တတိယအကြိမ်မြောက် တက္ကသိုလ်များအဆင့် မြန်မာဘာသာစကား ဗီဒီယိုတိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း (CNPC) ၏ နိုင်ငံတကာပိုက်လိုင်းကုမ္ပဏီနှင့် ယူနန်တက္ကသိုလ်၊ မြန်မာနိုင်ငံဆိုင်ရာ သုတေသနဌာန (Institute of Myanmar Studies) တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် “တတိယအကြိမ်မြောက် တက္ကသိုလ်များအဆင့် မြန်မာဘာသာစကား ဗီဒီယိုတိုပြိုင်ပွဲ” ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၄ ရက်နေ့က ကူမင်းမြို့၌ ကျင်းပခဲ့သည်။ ယင်းအခမ်းအနားသို့ ကူမင်းမြို့ဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းနှင့် CNPC နိုင်ငံတကာပိုက်လိုင်းကုမ္ပဏီမှ ကိုယ်စားလှယ်တို့တက်ရောက်၍ မိန့်ခွန်းများပြောကြားခဲ့ကြသည်။
"ပြိုင်ပွဲကိုစီစဉ်ကျင်းပသူများအပြင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ကျေးဇူးတင်ရှိကြောင်း၊ မြန်မာ့ယဉ်ကျေးမှုသည် ထူးခြားသောအနှစ်သာရနှင့် အမျိုးသားရေးလက္ခဏာများ ပေါင်းစပ်ပါဝင်နေကြောင်း၊ ဤပြိုင်ပွဲသည် မြန်မာစာပေကို လေ့လာနေကြသည့် ကျောင်းသား၊ ကျောင်းသူများကို မြန်မာ့ယဉ်ကျေးမှုကို ပိုမိုနက်ရှိုင်းစွာနားလည်နိုင်ရန် အထောက်အကူပြုလိမ့်မည်ဟု ယုံကြည်ကြောင်း၊ ၎င်းပြင် ယဉ်ကျေးမှုချင်း အပြန်အလှန် လေ့လာဖလှယ်ခြင်းသည် ပြည်သူလူထုချင်းဆက်သွယ်မှုကို တိုးမြှင့်ရာတွင် အရေးပါကြောင်းနှင့် ဤပြိုင်ပွဲသည် ကျောင်းသား၊ ကျောင်းသူများအတွက် မြန်မာ့ယဉ်ကျေးမှု၊ အနုပညာနှင့် စာပေတို့ကို ထိတွေ့ခွင့်ရရှိစေမည့် ရောင်စုံပလက်ဖောင်းတစ်ခုကို ဖန်တီးပေးလိမ့်မည်ဟု ခိုင်မာစွာယုံကြည်ကြောင်း" ဦးသွင်ထက်လင်းကပြောကြားခဲ့သည်။
CNPC နိုင်ငံတကာပိုက်လိုင်းကုမ္ပဏီမှ ကိုယ်စားလှယ်က "ဤပြိုင်ပွဲသည် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အထင်အမြင်လွဲမှားမှုများကို ဖယ်ရှားကာ ရိုးသားပြီး ဘက်လိုက်မှုကင်းသောအမြင်များကို ရှုမြင်နိုင်ရန် အရေးပါသည့် တန်ဖိုးကို ပေးစွမ်းကြောင်း၊ ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများ၏ လက်ရာများသည် ကုမ္ပဏီ၏ ပိုက်လိုင်းစီမံကိန်းကဲ့သို့ပင် တရုတ် - မြန်မာ ဆက်သွယ်မှု၏ အရေးပါသော အစိတ်အပိုင်းဖြစ်ကြောင်း၊ ဘာသာစကား နှစ်မျိုးစလုံးကို ကျွမ်းကျင်ပိုင်နိုင်သည့် လူငယ်များသည် နှစ်နိုင်ငံအပြန်အလှန်နားလည်မှုအတွက် မျှော်လင့်ချက်ဖြစ်သည်ဟု မှတ်ယူကြောင်း၊ ဤပြိုင်ပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် လူငယ်များအနေဖြင့် ရိုးသားမှန်ကန်သော ဖော်ပြချက်များဖြင့် တရုတ်နှင့် မြန်မာလူငယ်များအား တစ်ဦးနှင့်တစ်ဦးစစ်မှန်ပြီး စိတ်ဝင်စားစရာကောင်းသည့် ပုံရိပ်များမြင်တွေ့ရန် မျှော်လင့်ပါကြောင်း" ပြောကြားခဲ့သည်။
တတိယအကြိမ်မြောက် တက္ကသိုလ်များအဆင့် မြန်မာဘာသာစကား ဗီဒီယိုတိုပြိုင်ပွဲကို "၇၅ နှစ်မြောက် မေတ္တာ၊ မဟာမိတ်နှင့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး၊ လူငယ်ချင်းပေါင်းစပ်ကာ ခေတ်သစ်ကိုဖန်တီးကြ" ဟူသော ခေါင်းစဉ်ဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလလယ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ယူနန်တိုင်းရင်းသားတက္ကသိုလ် (Yunnan Minzu University)၊ ယူနန်တက္ကသိုလ်၊ ကွမ်တုန်းနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးတက္ကသိုလ် (Guangdong University of Foreign Studies)၊ အမျိုးသားကာကွယ်ရေး နည်းပညာတက္ကသိုလ် (National University of Defense Technology)၊ ကွမ်ရှီတိုင်းရင်းသားတက္ကသိုလ် (Guangxi Minzu University) အပါအဝင် တက္ကသိုလ် ၂၃ ခုမှ ကျောင်းသား၊ ကျောင်းသူများသည် စိတ်အားထက်သန်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
နောက်ဆုံးတွင် စုစုပေါင်း လက်ရာ ၁၂၅ ခုသည် ကျွမ်းကျင်သူ အကဲဖြတ်အဆင့်သို့ ရောက်ရှိခဲ့ပြီး၊ ယင်းတို့၏ အကြောင်းအရာများတွင် ပြည်ပပညာသင်ဘဝ Vlogs များ၊ သီချင်းနှင့် အကများ၊ ရိုးရာယဉ်ကျေးမှု မိတ်ဆက်ပေးမှုများ အစရှိသည့် နယ်ပယ်များစွာပါဝင်ခဲ့သည်။ ပြည်တွင်းရှိ ကွဲပြားသော တက္ကသိုလ် ၁၉ ခုမှ မြန်မာဘာသာစကား ကျွမ်းကျင်ဆရာ၊ ဆရာမများနှင့် စီစဉ်သူဘက်မှ ကျွမ်းကျင်သူ ၇ ဦး၊ မြန်မာဘက်မှ ကျွမ်းကျင်သူ ၇ ဦးတို့ ပါဝင်သော စုစုပေါင်း ၂၆ ဦးဖြင့် ဖွဲ့စည်းထားသည့် ပညာရှင်အကဲဖြတ်အဖွဲ့က လက်ရာအားလုံးကို အမှတ်ပေးခဲ့ကာ ပြိုင်ပွဲစည်းကမ်းများအတိုင်း ပထမဆု (၄) ဆု၊ ဒုတိယဆု (၁၀) ဆု၊ တတိယဆု (၁၅) ဆုနှင့် ထူးချွန်ဆု (၃၀) ဆုတို့ကို ရွေးချယ်ချီးမြှင့်ခဲ့သည်။

image

ဆီးဂိမ်းဖိတ်ကြားခံ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် အဖွဲ့ဝင်များ ပြန်လည်ရောက်ရှိ

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ်တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် အဖွဲ့ဝင်များ ယမန်နေ့ ဒီဇင်ဘာ (၁၄) ရက် ညပိုင်းက မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့်အတူ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပြန်လည်ရောက်ရှိလာခဲ့ခြင်းလည်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ လာရောက်ကြိုဆိုကြကြောင်း သိရသည်။

image

၂၀၂၅ ခုနှစ်အတွက် ရုပ်ရှင်ကား ၇၀ ကျော်ကို အကဲဖြတ်ကြည့်ရှုနေ

၂၀၂၅ ခုနှစ်အတွက် အကယ်ဒမီဆု စိစစ်ရေးလုပ်ငန်းများ စတင်နေပြီး ရုပ်ရှင်ကား ၇၀ ကျော်ကို အကဲဖြတ်ကြည့်ရှုနေကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရသည်။
အဆိုပါအကယ်ဒမီဆုပေးပွဲအတွက် စိစစ်အကဲဖြတ်ရန် အကဲဖြတ်အဖွဲ့ကို ဖွဲ့စည်းထားပြီး ယခုနှစ်တွင် ယခင်နှစ်များနှင့်မတူဘဲ ဆောင်ရွက်နေကြောင်း သိရသည်။
အကဲဖြတ်အဖွဲ့အနေဖြင့် စုစုပေါင်း ရုပ်ရှင်ဇာတ်ကား ၇၀ ကျော်ကို တစ်ရက်လျှင် ဇာတ်ကား ၂ ကားမှ ၃ ကားအထိ ပြီးစီးအောင် ကြည့်ရှုအကဲဖြတ်ရန် ရည်ရွယ်ထားပြီး ပထမအဆင့် ကြည့်ရှုအကဲဖြတ်ခြင်းလုပ်ငန်းများကို ဇန်နဝါရီလအတွင်း ပြီးစီးနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။
ထို့ပြင် ဒုတိယအဆင့် အကဲဖြတ်မှုများကို အကယ်ဒမီပွဲတော်မကျင်းပမီ သတ်မှတ်အချိန်မီ ပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ရာတွင် ရုပ်ရှင်တစ်သက်တာဆု သုံးဆု၊ အထူးဆုတစ်ဆု အပါအဝင် အကယ်ဒမီဆု စုစုပေါင်း ၂၀ ဆု ချီးမြှင့်ပေးအပ်ခဲ့ပြီး ရုံတင်ပြသခဲ့သည့် မြန်မာ့ရုပ်ရှင်ဇာတ်ကား (၄၉) ကားရှိခဲ့ပြီး ယင်းဇာတ်ကားများအနက် (၁၈) ကားကို မြန်မာ့ရုပ်ရှင်စိစစ်အကဲဖြတ်ရေးအဖွဲ့က စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image

ဂိုဏ်းပေါင်းစုံ သံဃနာယကနှင့် ဝိနည်းဓိုရ်မွမ်းမံသင် တန်းစတင်ဖွင့်လှစ်

ပဲခူးတိုင်း(အရှေ့)၊ ဂိုဏ်းပေါင်းစုံ သံဃနာယကနှင့် ဝိနည်းဓိုရ်မွမ်းမံသင်တန်းကို ယနေ့ ဒီဇင်ဘာ ၁၅ ရက်နံနက်ပိုင်းကစတင်ဖွင့်လှစ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ ပဲခူးမြို့၊ ဥဿာသီရိစာသင်တိုက် ပဓာနနာယကဆရာတော်ကြီးကြွရောက်တော်မူကာ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူ များက ပဲခူးတိုင်းဒေသကြီးဂိုဏ်းပေါင်းစုံ သံဃနာယကနှင့် ဝိနည်းဓိုရ်မွမ်းမံသင်တန်းဖွင့်လှစ်ခြင်း၊ ဝိနည်းဆိုင်ရာ သံဃအဖွဲ့အစည်းအဆင့်ဆင့် လုပ်ထုံးလုပ်နည်းဆိုင်ရာစာအုပ်များနှင့် အလှူငွေများကို ဆက်ကပ်လှူ ဒါန်းခဲ့ကြကြောင်း သိရသည်။
သင်တန်းအား သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေး၊ သာသနာတော်နှင့်အပ်စပ်သည့် ဝိနည်းဓမ္မကံ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာများတွင် ကျွမ်းကျင်ပိုင်နိုင်စွာပိုမိုဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ယနေ့ ဒီဇင်ဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၁၉ ရက်အထိ ပဲခူးတိုင်း(အရှေ့)၊ မြို့နယ်(၁၄)မြို့နယ်မှ ဆရာတော်/သံဃာတော်(၂၀၀)ပါးကျော်တက်ရောက်လျက်ရှိကြောင်း သိရသည်။

image

မကွေးမြို့နယ်၌ "ရွှေတင့်ထူး" စိုက်ပျိုးမွေးမြူရေးဇုန် ပထမအဆင့်ကို(၁၅၁)ဧကကျော်ဖြင့်ဖော်ထုတ်ထား ဆက်လက်ဖော်ထုတ်မှုများပြုလုပ်နေ

မကွေးတိုင်း၊ မကွေးမြို့နယ်၊ ရှားပင်လှကျေးရွာအုပ်စုတွင် "ရွှေတင့်တူး" စိုက်ပျိုးမွေးမြူရေးဇုန်ပထမအဆင့်ကို(၁၅၁)ဧကကျော်ဖြင့်ဖော်ထုတ်ထားကာ ဆက်လက်ဖော်ထုတ်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ "ရွှေတင့်တူး" စိုက်ပျိုးမွေးမြူရေးဇုန်အား ရှားပင်လှကျေးရွာအုပ်စုအတွင်း (၁၀) နှစ်ကျော် သီးနှံစိုက်ပျိုးခြင်းမပြုဘဲ မြေလွတ်မြေရိုင်းပုံစံဖြစ်နေသည့် မြေဧရိယာများကို စနစ်ကျလယ်ယာမြေဖော်ထုတ်ခဲ့ခြင်းဖြစ်ကာ ပထမအဆင့်ကို(၁၅၁ ဒသမ ၅၈)ဧက ဖော်ထုတ်ကာ ထပ်မံ၍(၂၀၆ ဒသမ ၆၂)ဧကကို ဆက်လက်ဖော်ထုတ်နေသဖြင့် ဇုန်အား စုစုပေါင်း(၃၅၈ ဒသမ ၂၀)ဧကဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးမွေးမြူရေးဇုန်သည် စက်စွမ်းအားပြည့်အသုံးပြုနိုင်ရန် လုံလောက်သည့်အကျယ်အဝန်းရှိပြီး ညီညာပြန့်ဖြူး၍ ထောင်မှန်စတုဂံပုံရှိကာ အလျားအနံအချိုး (၃:၁)ဖြစ်ပြီး ကုန်ထုတ်လမ်းပါရှိကာ ရေသွင်းရေနုတ် မြောင်း၊ ကန်သင်းများကောင်းမွန်ပြည့်စုံပြီး ကုန်ထုတ်လုပ်မှုစရိတ်လျော့ချနိုင်သည့်အပြင် သီးနှံအထွက်တိုးစေပြီး အလေအလွှင့်နည်းသဖြင့် သမာရိုးကျလယ်ယာမြေတွင်စိုက်ပျိုးသည့် သီးနှံများထက်အမြတ်အစွန်း ပိုမိုရရှိစေမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရှားပင်လှကျေးရွာအုပ်စုရှိ သမဝါယမအသင်းပိုင် မြေဧရိယာ(၄၈ ဒသမ ၀၆)ဧကတွင် ဥစားကြက် မွေးမြူရေးဇုန်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ကြက်ကောင်ရေ(၃,၀၀၀)ဆန့် ကြက် ခြံ(၄)ခြံ၊ သမဝါယမအသင်းစုမှ ကြက်ခြံ(၂)ခြံမွေးမြူထားပြီး ကြက်ဥ(၉၀၂,၇၃၇)လုံးထုတ်လုပ်ရရှိနေပြီဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ကြက်ကောင်ရေ(၉၁,၀၀၀)ဆံ့ မွေးမြူရေးကြက်ခြံ(၂၇)ခြံ ထပ်မံတိုးချဲ့သွားမည်ဖြစ်၍ ဒေသတွင်း စားသုံးရန်လိုအပ်မှုအပေါ် ဖူလုံမှု(၂ ဒသမ ၄၈) ရာခိုင်နှုန်း ပိုမိုဖြည့်ဆည်းပေးနိုင်မည်ဖြစ်ရာ မကွေးတိုင်းအတွင်း ကြက်ဥဖူလုံမှု(၄၈ ဒသမ ၉၁)ရာခိုင်နှုန်းအထိ တိုးတက်ရရှိလာမည်ဖြစ်ကြောင်း သိရသည်။

image

စင်ကာပူရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေး

ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် စင်ကာပူမြို့၊ မြန်မာသံရုံး၌ မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးခဲ့သည်ဟု သိရသည်။
ကြိုတင်မဲပေးနိုင်ရန် စင်ကာပူမြို့၊ မြန်မာသံရုံးက ဒီဇင်ဘာလ ၁၃ရက်နှင့် ၁၄ရက်တို့တွင် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။
ကြိုတင်မဲကို မြန်မာသံရုံးဝန်ထမ်းများနှင့် မိသားစုများ၊ စင်ကာပူနိုင်ငံတွင်ရောက်ရှိနေထိုင်ကြသော မြန်မာနိုင်ငံသား မဲဆန္ဒရှင်များက ပေးခဲ့သည်ဟု သိရသည်။

image

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား လေယာဉ်၊ ရဟတ်ယာဉ်များက သရုပ်ပြအုပ်ဖွဲ့ပျံသန်းအလေးပြုပြီး စွမ်းရည်ပြသ
တပ်မတော်(လေ)ဖွဲ့စည်းတည်ထောင်မှု (၇၈)နှစ် မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့ ဒီဇင် ဘာ ၁၅ ရက်နံနက်ပိုင်းက နေပြည်တော်လေတပ်စခန်းဌာနချုပ်၌ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား Mi-17 ရဟတ် ယာဉ်(၄)စီးက Arrow Head Formation ပုံစံ၊ Bell 206 ရဟတ်ယာဉ်(၂)စီး၊ H-125 ရဟတ်ယာဉ်(၂)စီး၊ H - 120 ရဟတ်ယာဉ်(၂)စီးတို့က Composite Formation ပုံစံ၊ MTX-1B ကင်းထောက်လေယာဉ်(၁)စီးနှင့် Grob-120 TP အမောင်းသင်လေယာဉ်(၃)စီးတို့က Composite Formation ပုံစံ၊ K-8 ဂျက်တိုက်လေယာဉ်(၅)စီးက Kite Formation ပုံစံ၊ F - 7 တိုက်လေယာဉ်(၄)စီးက Box Formation ပုံစံ၊ MiG-29 ဘက်စုံသုံးဂျက်တိုက် လေယာဉ်(၅)စီးက Arrow Head Formation ပုံစံ၊ Su-30 SME ဘက်စုံသုံးအကြီးစားဂျက်တိုက်လေယာဉ် (၂)စီးနှင့် FTC 2000G တိုက်လေယာဉ်(၂) Compoစီးကsite Formation ပုံစံတို့ဖြင့် အသီးသီးသရုပ်ပြပျံသန်းခဲ့ကြကြောင်း သိရသည်။
ထို့ပြင် MiG-29 ဘက်စုံသုံးဂျက်တိုက်လေယာဉ်များနှင့် စတုတ္ထမျိုးဆက်လွန်ဘက်စုံသုံးအကြီးစားတိုက်လေယာဉ်ဖြစ်သည့် Su-30 SME တိုက်လေယာဉ်များက အဆင့်မြင့်လှုပ်ရှားစစ်ကစားမှုများအား စွမ်းရည်ပြပျံသန်းခဲ့ကြကြောင်း သိရသည်။
ထိုသို့ စွမ်းရည်ပြပျံသန်းရာ၌ MiG-29 ဘက်စုံသုံးဂျက်တိုက်လေယာဉ်(၁)စီးက ရှုရပ်၏ရှေ့တည့်တည့်မှဝင်ရောက်လာပြီး Victory Roll Maneuver နှင့် Level 8 Maneuver၊ Combat Turn နှင့် Multiple Roll Maneuver၊ Slow Flight နှင့် Zoom Climb Maneuver၊ Vertical Roll Maneuver တို့ကိုစွမ်းရည်ပြပျံသန်းပြီး MiG-29 ဘက်စုံသုံးဂျက်တိုက်လေယာဉ်(၄)စီးက ရှုရပ်၏ရှေ့တည့်တည့်မှ Box Formation ပုံစံဖြင့်အုပ်ဖွဲ့ပျံသန်းပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အလေးပြုခဲ့ကြကြောင်း သိရသည်။
ထို့ပြင် စတုတ္ထမျိုးဆက်လွန်ဘက်စုံသုံးအကြီးစားတိုက်လေယာဉ်ဖြစ်သည့် Su-30 SME တိုက်လေယာဥ်(၁)စီးက Point Roll Maneuver၊ High-G Turn Maneuver၊ Derry Turn Maneuver၊ Oblique Loop Maneuver၊ Combat Turn Maneuver၊ Flap Spin Maneuver တို့ဖြင့်စွမ်းရည်ပြပျံသန်းပြီး Slow Flight Maneuver ဖြင့်လည်း ပျံသန်းသရုပ်ပြသပြီးနောက် မီးကျည်များကိုပစ်လွှတ်ကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အားအလေးပြုခဲ့ကြောင်း သိရသည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တပ်မတော်(လေ)(၇၈)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဇီဝီတဒါနငှက်လွှတ်ပြီး သရုပ်ပြအုပ်ဖွဲ့ပျံသန်းမှုတွင်ပါဝင်သော လေသူရဲများအား ဂုဏ်ပြုနှုတ်ဆက်စကားပြော၍ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

image

တပ်မတော်(လေ)ကို ခေတ်မီပြီးစွမ်းရည်ထက်မြက်အင်အားတောင့်တင်းခိုင်မာသည့် လေတပ်တစ်ခုအဖြစ် အဆင့်ဆင့်တည်ဆောက်ပေးလျက်ရှိ

တပ်မတော်(လေ)ကို ခေတ်မီပြီးစွမ်းရည်ထက်မြက်အင်အားတောင့်တင်းခိုင်မာသည့် လေတပ်တစ်ခုအဖြစ် အဆင့်ဆင့်တည်ဆောက်ပေးလျက်ရှိသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁၅ ရက်နံနက်ပိုင်းကနေပြည်တော် လေတပ်စခန်းဌာနချုပ်၌ကျင်းပသော တပ်မတော်(လေ)ဖွဲ့စည်းတည်ထောင်မှု (၇၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ် သည်။
နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကိုအကာအကွယ်ပေးရေးနှင့် အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးတို့အတွက် တည်ဆောက်ကြိုးပမ်းရာတွင် ခိုင်မာတောင့်တင်းသည့် ကာကွယ်ရေးစွမ်းအားစုတစ်ရပ်ပိုင်ဆိုင်ထားရန် မဖြစ်မနေလိုအပ်သည်ဟု ပြော သည်။
ထို့ကြောင့် တပ်မတော်(လေ)ကို ခေတ်အဆက်ဆက် ကြုံတွေ့ခဲ့ရသည့် အတွေ့ အကြုံများအပေါ်သင်ခန်းစာဖော်ထုတ်ကာ ခေတ်မီပြီးစွမ်းရည်ထက်မြက်အင်အားတောင့်တင်းခိုင်မာသော လေတပ်တစ်ခုအဖြစ် အဆင့်ဆင့်တည်ဆောက်ပေးလျက်ရှိရာ စတင်ဖွဲ့စည်းချိန်က အခြေစိုက်စခန်း(၁)ခုနှင့် ပျံသန်းရေးအုပ်အနည်းငယ်သာရှိခဲ့ရာမှ ယခုတွင်မြန်မာ့ဝေဟင်ပိုင်နက်တစ်ခုလုံးကို အလှမ်းမီစိုးမိုးနိုင်ရန် ဖြန့်ကျက်ချထားနိုင်ပြီဟု ပြောသည်။
"စွမ်းဆောင်ရည်ပိုင်းမှာလည်း သောင်းကျန်းမှုနှိမ်နင်းရေးလေတပ်အဆင့်ကနေ နည်းဗျူဟာမြောက်လေတပ်တစ်ခုအဖြစ် တိုးတက်တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ထိရောက်အစွမ်းထက်မြက်တဲ့ လေကြောင်းစွမ်းအားကိုပိုင်ဆိုင်အသုံးချနိုင်ဖို့ လေတပ်ရဲ့တိုက်စွမ်းအားနဲ့ တိုက်စွမ်းရည်(၂)မျိုးလုံး မြင့်မားပြည့်စုံအောင် တည်ဆောက်ထားဖို့အထူးလိုအပ်ပါတယ်"ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထိုသို့ တိုက်စွမ်းအားတိုးတက်ကောင်းမွန်စေရန် နိုင်ငံတော်မှ လေယာဉ်၊ ရဟတ်ယာဉ်နှင့် စစ်ဆင်ရေး အထောက်အကူစနစ်များကို ဖြည့်တင်းပေးလျက်ရှိရာ ယင်းစနစ်များ အမြဲကောင်းမွန်ပြီး စွမ်းအားပြည့်တိုက်ပွဲဝင်နိုင်မှသာ တိုက်စွမ်းအားရရှိမည်ဖြစ်၍ တပ်မတော် (လေ) ၏စစ်သည်တော်များအနေဖြင့် အမြတ်တနိုးတန်ဖိုးထားကာ စနစ်တကျကိုင်တွယ်အသုံးပြုပြီး ပြုပြင်ထိန်းသိမ်းကြရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။

image

အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် ဆက်စပ်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ပြန်လည်လွှဲပြောင်းရာ၌ အဆင်ပြေချောမွေ့စေရေးဆွေးနွေး

အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် ဆက်စပ်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ပြန်လည်လွှဲပြောင်းရာ၌ အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာ-တရုတ်-ထိုင်း နိုင်ငံတို့မှတာဝန်ရှိသူများ ယနေ့ ဒီဇင်ဘာ ၁၅ ရက်က ကရင်ပြည်နယ်၊ မြဝတီမြို့၌တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
၎င်းတို့သည် မြဝတီမြို့ရှိ မြန်မာ-ထိုင်း အမှတ် (၂)ချစ်ကြည်ရေးတံတားအစည်းအဝေးခန်းမတွင် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများတို-က်ဖျ-က်ရေးဆိုင်ရာ Myanmar-China-Thailand Tri-lateral meeting for Combating Telecom Fraud and Online Gambling ညှိနှိုင်းအစည်းအဝေးအဖြစ်ပြုလုပ်ပြီး ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
မြဝတီဒေသရှိ အွန်လိုင်းလိမ်လည်မှုများ ကင်းစင်ပ ပျောက်သည်အထိရှင်းလင်းဆောင်ရွက်ရေး၊ အွန်လိုင်းလိမ်လည်မှုနှင့် ဆက်စပ်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းရာတွင် အဆင်ပြေချောမွေ့စေရေး ပူးပေါင်းဆောင်ရွက်ရမည်များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ (၃)နိုင်ငံမှတာဝန်ရှိသူများသည် KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင်အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အဦးများ ဖြိုချဖျ-က်ဆီးထားမှုများ၊ ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင် နိုင်ငံခြားသားများထားရှိရာအဆောက်အဦးများနှင့် မိုင်းခွဲဖျ-က်ဆီးထားသော "ရထိုက်"ကုမ္ပဏီပိုင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းလုပ်ကိုင်ခဲ့သည့် အဆောက်အဦးများ၊ မြဝတီမြို့ရှိ နယ်ခြားစောင့်တပ်(BGF)လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကွပ်ကဲရေးရုံးတွင်ထိန်းသိမ်းထားသော တရုတ်နိုင်ငံသားများကိုကြည့်ရှုစစ်ဆေးခဲ့ကြသည်။

image

မြန်မာနိုင်ငံ၌ရွေးကောက်ပွဲကျင်းပပြီးပါက ပိုမိုကောင်းမွန်သောနယ်ပယ်များပေါ်ထွန်းလာမည့် အခြေအနေများကိုဆွေးနွေး

မြန်မာနိုင်ငံ၌ရွေးကောက်ပွဲကျင်းပပြီးပါက ပိုမိုကောင်းမွန်သောနယ်ပယ်များပေါ်ထွန်းလာမည့် အခြေအနေများကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် မြန်မာနိုင်ငံဆိုင် ရာ အိန္ဒိယသံအမတ်ကြီး H.E.Mr. Abhay Thakur တို့ ယနေ့ ဒီဇင်ဘာ ၁၅ ရက်မွန်းလွဲပိုင်းကတွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံစဥ် မြန်မာနိုင်ငံ၌ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီးပါက ပိုမိုကောင်းမွန်သောနယ်ပယ်များပေါ် ထွန်းလာမည့်အခြေအနေများ၊ မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ကို စတင်ချမှတ်သည့်(၃)နိုင်ငံတွင်အပါအဝင်ဖြစ်ပြီး လက်ရှိအချိန်အထိ ၎င်းမူများအတိုင်း ခိုင်မာစွာလိုက်နာဆောင်ရွက်လျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် အိမ်နီးချင်း မိတ်ဆွေကောင်းနိုင်ငံများဖြစ်၍ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်လျက်ရှိမှု၊ နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြားပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့အတူ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား စစ်ဘက် ဆိုင်ရာသင်တန်းများ အပြန်အလှန်ဖွင့်လှစ်ရေးနှင့် လေ့ကျင့်ရေးဆိုင်ရာများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

image