ယူနိုက်တက်နှင့်ပွဲစဉ်အား လီဗာပူးရဲ့ ပေါင်သန်း ၁၃၀ တန် တိုက်စစ်မှူး လွဲချော်လာ
=======================

အလက်ဇန္ဒားအီဆက်ခ်ဟာ ပေါင်ခြံဒဏ်ရာကြောင့် ယနေ့ည ယူနိုက်တက်နှင့် ရင်ဆိုင်ရမယ့်ပွဲစဉ်အား လွဲချော်လာပါတယ်။
အီဆက်ခ် မပါဝင်လာနိုင်မှုနှင့်အတူ လီဗာပူးနည်းပြအန်းဆလော့ဟာ အိုးထရက်ဖို့ဒ်ပွဲစဉ်တွင် တိုက်စစ်မှူးမပါဝင်ဘဲ ရင်ဆိုင်ကစားလာရမှာလည်း ဖြစ်ပါတယ်။
ပေါင်သန်း ၁၃၀ တန်တိုက်စစ်မှူးဟာ ယခုအပတ် လေ့ကျင့်ခန်းအစီအစဉ်တွင် ဒဏ်ရာရရှိသွားခဲ့တာပါ။
လက်ရှိအချိန်တွင် ဟူဂိုအီကီတီကီမှာ ပြီးခဲ့တဲ့လ ပီအက်စ်ဂျီအား ရှုံးနိမ့်တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဖနောင့်ဒဏ်ရာရရှိကာ အနားယူနေရချိန်တွင် အီဆက်ခ် ဒဏ်ရာရရှိလာမှုက လီဗာပူးအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်နေပါတယ်။
အီဆက်ခ်ဟာ ဒီဇင်ဘာလတုန်းက ခြေထောက်ကျိုးဒဏ်ရာကြောင့် အနားယူခဲ့ရပြီးနောက် လီဗာပူးအတွက် ၅ ပွဲတည်းသာ ကစားထားရသေးသူ ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် ဆွီဒင်တိုက်စစ်မှူးဟာ ပေါင်ခြံဒဏ်ရာကြောင့် ဘယ်လောက် အနားယူရမယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။
အသက် ၂၆ နှစ်ရှိ ဆိုစီဒက်တိုက်စစ်မှူးဟောင်းဟာ နွေရာသီတုန်းက နယူးကာဆယ်မှ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းလာပြီးနောက် ပရီးမီးယားလိဂ်တွင် ၁၃ ပွဲတည်းသာ ပွဲထွက်ကစားထားနိုင်သလို ၃ ဂိုးတည်းသာ သွင်းထားနိုင်ပါတယ်။
မိုဟာမက်ဆာလက်မှာလည်း ဒဏ်ရာကြောင့် အနားယူနေရတယ်ဆိုပေမယ့် ရာသီမသိမ်းမီ လီဗာပူးအတွက် ပြန်ကစားလာနိုင်ပါမယ်။
အသက် ၃၃ နှစ်ရှိ အီဂျစ်စူပါစတားဟာ ရာသီအကုန်တွင် ၉ နှစ်ကြာ ကစားလာတဲ့ အန်ဖီးလ်မှ ထွက်ခွာလာမယ့်သူလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အောက်တိုဘာလတုန်းက အန်ဖီးလ်ပွဲစဉ်တွင် ၂-၁ ဖြင့် အနိုင်ရထားခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ်တွင် လီဗာပူးအား နှစ်ကျော့လုံး အနိုင်ရရှိရန် အခြေအနေကောင်းနေပါတယ်။
တဖက်တွင် ယူနိုက်တက်ရော လီဗာပူးပါ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရေး နီးစပ်နေကြပါတယ်။

image

လေ့ကျင့်ရေးကွင်းတွင် ပြဿနာတက်ပြီးနောက် သူ့အား အဆက်မသွယ်မပြုလုပ်ရန် ရီးရဲလ်မက်ဒရစ်နည်းပြအာဘီလိုအာအား စီဘယ်လို့စ် ပြောကြားလာ
==================

ဒါနီစီဘယ်လို့စ်ဟာ ကလပ်ရဲ့ လေ့ကျင့်ရေးကွင်းတွင် ပြဿနာတက်ပြီးနောက် သူ့အား အဆက်အသွယ်တစုံတရာ မပြုလုပ်ရန် ရီးရဲလ်မက်ဒရစ်နည်းပြအယ်ဗာရိုအာဘီလိုအာအား ပြောကြားလာကြောင်း သိရပါတယ်။
Marca ရဲ့ ဖော်ပြလာမှုအရ အာဆင်နယ်အလယ်တန်းကစားသမားဟောင်းဟာ ဧပြီလအစောပိုင်းတုန်းက ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပေမယ့် ပါဝင်ကစားခွင့်မရပြီးနောက် ပြီးခဲ့တဲ့အပတ်တုန်းက အာဘီလိုအာနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် တောင်းဆိုခဲ့ကြောင်း သိရပါတယ်။
ယင်းအစည်းအဝေးတွင် စီဘယ်လို့စ်နှင့် အာဘီလိုအာတို့အကြား သဘောထားကွဲလွဲမှုများ ဖြစ်ကာ တစ်ယောက်နှင့်တစ်ယောက် မမြင်ချင်လောက်အောင် တင်းမာလာခဲ့ပါတယ်။
ယင်းအစည်းအဝေးအပြီးတွင် စီဘယ်လို့စ်က ၎င်းအား နောက်ထပ် အဆက်အသွယ် မပြုလုပ်တော့ရန် အာဘီလိုအာအား အသိပေးခဲ့ကြောင်း ကစားဖော်များကို ပြောပြခဲ့ပါတယ်။
စီဘယ်လို့စ်ဟာ ရာသီအကုန်အထိ ရီးရဲလ်မက်ဒရစ်ကစားဖော်များနှင့်အတူ ဆက်လက် လေ့ကျင့်ခန်းဆင်းလာမှာ ဖြစ်ပေမယ့်လည်း လက်ကျန် ရာသီသိမ်းပွဲ ၅ ပွဲတွင် ပါဝင်လာဖို့ မရှိတော့ပါဘူး။
ရီးရဲလ်မက်ဒရစ်နှင့် တစ်နှစ်စာချုပ်ကျန်နေသေးတဲ့ စီဘယ်လို့စ်ဟာ နွေရာသီတွင် ဘာနေဗျူးမှာ ထွက်ခွာလာဖို့ ရှိနေပြီလည်း ဖြစ်ပါတယ်။
အသက် ၂၉ နှစ်ရှိ စီဘယ်လို့စ်ကို နွေရာသီတုန်းက ခေါ်ယူရေး ကြိုးပမ်းခဲ့ဖူးတဲ့ အသင်းဟောင်းဘက်တစ်ကပင် ခေါ်ယူရေး ထပ်မံ ကြိုးပမ်းလာဖို့ ရှိနေပါတယ်။
စီဘယ်လို့စ်ဟာ ဘက်တစ်တွင် ကစားသမားဘဝ စတင်ကာ ၂၀၁၇ ခုနှစ်တွင် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။
အာဘီလိုအာဟာ ဇန်နဝါရီလတွင် ရီးရဲလ်မက်ဒရစ်ယာယီနည်းပြအဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် ၂၃ ပွဲကိုင်တွယ်ရာတွင် ၇ ပွဲအထိ ရှုံးပွဲကြုံထားကာ ဆုဖလားလက်မဲ့ရာသီတစ်ခု ကြုံလာရန် သေချာနေပြီ ဖြစ်ပါတယ်။

image

နယူးကာဆယ်အသင်းအတွက် ဆော်ဒီအသင်းပိုင်ရှင်များရဲ့ ရည်မှန်းချက် မပြောင်းမလဲ ရှိနေဆဲ
===================

နယူးကာဆယ်နည်းပြအက်ဒီဟောင်းက ယခုအပတ်တွင် အသင်းပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ဆော်ဒီပိုင်ရှင်များမှာ အသင်းအပေါ် ထားရှိတဲ့ ရည်မှန်းချက်များ မပြောင်းမလဲ ရှိနေဆဲ ဖြစ်ကြောင်း ပြောကြားလာပါတယ်။
နယူးကာဆယ်ရဲ့ဥက္ကဌဖြစ်သလို ကလပ်ပိုင်ရှင် PIF ရဲ့ အုပ်ချုပ်ရေးမှူးလည်း ဖြစ်တဲ့ ယာဆာအယ်ရူမေယန်နှင့် အသေးစားရှယ်ယာပိုင်ရှင်ဂျေမီရူဘင်တို့ဟာ နော်သမ်ဘာလန်းရှိ Matfen Hall တွင် နှစ်ရက်တိုင်တိုင် နှစ်ပတ်လည်ထိပ်သီးအစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။
PIF ဟာ လာမယ့်ရာသီတွင် LIV Golf အား ထောက်ပံ့မှု ပြုလုပ်မှု ရပ်တန့်လာပေမယ့်လည်း ယင်းမှာ နယူးကာဆယ်အပေါ် ရိုက်ခတ်လာမှာ မဟုတ်ကြောင်း အတည်ပြုထားပြီး ဖြစ်ပါတယ်။
နယူးကာဆယ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၄ နေရာတွင် ရပ်တည်နေပြီး ခက်ခဲတဲ့ ရာသီတစ်ခုနှင့် ကြုံနေရပါတယ်။
ဒါပေမယ့် အက်ဒီဟောင်းက အသင်းပိုင်ရှင်တို့မှာ အသင်းကို ထိပ်သီးကလပ်တစ်ခု ဖြစ်အောင် တည်ဆောက်ရေး ရည်မှန်းချက် ရှိနေဆဲ ဖြစ်ကြောင်း ဆိုသွားပါတယ်။
အက်ဒီဟောင်းက "ရည်မှန်းချက်က မပြောင်းမလဲသေးပါဘူး။ ကြိုးစားပြီး ပရီးမီးယားလိဂ်ထိပ်သီးဖြစ်အောင် လုပ်မယ်။ ကြိုးစားမယ်။ နိုင်ပွဲဆက်အောင် လုပ်မယ်၊ ဆုဖလားတွေ ရနိုင်သမျှ ရအောင် လုပ်မယ်"လို့ ပြောကြားသွားပါတယ်။
နယူးကာဆယ်ပိုင်ရှင် PIF ဟာ ၂၀၃၀ ခုနှစ်တွင် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးရေး စီမံကိန်းရေးဆွဲထားပါတယ်။
နယူးကာဆယ်ဟာ ယင်းရည်မှန်းချက်အတွက် အသင်းလေ့ကျင့်ရေးကွင်းအား အဆင့်မြှင့်တင်ရန် စီစဉ်ထားသလို ကွင်းသစ်တည်ဆောက်ရန်လည်း လုပ်ဆောင်နေပါတယ်။

image

အမြတ်ငွေ ပေါင် ၃.၇၅ သန်းအား ပြန်ပေးရန် ပရီးမီးယားလိဂ်ပွဲများကို တရားမဝင်ထုတ်လွှင့်တဲ့ဂိုဏ်း တရားစီရင်ခြင်းခံလာရ
=================

တရားရုံးက ဘောလုံးပွဲများအား တရားမဝင်ထုတ်လွှင့်တဲ့ဂိုဏ်းအဖွဲ့ဝင် ၅ ဦးအား အကျိုးအမြတ်ရရှိခဲ့တဲ့ ပေါင် ၃.၇၅ သန်းကို ပြန်ပေးရန်နှင့် ထောင်ဒဏ်ကျခံရန် ဆုံးဖြတ်လာပါတယ်။
တရားရုံးဟာ တရားမဝင် ရုပ်သံထုတ်လွှင့်တဲ့ Flawless TV နောက်ကွယ်မှ မတ်ဂိုးလ်ဒ်နှင့် အဖွဲ့သား ၄ ဦးတို့အား စုစုပေါင်းထောင်ဒဏ်နှစ် ၃၀ ကျော် ချမှတ်ကာ သမိုင်းတွင် အကြီးမားဆုံးမူပိုင်ခွင့်ချိုးဖောက်မှု ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
၎င်းတို့ဟာ စားသုံးသူ ၅၀၀၀၀ သောင်းကျော်အထိ ရရှိခဲ့သလို ဝန်ထမ်း ၃၀ အထိ ခန့်အပ်လုပ်ဆောင်နိုင်ခဲ့ကာ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်းတွင် ပေါင် ၇ သန်းကျော်အထိ ရရှိခဲ့ကြပါတယ်။
ယခုအပတ်မှာတော့ Derby Crown Court က ဂိုးလ်အား ထောင်ဒဏ် ၁၁ နှစ်အထိ ကျခံရန်နှင့် သုံးလအတွင်း ပေါင် ၂.၃၅ သန်းအား ပြန်ပေးရန်၊ မပေးပါက နောက်ထပ် ထောင်ဒဏ် ၁၀ နှစ်ကျခံရန် ဆုံးဖြတ်လာပါတယ်။
ဒါ့အပြင် ဂိုးလ်ဒ်နှင့်အတူ ပါဝင်လုပ်ဆောင်ခဲ့တဲ့ အဖွဲ့သား ၄ ဦးတို့ကိုလည်း ပေါင် ၁.၄ သန်းကျော်အား ပြန်ပေးရန်နှင့် မပေးပါက နှစ်ရှည်ထောင်ဒဏ်ကျခံရမယ်လို့ အမိန့်ချမှတ်လာပါတယ်။
စုစုပေါင်း ပေါင် ၃.၇၅ သန်းပြန်ပေးရန် ဆုံးဖြတ်လာမှုမှာ ဗြိတိန်သမိုင်းတွင် တရားမဝင် ရုပ်သံထုတ်လွှင့်သူများအား ဒုတိယအကြီးမားဆုံးငွေပေးချေရန် ဆုံးဖြတ်လာတာပါ။
ဒါ့အပြင် တရားရုံးက ယင်းငွေများမှ ၅၀ ရာခိုင်နှုန်းကို အခွန်ဌာနသို့ ပေးရန်နှင့် ကျန် ၅၀ ရာခိုင်နှုန်းအား စုံစမ်းစစ်ဆေးမှုပြုလုပ်သူများ၊ တရားရုံးများအား ပေးရန် ဆုံးဖြတ်လာပါတယ်။

image

မိမိတို့ အတွင်းမှ အသံကို တိတ်ဆိတ်အောင် လုပ်ရေး စပါးစ်စတားကို ဒီဇာဘီ တိုက်တွန်းလာ
======================

နည်းပြရောဘတ်တိုဒီဇာဘီက ပရီးမီးယားလိဂ်တန်းဆင်းရရေး တိုက်ပွဲအတွက် ကိုယ်တွင်းမှ အသံကို တိတ်ဆိတ်အောင် လုပ်ကြရန် စပါးစ်အား တိုက်တွန်းလာပါတယ်။
စပါးစ်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက ဝုဗ်ကို အနိုင်ရရှိကာ ၂၀၂၆ ခုနှစ်အတွင်း ပထမဆုံးနိုင်ပွဲ ရရှိလာခဲ့ပေမယ့်လည်း ရာသီသိမ်းရန် ၄ ပွဲတည်းသာ လိုတော့တဲ့အချိန်တွင် အဆင့် ၁၈ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်ပြင်ပမှ ဝက်စ်ဟမ်းနှင့် ၂ မှတ်ကွာဟနေပါတယ်။
စပါးစ်ဟာ တနင်္ဂနွေနေ့တွင် အဆင့် ၅ နေရာမှ ဗီလာနှင့် ရင်ဆိုင်ရမှာ ဖြစ်ပြီး ပြီးလျှင် လိဒ်၊ ချဲလ်ဆီး၊ အဲဗာတန်တို့နှင့် တန်းမဆင်းရရေးတိုက်ပွဲဝင်ရပါဦးမယ်။
အီတလီလူမျိုးနည်းပြဒီဇာဘီက "အခု အရေးအကြီးဆုံးစိန်ခေါ်မှုက ကျွန်တော်တို့အတွင်းက ကစားသမားတွေရဲ့ အတွင်းထဲက ဝန်ထမ်းနဲ့ ပရိသတ်တွေရဲ့အတွင်းထဲက အသံကို တိတ်ဆိတ်စေရေးဖြစ်ပါတယ်။ ဒီအသံက အပြုသဘောမဆောင်စေပါဘူး။ ဒီအသံက ကျွန်တော်တို့ကို ကံဆိုးမှု ယူဆောင်လာတယ်။ ဒဏ်ရာပြဿနာအများကြီး ကြုံရတယ်။ ဆိုင်မွန်ဇာဘီကို ဆုံးရှုံးရတယ်။ သူက နောက်ဆုံး၂ ပွဲမှာ အရမ်းအရေးပါတဲ့သူတွေထဲက တစ်ဦး ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ ဆေးအဖွဲ့က လုံလောက်တဲ့ ကောင်းမွန်မှု မရှိဘူး။ ကွင်းမြက်ခင်းကလည်း မကောင်းဘူး။ လေ့ကျင့်ရေးကွင်းကလည်း မကောင်းဘူး။ ၂၀၂၆ ခုနှစ်မှာ နိုင်ပွဲမရခဲ့လေတော့ နှစ်ပွဲဆက် သို့မဟုတ် သုံးပွဲဆက်နိုင်ဖို့ ဆိုတာ ကျွန်တော်တို့အတွက် မဖြစ်နိုင်သလိုပဲ။ အားလုံး အနုတ်လက္ခဏာတွေချည်းပဲ။ ကြည့်ရတာ ကျွန်တော်တို့အားလုံး ငိုယိုနေပြီး တန်းဆင်းထားရသလိုပဲ။ ကျွန်တော်တို့ ကွင်းထဲမှာ သေရပါမယ်။ ကျွန်တော်တို့ ကစားရမယ်၊ တိုက်ပွဲဝင်ရမယ်။ ဝက်စ်ဟမ်းနဲ့ ၂ မှတ်ထက် ပိုလျှော့ရမယ်။ သူတို့လည်း ကျွန်တော်တို့လို ပွဲကြပ်ကစားရမှာပါ။ ကျွန်တော်တို့အတွက် အချိန်ကောင်း မဟုတ်ပါဘူး။ ခက်ခဲတဲ့ ကာလမှာ ရောက်နေပါတယ်။ ဒါပေမယ့် အရှုံးသမားတွေက ငိုတယ်။ သူတို့က အပြုသဘောမဆောင်တာ တွေးတယ်။ ကျွန်တော့်အနီးအနားလူတွေကို ငိုနေတဲ့သူတွေ၊ ကျွန်တော်လို့ မတွေးတဲ့ သူတွေ မဖြစ်စေချင်ပါဘူး"လို့ ပြောကြားသွားပါတယ်။
စပါးစ်ရဲ့ အဓိကကစားသမားများဖြစ်ကြတဲ့ တိုက်စစ်မှူးဆိုလန်ကီအပြင် ဘင်ဒါးဗီးစ်၊ မိုဟာမက်ကူဒပ်စ်၊ ကူလူဆပ်ဗ်စကီး၊ ဝီလ်ဆင်အိုဒိုဘတ်၊ ခရစ္စတီယန်ရိုမီယိုတို့မှာ ဗီလာနှင့်ပွဲတွင် ပါဝင်လာကြမှာ မဟုတ်ပါဘူး။

image

ပရီးမီးယားလိဂ်ထိပ်သီးကလပ်နှင့် အပြောင်းအရွှေ့ကိစ္စဆွေးနွေးလာတဲ့ ယူနိုက်တက်ပစ်မှတ် အဒမ်ဝါတွန်
==================

အဒမ်ဝါတွန်မှာ နွေရာသီတွင် အသင်းပြောင်းရေးအတွက် ပရီးမီးယားလိဂ်ထိပ်သီးကလပ်တစ်ခုနှင့် ဆွေးနွေးလာမှုနှင့်အတူ ယူနိုက်တက်မှာ နွေရာသီ အဓိကပစ်မှတ်အား ဆုံးရှုံးလာရမယ့်အရေးနှင့် ကြုံလာပါတယ်။
ယူနိုက်တက်ဟာ နွေရာသီတွင် ဗဟိုကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူရေး ပစ်မှတ်ထားနေပြီး အသက် ၂၂ နှစ်ရှိ ပဲလေ့စ်စတားမှာ အဓိကပစ်မှတ်အဖြစ် ပစ်မှတ်ထားခြင်းခံနေရပါတယ်။
ဝါတွန်မှာလည်း နွေရာသီတွင် ပဲလေ့စ်မှ ထွက်ခွာမယ်လို့ ယူဆထားရပြီး လီဗာပူး၊ မန်စီးတီးတို့ရဲ့ စိတ်ဝင်စားခြင်းလည်း ခံနေရပါတယ်။
လက်ရှိချန်ပီယံ လီဗာပူးဟာ တနင်္ဂနွေနေ့တွင် အိုးထရက်ဖို့ဒ်သို့ သွားရောက်ကာ ယူနိုက်တက်နှင့် ရင်ဆိုင်ရမှာ ဖြစ်ပြီး ပြိုင်ဘက်ကလပ်ရဲ့ အဓိကပစ်မှတ်အား လုယူရန် ကြိုးပမ်းလာပါတယ်။
လီဗာပူးဟာ အဒမ်ဝါတွန်အား အန်ဖီးလ်သို့ ခေါ်ဆောင်ရေး ယူနိုက်တက်ထက် လက်ဦးမှု ရယူနိုင်ရေး ဆွေးနွေးမှုများ ပြုလုပ်လာပါတယ်။
ယခုရာသီတွင် ပဲလေ့စ်တွင် ကွန်ဖရင့်လိဂ်ဗိုလ်လုပွဲသို့ ခြေတစ်လှမ်း ပို့ဆောင်ထားပြီး ဖြစ်တဲ့ ဝါတွန်ဟာ ယခုရာသီတွင် ၄၆ ပွဲကစားထားကာ နွေရာသီတွင် အင်္ဂလန်နှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်လာဖို့ ရှိနေသူလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ယခုအပတ်အစောပိုင်းတုန်းက ကိုဘီမိုင်နူးအား စာချုပ်သစ်ချုပ်ဆိုထားပြီးဖြစ်ကာ ရာသီသစ်အတွက် ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။
ဒါပေမယ့် ယူနိုက်တက်ဟာ နွေရာသီတွင် ဝါရင့်ကွင်းလယ်ကစားသမားကက်စ်မီရိုထွက်ခွာလာမှာ ဖြစ်လို့ ကွင်းလယ်ကို မဖြစ်မနေ အားဖြည့်ရပါမယ်။
ယူနိုက်တက်ဂန္ထဝင်နစ်ကီဘတ်ကလည်း ယူနိုက်တက်အား ဖောရက်စ်မှ အီးလီးယော့အန်ဒါဆင်ကို မခေါ်ယူဘဲ အဒမ်ဝါတွန်ကို ခေါ်ယူရန် တိုက်တွန်းထားပါတယ်။

image

ဟာလန်းကို ခေါင်းဖြင့် ဆောင့်ခဲ့တဲ့ ဂါဘရီရယ် အနီကတ်ပြထုတ်ပယ်ခံရသင့်ကြောင်း ပရီးမီးယားလိဂ်ဝန်ခံလာ
========================

ပရီးမီးယားလိဂ်က အာလင်းဟာလန်းကို ခေါင်းဖြင့် ဆောင့်တိုက်ခဲ့တဲ့ ဂါဘရီရယ်မှာ အနီကတ်ပြထုတ်ပယ်ခံရသင့်ကြောင်း ဝန်ခံလာပါတယ်။
ဧပြီလ ၁၉ ရက်နေ့ ပွဲစဉ်တွင် အာဆင်နယ်နောက်ခံလူဂါဘရီရယ်ဟာ မန်စီးတီးတိုက်စစ်မှူးအာလင်းဟာလန်းနှင့် အချင်းများခဲ့ပြီး ခေါင်းဖြင့် ဆောင့်တိုက်ခဲ့ပေမယ့်လည်း ဒိုင်လူကြီးအန်တိုနီတေလာက အဝါကတ်သာ ပြခဲ့ပါတယ်။
တေလာဟာ ဂါဘရီရယ်မှာ အာလင်းဟာလန်းကို ရန်လိုတဲ့စိတ်ဖြင့် ပြုမူခဲ့တာ မဟုတ်ဘူးလို့ ယုံကြည်ခဲ့တာလည်း ဖြစ်ပါတယ်။
တဖက်တွင် VAR ကလည်း တေလာရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ခြင်း မရှိပါဘူး။
ဒါပေမယ့် ယခုအခါမှာတော့ ပရီးမီးယားလိဂ်ရဲ့ Key Match Incidents Panel က တေလာရဲ့ ဆုံးဖြတ်ချက်မှာ မှားယွင်းကြောင်း ၃/၂ မဲဖြင့် ဆုံးဖြတ်လာပါတယ်။
သမာဓိခုံအဖွဲ့ဝင်များက ဂါဘရီရယ်မှာ အာလင်းဟာလန်းကို ရည်ရွယ်ချက် ရှိရှိ ရန်လိုတဲ့ အပြုအမူဖြင့် ပြုလုပ်ခဲ့တာလို့ မဲပေးခဲ့ကြတာပါ။
တဖက်တွင် သမာဓိခုံအဖွဲ့ဝင် ၅ ဦးမှ ၄ ဦးတို့က ယင်းအဖြစ်အပျက်တွင် VAR ဒိုင်က ဝင်ရောက် စွက်ဖက်ခဲ့ခြင်း မရှိမှုမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ မဲပေးခဲ့ကြပြန်ပါသေးတယ်။
အဆိုပါပွဲစဉ်တွင် မန်စီးတီးတို့က ၂-၁ ဖြင့် အနိုင်ရခဲ့ရာ ဂါဘရီရယ် အထုတ်မခံရမှုက ပွဲရလဒ်အပေါ် ရိုက်ခတ်ခြင်း မရှိပါဘူး။
ဒါပေမယ့် အနီကတ်သာ ပြသခြင်းခံလာရပါက ဂါဘရီရယ်မှာ ရန်လိုတဲ့ အပြုအမူကြောင့် ၃ ပွဲအထိ ပွဲပယ်ခံလာရမှာ ဖြစ်ပါတယ်။

image

နူးညံ့လွန်းတဲ့ အသင်းကို မာကျောခက်ထန်လာစေရန် MMA ဖိုက်တာရဲ့ အကူအညီရယူလာတဲ့ ပရီးမီးယားလိဂ်ကလပ်
===================

ဘရိုက်တန်ဟာ အလွတ်တည်ကန်ဘောအား ကာကွယ်ရာတွင် နူးညံ့လွန်းတဲ့ အသင်းအား မာကျောခက်ထန်လာစေရန်အတွက် MMA ဖိုက်တာတစ်ဦးကို ငှားရမ်းပြီး အသင်းသားများကို အကူအညီပေးလာပါတယ်။
ဘရိုက်တန်နည်းပြဖေဘီယန်ဟူဇီလာဟာ ယခုအပတ် နယူးကာဆယ်နှင့်ပွဲစဉ်မတိုင်မီ ပြိုင်ဘက်အသင်းများရဲ့ အနိုင်ကျင့်မှုနှင့် အလွတ်တည်ကန်ဘောများကို ကာကွယ်ရာ ပြိုင်ဘက်ကို လွှမ်းမိုးနိုင်ရေးအတွက် အကူအညီရယူလာတာပါ။
ဘရိုက်တန်ဟာ ဂျာမန်ဖိုက်တာခရစ်အက်ခါလင်းအား ငှားရမ်းကာ အကူအညီ ရယူလာတာပါ။
MMA ဖိုက်တာဟာ ဘောလုံးသမားဟောင်းတစ်ဦး ဖြစ်ပြီး ဂျာမန်မှ ကလပ်အများအပြားတို့တွင် ကစားဖူးကာ ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံ မတ်ဟမ်မဲလ်၊ ဘာစတီယန်ရှဝိန်းစတိုင်ဂါတို့နှင့်လည်း ကစားဖူးပါတယ်။
ဒါပေမယ့် သူဟာ ကစားသမားဘဝမှ အနားယူပြီးနောက် MMA လောကသို့ ဝင်ရောက်ခဲ့ကာ ၂၀၀၉ ခုနှစ်တွင် ပထမဆုံးနိုင်ပွဲ ရရှိခဲ့ပြီး နိုင်ပွဲ ၁၉ ပွဲအထိ ရထားကာ ဂျာမန်ဝယ်တာဝိတ်တန်းတွင် အကျော်အမော်တစ်ဦးဖြစ်လာပါတယ်။
သူဟာ ယခုအပတ်မှာတော့ ဘောလုံးလောကသို့ ပြန်ဝင်လာပြီး ဘရိုက်တန်ကစားသမားများအား MMA တိုက်ခိုက်ရေးပညာမျှဝေလာပါတယ်။
ဘရိုက်တန်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ယူရိုပါလိဂ်၊ ချန်ပီယံလိဂ်ဝင်ခွင့်တို့အတွက် တိုက်ပွဲဝင်နေတဲ့အသင်း ဖြစ်ပါတယ်။
ယနေ့ စနေနေ့တွင် ဘရိုက်တန်တို့ ရင်ဆိုင်ရမယ့် နယူးကာဆယ်အသင်းတွင် အရပ် ၆ ပေ၊ ၆ လက်မရှိ ဒန်ဘန်း၊ နစ်ဝယ်တီမိတ်နဲ့ အရပ် ၆ ပေ၊ ၄ လက်မရှိ ဆဗင်ဘော့မန်း၊ မာလစ်သီယော်တို့လို ကစားသမားမျိုး ပါဝင်ကာ အလွတ်တည်ကန်ဘော ကောင်းတဲ့အသင်း ဖြစ်ပါတယ်။
ဟူဇီလာက "အလွတ်တည်ကန်ဘော၊ ပိတ်ဆို့မှုစတဲ့ ပရီးမီးယားလိဂ်မှာ ရေပန်းစားနေတဲ့အရာတွေနဲ့ ပတ်သက်ပြီး အများကြီး ပြောလာကြတော့ သူ့ကို ယူဆောင်လာတာပါ။ စနစ်သစ်မှာ အံဝင်အောင် လုပ်လာတာပါ။ ကျွန်တော်က ကလပ်တစ်ခုကို အရမ်း မနူးညံ့စေချင်ပါဘူး။ တချို့ အခြေအနေတွေမှာ ကိုယ်ရေးကိုယ်တာ တိုက်ပွဲတွေ ရှိတာကြောင့် ခံနိုင်ရည်ရှိဖို့ လိုတယ်။ ပုံစံအမျိုးမျိုးနဲ့ ခံနိုင်ရည် ရှိဖို့ လိုတယ်"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ဂျာမန်လူမျိုးနည်းပြက "MMA ဖိုက်တာတွေက တစ်ယောက်ချင်း ရင်ဆိုင်တာပါ။ သူ့မှာ ပြိုင်ဘက်ကို အနိုင်ယူဖို့ နည်းလမ်းတစ်ခု အမြဲရှာရတယ်။ အခြားအားကစားနည်းတွေကလည်း စိတ်ကူးစိတ်သန်းတွေ ရယူလာတာပါ။ အခြားအားကစားနည်းက စိတ်ကူးစိတ်သန်းတွေကို အကျိုးရှိရှိ အသုံးချလာတာပါ"လို့ ပြောကြားသွားပါတယ်။
ဘရိုက်တန်ဟာ နယူးကာဆယ်နှင့် နောက်ဆုံးအကြိမ် ရင်ဆိုင်တုန်းက ၂-၁ ဖြင့် အနိုင်ရထားသလို နောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲမရှိပါဘူး။
နယူးကာဆယ်ကတော့ နောက်ဆုံး ၁၂ ပွဲတွင် ၉ ပွဲ နိုင်ပွဲပျောက်ထားပါတယ်။

image

ကြီးမားတဲ့ သစ်ပင်အိမ်နှင့် မြင်းဇောင်းတို့ ပါဝင်တဲ့အပြင် အိပ်ခန်း ၁၀ ခန်းပါဝင်တဲ့ နေအိမ်အားပေါင် ၆.၂ သန်းဖြင့် ဝယ်ယူလာတဲ့ အာလင်းဟာလန်း
=====================

အာလင်းဟာလန်းဟာ အိပ်ခန်း ၁၀ ခန်းအထိ ပါဝင်တဲ့ နေအိမ်အား ပေါင် ၆.၂ သန်းဖြင့် ဝယ်ယူလာပါတယ်။
မန်စီးတီးတိုက်စစ်မှူးဟာ သူ့တစ်သင်းတစ်လုံးနီးပါး ကောင်းကောင်းတည်းနိုင်တဲ့ အဆောင် ၄ ခုပါ နေအိမ်ကို ဝယ်ယူလာတာပါ။
ဒါ့အပြင် စိတ်ဝင်စားစရာကောင်းတာကတော့ ယင်းနေအိမ်တွင် ကြီးမားတဲ့ သစ်ပင်အိမ်လည်း ပါဝင်ပါတယ်။
အသက် ၂၅ နှစ်ရှိ ဟာလန်းဟာ ပြီးခဲ့တဲ့နှစ်နွေရာသီတုန်းက ယင်းနေအိမ်အား ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း Land Registry ရဲ့ စာရွက်စာတမ်းများတွင် ဖော်ပြမှုအရ သိရပါတယ်။
ယင်းနေအိမ်တွင် ရေကူးကန်၊ ရေကန်တို့အပြင် ဥယျာဉ်လည်း ပါဝင်သလို ကားဂိုထောင်နှင့် မြင်းဇောင်းများလည်း ပါဝင်ပါတယ်။
ဒါ့အပြင် အာလင်းဟာလန်းဟာ သူဝယ်ယူစုဆောင်းထားတဲ့ ပေါင် ၁၀ သန်တန်ဖိုးရှိ စူပါကားများကို သိမ်းဆည်းထားရန်အတွက် ကြီးမားတဲ့ ကားဂိုထောင်တစ်ခုလည်း တည်ဆောက်ခွင့် ရထားပါသေးတယ်။
အာလင်းဟာလန်းဟာ အသက် ၂၂ နှစ်ရှိ ချစ်သူ အစ်ဇဘယ်လ်ဟော့ဂ်ဆန်ဂျိုဟန်ဆန်နှင့် ကလေးတို့နှင့် အခြေတကျ နေထိုင်ရန်အတွက် ရည်ရွယ်ပြီး ချီရှိုင်းယားရှိ ယင်းနေအိမ်ကို ဝယ်ယူခဲ့တာပါ။
အာလင်းဟာလန်းနှင့် မန်စီးတီးတို့ဟာ ပရီးမီးယားလိဂ်ဖလားအတွက် တိုက်ပွဲဝင်နေတုန်း ဖြစ်ပြီး တနင်္လာနေ့တွင် အဲဗာတန်နှင့် ရင်ဆိုင်ကစားရပါမယ်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
****************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image