ဒုတိယအကြိမ်မြောက် အာဆီယံ-အမေရိကန် ပင်လယ်ရေကြောင်းဆိုင်ရာလေ့ကျင့်ခန်းပြုလုပ်ခဲ့သည့် စစ်ရေယာဉ်(ကျန်စစ်သား)ပြန်လည်ရောက်ရှိ

အင်ဒိုနီရှားနိုင်ငံ၊ ဘာတန်မြို့၌ ဒီဇင်ဘာ ၉ ရက်မှ ဒီဇင် ဘာ ၁၃ ရက်အထိပြုလုပ်ခဲ့သော ဒုတိယအကြိမ်မြောက် အာဆီယံ-အမေရိကန် ပင်လယ်ရေကြောင်းဆိုင်ရာလေ့ကျင့်ခန်းတက်ရောက်ခဲ့သည့် တပ်မတော် (ရေ)မှ စစ်ရေယာဉ်(ကျန်စစ်သား)သည် ယနေ့ ဒီဇင် ဘာ ၁၈ ရက်နေ့လည်ပိုင်းက ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ရေယာဥ်(ကျန်စစ်သား)အား ဗိုလ်မှူးကြီး ခွန်အောင်ကျော်ဦးဆောင်ပြီး ဒုတိယအကြိမ် အာဆီယံ-အမေရိကန် ပင်လယ်ရေကြောင်းဆိုင်ရာလေ့ကျင့် ခန်းသို့တက်ရောက်ရန် ဒီဇင်ဘာ ၃ ရက်နေ့လည်ပိုင်းက ရန်ကုန်မြို့မှတစ်ဆင့်ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် အင်ဒိုနီးရှားနိုင်ငံ၊ ဘာတန်မြို့၌ ဒီဇင်ဘာ ၉ ရက်မှ ၁၁ ရက်အထိအဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ သည် လေ့ကျင့်ခန်းဆိုင်ရာဖွင့်ပွဲအခမ်းအနားတက် ရောက်ခြင်း၊ လေ့ကျင့်ခန်းအမျိုးအစားအလိုက် ပင် လယ်ပြင်လက်တွေ့လေ့ကျင့်မှုများအတွက် အကြိုညှိ နှိုင်းခြင်း၊ Table Top Exercise ပြုလုပ်ခြင်း၊ ကျွမ်း ကျင်သူများ အတွေ့အကြုံဖလှယ်မှုများပြုလုပ်ခြင်း၊ အားကစားပြိုင်ပွဲများတွင်ပါဝင်ယှဉ်ပြိုင်ခြင်း၊ ညစာစားပွဲအခမ်းအနားများတက်ရောက်ခြင်းနှင့် ဘာတန်မြို့တွင်းလေ့လာရေးခရီးစဉ်သွားရောက်ခြင်းတို့ကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် အာဆီယံ-အမေရိကန် ပင်လယ်ရေကြောင်းဆိုင်ရာပင်လယ်ပြင်လေ့ကျင့်ခန်းများဖြစ်သည့် စစ်ရေယာဉ်များပုံပြုမောင်းနှင်မှုလေ့ကျင့်ခန်း၊ အလံတင်ပြမှုလေ့ကျင့်ခန်း၊ ပျက်စီးထိန်းလေ့ကျင့်ခန်း၊ မီးအ ချက်ပြမှုလေ့ကျင့်ခန်း၊ အရေးကြီးရေယာဉ်ကာကွယ်မှု ပုံပြုလေ့ကျင့်ခန်း၊ ရှာဖွေကယ်ဆယ်ရေးနှင့် ကယ်တင်ကုသမှုလေ့ကျင့်ခြင်း၊ ဝေဟင်ဓာတ်ပုံရိုက်ကူးခြင်း၊ ပြန်လည်ဆွေးနွေးခြင်းနှင့် စစ်ရေယာဉ်များအပြန်အလှန်နှုတ်ဆက်ခြင်းတို့ကို အင်ဒိုနီးရှားနိုင်ငံ၊ ဘာတန်ကျွန်း၊ အရှေ့ မြောက်ရေပြင်တွင်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဒုတိယအကြိမ်မြောက် အာဆီယံ-အမေရိကန် ပင်လယ်ရေကြောင်းဆိုင်ရာလေ့ကျင့်ခန်းအား မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ မလေးရှား၊ ဗီယက် နမ်၊ ဘရူနိုင်းနှင့် အမေရိကန်နိုင်ငံတို့မှ စစ်ရေယာဉ်(၈) စီး၊ ရဟတ်ယာဉ်(၁)စင်းတို့ပါဝင်ခဲ့ကြပြီး ကျန်အာဆီယံ(၄)နိုင်ငံမှ လေ့လာသူကိုယ်စားလှယ်များပါဝင်ခဲ့ကြကြောင်း သိရသည်။

မြတ်စွာဘုရားရှင်၏ ဓာတ်တော်(၃)ဆူကိုဌာပနာသွင်းတည်ထားသည့် ကောင်းမှုလုံစေတီတော်အား ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဖူးမြော်ကြည်ညို

ကချင်ပြည်နယ်သို့ရောက်ရှိနေသည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒု-ဥက္ကဋ္ဌ၊ ဒု- ဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယနေ့ ဒီဇင်ဘာ ၁၈ ရက်နံနက်ပိုင်းက မချမ်းဘော့မြို့နယ်၌ မြတ်စွာဘုရားရှင် ၏ ဓာတ်တော်(၃)ဆူကိုဌာပနာသွင်းတည်ထားသည့် ကောင်းမှုလုံစေတီတော်အားဖူးမြော်ကြည်ညိုခဲ့သည်။
ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ကောင်းမှုလုံစေတီတော်ရှိ ဗုဒ္ဓရုပ်ပွားတော်များနှင့် စေတီတော်အားဖူးမြော်ကြည်ညိုပြီး စေတီတော်ဘက်စုံပြုပြင်မွမ်းမံထိန်း သိမ်းရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။
ကောင်းမှုလုံစေတီတော်သည် မချမ်းဘော့မြို့နယ်၊ ကောင်းမှုလုံကျေးရွာအနီး မလိခမြစ်၏ အရှေ့ဘက်ကမ်း၌ သာသနာသက္ကရာဇ် ၂၄၄ ခုနှစ် သီရိဓမ္မာသော ကမင်းကြီးလက်ထက်တွင် မြတ်စွာဘုရားရှင်၏ ဓာတ် တော်(၃)ဆူကိုဌာပနာသွင်း၍ တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကာ ပူတာအိုဒေသတွင် အရွယ်အစားနှင့် ဉာဏ်တော်အမြင့်ဆုံးဖြစ်ပြီး မြန်မာနိုင်ငံ၏ မြောက်ဖျားအစွန်းတွင် ရှေးခေတ်အဆက်ဆက်မှ ယခုခေတ် ကာလတိုင် ဗုဒ္ဓသာသနာတော်တည်တံ့ထွန်းကားပြန့်ပွားဆဲဖြစ်သည်ဆိုသော မော်ကွန်းအထိမ်းအမှတ်သဖွယ်တည်ရှိနေတော်မူသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) ၏ Rice Ambassador ခန့်အပ်မည် ဆန်အကြောင်း သိ‌ကောင်းစရာပြိုင်ပွဲ ပြုလုပ်မည်

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်MRF နှင့် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနများက ပံပိုးကူညီပြီး ညီနောင်အသင်းအဖွဲ့များ၊ကုန်စည်ဒိုင်များ အသင်းဝင် ဆန်အ‌ရောင်းဆိုင်လုပ်ငန်းများ ပူးပေါင်းပြီး ဆန်အကြောင်း သိကောင်းစရာပြပွဲကို ဒီဇင်ဘာ ၂၄ ရက်နေ့၌ ရန်ကုန် Melia ဟိုတယ် ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြပွဲတွင် ဆန်အမျိုးစားများ၊ဆန်အရည်သွေးအမျိုးမျိုးနှင့် အဆင့်အတန်းများ ကုန်အမှတ်တံဆိပ်အမျိုးမျိုး၊ ဈေးနှုန်းအမျိုးမျိုးချက်ပြုတ်နည်းများနှင့် အာဟာရတန်ဖိုးများ အိမ်ရှင်မများကို ဆန်အကြောင်း သိကောင်းစရာများကို လက်ဆင့်ကမ်းမျှဝေနိုင်မည် သံတမန်(Rice Ambassador ) များအဖြစ် တာဝန်ပေးအပ်ခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ရွေးချယ်ထားသည့် မြို့နယ်များမှ စိစစ်ရွေးချယ်ထားသည့် အိမ်ရှင်မများ လူငယ်လူလတ်များကို ဆန်အကြောင်း သိကောင်းစရာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်စေပြီး MRF ၏ ဆန်အကြောင်း သိကောင်းစရာများကို လက်ဆင့်ကမ်းမျှဝေပေးမည် သံတမန်များအဖြစ် တာဝန်ပေး ခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သံတမန်များက ၄င်းတို့နေထိုင်သည့် အနီးအနာပတ်ဝန်းကျင် အသိုက်အဝန်း တွင် မှန်ကန်သည့် ဆန်အကြောင်း သိကောင်းစရာများကို ဆက်လက်လက်ဆင့်ကမ်းမျှဝေနိုင်ရန် ရည်ရွယ်ထားကြောင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကနေ သိရသည်။

ယူကရိန်းမှာ အနောက်နိုင်ငံတွေရဲ့ စစ်ရေးအရ ပါဝင်ပတ်သက်မှုကို ဘယ်ပုံစံမျိုးနဲ့ဖြစ်ဖြစ် လက်ခံနိုင်စရာမရှိ

"ယူကရိန်းမြေပေါ်မှာ အနောက်နိုင်ငံတွေရဲ့ စစ်တပ်ကို ဘယ်လိုခေါင်းစဉ်မျိုးနဲ့ပဲဖြစ်ဖြစ်၊ ဘယ်လိုပုံစံနဲ့ပဲ လာထားထား ရုရှားအတွက်တော့ လုံးဝလက်ခံနိုင်စရာမရှိဘူး" လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာ(Maria Zakharova) က ပြတ်ပြတ်သားသား ပြောလိုက်ပါတယ်။
အဲဒီလို လာရောက်မယ့်သူတွေကို ရုရှားက "ငြိမ်းချမ်းရေးအတုအယောင် ဖော်ဆောင်သူတွေ" လို့ သတ်မှတ်ထားပြီး သူတို့ဟာ ရုရှားစစ်တပ်ရဲ့ တရားဝင်ပစ်မှတ်တွေ ဖြစ်လာလိမ့်မယ်လို့လဲ သူက သတိပေးထားပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ(Keir Starmer) က အပ-စ်အခတ်ရပ်စဲရေးဖြစ်လာရင် ယူကရိန်းမှာ တပ်ဖြန့်ဖို့အတွက် နိုင်ငံအချို့နဲ့ စုပေါင်းပြင်ဆင်ထားတယ်လို့ ပြောခဲ့တာကို ရုရှားဘက်က တုံ့ပြန်လိုက်တာပါ။
ဇာခါရိုဗာက ဒီအုပ်စုကို "စစ်မီးမွှေးတဲ့သူတွေ" လို့ ခေါ်လိုက်ပြီး သူတို့ဟာ ငြိမ်းချမ်းရေးအတွက် အဖြေရှာမယ့်အစား ယူကရိန်းကို ကျူးကျော်သိမ်းပိုက်ဖို့ပဲ စီစဉ်နေကြတာလို့ စွပ်စွဲထားပါတယ်။

မြို့သောက်သုံးရေတိုးချဲ့ပေးဝေနိုင်မည် ဆင်လမ်း(၂)ရေလှောင်တမံစီမံကိန်းနှင့် ပင်တီးရေလှောင်တမံ စီမံကိန်းဆောင်ရွက်နေ

ပြင်ဦးလွင်မြို့နယ် ဆင်ဖြူအင်းကျေးရွာအနီး ဆင်ဖြူချောင်းပေါ်တွင် ဆင်လမ်း(၂)ရေလှောင်တမံ နှင့် ပင်တီးကျေးရွာအနီး သဗြိုက်ချောင်းပေါ်ရှိ ပင်တီးရေလှောင်တမံ တည်ဆောက်နိုင်ရန် လျာထားနေရာများကို လုပ်ဆောင်နေကြောင်း သိရသည်။
အဆိုပါ စီမံကိန်းလုပ်ဆောင်မည်နေရာကို ယမန်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများကလည်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆင်လမ်း(၂)ရေလှောင်တမံနှင့် ပင်တီးရေလှောင်တမံ စီမံကိန်းဆောင်ရွက်ပြီးပါက မြို့သောက်သုံးရေတိုးချဲ့ပေးဝေနိုင်မည်အပြင် ချောင်းဘေး ဝဲယာတစ်လျှောက်ရှိ စိုက်ပျိုးမြေ ဧရိယာများအတွက် စိုက်ပျိုးရေး ကူဖြည့်တင်းပေးဝေနိုင်မည်ဖြစ်ခြင်းကြောင့် ‌ဒေသဝမ်းစာဖူလုံရေးအတွက်များစွာ အထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် ယခု သိုလှောင်ပမာဏ ၇၂၁၇ ဧကပေရှိသဖြင့် သိုလှောင်ပမဏ ထက် ၃၇၁ ဧကပေ ပိုမိုသိုလှောင်ထားသောကြောင့် ရေပိုမိုတိုးချဲ့ပေးဝေနိုင်ရန်လည်း အသင့်ရှိနေပြီးဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်တွင် လိုအပ်နေသည့် တည်ငြိမ်အေးချမ်းရေးအတွက် ကရင်တိုင်းရင်းသားများအပါအဝင် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး ဝိုင်းဝန်းအကောင်ထည်ဖော်ဆောင်ရွက်ရန် ယာယီသမ္မတ ပြောကြား

ယနေ့ နိုင်ငံတော်တွင် လိုအပ်လျက်ရှိသော တည်ငြိမ်းအေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝများ တိုးတက်ရေးတို့အတွက် ကရင်ပြည်နယ်မှ ကရင်တိုင်းရင်းသားများအပါအဝင် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကဝိုင်းဝန်း အကောင်ထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ယနေ့ကျရောက်သည့် ကရင်အမျိုးသားနှစ်ကူးနေ့အခမ်းအနားသဝဏ်လွှာ၌ ယာယီသမ္မတ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ကရင်ပြည်နယ်အပါအဝင် မိမိတို့နေထိုင်ရာဒေသများအတွင်း လက်နက်ကိုင်ပဋိပက္ခများနှင့် ဆူပူအကြမ်းဖက်မှုများ လျော့နည်းပပျောက်လာစေရန် အချင်းချင်းဝိုင်းဝန်းဆောင်ရွက်ပြီး တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်စွာဖြင့် ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်နိုင်ပါစေကြောင်းလည်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ယာယီသမ္မတ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။
နိုင်ငံတော်အနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရှိလာစေရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အခက်ခဲများကြားမှ ပိုမိုကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ယာယီသမ္မတက ပြောသည်။
နိုင်ငံတော် အစိုးရအဆက်ဆက်အနေဖြင့် နိုင်ငံတော်ထာဝရငြိမ်းချမ်းရေးကို ကြိုးစားဆောင်ရွက်ခဲ့ကြသော်လည်း လွဲမှားသည့် အတွေးအခေါ် အယူအဆများနှင့် နိုင်ငံနှင့်တိုင်းရင်းသားပြည်သူများ အားလုံးအကျိုးထက် ကျဉ်းမြောင်းသည့် ကိုယ်ကျိုးအတ္တများကို ရှေ့တန်းတင်နေကြခြင်းကြောင့် လက်နက်ကိုင် ပဋိပက္ခများနှင့် ဆူပူအကြမ်းဖက်မှုများသည် ယနေ့ကာလထိ ရှည်ကြာနေကြောင်းလည်း ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောသည်။
တစ်နိုင်ငံလုံးပ-စ်ခတ်တို-က်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးပြီး လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း အချို့မှာ အမှန်အတိုင်း ရှု့မြင်ဆင်ခြင်သုံးသပ်ခြင်းမရှိဘဲ လမ်းမှားပေါ်၌ လျှောက်လှမ်းနေဆဲဖြစ်နေပြီး နိုင်ငံနှင့်ပြည်သူ့အကျိုးကို ရှေးရှု့လျက် ငြိမ်းချမ်းရေးလမ်းလျှောက်လှမ်းကြရန်လည်း ယာယီသမ္မတက အသိပေးတိုက်တွန်းပြောကြားထားသည်။

ကယားပြည်နယ်မှ နေရပ်စွန့်ခွာခဲ့သည့်ရသည့် ဝန်ထမ်းများနှင့် ပြည်သူများအတွက် (၄) ကြိမ်မြောက်ထောက်ပံ့ငွေပေးအပ်
စုစုပေါင်း (၁၆,၀၀၀) ကျော်အတွက် ထောက်ပံငွေ ကျပ် (၉၇၈) သန်းကျော် ပေးအပ်

ကယားပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာခဲ့ရသည့် ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပြည်သူများအတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ စတုတ္ထအကြိမ် ထောက်ပံငွေပေးအပ်ခြင်းကို ယမန်နေ့ ဒီဇင်ဘာ (၁၈) ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာ (၃) လစာအတွက် (၄) ကြိမ်မြောက် ထောက်ပံငွေပေးအပ်ခဲ့ခြင်းဖြစ်ပြီး နေအိမ်ထိခိုက်ပျ-က်ဆီးခဲ့ရသည့် ပြည်သူများကိုလည်း အိမ်ဆောက်ပစ္စည်းဖိုး၊ ဆန်ရိက္ခာဖိုးနှင့် ထောက်ပံငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ခဲ့ခြင်းလည်း ဖြစ်သည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ဌာနဆိုင်ရာ (၇၆) ခုက ဝန်ထမ်း (၂,၃၂၅) ဦးနှင့် မိသားစုဝင် (၃,၄၃၂) ဦး၊ ပြည်သူ (၁၀,၅၄၅) ဦး စုစုပေါင်း (၁၆,၃၀၂) ဦးအတွက် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ (၃) လစာအတွက် (၄) ကြိမ်မြောက် ထောက်ပံငွေ ကျပ် (၉၇၈ ဒဿမ ၁၂၀) သန်းကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ‌ဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ နေအိမ်ထိခိုက်ပျ-က်ဆီးခဲ့သည့် နေအိမ် (၄၈၁) လုံးအတွက် ငွေကျပ် (၇၉ ဒဿမာ ၇၀) သန်း၊ ဘေးသင့်ပြည်သူ (၁,၅၇၉) ဦးအတွက် ဆန်ရိက္ခာဖိုး ကျပ် (၇ ဒဿမ ၈) သန်း၊ စုစုပေါင်းငွေကျပ် (၁၀၆၅ ဒဿမ ၇၁၅) သန်းနှင့် ကယ်ဆယ်ရေးပစ္စည်း (၃၇၁) စုံကို ပေးအပ်ခဲ့ကြောင်း သိရသည်။

လီဗာပူးပွဲလက်မှတ် မှောင်ခိုရောင်းချသူ ၅ ဦး အရေးယူခြင်းခံလာရ
====================

လူ ၅ ဦးတို့ဟာ လီဗာပူးအသင်းရဲ့ ပွဲလက်မှတ်များကို မှောင်ခို ရောင်းချမှုဖြင့် အရေးယူခြင်းခံလာရပါတယ်။
ယင်းလူ ၅ ဦးတို့ဟာ လီဗာပူးပွဲ လက်မှတ်များကို မရိုးမသားဝယ်ယူပြီးနောက် Seatfinder UK လို့ အမည်ပေးထားတဲ့ လက်မှတ်အရောင်းဝက်ဘ်ဆိုက်မှ တဆင့် ဈေးတင် ရောင်းချခဲ့တာလည်း ဖြစ်ပါတယ်။
၎င်းတို့ဟာ လီဗာပူးပွဲလက်မှတ်များအား ဒေသခံများထံ ပေါင် ၁၀၀၀ အထိ ဈေးတင်ရောင်းချခဲ့ကြပြီး ပေါင် ၅ သိန်းမှ ပေါင် ၁ သန်းအတွင်း ရရှိခဲ့တယ်လို့ Liverpool Crown Court တရားရုံးကြားနာမှုအရ သိရပါတယ်။
လီဗာပူးရဲ့ လက်မှတ်ရုံးတွင် အလုပ်လုပ်ခဲ့တဲ့ အသက် ၃၇ နှစ်ရှိ လူးဝစ်ဂျိမ်းစ်က ယင်းမှောင်ခိုလက်မှတ် ရောင်းချမှုတွင် အဓိကနေရာမှ ပါဝင်လာခဲ့တာဖြစ်ပါတယ်။
လူးဝစ်ဂျိမ်းစ်ဟာ လက်မှတ်မှောင်ခိုရောင်းချမှုအတွက် ထောင်ဒဏ် ၂ နှစ်နှင့် ၄ လချမှတ်ခံခဲ့ရပါတယ်။
ဒါ့အပြင် လီဗာပူးလက်မှတ်ရုံးတွင်ပင် အလုပ်လုပ်ခဲ့တဲ့ အသက် ၃၄ နှစ်ရှိ ဂျိမ်းစ်ဂျွန်ဆင်ကလည်း ထောင်ဒဏ် ၂၁ လချမှတ်ခံလာရပြီး ၂ နှစ်အား ဆိုင်းငံထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
ဒါ့အပြင် သူဟာ လျှပ်စစ်လက်ပတ်ဖြင့် ၂ လတိုင်တိုင်နေရမယ့်အပြင် နာရီ ၁၅၀ ကြာ လူမှုရေးအလုပ်များ လုပ်ရပါမယ်။
အသက် ၄၂ နှစ်ရှိ ဂျိုးဆက်ဖ်ဂျွန်ဆင်မှာ အမှု ၃ ခုဖြင့် စွဲချက်တင်ခြင်းခံခဲ့ရပြီး ထောင်ဒဏ် ၄ နှစ်ခွဲချမှတ်ခြင်းခံခဲ့ရပါတယ်။ ဒါအပြင် အသက် ၃၆ နှစ်ရှိ လီယမ်ရိုက်စ်နှင့် အသက် ၃၈ နှစ်ရှိ လီးစမစ်တို့မှာ ထောင်ဒဏ် ၂ နှစ်နှင့် ၁၀ လချမှတ်ခြင်းခံခဲ့ရပါတယ်။
၎င်းတို့ဟာ လက်မှတ်ရောင်းချတဲ့ Seatfinder UK ဝက်ဘ်ဆိုက်ကို ဒူဘိုင်းတွင် မှတ်ပုံတင်ထားပေမယ့်လည်း တကယ်တမ်းမှာတော့ မာဆေးဆိုက်၊ ကတ်ဘီရှိ ကောလိပ်ကျောင်းဝင်းတွင် ရုံးခန်းငှားကာ လုပ်နေတာလည်း ဖြစ်ပါတယ်။
၎င်းတို့ဟာ ၂၀၁၅ ခုနှစ်တွင် လီဗာပူးပွဲလက်မှတ်များကို စတင် မှောင်ခိုဈေးကွက်မှာ ရောင်းချပြီးနောက် အခြားပရီးမီးယားလိဂ်ကလပ်များရဲ့ လက်မှတ်များကိုပါ ရောင်းချလာခဲ့တာပါ။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ စံချိန်ကို လိုက်မီရန် တစ်ဂိုးတည်းသာလိုတော့တဲ့ ကိုင်လီယန်ဘက်ပေး
=================

ကိုင်လီယန်ဘက်ပေးဟာ မနေ့ညတုန်းက တာလာဗီရာကို အနိုင်ရတဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ကိုပါဒယ်ရေးပွဲစဉ်တွင် ၂ ဂိုးသွင်းပြီးနောက် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ တစ်နှစ်အတွင်း ရီးရဲလ်မက်ဒရစ်အတွက် ဂိုးအများဆုံးသွင်းယူထားတဲ့ စံချိန်ကို လိုက်မီရန် တစ်ဂိုးတည်းသာ လိုပါတော့တယ်။
အသက် ၂၆ နှစ်ရှိ ပြင်သစ်အသင်းခေါင်းဆောင်ဟာ တာလာဗီရာနှင့်ပွဲစဉ်တွင် ၂၀၂၅ ခုနှစ်အတွင်း ရီးရဲလ်မက်ဒရစ်အတွက် ၅၇ ဂိုးနှင့် ၅၈ ဂိုးမြောက်ဂိုးတို့အား သွင်းယူခဲ့ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ၂၀၁၃ ခုနှစ်တုန်းက ရီးရဲလ်မက်ဒရစ်အတွက် တစ်နှစ်တည်းတွင် ၅၉ ဂိုးသွင်းယူကာ ကလပ်သမိုင်းတွင် တစ်နှစ်တည်းတွင် ဂိုးအများဆုံးသွင်းယူထားသူစံချိန်အား ရေးထိုးထားပါတယ်။
ဒါကြောင့်လည်း ယခုအခါ ပီအက်စ်ဂျီစူပါစတားဟောင်းဟာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ စံချိန်ကို လိုက်မီရန် တစ်ဂိုးတည်းသာ လိုတောပြီ ဖြစ်ပါတယ်။
ဘက်ပေးအနေဖြင့် စနေနေ့တွင် ဆီဗီလာနှင့်ကစားရမယ့် လာလီဂါပွဲစဉ်မှာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့စံချိန်ကို လိုက်မီနိုင်မယ့် အခွင့်အရေး ရရှိထားပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ တာလာဗီရာအား အနိုင်ရရှိပြီးနောက် ခက်ခဲတဲ့ ရက်သတ္တပတ်များ ကြုံခဲ့ရပြီးနောက် နောက်ဆုံး ၅ ပွဲတွင် ၃ ပွဲမြောက် နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။

အိန္ဒိယ GOAT Tour ခရီးစဉ်အတွင်း အိန္ဒိယဘီလျှံနာရဲ့ ဒေါ်လာ ၁.၂ သန်း တန်ကြေးရှိ အဖိုးတန်နာရီ လက်ဆောင်ရရှိခဲ့တဲ့ လီယွန်နယ်မက်ဆီ
==================

လီယွန်နယ်မက်ဆီဟာ အိန္ဒိယ GOAT Tour ခရီးစဉ်အတွင်းတွင် အိန္ဒိယဘီလျှံနာတစ်ဦးရဲ့ ဒေါ်လာ ၁.၂ သန်း တန်ကြေးရှိ အဖိုးတန်နာရီတစ်လုံး လက်ဆောင်ပေးခြင်းခံခဲ့ရပါတယ်။
အာဂျင်တီးနားစူပါစတားဟာ စနေနေ့တုန်းက တောင်အာရှနိုင်ငံသို့ ရောက်လာခဲ့ပြီး ၄ ရက်ကြာ လည်ပတ်ခဲ့ပါတယ်။
သူဟာ အိန္ဒိယ ၄ ရက်ခရီးတွင် ကာလ်ကတ္တား၊ ဟိုက်ဒရာဘတ်၊ မွမ်ဘိုင်း၊ နယူးဒေလီစတဲ့ မြို့ကြီး ၄ မြို့သို့ လည်ပတ်ခဲ့ပါတယ်။
သူဟာ အိန္ဒိယခရီးစဉ်အတွင်းတွင် ဂျမ်နာဂါရှိ e Vantara Global Wildlife Rescue and Conservation Centre သို့လည်း သွားရောက်လည်ပတ်ခဲ့ပါတယ်။
ယင်းစင်တာကို အာရှရဲ့အချမ်းသာဆုံးပုဂ္ဂိုလ် အိန္ဒိယဘီလျှံနာမူကပ်ရှ်အမ်ဘာနီက ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သူ့ရဲ့သားက မက်ဆီ လာရောက်လည်ပတ်ချိန်မှာ အဖိုးတန်နာရီ လက်ဆောင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
အေနန့်အမ်ဘာနီဟာ ဘာစီလိုနာနှင့် ပီအက်စ်ဂျီစူပါစတားဟောင်းကို ဒေါ်လာ ၁.၂ သန်းတန်ဖိုးရှိ နာရီတစ်လုံး လက်ဆောင်ပေးခဲ့တာပါ။
ယင်းနာရီကို Richard Mille က ဖန်တီးထားတာ ဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် ၁၂ လုံးတည်းသာ ရှိပါတယ်။ မက်ဆီကို ပေးလိုက်တာက RM 003-V2 GMT Tourbillon Asia Edition ဖြစ်ပါတယ်။
မက်ဆီဟာ ယင်းနာရီကို ဝတ်ဆင်ထားရာ အမ်ဘာနီရဲ့လက်ဆောင်ကို လက်ခံခဲ့တယ်လို့ ယူဆရပါတယ်။
မက်ဆီရဲ့ အိန္ဒိယခရီးစဉ်ကို အားလုံး အဆင်ပြေချောမွေ့ခဲ့တာတော့ မဟုတ်ပါဘူး။ အိန္ဒိယခရီးစဉ် ပထမနေ့တွင် Salt Lake Stadium တွင် ၅ မိနစ်ခန့်တည်းသ ပရိသတ်များနှင့် တွေ့ဆုံခဲ့ရပြီးနောက် ပရိသတ်များက မက်ဆီကို မမြင်တွေ့ရမှုနှင့်အတူ ဆူပူသောင်းကျန်းကာ ကွင်းကို ဖျက်ဆီးမှုကြောင့် ထွက်ပြေးခဲ့ရပါတယ်။