နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ မြစ်ကြီးနားတပ်နယ်သို့ သွား​ရောက်ပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကို တွေ့ဆုံ

မဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် ပါတီစုံဒီမိုကရေစီလျှောက်လမ်းသည့်နိုင်ငံတွင် နေထိုင်သူများဖြစ်၍ ရွေးကောက်ပွဲတွင်မဲပေးရန် တစ်ဦးချင်းတာဝန်ရှိဟု ကော်မရှင် ဒုတိယဥက္ကဋ္ဌ​ပြောကြား
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယ​နေ့(ဒီဇင်ဘာ ၁၆ ရက်) နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမ၌ မြစ်ကြီးနားတပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုဝင်များကို တွေ့ဆုံခဲ့​ကြောင်း သိရသည်။
ထိုသို့​တွေ့ဆုံရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကားပြောကြားရာတွင် ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပမည်ဖြစ်ကြောင်း၊ ယခု ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ ပထမအပိုင်းကို မြို့နယ် ၁၀၂ မြို့နယ်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ ဒုတိယအပိုင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ နှင့် တတိယ အပိုင်းကို (၂)ပတ်အကြားတွင်လည်း မြို့နယ် ၇၂ မြို့နယ်တို့တွင် ကျင်းပမည်ဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို တပ်မတော်က ဦးစီးကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရန် သက်ဆိုင် ရာတာဝန်ရှိသူများက ကျရာကဏ္ဍမှ အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင် ရွက်ရမည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲကျင်းပရန် ကျန်ရှိသည့် မြို့နယ် ၅၆ မြို့နယ်ကိုလည်း အတတ်နိုင်ဆုံး ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ရန် ရည်ရွယ်ထားကြောင်း ထည့်သွင်း​ပြောကြားသည်။
ထို့အတူ ၂၀၂၀ ပြည့်နှစ်တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများမဖြစ်ပေါ် စေရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ရွေးကောက်ပွဲတွင် မဲစာရင်းများမှားယွင်းမှုများကြောင့် နိုင်ငံတော်၏ တာဝန်များကို ခေတ္တတာဝန်ယူခဲ့ရကြောင်း၊ ယခု ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို တပ်မတော်က ဦးဆောင်ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲတွင် မဲမသမာမှုများပြုလုပ်၍မရနိုင်သည့် ဒီဂျစ်တယ်ဖြင့် မဲပေးသည့်စနစ် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) များကို အသုံးပြုမည်ဖြစ် ကြောင်း၊ ယင်းစနစ်ကို နိုင်ငံပေါင်း ၃၄ နိုင်ငံက အသုံးပြု၍ ရွေးကောက်ပွဲများ ကျင်းပခဲ့ကြောင်း၊ အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားရှိသူများသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများကို မဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ရေး တစ်အိမ်တက်ဆင်းဖြင့် လိုအပ်သည့် အချက်အလက်များကို စိစစ်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ မဲစာရင်းတွင် ပါဝင်သူများ မဲပေးခွင့် မဆုံးရှုံးစေရေး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ကျရာကဏ္ဍမှ လစ်ဟာမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ​ကော်မရှင်ဒုတိယဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက​ပြောကြားသည်။
ထို့ပြင် ပြည်သူများ စိတ်အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် နယ်မြေ တည်ငြိမ်အေးချမ်းရေးသည် အရေးကြီးသည့်အတွက် လုံခြုံရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနေပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိပ်နှင်းရေးအဖွဲ့များ၊စေတနာ့ ဝန်ထမ်း၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများတို့က အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူများ အနေဖြင့် ပါတီစုံဒီမိုကရေစီလျှောက်လမ်းသည့် နိုင်ငံတွင် နေထိုင်သူများဖြစ်၍ ရွေးကောက်ပွဲတွင် မဲပေးရန် တစ်ဦးချင်း တာဝန်ရှိကြောင်း၊ လူငယ်များအနေဖြင့်လည်း နိုင်ငံတော်တာဝန်များကို တစ်ချိန်တွင် ဒီမိုကရေစီစနစ်နှင့်အညီ တာဝန် ထမ်းဆောင်ကြမည့်သူများဖြစ်သဖြင့် ယခုကျင်းပမည့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဖြစ်မနေပါဝင်၍ မဲပေးရမည် ဖြစ်ကြောင်း၊ မဲပေးရာတွင်လည်း မဲပေးမည့် ကိုယ်စားလှယ်သည် တပ်မတော်နှင့် စိတ်တူကိုယ်တူ လက်တွဲဆောင် ရွက်နိုင်သည့်သူ၊ ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်း လိုက်နာမည့်သူ၊ မိမိဒေသကောင်းကျိုး ဆောင်ရွက်နိုင်သူ၊ အကျင့်စာရိတ္တ ကောင်းမွန်သူ၊ ကျန်းမာ ကြံ့ခိုင်ပြီး အဖွဲ့အစည်းကိုဦးစီး ဦးရွက် ပြုလုပ်နိုင်သူများနှင့် လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးအမြင်ရှိသူများကို ရွေးချယ်၍ ဆန္ဒမဲများ ပေးနိုင်ရန်လိုကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြီးစီးချိန်တွင် လွှတ်တော်ကိုခေါ်ယူ၍ အသစ် ဖွဲ့စည်းမည့်အစိုးရအား နိုင်ငံတော်၏ တာဝန်များကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ​ကော်မရှင်ဒုတိယဥက္ကဌက ထည့်သွင်း​​ပြောကြားသည်။
​အလားတူ ကော်မရှင်ဒုတိယဥက္ကဌက မြစ်ကြီးနားတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကို တပ်ပိုင်းဆိုင်ရာ လိုက်နာရမည့် စည်းကမ်းပိုင်းဆိုင်ရာ ကိစ္စရပ်များကိုလည်း ​ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများ၊ ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူးနှင့် ဇနီး၊ တာဝန်ရှိသူတို့က လက်ခံရယူခဲ့​ကြောင်း သိရသည်။

image

KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၁၂ လုံး ထပ်မံဖြိုချခဲ့ပြီး မြဝတီမြို့အတွင်း တရားမဝင်တရုတ်နိုင်ငံသား သုံးဦး ထပ်မံဖမ်းဆီးရမိ

အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၆ ရက်တွင် မြဝတီ-မဲထော်သလေး (KK Park) နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အပိုင်း(၃) နယ်မြေအတွင်းရှိ တရားမဝင် သုံးထပ်အဆောက်အအုံ တစ်လုံး၊ နှစ်ထပ်အဆောက်အအုံ ၁၁ လုံး၊ စုစုပေါင်း တရားမဝင်အဆောက်အအုံ ၁၂ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံးအနက် ၄၅၆ လုံးကို ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ပတ်ဝန်းကျင်ဒေသတစ်ဝိုက်ရှိ အဆောက်အအုံများ၌ တရားမဝင်ပြည်ပနိုင်ငံသားများ ဝင်ရောက်နေထိုင်ခြင်းနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဒီဇင်ဘာ ၈ ရက်မှစတင်၍ ရှာဖွေရှင်းလင်းဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၆ ရက်တွင်လည်း အဆောက်အအုံ ၄၃ လုံး ထပ်မံစစ်ဆေးနိုင်ခဲ့ပြီး အဆိုပါအဆောက်အအုံများ အနက်မှ မြဝတီမြို့၊ အမှတ်(၃) ရပ်ကွက်၊ အင်ကြင်းလမ်းရှိ အဆောက်အအုံ တစ်လုံးအတွင်း၌ တရားမဝင်တရုတ်နိုင်ငံသား အမျိုးသား သုံးဦးတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး စုံစမ်းစစ်ဆေးမှုများပြီးဆုံးပါက ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

image

ဆော်ဒီအာရေဗျတွင် ယခုနှစ်အတွင်း သေဒဏ်ပေးမှုစံချိန်တင်ခဲ့ပြီး အကျဉ်းသား ၃၄၀ ကွပ်မျက်ခံရ

ဆော်ဒီအာရေဗျနိုင်ငံတွင် ၂၀၂၅ ခုနှစ်အတွင်း သေဒဏ်ပေးသည့် အကျဉ်းသားဦးရေ စံချိန်တင်ခဲ့ပြီး အကျဉ်းသား ၃၄၀ ဦး ကွပ်မျက်ခံခဲ့ရကြောင်း AFP စာရင်းအရသိရသည်။ ဒီဇင်ဘာ ၁၅ ရက်မှာပင် လူသုံးဦးကို သေဒဏ်စီရင်ခဲ့သည်။
ဆော်ဒီသည် မကြာသေးမီနှစ်များအတွင်း သေဒဏ်ပေးမှုကို အများဆုံးကျင့်သုံးသည့်နိုင်ငံများအနက် တရုတ်နှင့် အီရန်တို့နောက်တွင် ရပ်တည်နေသည်။
လူ့အခွင့်အရေးအဖွဲ့များက ၁၉၉၀ ပြည့်လွန်နှစ်များတွင် ကွပ်မျက်မှုအရေအတွက်ကို စတင်မှတ်တမ်းတင်ခဲ့ချိန်မှစ၍ ဆော်ဒီအာရေဗျက ပြီးခဲ့သည့်နှစ်တွင် သေဒဏ်ပေးမှုစံချိန်ကို ကျော်တက်သွားခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် ဆော်ဒီ၌ လူ ၃၃၈ ဦးကို ကွပ်မျက်ခဲ့သည်။
ဆော်ဒီပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အကျဉ်းသား သုံးဦးကို လူသတ်မှုဖြင့် မက္ကာတွင် ဒီဇင်ဘာ ၁၅ ရက်က ကွပ်မျက်ခဲ့သည်။
AFP စာရင်းဇယားအရ ဆော်ဒီတွင် ယခုနှစ်အတွင်း ကွပ်မျက်ခံရသူ ၃၄၀ ဦးအနက် အများစုက မူးယစ်ဆေးဝါးဆိုင်ရာပြစ်မှုများဖြင့် သေဒဏ်ကျသူများဖြစ်ပြီး အရေအတွက်အားဖြင့် ၂၃၂ ဦးရှိသည်။
ဆော်ဒီအာရေဗျတွင် မူးယစ်ဆေးမှုဖြင့် သေဒဏ်ပေးခြင်းကို သုံးနှစ်ခန့် ရပ်ဆိုင်းခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ယင်းသို့ကွပ်မျက်မှုများကို ပြန်လည်စတင်ခဲ့သည်။
အာရပ်ကမ္ဘာတွင် စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့် ဆော်ဒီသည် Captagon ခေါ် တရားမဝင်စိတ်ကြွဆေးဝါးအတွက် အကြီးမားဆုံးဈေးကွက်များထဲမှ တစ်ခုဖြစ်ပြီး ကုလသမဂ္ဂအဆိုအရ ထိုဆေးသည် သမ္မတဟောင်း အာဆတ်လက်ထက်က ဆီးရီးယားနိုင်ငံ၏ အကြီးဆုံးပို့ကုန်ဖြစ်သည်။
မူးယစ်ဆေးတိုက်ဖျက်ရေးကို စတင်ခဲ့ပြီးနောက် ဆော်ဒီနိုင်ငံရှိ အဝေးပြေးလမ်းမကြီးများနှင့် နယ်စပ်ဖြတ်ကျော်ဂိတ်များတွင် ရဲစစ်ဆေးရေးဂိတ်များ တိုးမြှင့်ချထားခဲ့ရာ သန်းပေါင်းများစွာသော ဆေးပြားများကို သိမ်းဆည်းရမိခဲ့ပြီး မှောင်ခိုသမား ရာနှင့်ချီ ဖမ်းမိခဲ့သည်။
Amnesty International လူ့အခွင့်အရေးအဖွဲ့၏ အဆိုအရ ဆော်ဒီအာရေဗျသည် ၂၀၂၂ ၊ ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်တို့တွင် တရုတ်နှင့် အီရန်တို့ပြီးလျှင် ကမ္ဘာတစ်ဝန်း သေဒဏ်စီရင်မှုအများဆုံး တတိယနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေသည်။

image

ငွေကြေးအရင်းအနှီး လိုအပ်နေသည့် ဆီစက်ပိုင်ရှင်များ လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေ (Working Capital) ကျပ်သိန်း ၁၀၀ မှ ကျပ်သိန်း ၅၀၀၀ အထိ၊ မတည်ရင်းနှီးငွေ (Fixed Capital) ကျပ်သိန်း ၂၀၀ မှ ကျပ်သိန်း ၅၀၀၀ အထိ ချေးငွေထုတ်ယူနိုင်

ငွေကြေးအရင်းအနှီး လိုအပ်နေသည့် ဆီစက်ပိုင်ရှင်များ လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေ (Working Capital) အတွက် အနည်းဆုံးကျပ်သိန်း ၁၀၀ မှ အများဆုံးကျပ်သိန်း ၅၀၀၀ အထိ၊ မတည်ရင်းနှီးငွေ (Fixed Capital) အတွက် အနည်းဆုံး ကျပ်သိန်း ၂၀၀ မှ အများဆုံး ကျပ်သိန်း ၅၀၀၀ အထိ ချေးငွေထုတ်ယူနိုင်ကြောင်း ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့က ထုတ်ပြန်သည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့သည် ပြည်တွင်းရှိဆီစက်များသို့ အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လုပ်ငန်းသုံးရင်းနှီး လည်ပတ်ငွေလိုအပ်ချက်များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေမှ အတိုးနှုန်းသက်သာသော ချေးငွေများကို မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် (၁၄)ဘဏ်တို့မှ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေကို ဖော်ပြပါအချက်များနှင့်ညီညွတ်ပါက လျှောက်ထားနိုင်ကြောင်း၊ ယင်းအချက်များမှာ လက်ရှိလုပ်ငန်းလည်ပတ်လုပ်ကိုင်နေသော ဆီစက်ဖြစ်ရမည်၊ လုပ်ငန်းအမည်ပေါက် လိုင်စင် (သက်တမ်းရှိ) ရှိရမည်၊ ချေးငွေအတွက် အာမခံအဖြစ် အမည်ပေါက်ပိုင်ဆိုင်သော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းများ၊ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇)များကို ပေးအပ်နိုင်ရမည်၊ နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များတွင် လက်ရှိချေးငွေရယူထားသူများအနေဖြင့် ဆီစက် ဖွံ့ဖြိုးရေးချေးငွေရယူလိုပါက သီးခြားအာမခံတင်သွင်းနိုင်မှသာ လျှောက်ထားနိုင်ပါသည်၊ FDA လက်မှတ်ရရှိပြီးသူ၊ အသေးစားစက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ်ရရှိပြီးသူနှင့် သက်ဆိုင်ရာဒေသရှိဆီစက်ပိုင်ရှင်များအသင်း၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းဝင် လုပ်ငန်းရှင်များအား ဦးစားပေးစဉ်းစားမည် စသည်တို့ဖြစ်ကြောင်း သိရသည်။
ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေအတွက် ချေးငွေဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်အနေဖြင့် ချေးငွေပမာဏမှာ လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေ (Working Capital) အတွက် ချေးငွေသည် အနည်းဆုံးကျပ်သိန်း ၁၀၀ မှ အများဆုံး ကျပ်သိန်း ၅၀၀၀ အထိ၊ မတည်ရင်းနှီးငွေ (Fixed Capital) အတွက် ချေးငွေသည် အနည်းဆုံး ကျပ်သိန်း ၂၀၀ မှ အများဆုံး ကျပ်သိန်း ၅၀၀၀ အထိဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ကျပ်သိန်း ၅၀၀၀ အထက် ကျပ်သိန်း ၁၀၀၀၀ အထိ ချေးငွေရယူလိုသော ကုမ္ပဏီအစုအဖွဲ့များ၊ ဆီစက်ကြီးများအနေဖြင့် စက်အသစ်တည်ဆောက်ခြင်း၊ တိုးချဲ့တပ်ဆင်ခြင်းများအတွက် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူးရုံး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)သို့ တိုက်ရိုက်ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ချေးငွေသက်တမ်းနှင့် ပြန်ဆပ်ကာလမှာ လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေ (Working Capital) အတွက် ချေးငွေသက်တမ်းတစ်နှစ်၊ မတည်ရင်းနှီးငွေ (Fixed Capital) အတွက် ချေးငွေသက်တမ်း သုံးနှစ် (ဆိုင်းငံ့ကာလ တစ်နှစ်၊ ပြန်ဆပ်ကာလ နှစ်နှစ်၊ လေးရစ်ပေးဆပ်ရန်)၊ ချေးငွေအတိုးနှုန်းအနေဖြင့် တစ်နှစ်လျှင် ငါးရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

image

နေပြည်တော်တွင် စည်ပင်အခွန်အခများကို Digital Payment များဖြင့် ပေးဆောင်နိုင်ပြီ

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကောက်ခံလျက်ရှိသည့် ပစ္စည်းခွန်အပါအဝင် အဆောက်အဦး စစ်ဆေးခနှင့် ရေဖိုးရေခများကို Bank များ၏ Digital Payment များဖြင့် ပေးဆောင်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ပေးဆောင်နိုင်ရန်အတွက် အစိုးရအနေဖြင့် အမျိုးသားငွေပေးချေမှုစနစ် မဟာဗျူဟာတစ်ရပ်ချမှတ်ကာ မြန်မာနိုင်ငံ၏ ငွေပေးချေမှုစနစ် နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီ တိုးတက်လာစေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
Digital Payment ငွေပေးချေမှုစနစ်သည် ပြည်သူလူထု၏ နေ့စဉ်လူမှုဘဝတွင် ငွေပေးချေမှုများကို လုံခြုံစိတ်ချ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်စေရန်၊ ငွေသားကိုင်တွယ်သုံးစွဲမှုလျှော့ချရန်၊ ဒစ်ဂျစ်တယ်ပေးချေမှုများကို တိုးမြှင့်ဆောင်ရွက်ရန်၊ mobile သုံးစွဲမှုများ တိုးတက်လာသည်နှင့်အမျှ အခြေခံလူတန်းစားများအထိ ဒစ်ဂျစ်တယ်ပေးချေမှုနည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

image

အီတလီမြောက်ပိုင်းမှာ ဒိုင်နိုဆောခြေရာ ထောင်ပေါင်းများစွာ တွေ့ရှိ

အီတလီမြောက်ပိုင်းရှိ အမျိုးသားဥယျာဉ်တခုမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၂၁၀ ခန့်က ရှင်သန်ကျက်စားခဲ့တဲ့ ဒိုင်နိုဆောခြေရာထောင်ပေါင်းများစွာကို တွေ့ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ခြေရာအချို့မှာ အချင်း ၄၀ စင်တီမီတာ (၁၅ လက်မ) အထိရှိပြီး ခြေချောင်းတွေနဲ့ ခြေသည်းတွေရဲ့ သိသာထင်ရှားတဲ့ အရိပ်လက္ခဏာတွေလည်း ရှိပါတယ်။ ဒီဒိုင်နိုဆောတွေဟာ လည်ပင်းရှည်၊ ဦးခေါင်းသေးငယ်ပြီး ချွန်ထက်တဲ့ ခြေသည်းတွေပါရှိတဲ့ အပင်စား ပရိုဆော်ရိုပေါ့ဒ် အမျိုးအစားတွေ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
"ကျွန်တော်နေထိုင်တဲ့ ဒေသမှာ ဒီလောက်အံ့မခန်း ရှာဖွေတွေ့ရှိမှုကို ကျွန်တော် ဘယ်တုန်းကမှ မတွေ့ရှိခဲ့ဖူးဘူး" လို့ မီလန်အခြေစိုက် ရှေးဟောင်းသုတေသနပညာရှင် ခရစ်တီယာနိုဒလ်ဆက်ဆိုက ပြောပတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလက ဓာတ်ပုံဆရာတယောက်ဟာ မီလန်မြို့ အရှေ့မြောက်ဘက်ရှိ စတယ်လ်ဗီအို အမျိုးသားဥယျာဉ်ရှိ တောင်နံရံတခုပေါ်မှာ မီတာရာပေါင်းများစွာ ရှည်လျားတဲ့ ခြေရာတွေကို စတင်တွေ့ရှိခဲ့တာပါ။
လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၂၅၀ မှ ၂၀၁ ခန့်အတွင်း ထရိုင်ဆစ် ကာလမှာ ဒီတောင်နံရံဟာ ကမ်းပါးတခုဖြစ်ပြီး နောက်ပိုင်းမှာတော့ အယ်လ်ပိုင်းတောင်တန်းရဲ့ အစိတ်အပိုင်းတခု ဖြစ်လာခဲ့ပါတယ်။ "ဒီနေရာဟာ ဒိုင်နိုဆောတွေနဲ့ ပြည့်နှက်နေတယ်။ ဒါဟာ ကြီးမားတဲ့ သိပ္ပံပညာဆိုင်ရာ ရတနာတပါးပါ" လို့ မစ္စတာ ဒယ်လ်ဆက်ဆိုက ပြောပါတယ်။
အရှည် ၁၀ မီတာ (၃၃ ပေ) အထိ ရှိနိုင်တဲ့ ပရိုဆော်ရိုပေါ့ဒ်တွေဟာ ခြေထောက်နှစ်ချောင်းနဲ့ လမ်းလျှောက်ကြပေမယ့် အချို့ကိစ္စတွေမှာတော့ ခြေရာတွေရှေ့မှာ ရှေ့ခြေလက်နှစ်ချောင်း အရာတွေ တွေ့ရှိခဲ့ရပြီး ဒါဟာ ရပ်တန့်ပြီးနောက် ရှေ့ခြေတွေကို မြေပြင်ပေါ်မှာ ချခဲ့တာဖြစ်နိုင်ကြောင်း သုတေသီတွေက ပြောပါတယ်။
အီတလီယဉ်ကျေးမှုဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ဒီဒေသဟာ ဝေးလံခေါင်သီပြီး လမ်းကြောင်းအရ ဝင်ရောက်မရသောကြောင့် ဒရုန်းတွေ အဝေးထိန်းအာရုံခံနည်းပညာတွေကို အသုံးပြုလေ့လာသွားမယ်လို့ ဆိုပါတယ်။
စတယ်လ်ဗီအိုအမျိုးသားဥယျာဉ်ဟာ လာမည့်နှစ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ကျင်းပမယ့်နေရာအနီးရှိ အီတလီနိုင်ငံနဲ့ ဆွစ်ဇာလန်နယ်စပ် ဖရေလီ ချိုင့်ဝှမ်းမှာ တည်ရှိပါတယ်။

image

ကိုင်လီယန်ဘက်ပေးကို ယူရိုသန်း ၆၀ ပေးလာရတော့မယ့် ပီအက်စ်ဂျီ
====================

ပြင်သစ်တရားရုံးတစ်ခုက ပီအက်စ်ဂျီအနေဖြင့် ကိုင်လီယန်ဘက်ပေးအား ပေးရန် ရှိနေတဲ့ လုပ်ခနှင့် အပိုဆုကြေး ကြွေးကျန် ယူရိုသန်း ၆၀ (ပေါင် ၅၂.၅ သန်း)အားပေးရန် အမိန့်ချမှတ်လာပါတယ်။
ဘက်ပေးဟာ ပဲရစ်အလုပ်သမားတရားရုံးတွင် ပီအက်စ်ဂျီနှင့် ကာလရှည်ကြာ အမှုရင်ဆိုင်နေခဲ့ရတာ ဖြစ်ပြီး အသင်းဟောင်းထံမှ ယူရို ၂၆၃ သန်း(ပေါင် ၂၃၁.၅ သန်း)အထိ တောင်းဆိုထားတာပါ။
တဖက်တွင် ချန်ပီယံလိဂ်ချန်ပီယံကလည်း ပြင်သစ်အသင်းခေါင်းဆောင်ထံမှ ယူရိုသန်း ၂၄၀ (ပေါင် ၂၁၁ သန်း) ရရှိရန် တရားစွဲထားပါတယ်။ ပီအက်စ်ဂျီဟာ ၂၀၂၃ ခုနှစ် နွေရာသီတုန်းက ဘက်ပေးဘက်က ဆော်ဒီကလပ်သို့ ပြောင်းရန် ငြင်းဆိုမှုကြောင့် နစ်နာခဲ့ရတဲ့ ပြောင်းရွှေ့ကြေးအား တောင်းဆိုခဲ့တာပါ။
ဘက်ပေးကလည်း ကလပ်က သူ့ကို ပထမအသင်းမှ ဖယ်ရှားမှုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ ရရန် ရှိတဲ့ လုပ်ခနှင့် အပိုဆုကြေးငွေများအတွက် ယူရို ၂၆၃ သန်း ပြန်လည်တောင်းဆိုခဲ့ပါတယ်။
ယခုအခါမှာတော့ ပြင်သစ်တရားရုံးက ပီအက်စ်ဂျီမှာ ၂၀၂၄ ခုနှစ် ဧပြီလမှ ဇွန်လအထိ လုပ်ခပေးထားခြင်း မရှိမှု၊ အပိုဆုကြေးငွေနှင့် လက်မှတ်ထိုးကြေးပေးရန် ကျန်ရှိနေကြောင်း‌တွေ့ရပြီးနောက် ယူရို ၆၀ သန်းအား ဘက်ပေးကို ပေးရန် ဆုံးဖြတ်လာပါတယ်။
ယခု တရားရုံးက ဆုံးဖြတ်လာတဲ့ ပေးရန် ရှိတဲ့ ငွေထဲမှ အများစုက ဆုကြေးငွေလို့ ယူဆရပါတယ်။
ပီအက်စ်ဂျီဟာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လက်မခံဘဲ အယူခံဝင်သွားပါဦးမယ်။
ဘက်ပေးဟာ ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ပီအက်စ်ဂျီအတွက် ကစားစဉ်အတွင်း ၃၀၈ ပွဲတွင် ၂၅၆ ဂိုးသွင်းပေးခဲ့ကာ ကလပ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားသူအဖြစ် ရပ်တည်နေပြီး ဆုဖလား ၁၅ လုံး ဆွတ်ခူးခဲ့ပါတယ်။

image

ယူနိုက်တက်က ဆော်ဒီသို့ သွားစေလိုမှုကြောင့် စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ဘရူနိုဖာနန်ဒက်စ်
====================

ယူနိုက်တက်အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်က ကလပ်ဘက်က သူ့ကို ဆော်ဒီသို့ သွားစေလိုကြောင်း သိရှိခဲ့ရပြီးနောက် စိတ်မကောင်းဖြစ်ခဲ့ရကြောင်း ဆိုသွားပါတယ်။ ယူနိုက်တက်ဟာ နွေရာသီတုန်းက Al Hilal က ပေါ်တူဂီစတားအား မြင့်မားတဲ့ ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းလာချိန်တွင် ဆော်ဒီသို့ သွားစေလိုခဲ့တာလည်း ဖြစ်ပါတယ်။
Al Hilal ဘက်က ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ၊ တစ်ပတ်လုပ်ခ ပေါင် ၇၀၀၀၀၀ အထိ ပေးလာခဲ့ပေမယ့်လည်း ဘရူနိုဖာနန်ဒက်စ်က ဆော်ဒီသို့ ပြောင်းရန် ငြင်းဆိုပြီး ယူနိုက်တက်တွင်ပင် ဆက်ကစားရန် ဆုံးဖြတ်ခဲ့ပါတယ်။
ဖာနန်ဒက်စ်ဟာ ယူနိုက်တက်နှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး စာချုပ်အတွင်းတွင် တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ကိုလည်း ထည့်သွင်းထားပါတယ်။
အောက်တိုဘာလတုန်းက ယူနိုက်တက်အတွက် ပွဲ ၃၀၀ မပြည့်မီ ဘရူနိုဖာနန်ဒက်စ်က လာမယ့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးအထိ အနာဂတ်နှင့်ပတ်သက်ပြီး ဆွေးနွေးမှာ မဟုတ်ကြောင်း ပြောဆိုခဲ့ဖူးပါတယ်။
ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က ပိုင်တဲ့ ရုပ်သံလိုင်း Canal 11 နှင့် အင်တာဗျူးသစ်တွင် ဖာနန်ဒက်စ်က "ကလပ်ဘက်က 'မင်း သွားရင် ငါတို့အတွက် မဆိုးဘူး'လို့ ပြောလာသလို ခံစားရတယ်။ အနည်းငယ်နာကျင်ရတယ်။ နာကျင်ရတယ်ဆိုတာထက် ပိုပါတယ်။ စိတ်မကောင်းဖြစ်ရတယ်။ ကျွန်တော်က ဘယ်သူမှ ဝေဖန်လို့ မရတဲ့ ကစားသမားတစ်ဦးပါ။ အမြဲတမ်း ပွဲကစားဖို့ အသင့်ရှိနေတဲ့သူ၊ အမြဲတမ်းအကောင်းဆုံးကစားပေးလာတဲ့သူပါ။ ဒီအပြောင်းအရွှေ့မှာ ထွက်ခွာနိုင်ခဲ့တယ်။ ငွေလည်း အများကြီး ရနိုင်ခဲ့တယ်။ ဒီရာသီမှုာ ဆုဖလားလည်း အများကြီး ရနိုင်ခဲ့တယ်။ ဒါပေမယ့် မသွားဖို့ ဆုံးဖြတ်ခဲ့တယ်။ မိသားစုအကြောင်းပြချက်ကြောင့်သက်သက် မဟုတ်ပါဘူး။ ဒီကလပ်အပေါ်မှာ အရမ်းချစ်လို့လည်း ဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။
ဖာနန်ဒက်စ်ဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် စပို့တင်းလစ္စဘွန်းမှ ပေါင် ၄၇ သန်းဖြင့် ပြောင်းလာပြီးနောက် ယူနိုက်တက်အတွက် ၃၀၇ ပွဲကစားထားကာ ၁၀၃ ဂိုးသွင်းပြီး ၉၃ ကြိမ် ဖန်တီးထားပါတယ်။
သူဟာ ယခုရာသီတွင်လည်း ယူနိုက်တက်အတွက် ၅ ဂိုးသွင်းကာ ၇ ကြိမ် ဖန်တီးထားပါတယ်။
ဒါ့အပြင် ဖာနန်ဒက်စ်က Al Hilal သို့ မပြောင်းလိုမှုကြောင့် ထိပ်တန်းအဆင့်တွင် ဆက်ကစားလိုနေသေးတဲ့အပြင် နည်းပြရူဘင်အမိုရမ်ကလည်း အိုးထရက်ဖို့ဒ်တွင် ဆက်ကစားရန် တိုက်တွန်းမှုကြောင့် ဖြစ်ကြောင်း ဆိုသွားပါတယ်။
ဖာနန်ဒက်စ်က "ကလပ်က ကျွန်တော့်ကို ထွက်ခွာစေချင်တယ်။ မန်နေဂျာက ကျွန်တော့်ကို ဆက်ပြီးတော့ အလိုရှိနေသေးတော့ ထွက်ခွာဖို့ ဆုံးဖြတ်လာအောင် ဖိအားပေးလို့ မရဘူးလို့ ဒါရိုက်တာတွေကို ပြန်ပြောခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်ဘက်ကသာ ထွက်ခွာချင်မယ်ဆိုရင် မန်နေဂျာက ဆက်နေစေချင်ရင်လည်း ကလပ်ဘက်က ထွက်ခွင့်ပေးလာမှာပါ"လို့ ပြောကြားသွားပါတယ်။
ယခုအခါ ယူနိုက်တက်ဟာ ဖာနန်ဒက်စ်ကို ရောင်းချရေး လုံးဝ မစဉ်းစားတော့ဘဲ ကလပ်ရဲ့ အနာဂတ်စီမံကိန်းတွင် အရေးပါတဲ့ အုတ်မြစ်အဖြစ် သတ်မှတ်ထားပြီလည်း ဖြစ်ပါတယ်။

image

လီဗာပူးလ်အသင်းရဲ့ အောင်ပွဲခံအခမ်းအနားမှာ ကားနဲ့ဝင်တိုက်ခဲ့သူ ထောင်ဒဏ်(၂၁)နှစ်နဲ့ (၆)လ ချမှတ်ခံရ

ပြီးခဲ့တဲ့ မေလအတွင်းက လီဗာပူးလ်အသင်းရဲ့ အောင်ပွဲခံအခမ်းအနားမှာ ပရိသတ်တွေကြားထဲ ကားနဲ့ဝင်တိုက်ခဲ့သူကို ထောင်ဒဏ်(၂၁)နှစ်နဲ့ (၆)လ ချမှတ်လိုက်ကြောင်း သိရပါတယ်။
လီဗာပူးလ်အသင်းဟာ မေလ(၂၆)ရက်နေ့မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိခြင်းအတွက် အောင်ပွဲခံအခမ်းအနားပြုလုပ်ခဲ့တာဖြစ်ပြီး ပရိသတ်ထောင်ပေါင်းများစွာ ဝင်ရောက်ဆင်နွှဲခဲ့ကြပါတယ်။
အဲဒီလို ပရိသတ်တွေ စုဝေးနေတဲ့ လူအုပ်ထဲကို ပေါလ်ဒွိုင်းလို့ အမည်ရသူက ကားနဲ့ ဝင်တိုက်ခဲ့တာဖြစ်ပြီး ဒဏ်ရာရသူ(၁၃၄)ဦး ရှိခဲ့ကြောင်း သိရပါတယ်။
ပေါလ်ဒွိုင်းက အသက်(၅၄)နှစ်ရှိပြီဖြစ်သလို၊ ကလေး(၃)ယောက်ရဲ့ ဖခင်လည်းဖြစ်ပြီး သူငယ်ချင်းတွေနဲ့ဆုံတွေ့ဖို့ လီဗာပူးလ်မြို့လယ်ကို ရောက်ရှိလာစဉ် အခုလို ဆိုးရွားတဲ့ ပြစ်မှု ကျူးလွန်ခဲ့မိခြင်းဖြစ်ကြောင်း သိရပါတယ်။
ပေါလ်ဒွိုင်းကြောင့် ဒဏ်ရာရခဲ့သူတွေထဲမှာ (၆)လအရွယ် ကလေးငယ်တစ်ဦးနဲ့ အသက်(၇၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း ပါဝင်ခဲ့ပြီး သူ့ရဲ့ပြစ်ဒဏ်အတွက် စီရင်ချက်ကို မနေ့က ချမှတ်ခဲ့တာဖြစ်ပါတယ်။

image

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။
ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။
လက်ရှိ၌ ပဲခူးတိုင်းဒေသကြီးအတွင်း၌ ဒုတိယအကြိမ် မဲစာရင်းကို အခြေခံပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းပါရှိနိုင်ရေး Door to Door မြေပြင်ကွင်းဆင်းစာရင်း တိုက်ဆိုင်စစ်ဆေးပြီးဖြစ်ကာ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိနေကြောင်းလည်း သိရသည်။

image