ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဧည့်မထဆန် တန်ချိန် (၇၅၀၀) တင်ပို့မည်

ပုသိမ်စက်မှုဇုန်စီမံကိန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ G to G စနစ်ဖြင့် ဧည့်မထ ၅ မှတ်ဆန်တန်ချိန် ၇၅၀၀ တင်ပို့နိုင်ရန်အတွက် ကြိတ်ခွဲထုတ်လုပ်နေကြောင်း သိရသည်။
ကြိတ်ခွဲထုတ်လုပ်မှုများကို ၄၀၀ ကီလိုဝပ် ဆိုလာစနစ်တပ်ဆင်အသုံးပြုပြီး ဆန်များအရည်အသွေးပြည့်မီအောင် စနစ်တကျကြိတ်ခွဲနေကြောင်း သိရသည်။
ပထမအကြိမ်အနေဖြင့် ဆန်တန်ချိန် (၂၅၀၀) ကို တင်ပို့သွားမည်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း တင်ပို့သည့်ဆန်များ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း တင်ဆောင်နိုင်ရေးနှင့် ပို့ကုန်တင်ပို့ရာတွင် ကုန်သွယ်မှုဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပို့နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ယခုနှစ်ကုန်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆန်ကြမ်းအုပ်စုဝင် ၅ မှတ်ဆန်ဖြူ တန်ချိန် ၅၃,၅၀၀ ကို တင်ပို့သွားမည်ဖြစ်ပြီး MRF နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့အကြား ချုပ်ဆိုခဲ့သည့် စာချုပ်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သိုလှောင်ရုံထဲအရောက် CIF ဈေး ဆန်ဖြူတစ်တန်ကို အမေရိကန်ဒေါ်လာ ၃၇၆.၅ နှင့် ရောင်းချရန်သဘောတူထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် မြန်မာနှင့်ဆန်တင်သွင်းမှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးထားပြီး သဘောတူညီချက်တွေက ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိကြောင်း သိရသည်။

image

ခရမ်းချဥ်သီးစျေး စံချိန်တင်မြင့်တက်ပြီး တပိဿာ ၁၂၀၀၀ အထိရှိလာနေ

ပြည်တွင်း ကုန်စိမ်းစျေး ကွက်ထဲကို ခရမ်းချဥ်သီး အဝင်နည်းပြီး ဝယ်လိုအားများနေ တဲ့အတွက် စျေးနူန်းဆက်တိုက် မြင့်တက်လာပြီး တပိဿာကို ၁၂၀၀၀ ကျပ်အထိ ရှိလာတယ်လို့ ကုန်သည်တွေနဲ့ ပွဲရုံဆီက သိရပါတယ် ။
ရှမ်းတောင်ဒေသမှာ ခရမ်းချဥ်သီး အထွက်နူန်း လျော့ကျပြီး လက်ရှိ ပြည်မထဲက ခရမ်းချဥ် စိုက်ခင်းတွေကလည်း ခူးဆွတ်ချိန် မရောက်သေးတဲ့အတွက် ရောင်းလိုအား နဲ့ ဝယ်လိုအား မမျှ တာကြောင့် စျေးနူန်း မြင့်တက်လာ တာဖြစ်တယ် လို့သိရပါတယ် ။
လက်ရှိ လက်လီ စျေးကွက်မှာ ကိုင်းသီး (ခေါ် )ကျားခြေရာသီး (ခေါ် )ဗမာသီး က တပိဿာကို ၁၂၀၀၀ ကျပ်အထိ စျေးမြင့် တက်လာပြီး ပုံမှန်ခရမ်းချဥ်သီးက တပိဿာကို ၈၀၀၀ ကျပ်အထိ စျေးနူန်း မြင့်တက်လာ တယ်လို့ သိရပါတယ်။
" ရှေ့လတွေတုန်းက အရင်းမရလို့ အကုန်လွှင့်ပစ်လိုက်ရတဲ့ အဆင့်ရောက် ခဲ့ရတယ် ။အဲဒါပြီးမှ အဝယ်ပြန်လိုက် လာတဲ့ အခါကြတော့ ခရမ်းချဥ် ကမရှိတော့ဘူး ။ ခရချဥ်သီးက လိုချင်သူများတော့ လေလံဆွဲ သလိုဖြစ်ပြီး လိုချင်သူတွေက စျေးလိုက်ရင်း တက်သွားတာ ။ အဓိက ပစ္စည်းအဝင် နည်းလို့ပါ။ တောင်ပေါ်ဒေသက အထွက်နူန်းလျော့ကျပြီး နည်းသွားတယ် ။ပြည်မကလည်း မထွက်သေးဘူး ဆိုတဲ့အခါ ကျတော့ လက်ကျန် ခရမ်းချဥ် ကိုဝိုင်းဆွဲကြတော့ အဲဒီမှာ စျေးထိုးတက်သွားတာပေါ့။
ကျားခြေရာသီး ၊ကိုင်းသီးလို့လည်း ခေါ်တယ်။သူက မုံရွာဘက်က ထွက်တာများတယ်။ ရှမ်းတောင်က နည်းတယ် ။အင်းလေးမှာ စိုက်ပေမယ့် ပြည်မထက်တော့ နည်းပါတယ်။ အထွက်နူန်းနည်းပြီး ဝယ်လိုအား များလို့ စျေးတက်တာပါ။ " လို့ အောင်ပန်း ကုန်စည် အမျိုးမျိုး ရောင်းဝယ်ရေးက ကိုစနေမောင်မောင်က စျေးကွက် အခြေအနေကို ပြောပြပါတယ်။
လက်ရှိမှာ ခရမ်းချဥ်စိုက်ခင်း လက်ကျန်ရှိတဲ့ တောင်သူတွေကတော့ ခရမ်းချဥ်သီး စျေးနူန်း မြင့်တက်လာတဲ့ အတွက် အကျိုးအမြတ်ကို ခံစားကြရတယ်လို့ ဆိုပါတယ်။
"ခရမ်းချဥ်က ဒီဇင်ဘာကုန် လောက်အထိတော့ တက်နိုင်တယ်။ ဒီအခု ခရမ်းချဥ်သီး လက်ကျန်သမားကတော့ ကိုက်တာပေါ့။ ရှေ့လက ရောင်းကုန်ပြီးသူနဲ့ လွှင့်ပစ်ပြီးခဲ့ရ သူတွေကတော့ မျက်ရည်နဲ့ပေါ့ ။အရှုံးပေါ့ လေ ။ " လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကတုန်းက ခရမ်းချဥ်သီး စျေးနူန်း ကျဆင်းခဲ့တဲ့ အတွက် ရှမ်းတောင်ရှိ ခရမ်းချဥ် စိုက်တောင်သူတွေ အနေနဲ့ ခရမ်းချဥ်သီး တွေကို လွှင့်ပစ်ရတဲ့အထိ ရှိခဲ့ပြီး အရှုံးနဲ့ ကြုံတွေ့ ခဲ့ ကြရတယ် လို့ သိရ ပါတယ် ။
ဩဂုတ်လတုန်းက ရှမ်းတောင်မှာ ခရမ်းချဥ်သီး တစ်ပိဿာကို ရာဂဏန်းသာ စျေးရရှိ ခဲ့တဲ့အပြင် ဝယ်လိုအား နည်းတာကြောင့် လွှင့်ပစ်ရတဲ့အထိ အရှုံးပေါ် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
" အခု ရောင်းရတဲ့သူ တွေကတော့ ကိုက်တာပေါ့ ။ လက်လီမှာသာ စျေးက တအားတက်နေတာ ။ တောင်သူ ရောင်းရတဲ့ စျေးက ၄၀၀၀ ဝန်းကျင် လောက်ပဲ ရှိမယ် ။ အကြီးအသေး ခွဲပြီးမှဆိုရင် တော့ စျေးတမျိုးပေါ့ ။ တစ်ပိဿာ ၅၀၀ ၊ ၆၀၀ ထက်တော့ တော်တော်လေး အဆင်ပြေပါတယ်။ အခုက ခရမ်းချဥ် ရှားနေပြီ ။ " လို့ ရှမ်းတောင် ခရမ်းချဥ်စိုက် တောင်သူက ပြောပါတယ် ။
လက်ရှိ ရှမ်းပြည်နယ် အောင်ပန်းကုန်စည် စျေးကွက်မှာ ပွဲရုံရောင်းစျေးက ခရမ်းချဥ် ဂွတ်သီး တပိဿာကို ၅၃၀၀ ကျပ် ၊ ခရမ်းချဥ် ရှယ်သီး တပိဿာကို ၄၈၀၀ ကျပ် နဲ့ ခရမ်းချဥ် အသေးသီးက ၄၀၀၀ ကျပ် ရှိတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁ ရက်နေ့တုန်းက ရှမ်းပြည်နယ် အောင်ပန်းကုန်စည် စျေးကွက်မှာ ပွဲရုံရောင်းစျေးက ခရမ်းချဥ် ဂွတ်သီး တပိဿာကို ၄၀၀၀ ကျပ် ၊ ခရမ်းချဥ် ရှယ်သီး တပိဿာကို ၃၅၀၀ ကျပ် နဲ့ ခရမ်းချဥ် အသေးသီးက ၃၃၀၀ ကျပ် ရှိခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၇ ရက်မှာတော့ ပွဲရုံစျေးက ခရမ်းချဥ် ဂွတ်သီး တပိဿာကို ၃၀၀၀ ကျပ် ၊ ခရမ်းချဥ် ရှယ်သီး တပိဿာကို ၂၇၀၀ ကျပ် နဲ့ ခရမ်းချဥ် အသေးသီးက ၂၀၀၀ ကျပ်သာ ရှိတယ်လို့ သိရပါတယ်။
အောက်တိုဘာလ မှာတော့ ပွဲရုံစျေးက ခရမ်းချဥ် ဂွတ်သီး တပိဿာကို ၁၈၀၀ ကျပ် ၊ ခရမ်းချဥ် ရှယ်သီး တပိဿာကို ၁၅၀၀ ကျပ် နဲ့ ခရမ်းချဥ် အသေးသီးက ၁၂၀၀ ကျပ်သာ ရှိခဲ့တယ်လို့ သိရပါတယ်။
လာမယ့် ဇန်နဝါရီလ လောက်မှာတော့ ပြည်မထဲက ခရမ်းချဥ်သီးတွေ စျေးကွက်ထဲဝင်ရောက်လာနိုင်ပြီး ဖေဖော်ဝါရီ နဲ့ မတ်လ လောက်မှာတော့ ခရမ်းချဥ်သီးတွေ လှိုင်လှိုင် ထွက်ပေါ်မှုရှိလာပြီး စျေးကျဆင်း လေ့ရှိတယ် လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ လ ခရမ်းချဥ်သီး တွေနယ်စုံက နေထွက်ရှိ ချိန်မှာ တောင်သူရောင်းစျေး ခရမ်းချဥ်သီး စျေးကွက်ပျောက်ပြီး တစ်ပိဿာကို ၁၀၀ ကျပ်စျေးအထိ ကျဆင်းခဲ့ တာကြောင့် တောင်သူတွေ ဆုံးရှုံး မှုများစွာ ရှိခဲ့တယ်လို့ သိရပါတယ်။

image

ဒီဇင်ဘာလကုန်တာနဲ့ VPN တွေ အပြီးပိတ်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေ

အခု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန်တာနဲ့ VPN တွေ အပြီး တားမြစ်ပိတ်ပင်နိုင်တယ် ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက် သုံးစွဲသူတွေကြား ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။
လက်ရှိမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ VPN တွေ အပြီး ပိတ်ပင်နိုင်ဖို့အတွက် VPN Blockchain တပ်ဆင်ထားပြီးဖြစ်ကာ စမ်းသပ်မှုတွေလည်း လုပ်ဆောင် ပြီးစီးနေပြီ ဖြစ်တဲ့အတွက် လာမယ့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အတွင်းမှာ အဲဒီ အစီအစဉ်ကို စပြီး အကောင်အထည် ဖော်နိုင်ခြေ ရှိနေတယ်လို့ သိရပါတယ်။
“ဒီသတင်းကတော့ အွန်လိုင်းပေါ်မှာ ခုရက်ပိုင်း တော်တော်ပျံ့နှံ့နေတာပေါ့။ ဖြစ်နိုင်ခြေရှိလား ဆိုတော့ အရင်ကရော မဖြစ်ခဲ့ဖူးလို့လားလို့ ပြန်မေးစရာရှိတယ်။ ဒါမျိုး ကျွန်တော်တို့ အရင်ကလည်း ဖြစ်ဖူးပြီးသား။ 1111, Psiphon တွေလို အသုံးများတဲ့ VPN တွေ လုံးဝ သုံးလို့မရတာမျိုး ကြုံဖူးကြမယ်။ အဲဒီတော့ ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးက ပုံသေ တွက်ထားလို့ မရဘူး။ အဲဒီလို Ban (တားမြစ်) ရင် သုံးလို့ မရတော့ဘူးလား ဆိုတော့ သုံးလို့တော့ ရမယ်။ ဒါပေမယ့် သုံးရတာတော့ ခက်သွားလိမ့်မယ်။ အခုသတင်းတွေအရ ဆိုရင်တော့၊ တကယ်တမ်း ဖြစ်လာမယ်ဆိုရင်တော့ အရင်ကလိုပဲ လူသုံးများတဲ့ VPN တွေ အ Ban ခံရမယ့်သဘော ရှိနေတယ်” လို့ IT နည်းပညာ ကျွမ်းကျင်သူ တယောက်က ပြောပါတယ်။
တကယ်တမ်း VPN ဆိုတာမျိုးဟာ လုံးဝ ပိတ်ချလို့ မရနိုင်ဘဲ တခုပိတ်ရင် server အသစ် ထပ်ဖွင့်ပြီး server ပေါင်းစုံနဲ့ ဆက်ပြီး လည်ပတ်လို့ရတာမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း AI နည်းပညာကို အသုံးပြုပြီး စနစ်တကျနဲ့ traffic များတဲ့ လမ်းကြောင်းတွေ (အသုံးများတဲ့ VPN တွေ) ကို တခုပြီးတခု လိုက်လံ တားမြစ်လိုက်မယ် ဆိုရင်တော့ ရာနှုန်းပြည့် မဟုတ်တောင် ၉၀ ရာခိုင်နှုန်းလောက်တော့ VPN အသုံးပြုလို့ မရတာမျိုး ဖြစ်နိုင်ခြေရှိတယ်လို့ သူက ပြောပါတယ်။
“တကယ်တမ်း သူတို့ဘက်က စနစ်တကျ ထိုင် Ban နေမယ်ဆိုရင်တော့ VPN သုံးရဖို့က တဖြည်းဖြည်း ဘောင်ကျဉ်းလာနိုင်တယ်။ ကိုယ်က VPN အသစ် မသုံးမချင်း သူတို့ Block လုပ်လို့ မရပေမယ့် သုံးပြီ၊ လူသုံးများပြီ ဆိုတာနဲ့ Block ပစ်လို့ရတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် IT နည်းပညာ ကျွမ်းကျင်သူ နောက်ထပ် တယောက်ကလည်း အကယ်၍ VPN တွေ အမှန်တကယ် ပိတ်ပင်လာမယ် ဆိုပါက ဒီတားမြစ်ချက်မှာ အခကြေးငွေပေးပြီး အသုံးပြုရတဲ့ VPN တွေလည်း ပါဝင်လာနိုင်တယ်လို့ ဆိုပါတယ်။
“တချို့ကလည်း ကိုယ်ပိုင် server နဲ့ သီးသန့် အသုံးပြုရတဲ့ အခပေး VPN တွေဆို ဘာမှ လုပ်လို့မရနိုင်ဘူး ပြောကြတယ်။ ဒါ မဟုတ်ပါဘူး။ သူကလည်း တခြား VPN တွေလိုပဲ၊ မသုံးရင် ဘာမှမဖြစ်ဘူး။ VPN ချိတ်လိုက်ပြီ၊ သုံးလိုက်ပြီ ဆိုတာနဲ့ Block ခံရဖို့များတယ်။ လုံးဝ Block လို့ မရနိုင်ဘူးဆိုရင်တောင် Data traffic ကို limit လုပ်ချလိုက်လို့ရတယ်။ Data speed MB ကို လျှော့ချပစ်လိုက်တာမျိုးပေါ့။ အဲဒီတော့ လိုင်းဆွဲအား မကောင်းတာ၊ လိုင်းအတက် နှေးသွားတာတွေ ဖြစ်နိုင်တယ်” လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အင်တာနက်လိုင်း ဖွင့်လိုက်တာနဲ့ Facebook လို ဆိုရှယ်မီဒီယာတွေ အလွယ်တကူ ချိတ်ဆက် အသုံးပြုနိုင်တာကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက တားမြစ် ပိတ်ပင်ထားတာဖြစ်ပြီး VPN (Virtual Private Network) အက်ပလီကေးရှင်းတွေ ကြားခံ ချိတ်ဆက်မှသာ အင်တာနက် အသုံးပြုလို့ရနေကြတာ ဖြစ်ပါတယ်။
VPN က အင်တာနက် အသုံးပြုသူရဲ့ ကွန်ရက်လမ်းကြောင်းကို တခြားသူက ကြားဖြတ် ဝင်ရောက်လို့မရအောင် ကာကွယ်ပေးတယ်လို့လည်း နားလည်နိုင်ပါတယ်။
VPN ကို တဦးတယောက်တည်း Private (ကိုယ်ပိုင်) သုံးနေချိန်မှာ IP address ကိုသိရှိရဖို့ ခက်တာကြောင့် အာဏာပိုင် ဒါမှမဟုတ် တဦးတယောက်က ပိတ်ပင်လိုက်ဖို့၊ တားဆီးလိုက်ဖို့ဆိုတာ ခက်ခဲတယ်လို့ သိရပါတယ်။
ဒါပေမယ့် Private ဖြစ်နေတဲ့ Network တခုကို အများကဝိုင်းပြီး အသုံးပြုလာတဲ့အခါ Public (အများသုံး) ဖြစ်လာရင်တော့ သီးသန့်ဖြစ်တာမျိုး မဟုတ်‌တော့တဲ့အတွက် အဲဒီလို အခြေအနေမှာ VPN ကို မလိုလားတဲ့ တာဝန်ရှိသူတွေက VPN ရဲ့ လမ်းကြောင်းကိုသိပြီး တားဆီးပိတ်ပင်လို့ ရနိုင်တယ်လို့ နည်းပညာ ကျွမ်းကျင်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လူသုံးများတဲ့ Facebook ကို ၂၀၂၁ ခုနှစ်ကစပြီး VPN နဲ့ ကြားခံ အသုံးပြုခဲ့ကြပေမယ့် ၂၀၂၄ ခုနှစ်၊ မေလ ၃၀ ရက်ကစလို့ VPN နဲ့ချိတ်ဆက်ရတာ ခက်ခဲလာတာ၊ သုံးစွဲမရတာမျိုးတွေ ဖြစ်လာတာဟာ လက်ရှိအချိန်အထိ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံမှာ အင်တာနက်လိုင်း အသုံးပြုရတာ အဆင်မပြေတဲ့ ပြဿနာတွေ မကြာခဏဆိုသလို ဖြစ်ပေါ်လျက်ရှိနေပြီး ပဋိပက္ခ ဖြစ်ပွားရာ ဒေသတချို့မှာလည်း အင်တာနက်လိုင်း ဖြတ်တောက်ထားတာမျိုးတွေ ရှိနေတာဖြစ်ပါတယ်။
သုတေသနပြုအဖွဲ့ဖြစ်တဲ့ အသံအဖွဲ့ရဲ့ လေ့လာ တွေ့ရှိချက်တွေအရ အခု ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ မြန်မာတနိုင်ငံလုံးမှာ အင်တာနက်လိုင်း၊ ဖုန်းလိုင်း စတဲ့ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ မြို့နယ်ပေါင်း ၁၃၂ မြို့နယ် ရှိတယ်လို့ သိရပါတယ်။

image

ဂျပန်အရှေ့မြောက်ပိုင်းမှာ အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် ဆူနာမီသတိပေးချက် ထုတ်ပြန်

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ရစ်ချ်တာစကေး ၆ ဒဿမ ၇ အဆင့်ရှိ အင်အားပြင်းမြေငလျင်လှုပ်ခတ်ခဲ့ပြီး တမီတာအမြင့်ရှိ ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက သတိပေး ထုတ်ပြန်လိုက်ပါတယ်။
ဒီငလျင်ဟာ တနင်္လာနေ့နှောင်းပိုင်းမှာ ရစ်ချ်တာစကေး ၇ ဒဿမ ၅ အဆင့်ရှိ ငလျင်တခု လှုပ်ခတ်ပြီးနောက် အအိုမိုရီစီရင်စုကမ်းရိုးတန်းမှာ နံနက် ၁၁ နာရီ ၄၄ မိနစ်က အနက် ၂၀ ကီလိုမီတာကနေ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။
ငလျင်ဟာ ဟွန်ရှူးကျွန်းကြီးပေါ်ရှိ အီဝါတီစီရင်စုရှိ ကူဂျီမြို့မှ ၁၃၀ ကီလိုမီတာအကွာတွင် ရှိကြောင်း အမေရိကန်ဘူမိတိုင်းတာရေးဌာနက ပြောပါတယ်။ အနည်းဆုံး လူ ၅၀ ဒဏ်ရာရရှိခဲ့တဲ့ တနင်္လာနေ့က ငလျင်လှုပ်ခတ်ပြီးနောက် အစိုးရက မြောက်ပိုင်းရှိ ဟော့ကိုင်းဒိုးမှ တိုကျိုအရှေ့ဘက်ရှိ ချီဘာအထိ ကျယ်ပြန့်သောဒေသတဝန်းမှာ တပတ်အတွင်း အင်အားပြင်းငလျင်တခု ထပ်မံလှုပ်ခတ်နိုင်ခြေ မြင့်တက်လာကြောင့် အထူးသတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
ငလျင်လှုပ်ခတ်မှုကြောင့် ဒေသတွင်းရှိ နျူကလီးယား ဓါတ်အားပေးစက်ရုံတွေမှာ မူမမှန်တဲ့ လက္ခဏာမျိုးတွေ မတွေ့ရသေးဘူးလို့ တာဝန်ရှိသူတွေကပြောပါတယ်။ ၂၀၁၁ ခုနှစ်မှာ လူပေါင်း ၁၈၅၀၀ ခန့် သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ပြီ ဆူနာမီကို ဖြစ်ပေါ်စေခဲ့တဲ့ ရစ်တာသကေး ၉ အဆင့်ရှိ ငလျင်ကြောင့် နျူကလီးယားဓါတ်အားပေးစက်ရုံတွေ ပျက်စီးခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဩဂုတ်လမှာတော့ ဂျပန်မိုးလေဝသအေဂျင်စီဟာ ဂျပန် ပစိဖိတ်ကမ်းရိုးတန်း တောင်ပိုင်းအတွက် ပထမဆုံး အထူးသတိပေးချက်ကို ထုတ်ပြန်ခဲ့ပြီး နန်ကိုင်းကျောက်ချပ် တလျှောက်မှာ ဧရာမငလျင်ကြီး ဖြစ်နိုင်ခြေကို သတိပေးခဲ့ပါတယ်။
နန်ကိုင်း ကျောက်ချပ်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ငလျင်လှုပ်ခတ်မှုနဲ့ နောက်ဆက်တွဲ ဆူနာမီလှိုင်းတွေကြောင့် လူပေါင်း သုံးသိန်းနီးပါးအထိ သေဆုံးနိုင်ပြီး အမေရိကန်ဒေါ်လာ နှစ်ထရီလီယံအထိ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေနိုင်ကြောင်း ဂျပန်အစိုးရက သတိပေးထားပါတယ်။
ဂျပန်နိုင်ငံဟာ ပစိဖိတ်ငလျင်ကြော အနောက်ဘက်အစွန်းတလျှောက်ရှိ အဓိက ကျောက်လွှာကြီး လေးခုဆုံရာမှာ တည်ရှိပြီး ကမ္ဘာပေါ်မှာ ငလျင်လှုပ်ခတ်မှု အများဆုံးနိုင်ငံတွေထဲက တနိုင်ငံဖြစ်ပါတယ်။ လူဦးရေ ၁၂၅ သန်းနေထိုင်တဲ့ ဂျပန်နိုင်ငံမှာ နှစ်စဉ် ငလျင်အကြိမ်ပေါင်း ၁၅၀၀ လှုပ်ခတ်လေ့ရှိပါတယ်။

image

ထိုင်းလွှတ်​တော်ကို ဝန်ကြီးချုပ်က ဖျက်သိမ်းလိုက်ပြီး ရက် (၆၀) အတွင်း ရွေးကောက်ပွဲလုပ်မယ်

ထိုင်းနိုင်ငံဟာ ကမ္ဘောဒီးယားနဲ့ နယ်စပ်တလျှောက်မှာ တပတ်နီးပါးကြာ ပဋိပက္ခတွေ ဖြစ်ပွားပြီးနောက် လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီး ၄၅ ရက်မှ ၆၀ ရက်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မှာ ဖြစ်ပါတယ်။
လက်ရှိအစိုးရအနေနဲ့ လွန်ခဲ့တဲ့ သုံးလက ရာထူးတာဝန်ယူချိန်မှစပြီး ထိန်းချုပ်ဖို့ ရုန်းကန်နေရတဲ့ အခြားစိန်ခေါ်မှုတွေအပြင် အသက်တွေဆုံးရှုံးနိုင်တဲ့ နယ်စပ်အငြင်းပွားမှုတွေကြောင့်လို့ သောကြာနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်က ပြောပါတယ်။
"သင့်လျော်တဲ့ ဖြေရှင်းချက်မှာ လွှတ်တော်ကို ဖျက်သိမ်းဖို့ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရေးအာဏာကို ပြည်သူထံ ပြန်လည်ပေးအပ်ဖို့ နည်းလမ်းတခုဖြစ်တယ်" လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
စီးပွားရေးလုပ်ငန်းရှင်ကြီး အနုတင်ဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လနောက်ပိုင်း ထိုင်းနိုင်ငံရဲ့ တတိယမြောက် ဝန်ကြီးချုပ်ဖြစ်လာပါတယ်။ စက်တင်ဘာလက အာဏာရယူချိန်မှာတော့ ဇန်နဝါရီလကုန်မှာ လွှတ်တော်ကို ဖျက်သိမ်းမယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် လက်ရှိမှာ အယုံအကြည်မရှိအဆိုနဲ့ ရင်ဆိုင်ဖို့ရှိနေတဲ့ အနုတင်ဟာ ရွေးကောက်ပွဲကို မျှော်မှန်းကာလမတိုင်ခင် လုပ်ဆောင်ဖို့ စီစဉ်လာတာဖြစ်ပါတယ်။ ဝန်ကြီးချုပ်အနုတင်နဲ့ သူ့ရဲ့ ဘွန်ဂျိုင်ထိုင်းပါတီဟာ ပြီးခဲ့တဲ့ လက အနည်းဆုံး လူ ၁၇၆ ယောက် သေဆုံးခဲ့တံ့ ထိုင်း တောင်ပိုင်းရေကြီးရေလျှံမှုကို ကိုင်တွယ်ဖြေရှင်းမှုအတွက် ပြင်းထန်စွာ ဝေဖန်ခံခဲ့ရပါတယ်။
"အစိုးရဟာ နိုင်ငံတဝန် ရင်ဆိုင်နေရတဲ့ အရေးတကြီးပြဿနာတွေကို အမြန်ဆုံးဖြေရှင်းဖို့ နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံကို စီမံခန့်ခွဲဖို့အတွက် တည်ငြိမ်မှု လိုအပ်ပါတယ်" လို့ ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်က ထောက်ခံတဲ့ အမိန့်မှာ အနုတင်က ရေးသားဖော်ပြခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟာ ယခင်က သူ့ရဲ့ဝန်ကြီးချုပ်ရာထူးကို ထောက်ခံခဲ့တဲ့ ပါလီမန်မှာ အကြီးဆုံးပါတီဖြစ်တဲ့ ပြည်သူ့ပါတီရဲ့ ထောက်ခံမှုကို ဆုံးရှုံးပြီးနောက်မှာ လွှတ်တော်ဖျက်သိမ်းတဲ့ အမိန့် ထွက်ပေါ်လာတဖြစ်ပါတယ်။
ပြည်သူ့ပါတီနဲ့ ဘွန်ဂျိုင်ထိုင်းပါတီတို့ဟာ အယူဝါဒအရ ဆန့်ကျင်ဘက်တွေပါ။ ဒါပေမယ့် အတိုက်အခံအုပ်စုရဲ့ ဝန်ကြီးချုပ်အပေါ် ထောက်ခံမှုဟာ ချည်နှောင်မှုတွေနဲ့အတူ ဖြစ်ပေါ်လာတာဖြစ်ပြီး ထိုင်းစစ်တပ်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲမှုတွေ စတင်ဖို့နဲ့ လွှတ်တော်ကို လေးလအတွင်း ဖျက်သိမ်းဖို့ အပါအဝင် တခြားအရာတွေကို လိုလားခဲ့ပါတယ်။
ပြည်သူ့ပါတီကတော့ ဘွန်ဂျိုင်ထိုင်းပါတီဟာ အဲဒီသဘောတူညီချက်ကို မလိုက်နာဘူးလို့ စွပ်စွဲခဲ့ပါတယ်။ ထိုင်းမီဒီယာတွေရဲ့ အဆိုအရ ပြည်သူ့ပါတီအမတ်တွေဟာ ကြာသပတေးနေ့မှာ အစိုးရအပေါ် အယုံအကြည်မရှိအဆိုတင်သွင်းဖို့ စီစဉ်ထားပြီးဖြစ်ပြီး ပြည်သူအပေါ် တာဝန်ယူမှုပြသဖို့ ဝန်ကြီးချုပ်ကို တောင်းဆိုထားကြပါတယ်။
မဲရုံတွေမှာ တွေ့ကြတာပေါ့" ပြည့်သူ့ပါတီက လူမှုကွန်ရက်မှာ ကြေညာချက်တစောင် ထုတ်ပြန်ထားပါတယ်။ ထိုင်းနိုင်ငံမှာ ပြီးခဲ့နဲ့ နှစ်အတွင်း နိုင်ငံရေးမငြိမ်မသက်မှုတွေ ကြုံတွေ့ခဲ့ရပြီး ဝန်ကြီးချုပ်နှစ်ယောက်ကို တရားရုံးတွေက ရာထူးမှ ဖြုတ်ချခဲ့ပါတယ်။

image

ကျောက်ဖြူ လေကြောင်းတိုက်ခိုက်မှု ရှစ်ယောက်သေ ၊ ၁၀ ယောက်ဒဏ်ရာရ

တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို့နယ် ၊ ငလုံးစု ရွာမှာ ဒီဇင်ဘာ ၁၁ ရက်နေ့ ည ၇ နာရီ ကျော်လောက်က လေကြောင်းတိုက်ခိုက် ခံရပြီး ရှစ်ယောက် သေဆုံးကာ ၁၀ ယောက် ထိခိုက် ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ် ။
" သိရသလောက် သေတာရှစ်ယောက် ရှိတယ်။ ယောကျ်ားလေး သုံးယောက်နဲ့ မိန်းကလေး ငါးယောက်ပါ ။ ဒဏ်ရာရတဲ့ အထဲမှာလည်း အမျိုးသမီး တွေပါတယ် သိရတယ်။ ဒဏ်ရာရတဲ့ အခြေအနေတော့ သေချာမသိ ရသေးဘူး ။ ညက ၇ နာရီ ခွဲကျော်လောက်မှာ လေကြောင်းကနေ ကြဲချသွားတာလို့ သိရတယ် ။ " လို့ စစ်ရှောင် ကူညီနေသူက ပြောပါတယ်။
အဆိုပါ ငလုံးစု ရွာ လေကြောင်း တိုက်ခိုက်ခံရ မှုနဲ့ ပတ်သက်ပြီး သေဆုံးသူ ရှစ်ယောက်နဲ့ ဒဏ်ရာရသူ ၁၀ ယောက်ရှိကြောင်း AA ကလည်း သတင်းထုတ် ပြန်ထားတာ တွေ့ရပါတယ်။
လေကြောင်း တိုက် ခိုက်ခံခဲ့ရတဲ့ ငလုံးစု ရွာက နယ်မြေလုံခြုံရေး အခြေအနေ အရ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိကြောင်း UEC က ကြေငြာထားတဲ့ ကျေးရွာတွေမှာ ပါဝင်တယ်လို့ သိရပါတယ်။
လက်ရှိ ကျောက်ဖြူမြို့နယ် ထဲက သိုင်းချောင်း အပါအဝင် ကျေးရွာတ ချို့ဘက်မှာ အစိုးရတပ် နဲ့ AA အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး နှစ်ဖက် ထိခိုက် ကျဆုံးမှုတွေ ရှိနေကာ စစ်ရေး တင်းမာနေတယ်လို့ သိရပါတယ်။
ကျောက်ဖြူမြို့နယ်က ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၁ မှာ ပါဝင်တဲ့အတွက် ကျောက်ဖြူမြို့နယ်တွင်းမှာ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အစိုးရတပ်က လေကြောင်း ၊ မြေပြင် စစ်ကြောင်း ၊ လက်နက်ကြီး လက်နက်ငယ် သုံးပြီး အပြင်းအထန် တိုက်ခိုက် နေတာဖြစ်တယ် လို့သိရပါတယ်။
ကျောက်ဖြူမြို့နယ် ထဲမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိတဲ့ ရပ်ကွက် ငါးခုနဲ့ ကျေးရွာအုပ်စု ၄၅ ခုအထက် ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC က အသိပေးထားပါတယ်။
ဒီဇင်ဘာ ၁၀ ရက်နေ့ ကလည်း ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့နယ်ရှိ ဆေးရုံကို လေကြောင်း တိုက်ခိုက် ခံရပြီး လူ ၃၃ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၇၆ ယောက် အထိ ရှိခဲ့တယ် လို့ သိရပါတယ်။

image

စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၈ သန်း ရောင်းချပေးမည်

ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၈ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၁ ရက်က အသိပေးထုတ်ပြန်ထားသည်။
ဒီဇင်ဘာ ၁၁ ရက်နေ့တွင် Online Trading Market ၌ တစ်ဒေါ်လာ ၃၆၄၈ ကျပ်၊ တရုတ်ယွမ် တစ်ယွမ်လျှင် ၅၅၆ ဒသမ ၆၀ ကျပ်၊ ထိုင်းဘတ်တစ်ဘတ်လျှင် ၁၂၄ ဒသမ ၅၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။
ထို့ပြင် ဗဟိုဘဏ်မှ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၈၃၆,၉၄၇.၀၀ အား စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့လည်းကောင်း၊ အမေရိကန်ဒေါ်လာ ၅၈၇,၇၄၇.၅၇ အား စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ လည်းကောင်း ရောင်းချပေးခဲ့ကြောင်းလည်း သိရသည်။
FX Trading တွင် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ ကား/ဆိုင်ကယ်အပိုပစ္စည်း ၊ ဓာတ်မြေဩဇာ ၊လူသုံးကုန်ပစ္စည်းများ ၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်း : စက်မှုကုန်ကြမ်းပစ္စည်းများ ၊ အီလက်ထရောနစ်ပစ္စည်းများ၊ စားသုံးကုန်စည်တင်သွင်းသည့် Importer များမှ နိုင်ငံခြားငွေဝယ်ယူရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃ ရက်က အသိပေးထုတ်ပြန်ထားသည်။

image

ရုရှားနိုင်ငံတွင် ကျင်းပသည့် “လူတိုင်းအကျုံးဝင်ပညာရေး၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများဆိုင်ရာ “ နိုင်ငံတကာညီလာခံသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတက်ရောက်

လူတိုင်းပါဝင်လာနိုင်မည် ပညာရေးစနစ်ပေါ်ထွန်းလာစေရေးအကောင်ထည်ဖော်ဆောင်ရွက်သွားမည် အကြောင်း ပြောကြား
ရုရှားနိုင်ငံ မော်စကိုမြို့၌ ယူနက်စကို အဖွဲ့က ကြီးမှူးကျင်းပသည့် “လူတိုင်းအကျုံးဝင်ပညာရေး၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများဆိုင်ရာ “ နိုင်ငံတကာညီလာခံသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့တက်ရောက်နေကြောင်း သိရသည်။
အဆိုပါ ညီလာခံကို ဒီဇင်ဘာ၁၀ ရက်မှ ၁၃ ရက်ထိ ကျင်းပမည်လည်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် အမျိုးသားပညာရေး မဟာဗျုဟာစီမံကိန်း ၂၀၂၁-၂၀၃၀ တွင် ဝေးလံခေါင်ဖျားဒေသရှိသူများ၊တိုင်းရင်းသားလူမျိုးများ ၊မသန်စွမ်းသူများ အားလုံး ပညာသင်ကြားခွင့်ရှိရေးကို ဆောင်ရွက်နေကြောင်း ဒေါက်တာချောချောစိန်က ပြောကြားခဲ့သည်။
ထို့ပြင် ဆရာ၊ဆရာများကို လူတိုင်းပါဝင်လာနိုင်မည့် ပညာရေးစနစ်ပေါ်ထွန်းလာစေရန် သင်ကြားမှုနည်းစနစ်များကို ပံ့ပိုးလျက်ရှိပြီး အနာဂတ်ကာလတွင် မြန်မာတစ်နိုင်ငံလုံးအနေဖြင့် လူတိုင်းအကျုံးဝင်ပညာရေးစနစ်ကို ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ကပြောကြားခဲ့သည်။
ညီလာခံ ဒုတိယနေ့ ဒီဇင်ဘာ၁၁ ရက်နေ့တွင် မြန်မာအပါအဝင်တွင် ဟန်ဂေရီ၊ အီရ်န်၊ ကာဇက်စတန်၊ ဇင်ဗာဘွေ၊ကမ္ဘောဒီးယား၊ ဗဟိုအာဖရိက သမ္မတနိုင်ငံများ၏ ပညာရေးဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ ပါဝင်‌ဆွေးနွေးခဲ့ကြောင်း သိရသည်။

image

နိုင်ငံခြားရေး ပြည်ထောင်စုဝန်ကြီးနှင့် ဆော်ဒီအာရေဗျ သံအမတ်ကြီးတို့တွေ့ဆုံ

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေး
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည် ဆော်ဒီအာရေဗျ သံအမတ်ကြီး မစ္စတာ ဆာအု(ဒ်)လင် အဗ္ဗဒူလာ အယ်လ်စုဘိုင်ကို ယမန်နေ့ ဒီဇင်ဘာ(၁၁)ရက်‌‌နေ့က နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ယင်းသို့တွေဆုံစဉ် မြန်မာနိုင်ငံနှင့် ဆော်ဒီအာရေဗျ နိုင်ငံကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး အပေါ်သုံးသပ်ခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ကိစ္စရပ်များဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် နှစ်နိုင်ငံကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည် ကဏ္ဍာများနှင့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

image

ကုန်စည်များဆိုင်ရာ ဘုံရန်ပုံငွေအဖွဲ့ ၏ ၃၇ ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီအစည်းအဝေးကို မြန်မာပါဝင်တက်ရောက်

နယ်သာလန်နိုင်ငံ သည်ဟိဂ် မြို့၌ ကျင်းပသည့် ကုန်စည်များဆိုင်ရာ ဘုံရန်ပုံငွေအဖွဲ့ ၏ ၃၇ ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီအစည်းအဝေးကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ အွန်လိုင်းဖြင့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
အနာဂတ်ကာလတွင် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊သစ်တော၊ငါးလုပ်ငန်းSMEs လုပ်ငန်းများ တန်းဖိုးမြှင့်ထုတ်လုပ်မှုလုပ်ငန်းများ ရာသီဥတုဒ-ဏ်ခံနိုင်သောစိုက်ပျိုးရေးနှင့် ဈေးကွက်ဝင်ရောက်ခွင့်အစရှိသောကဏ္ဍစုံတို့တွင် ကုန်စည်များဆိုင်ရာဘုံရန်ပုံငွေအဖွဲ့(CFC)နှင့် ပိုမိုနီးကပ်စွာလက်တွဲဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
CFC က နှစ်စဉ်ထောက်ပံပေးနေသည့် စီမံကိန်းများကိုလည်း မိမိတို့အနေဖြင့်ရယူလိုကြောင်း နှင့် ၂၀၂၅-၂၀၃၅ မဟာဗျုဟာမူဘောင်ကိုလည်း ထောက်ခံကြောင်း ပြောကြားထားသည်။
အဆိုပါ (၃၇)ကြိမ်မြောက်အစည်းအဝေးကို အဖွဲ့ဝင်(၁၀၁)နိုင်ငံက ကိုယ်စားလှယ်များ၊အသင်းအဖွဲ့များ၊မူဝါဒချမှတ်သူများ၊ သုတေသီများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များ လေ့လာသူနိုင်ငံများ တက်ရောက်ခဲ့ပြီး ၃၆ နိုင်ငံမှ အစိုးရအဆင့်ရှိတာဝန်ရှိသူများက NATIONAL Statement ပြောကြားခဲ့ကြောင်း သိရသည်။

image