက်တွင်လာရောက်ဂါရဝပြုတွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
လာအိုနိုင်ငံသမ္မတက မြန်မာနိုင်ငံသမ္မတကြီးအား လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးလာရောက်ရန်ဖိတ်ကြားကာ တတ်နိုင်သမျှ အစောဆုံးလာရောက်စေလိုပြီး ယင်းသို့လာရောက်ခြင်းသည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကိုများစွာအထောက်အကူပြုမည်ကို မျှော်လင့်ကြောင်းပြောကြားခဲ့သည်ဟု လာအိုနိုင်ငံ ဒု- ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံတွင်ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းနှင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံရခြင်းအတွက်ဝမ်း မြောက်ဂုဏ်ယူပြီး လာအိုအစိုးရအနေဖြင့် မြန်မာနိုင်ငံအစိုးရကို အပြည့်အဝထောက်ခံသည်ဟုလည်း ဆွေး နွေးပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် လာအိုနိုင်ငံ ဒု-ဝန်ကြီး ချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့သည် နှစ်နိုင်ငံကြား ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-အာဆီယံဆက်ဆံမှုမြှင့်တင်ရေး၊ မြန်မာ နိုင်ငံ၏ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုဆွေးနွေးခဲ့ကြသည်။

image

ကျယ်ဂေါင် နယ်စပ်ဂိတ်က​နေ ပစ္စည်းအထွက် ပြန်တင်းကြပ်ထားတာကြောင့် ဂိတ်ဝမှာ တနိုင်တပိုင် ပစ္စည်းသယ်သူတွေ စုပုံ​​နေ

တရုတ်-မြန်မာနယ်စပ် မူဆယ်-ကျယ်ဂေါင် နယ်စပ်ဂိတ်မှာ ဒီရက်ပိုင်း ပစ္စည်းအထွက် ပြန်လည်တင်းကြပ်ထားတာကြောင့် ဂိတ်အဝင်အထွက်မှာ တနိုင်တပိုင် ပစ္စည်းသယ်တဲ့ လူအများအပြား စောင့်ဆိုင်းနေရသူများလို့ အခက်ကြုံ နေရတယ်လို့ နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။
လက်ရှိမှာ မူဆယ်ဘက်ကနေ ကျယ်ဂေါင်ဘက်ကို ဝင်ရောက်တဲ့ နန်းတော်ပေါက်မှာ အဝင်များပြီး လူအများအပြား စောင့်ဆိုင်းနေကြသလို ဆင်ဖြူပေါက် အထွက်ဂိတ်ဘက်မှာလည်း ပစ္စည်းသယ်ယူခွင့် စောင့်ဆိုင်းနေသူတွေ များပြားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပစ္စည်းတွေက ပေးလိုက် မပေးလိုက်ဆိုတော့ တရက်စောင့်ရလို့ လူက ပိုကြပ်တာ။ အခုရက်ပိုင်း မိုးလည်းရွာတော့ လူတွေ ပိုဒုက္ခရောက်တယ်။ မိုးရွာလည်း လူများတယ်၊ မလွယ်ပါဘူး။ အရမ်းပင်ပန်းတယ်” လို့ နေ့စဉ် တနိုင်တပိုင် ပစ္စည်းသယ်တဲ့ အလုပ်လုပ်သူ နယ်စပ် ဒေသခံ တယောက်က ပြောပါတယ်။
မူဆယ်ကနေ ကျယ်ဂေါင်ဘက် အဝင် နန်းတော်ပေါက်လည်း လူအရမ်းများ သလို ဆင်ဖြူဘက် အထွက်မှာလည်း လူတွေက ပစ္စည်းမပေးရင် ရပ်စောင့်ကြရလို့ လူကြပ်ကာ ဒီရက်ပိုင်း ဂိတ်အဝင်အထွက် လူအရမ်းကျပ်တယ်လို့ သူက ပြောပါတယ်။
မြန်မာဘက်ခြမ်းမှာ ရက် ၁၀၀ စီမံကိန်းနဲ့ တရုတ်ပစ္စည်းတွေ ဖမ်းဆီးမှု များနေတာကြောင့် ပစ္စည်းသယ်ယူရမယ့် ကုန်တွေ ပါးကာ တနိုင်တပိုင် ပစ္စည်းသယ်က စားဝတ်နေရေး ဖြေရှင်းနေရတဲ့ နယ်စပ်ဒေသခံတွေရဲ့ ဝင်ငွေတွေပါ ကျဆင်းလာတယ်လို့ ဆိုပါတယ်။
“ပစ္စည်းက ပါးတော့ ကုန်သည်တွေကလည်း ဈေးနှိမ်တယ်။ အခုက တစ်ကီလိုကို ၁ ဒသမ ၂ ယွမ်ပဲ ရတော့တာ။ အမျိုးသမီးကြီးတွေဆိုရင် အတော်ကို မလွယ်ဘူး။ ကျနော်တို့က ကုန်သည်ရှိထားလို့ တော်သေးတယ်။ မဟုတ်ရင် ပစ္စည်းရှာရတာ မလွယ်ဘူး” လို့ သူက ဆက်ပြောပါတယ်။
လက်ရှိမှာ နယ်စပ်ကုန်သယ်လုပ်ငန်း လုပ်ကိုင်သူတွေဟာ နံနက်အစောပိုင်းကတည်းက ဂိတ်ကို လာရောက်စောင့်ဆိုင်းရပြီး ခါတိုင်း တရက်ကို နှစ်ခေါက်ခန့် သယ်ယူနိုင်ခဲ့ပေမယ့် အခုရက်ပိုင်းမှာတော့ တခေါက်သာ လုပ်ကိုင်နိုင်တဲ့ အခြေအနေမျိုးတွေ ရှိလာနေတယ်လို့ ဆိုပါတယ်။
“ကျနော်ဆိုရင် မနက် ၁ နာရီဆို ဆင်ဖြူပေါက်ရောက်ပြီ။ မနက် ၉ နာရီဝန်းကျင်လောက် မူဆယ်ပြန်ရောက်ပြီ။ ခါတိုင်း ၂ ခေါက်ဝင်တယ်။ ဒီရက်ပိုင်းက မဝင်နိုင်တော့ဘူး။ မလွယ်ဘူး။ တရက် နှစ်ခေါက် အဝင်အထွက်လုပ်ရင် အရမ်းပင်ပန်းတော့ ကြာရင် ကျန်းမာရေးတောင် ထိခိုက်လာတယ်” လို့ နယ်စပ် ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

image

နေပြည်တော်မှာ ရေဆင်းကူးတဲ့ ရဲတပ်ဖွဲ့ဝင်တယောက် ရေနစ်သေဆုံး

နေပြည်တော် ၊ ပျဥ်းမနားမြို့နယ်၊ အလျင်လို ဆည်မြောင်းအတွင်း ရေဆင်းကူးတဲ့ ရဲတပ်ဖွဲ့ဝင်တယောက် ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ် ။
မနေ့က ဇွန် ၁၁ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ပျဥ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်ဖွဲ့ဝင် ကိုဆက်ပိုင်စိုးဟာ အလျင်လိုဆည်မြောင်းအတွင်း ရေဆင်းကူးရာကနေ မြောင်းပြွန်ထဲကိုရောက်သွားပြီး ရေနစ်သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
" ဆည်မြောင်းထဲရေဆင်းကူးတာမှာ ရေစီးသန်ပြီး လူက မြောင်းပြွန်ထဲရောက်သွားပြီး သေဆုံးတာပါ။ သေဆုံးတဲ့အမျိုးသားက အသက် ၃၅ လောက်ရှိမယ်။ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကလို့သိရတယ်။ ရာထူးတော့ သေချာမသိဘူး ။ " လို့ ကူညီကယ်ဆယ်ရေးပြုလုပ်တဲ့အထဲပါတဲ့ ဒေသခံကပြောပါတယ်။
အဆိုပါ ရဲတပ်ဖွဲ့ဝင်ရဲ့ ရုပ်အေလာင်းကို ညနေ ၄ နာရီလောက်ကနေ စတင်ရှာဖွေခဲ့ပြီး ည ၈ ခွဲလောက်မှသာ အလောင်းကို တွေ့ရှိခဲ့တာ ဖြစ်ကြောင်းနဲ့ အလောင်းကိုတော့ ပျဥ်းမနားမြို့ ကုတင် ၂၀၀ ပြည်သူ့ဆေးရုံ ရင်ခွဲရုံကိုပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပဲခူးတိုင်း ၊ပဲခူးမြို့ မှာလည်း မေ ၂၂ ရက်နေ့က ဇလပ်ထော်ရေလှောင်တမံမှာ ရေဆင်းကူးတဲ့ ကလေးငယ်လေးယောက် ရေနစ်သေဆုံး ခဲ့တယ်လို့ သိရပါတယ်။
မေ ၁၇ ရက်နေ့ကလည်း မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့ ၊ရပ်ကွက်ကြီး (၁၂) ရေချမ်းအိုး(တောင်)ရွာရှိ ဖက်ဆွတ်ကန်မှာ အသက် ၁၀ နှစ်အရွယ် ကျောင်းသားကလေးငယ်သုံးယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မေ ၁၁ ရက်ကလည်း ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ စက်ကန်အမှတ်(၄) (ကန်နီရေကန်)မှာ လူငယ် အမျိုးသားခြောက်ယောက် ရေဆင်းကူးတာမှာ နှစ်ယောက်က ရေနစ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မေ ၁၀ ရက်နေ့ကလည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ မထောခူ(အောက်)ကျေးရွာက သဲချောင်းမှာ ရေဆင်းကူးရာကနေ မောင်နှမသုံးယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မေ ၇ ရက် ညကလည်း မန္တလေးတိုင်း ၊ ကျောက်ဆည်မြို့ ၊ ဇရပ်ဖြူကျေးရွာ ဇီးတောချောင်းအတွင်း ရေဆင်းချိုးတဲ့ အမျိုးသားတယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ် ။
အလားတူ မေ ၃ ရက်ကလည်း ကျောက်ဆည်မြို့နယ် ၊ အနောက်ငယ်တိုးကျေးရွာရှိ ပန်းလောင်ချောင်းအတွင်း ရေဆင်းချိုးတဲ့ အမျိုးသမီးတယောက် ရေနစ်သေဆုံး ခဲ့ပါတယ်။
ဧပြီ ၉ ရက်နေ့ကလည်း မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ တောင်ကုန်းရပ်ကွက် မြစ်ဆိပ် မြစ်သာမြစ်ထဲမှာ ရေချိုးတဲ့ အမျိုးသမီး တယောက်နဲ့ အမျိုးသား တယောက် ရေနစ်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
မတ် ၁၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်မှာ ချင်းတွင်းမြစ်အတွင်း ရေဆင်းချိုးတဲ့ ကလေးငါးယောက်အနက် သုံးယောက် သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ် ။
အလားတူ မတ် ၄ ရက်နေ့မှာပဲ စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းမြို့နယ်မှာလည်း ချင်းတွင်းမြစ်အတွင်း ရေဆင်းကစားတဲ့ ကျောင်းသား ၊ ကျောင်းသူ ၁၁ ယောက်နက် လေးယောက်မှာ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဟုမ္မလင်းမြို့နယ် မီးသတ်ဦးစီးဌာနက သိရပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့ ၊ နေ့လယ် ၁ နာရီ ၄၅ မိနစ်လောက်ကလည်း မန္တလေးတိုင်း ၊ မြစ်သားမြို့နယ် ၊ သစ်တက်ကုန်းဆည်မှာ ညီအစ်ကိုနှစ်ယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

image