တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ငါးနှစ်အတွင်း ပထမဆုံးအကြိမ် တောင်ကိုရီးယားသို့ သွားရောက်မည်
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဩဂုတ် ၁၉ ရက်မှ ၂၀ ရက်အထိ တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ယခုခရီးစဉ်သည် ငါးနှစ်အတွင်း ၎င်း၏ ပထမဆုံး တောင်ကိုရီးယားခရီးစဉ်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။
ခရီးစဉ်အတွင်း တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်သည် ဩဂုတ် ၂၀ ရက်တွင် အိမ်ပြာတော်၌ ဝမ်ယိကို လက်ခံတွေ့ဆုံမည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ဒေသတွင်းအရေးကိစ္စများကို ဆွေးနွေးကာ တရုတ်သမ္မတ ရှီကျင့်ဖျင်ထံ နှုတ်ခွန်းဆက်စကားပါးမည်ဖြစ်ကြောင်း တောင်ကိုရီးယား သမ္မတရုံးက ပြောကြားသည်။
ဝမ်ယိသည် တောင်ကိုရီးယား နိုင်ငံတော်လုံခြုံရေးအကြံပေး ဝီဆောင်လက်နှင့်လည်း တွေ့ဆုံ၍ တောင်ကိုရီးယား-တရုတ် ဆက်ဆံရေး၊ ကိုရီးယားကျွန်းဆွယ်အခြေအနေနှင့် အခြားဒေသတွင်း၊ နိုင်ငံတကာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်သွားရန် စီစဉ်ထားသည်။
ဝမ်ယိသည် ဩဂုတ် ၁၉ ရက် တောင်ကိုရီးယားသို့ ရောက်ရှိချိန်တွင် နိုင်ငံခြားရေးဝန်ကြီး ချိုဟွန်းနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ညစာစားပွဲသို့လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ယခုခရီးစဉ်သည် တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေး ပြန်လည်တိုးတက်လာမှုအခြေအနေကို သုံးသပ်နိုင်မည့်အပြင် နှစ်နိုင်ငံအကြား အဆင့်မြင့်အရာရှိများ ဖလှယ်မှု၏ နောက်တစ်ဆင့်အတွက် ပြင်ဆင်ရာတွင် အထောက်အကူဖြစ်စေမည်ဟု မျှော်လင့်ထားကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။