ပုသိမ်မြို့တွင်းရှိစျေးများ မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်မှု သရုပ်ပြသခြင်းပြုလုပ်

ပုသိမ်မြို့တွင်းရှို့စျေးများ မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်မှု သရုပ်ပြသခြင်းကို မတ် ၁၂ ရက်က ကျင်းပခဲ့ ကြောင်း ပုသိမ်မီးသတ်တပ်ဖွဲ့မှ သိရသည်။

ဧရာဝတီတိုင်း‌ဒေသကြီး၊ မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဝင်းနှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့ရုံးတွင်ဧရာဝတီတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူးနှင့်ပူးပေါင်းကာ မီးဘေးကြိုတင် ကာကွယ်ရေး အစီအစဉ်များ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးစည်ပင်သာယာရေး အဖွဲ့ရုံးတွင် ဈေးများမီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်မှု သူ့ရုပ်ပြသခြင်းကို စည်ပင်သာယာရေးအဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

image

ယခုတစ်ပတ်ရောင်းချမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး တစ်ပိဿာလျှင် ကျပ် ၆၅၇၅ ကျပ်ဖြစ်

ယခုသီတင်းပတ်ကာလဖြစ်သည့် မတ်လ ၁၃ ရက် မှ ၁၉ ရက်အထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၆၅၇၅ ကျပ် ဖြစ်ကြောင်း စားအုန်းဆီးတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလအတွင်း စားအုန်းဆီဈေးသည် တစ်ပိဿာလျှင် ကျပ် ၅၂၅၀ ဖြစ်ပြီး မတ်လအတွင်း အနည်းငယ်မြင့်တက်လာခြင်းလည်းဖြစ်သည်။

စားအုန်းဆီကို ပြည်ပမှ ဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့် နိုင်ငံများ၏ ဈေးနှုန်းအတက်အကျပေါ် မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်နေကြောင်း သိရသည်။

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ်ပြန်မည်ဖြစ်ပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ ဝက်ဆိုဒ်တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။

စားအုန်းဆီများကို ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားသည့်စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ အသိပေးထားသည်။

image

အမေရိကန်၊ အစ္စရေးတို့နှင့် ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အီရန် ပါဝင်တော့မှာ မဟုတ်ကြောင်း အားကစားဝန်ကြီးအတည်ပြုလာ
=====================
အီရန်အားကစားဝန်ကြီးက ကမ္ဘာ့ဖလားအိမ်ရှင် အမေရိကန်နှင့် ဖြစ်ပျက်နေတဲ့ စစ်ရေး ပဋိပက္ခကြောင့် အီရန်လက်ရွေးစင်အသင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ကြောင်း အတည်ပြုလာပါတယ်။

အီရန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားပေမယ့်လည်း အမေရိကန်-အစ္စရေးတို့ရဲ့ ပူးပေါင်း စစ်ဆင်နွဲမှု ခံနေရပါတယ်။

အစ္စရေး-အစ္စရေးတို့ ပူးပေါင်းစစ်ဆင်နွဲမှုကြောင့် အီရန်အဓိပတိခါမေနီ သေဆုံးခဲ့ပြီးနောက် အီရန်ကလည်း အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်း မဟာမိတ်နိုင်ငံများကို ပြန်လည်တုံ့ပြန် တိုက်ခိုက်မှုများ ပြုလုပ်နေပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အီရန်အသင်း ပါဝင်ကစားလာမှုအပေါ် "ကျုပ်ကတော့ လုံးဝဂရုမစိုက်ဘူး"လို့ တုံ့ပြန်ထားပါတယ်။

ဒါ့အပြင် ဖီဖာဥက္ကဌအင်ဖန်တီနိုကလည်း အမေရိကန်ဘက်က အီရန်အသင်း ကမ္ဘာ့ဖလားတွင် ပါဝင်ကစားလာမှုအပေါ် ကြိုဆိုကြောင်း ဆိုထားပါတယ်။

ဒါပေမယ့် အီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌကမူ လတ်တလော ဖြစ်ပျက်နေတဲ့ ပဋိပက္ခကြောင့် အီရန်အသင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရန် မဖြစ်နိုင်ကြောင်း ဆိုထားပါတယ်။

ယခုအခါ အီရန်အားကစားဝန်ကြီးအာမက်ဒွန်ယာမယ်က "ဒီအကျင့်ပျက်ခြစားနေတဲ့ အစိုးရက ကျုပ်တို့ရဲ့ ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်လိုက်တဲ့အတွက် ကမ္ဘာ့ဖလားမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အခြေအနေ မရှိတော့ပါဘူး။ အီရန်အပေါ် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ဆောင်ချက်တွေကြောင့် ဒီ ရှစ်လ ကိုးလအတွင်းမှာ စစ်ပွဲ ၂ ကြိမ်ဖြစ်ခဲ့ပြီး ကျုပ်တို့ရဲ့ ပြည်သူထောင်ပေါင်းများစွာ အသက်သေဆုံးခဲ့ရပြီးပါပြီ။ ဒါကြောင့် ပါဝင်ဖို့ လုံးဝ မဖြစ်နိုင်ပါဘူး"လို့ ပြောကြားသွားပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ မက္ကဆီကို၊ ကနေဒါတို့က ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၉ ရက်နေ့အထိ ပူးတွဲ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားပါမယ်။

အီရန်ဟာ ကမ္ဘာ့ဖလားအုပ်စုတွင်းတွင် နယူးဇီလန်၊ ဘယ်လ်ဂျီယံ၊ အီဂျစ်တို့နှင့် ရင်ဆိုင်ကစားရပါမယ်။

အီရန်အသင်းဟာ အာရှခြေစစ်ပွဲ အုပ်စု(က)တွင် အုပ်စုဗိုလ်အဖြစ် ရပ်တည်ကာ ၄ ကြိမ်ဆက် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာတာ ဖြစ်ပါတယ်။

အီရန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အရီဇိုးနားပြည်နယ်၊ တူဆန်ရှိ Kino Sports Complex တွင် အခြေစိုက်ရန် စီစဉ်ထားပေမယ့်လည်း ယခုအခါ ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်ရန် မရေမရာ ဖြစ်လာပြီ ဖြစ်ပါတယ်။

image

မန်စီးတီးရဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အခွင့်အရေးအား အမှန်အတိုင်းဖွင့်ဟလာတဲ့ ဘာနာဒိုဆေးလ်ဗား
=====================
မန်စီးတီးအသင်းခေါင်းဆောင်ဘာနာဒိုဆေးလ်ဗားက မန်စီးတီးရဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခြေမှာ အမှန်တကယ်အမှောင်အတိ ဖြစ်နေကြောင်း ဝန်ခံ ပြောကြားလာပါတယ်။

မန်စီးတီးဟာ ဗုဒ္ဓဟူးနေ့ညတုန်းက ဘာနေဗျူးတွင် ကစားတဲ့ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့တွင် ဗယ်ဗာဒီရဲ့ ဟက်ထရစ်ဂိုးဖြင့် ရီးရဲလ်မက်ဒရစ်အား ၃-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့ပါတယ်။

မန်စီးတီးဟာ လာမယ့်အပတ် အင်္ဂါနေ့တွင် အီတီဟတ်ကွင်းတွင် ရီးရဲလ်မက်ဒရစ်အား ၄ ဂိုးပြတ် အနိုင်ယူပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့ တက်ရေး ကြိုးပမ်းလာရတော့မှာလည်း ဖြစ်ပါတယ်။

ယင်းပွဲစဉ်တွင် မန်စီးတီးဟာ ဗီနီရှပ်စ်ဂျူနီယာရဲ့ ဒုတိယပိုင်း ပင်နယ်တီကို ဒွန်နာရမ်မာ ကာကွယ်နိုင်ခဲ့လို့ ၄ ဂိုးပြတ် မရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့ တက်ရေး အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ ကြွေးကြော်ထားပေမယ့်လည်း အသင်းခေါင်းဆောင်ဘာနာဒိုဆေးလ်ဗားကမူ "၃-၀ ဆိုတော့ နည်းနည်း ပိုခက်သွားပါပြီ။ အခု အရမ်းဆိုးရွားနေတယ်လို့ ခံစားရတယ်။ အခု တကယ့်ကို အမှောင်အတိ ပြီးနေပါတယ်။ ဒါပေမယ့် မနက်ဖြန်က နောက်တစ်နေ့ပါ။ လာမယ့်အပတ်ပွဲမှာ အခွင့်အရေး ရှိနေတယ်ဆိုတဲ့ စိတ်နဲ့ ကစားပါမယ်"လို့ ပြောကြားသွားပါတယ်။

ဘာနေဗျူးတွင် ရီးရဲလ်မက်ဒရစ်ကို မန်စီးတီးတို့ ၃-၀ ဂိုးဖြင့် အရေးနိမ့်ပြီးနောက် ယခုအပတ် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့တွင် အင်္ဂလိပ်ကလပ်တစ်သင်းမျှ နိုင်ပွဲ မရခဲ့ကြပါဘူး။

တဖက်တွင် မန်စီးတီးနည်းပြပက်ဂွါဒီယိုလာဟာ တောင်ပံကစားသမားများဖြစ်ကြတဲ့ ဂျီရီမီဒိုကူ၊ ဆာဗင်ဟို၊ အန်တိုနီဆီမန်ယိုတို့အား ပွဲထွက်လူစာရင်းတွင် စုပြုံအသုံးပြုမှုနှင့်အတူ အခွင့်အရေး ဖန်တီးနိုင်မှု နည်းပါးမှုအတွက် ဝေဖန်မှုများနှင့် ကြုံနေရပါတယ်။

image

ကျူဒေါ်အနာဂတ်အား ကလပ်အမှုဆောင်များကို ဆုံးဖြတ်ခွင့်ပေးလာတဲ့ စပါးစ်ပိုင်ရှင်
=====================
စပါးစ်အသင်းပိုင်ရှင်အီနစ်ဟာ အိုင်ဂေါ်ကျူဒေါ်ရဲ့ အနာဂတ်နှင့်ပတ်သက်ပြီး ကလပ်အမှုဆောင်အဖွဲ့ထံ ဆုံးဖြတ်ခွင့်ပေးအပ်လာပါတယ်။

ကျူဒေါ်ဟာ ပြီးခဲ့တဲ့လတုန်းက ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ သောမတ်စ်ဖရန့်နေရာတွင် အစားထိုးခန့်အပ်ခြင်းခံရပြီးနောက် စပါးစ်အား ၄ ပွဲ ကိုင်တွယ်ရာတွင် ၄ ပွဲလုံး ရှုံးနိမ့်ထားကာ ဖိအားများအောက်သို့ ကျရောက်နေပါတယ်။

စပါးစ်အမှုဆောင်ချုပ်ဗီနိုင်းဗန်ကာတက်စ်ဟမ်နှင့် အားကစားဒါရိုက်တာဂျိုဟန်လန်ဂီတို့ဟာ ပြီးခဲ့တဲ့လတုန်းက သောမတ်စ်ဖရန့်ကို ထုတ်ပယ်ပြီးနောက် အသက် ၄၇ နှစ်ရှိ ခရိုအေးရှားလူမျိုးနည်းပြအား ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ကြတာပါ။

စပါးစ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၇ နေရာတွင် ရပ်တည်နေပြီး တန်းဆင်းဇုန်နှင့် တစ်မှတ်အကွာတွင်သာ ရပ်တည်နေကာ တန်းမဆင်းရရေး တိုက်ပွဲဝင်နေပါတယ်။

၎င်းတို့ဟာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့တွင် အက်သလက်တီကိုအား ၅-၂ ဖြင့် ရှုံးနိမ့်ထားမှုနှင့်အတူ ချန်ပီယံလိဂ်မှ ထွက်ခွာရရန် အခြေအနေကောင်းနေပါတယ်။

စပါးစ်ဟာ တနင်္ဂနွေနေ့တွင် လီဗာပူးကို ရင်ဆိုင်ရမှာ ဖြစ်ပြီး အခြေအနေ ပိုမို ဆိုးရွားလာနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

ကွင်းအတွင်း ရလဒ်ဆိုးရွားနေချိန်တွင် ကစားသမားများနှင့် အိုင်ဂေါ်ကျူဒေါ်အကြားတွင်လည်း ကောင်းမွန်တဲ့ ဆက်ဆံရေး ပိုင်ဆိုင်ထားခြင်း မရှိပါဘူး။ စပါးစ်အသင်းကစားသမားအများစုတို့က ကျူဒေါ်မှာ အသင်းကို ပရီးမီးယားလိဂ်တွင် တင်ကျန်ရစ်အောင် စွမ်းဆောင်နိုင်မယ့်သူ မဟုတ်ဘူးလို့ ယုံကြည်နေကြပါတယ်။

တဖက်တွင် ကျူဒေါ်ဟာ အက်သလက်တီကိုအား ရှုံးနိမ့်တဲ့ပွဲတွင် အမှားပြုလုပ်ကာ ၂ ဂိုးလက်ဆောင်ပေးခဲ့တဲ့ အသက် ၂၂ နှစ်ရှိ ဂိုးသမားကန်စကီအား ပွဲချိန် ၁၇ မိနစ်တွင်ပင် လူစားလဲလှယ်မှု ပြုလုပ်ခဲ့မှုအတွက် အသင်းသားများရဲ့ စိတ်ပျက်ဒေါသထွက်ခြင်းခံနေရပါတယ်။

ဒါပေမယ့်လည်း စပါးစ်ရဲ့ နေ့စဉ် လုပ်ဆောင်မှုများတွင် တစုံတရာ ပါဝင်ပတ်သက်လာခြင်း မရှိတဲ့ အသင်းပိုင်ရှင်အီနစ်ဟာ ကျူဒေါ်ရဲ့ အနာဂတ်နှင့်ပတ်သက်ပြီး အမှုဆောင်အဖွဲ့အား ဆုံးဖြတ်ပိုင်ခွင့်ပေးထားကြောင်း သိရပါတယ်။

image

ဘောကောက်လူငယ်အား တွန်းခဲ့မှုအတွက် ချဲလ်ဆီးရဲ့နီတိုတောင်းပန်လာ
=====================
ပီဒရိုနီတိုဟာ ချန်ပီယံလိဂ်တွင် ပီအက်စ်ဂျီအား ချဲလ်ဆီးတို့ ၅-၂ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်တွင် ဘောကောက်လူငယ်လေးအား တွန်းခဲ့မှုအတွက် တောင်းပန်လာပါတယ်။

အသက် ၂၆ နှစ်ရှိနီတိုဟာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲပြီးခါနီး အချိန်ပိုတွင် ဘောကောက်လူငယ်လေးအား လက်နှစ်ဖက်ဖြင့် တွန်းခဲ့တာ ဖြစ်ပြီး ယင်းလူငယ်လေးမှာ ထိုင်ခုံပေါ်သို့ လဲကျသွားခဲ့ပြီးနောက် နှစ်ဖက်အသင်းသားများအကြား ရုန်းရင်းခန်ခတ်ဖြစ်ခဲ့ပါတယ်။

ပွဲအပြီးတွင် နီတိုက "ဒီဘောကောက်လူငယ်လေးကို တောင်းပန်လိုပါတယ်။ သူနဲ့ စကားပြောပြီးပါပြီ။ ကျွန်တော်တို့ ရှုံးနေတယ်၊ ပွဲရှိန်ကလည်း တက်နေတော့ ဘောလုံးအမြန်ရလိုနေခဲ့တယ်။ သူ့ကို နည်းနည်းတွန်းခဲ့မိတယ်။ ကျုပ်က ဒီလိုလူမျိုးမဟုတ်ပါဘူး။ အထွဋ်အထိပ်အခိုက်အတန့် ဖြစ်နေပါတယ်။ ပြီးတော့ တောင်းပန်လိုပါတယ်။ ကျွန်တော့်အင်္ကျီကို သူ့ကို ပေးခဲ့တယ်။ ဒီအတွက် အရမ်းစိတ်မကောင်း ဖြစ်ရတယ်။ သူ့ကို တောင်းပန်ဖို့ လိုအပ်တယ်လို့ ခံစားရတယ်။ ကျွန်တော့် ပြင်သစ်စကား သိပ်မကောင်းပါဘူး။ ဗီတင်ဟာ(ပေါ်တူဂီကစားဖော်) ရောက်လာတယ်။ သူ့ကိုလည်း ဒီလို လူစားမဟုတ်ကြောင်း ပြောခဲ့တယ်။ နောက်ဆုံးမှာတော့ ကောင်လေးလည်း ရယ်လာတယ်။ သူကို အင်္ကျီပေးခဲ့တယ်။ တောင်းပန်ကြောင်း ၃၅ ကြိမ်ပြောခဲ့တယ်။ သူလည်း ဖြစ်ပျက်တာကို နားလည်ပါတယ်။ ဒီအခြေအနေအပေါ် ပျော်နေပါပြီ"လို့ ပြောကြားသွားပါတယ်။

နီတိုဟာ ဘောကောက်လူငယ်လေးအား တွန်းခဲ့မှုအတွက် ယူအီးအက်ဖ်အေရဲ့ အရေးယူခြင်း ခံရ/မခံရ မသိရသေးပါဘူး။

ဒါ့အပြင် ချဲလ်ဆီးနည်းပြလီယမ်ရိုဆင်နီယာကလည်း "ဘောကောက်ကောင်လေးနဲ့ ပြဿနာတက်တာ တွေ့ခဲ့တယ်။ ကလပ်ရဲ့ အတွင်းပိုင်းမှာ မှားသည်ပဲ ဖြစ်ဖြစ် မှန်သည်ပဲ ဖြစ်ဖြစ် ကလပ်ကိုယ်စား တောင်းပန်ပါတယ်။ ပီဒရိုလည်း အင်တာဗျူးမှာ တောင်းပန်ပြီးပြီလို့ ထင်တယ်"လို့ ပြောကြားသွားပါတယ်။

image

ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်တွင် ပရီးမီးယားလိဂ်ကလပ်များ နိုင်ပွဲ ပျောက်ဆုံးပြီးနောက် အသင်းတိုင်းနီးပါး ပြိုင်ပွဲမှ ထွက်ခွာရနိုင်ခြေ ရှိလာ
===================
ရီးရဲလ်မက်ဒရစ်က မန်စီးတီးကို ပြတ်ပြတ်သားသား အနိုင်ယူလိုက်ပြီးနောက် ပရီးမီးယားလိဂ်ရဲ့ ကမ္ဘာ့အကောင်းဆုံးလိဂ်ဆိုတဲ့ ဂုဏ်ပုဒ်က ၂၄ နာရီအတွင်း တစစီပျက်စီးသွားခဲ့ပြီ ဖြစ်ပါတယ်။

မန်စီးတီးမတိုင်မီ စပါးစ်ဟာလည်း မက်ဒရစ်သို့ သွားရောက်ကာ အက်သလက်တီကိုနှင့် ရင်ဆိုင်ကစားခဲ့ရာမှာ ၅-၂ ဂိုးဖြင့် ပြတ်ပြတ်သားသား ရှုံးနိမ့်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အသင်းခေါင်းဆောင်ဗယ်ဗာဒီရဲ့ ပထမပိုင်း ဟက်ထရစ်ဂိုးဖြင့် မန်စီးတီးကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့ တက်ရောက်ရန် အခြေအနေအကောင်းဆုံး ဖြစ်သွားခဲ့ပြီ ဖြစ်ပါတယ်။

တဖက်တွင် ပရီးမီးယားလိဂ်ကလပ်အသင်းတိုင်း နီးပါးတို့ဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့ တက်ရောက်ရေး အစွမ်းကုန်တိုက်ပွဲဝင်လာရတော့မှာလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးက ပီအက်စ်ဂျီကို ၅-၂ ဖြင့်လည်းကောင်း၊ လီဗာပူးက ဂါလာတာစာရေးကို ၁-၀ ဖြင့်လည်းကောင်း ရှုံးနိမ့်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ်များတွင် နယူးကာဆယ်က ဘာစီလိုနာကို သရေ၊ အာဆင်နယ်က လေဗာကူဆင်ကို သရေသာ ကစားနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့တွင် ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ တစ်သင်းမျှ နိုင်ပွဲ မရခဲ့ကြပါဘူး။

ယင်းသို့ ပရီးမီးယားလိဂ်ကလပ်များ ချန်ပီယံလိဂ် ၁၆ သင်း ရုံးထွက်အဆင့်ပထမအကျော့တွင် နိုင်ပွဲ ပျောက်ဆုံးခဲ့မှုနှင့်အတူ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ တက်ရေး မျှော်လင့်ချက်လည်း နည်းပါးလာလျက်ရှိပါတယ်။

ပရီးမီးယားလိဂ်ကလပ်များဟာ ပထမအကျော့တွင် နိုင်ပွဲပျောက်ဆုံးခဲ့မှုနှင့်အတူ အာဆင်နယ်က လွဲပြီး ကျန်အသင်းအားလုံးနီးပါး ချန်ပီယံလိဂ်မှ ထွက်ခွာရတော့မယ်လို့ Opta ရဲ့ စူပါကွန်ပျူတာက ဟောကိန်းထုတ်လာပါတယ်။

Opta ရဲ့ စူပါကွန်ပျူတာက ချန်ပီယံလိဂ် ၁၆ သင်း ရုံးထွက်အဆင့်ပွဲစဉ်များ မကစားမီ ကွာတားဖိုင်နယ်သို့ တက်နိုင်ခြေအဖြစ် အာဆင်နယ်ကို ၈၅.၈ ရာခိုင်နှုန်း၊ လီဗာပူးကို ၈၂.၃ ရာခိုင်နှုန်း၊ မန်စီးတီးကို ၆၄.၃ ရာခိုင်နှုန်း၊ ချဲလ်ဆီးကို ၅၃.၃ ရာခိုင်နှုန်း၊ နယူးကာဆယ်ကို ၄၄.၇ ရာခိုင်နှုန်း၊ စပါးစ်ကို ၄၆.၃ ရာခိုင်နှုန်းပေးထားခဲ့တာပါ။

ဒါပေမယ့် Opta ရဲ့ စူပါကွန်ပျူတာဟာ ပထမအကျော့ကစားပြီးချိန်မှာတော့ အာဆင်နယ်နှင့် လီဗာပူးတို့ကိုသာ ကွာတားဖိုင်နယ်သို့ တက်နိုင်ခြေ ၇၇.၉ ရာခိုင်နှုန်း၊ လီဗာပူးကို ၅၃.၈ ရာခိုင်နှုန်းပေးလာပါတယ်။

ကျန်အသင်းများဖြစ်ကြတဲ့ မန်စီးတီးကို ၉.၄ ရာခိုင်နှုန်း၊ ချဲလ်ဆီးကို ၇.၃ ရာခိုင်နှုန်း၊ နယူးကာဆယ်ကို ၃၂.၂ ရာခိုင်နှုန်း၊ စပါးစ်ကို ၃.၃ ရာခိုင်နှုန်းတို့သာ ကွာတားဖိုင်နယ်သို့ တက်နိုင်ခြေ ပေးလာပါတယ်။

တဖက်တွင် ပရီးမီးယားလိဂ်ကလပ်များရဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်သို့ တက်နိုင်ခြေနည်းပါးလာမှုနှင့်အတူ ဥရောပစွမ်းဆောင်ရည်အဆင့်သတ်မှတ်ချက်မှ တဆင့် ၅ သင်းမြောက်အသင်းအဖြစ် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိနိုင်မယ့်အခွင့်အရေးကို များစွာ ထိခိုက်လာနိုင်ခြေ ရှိနေပါတယ်။

image

အီရန်ကစားသမားများကို နိုင်ငံရေးခိုလှုံခွင့်ပေးခဲ့တဲ့ ဩစတြေးလျမှာ ကစားသမားများကို ဓားစာခံအဖြစ် ဖမ်းဆီးထားခြင်းလို့ စွပ်စွဲလာတဲ့ အီရန်ဘောလုံးအဖွဲ့ချုပ်
===================
အီရန်ဘောလုံးအဖွဲ့ချုပ်စီနီယာဥက္ကဌက အီရန်လက်ရွေးစင်အသင်းအမျိုးသမီးအသင်းသားများကို နိုင်ငံရေးခိုလှုံခွင့်ပေးခဲ့တဲ့ ဩစတြေးလျအား ဓားစာခံလုပ်ထားတယ်လို့ စွပ်စွဲ ပြောဆိုလာပါတယ်။

ဒါ့အပြင် အီရန်အစိုးရက "ချစ်ရပါသော ကောင်မလေးတွေရေ၊ အီရန်က မင်းတို့ကို လက်ကမ်းကြိုဆိုနေပါတယ်။ ဘာမှ မစိုးရိမ်ပါနဲ့။ အိမ်ပြန်လာကြပါ"လို့လည်း အီရန်သို့ ပြန်ရန် ဆုံးဖြတ်ခဲ့ကြတဲ့ ကစားသမားများကို ကြိုဆိုသွားပါတယ်။

အီရန်အမျိုးသမီးအသင်းသားများဟာ မတ်လ ၂ ရက်နေ့တုန်းက တောင်ကိုရီးယားနှင့် အာရှအမျိုးသမီးဖလားအဖွင့်ပွဲတွင် နိုင်ငံတော်သီချင်း မသီဆိုဘဲ ဆန္ဒပြမှု ပြုလုပ်ပြီးနောက် လူအများရဲ့ အာရုံစိုက်ခြင်းခံခဲ့ရပါတယ်။

အီရန်အသင်းသားများဟာ ဩစတြေးလျ၊ ဖိလစ်ပိုင်တို့နှင့်ပွဲစဉ်များတွင် နိုင်ငံတော်သီချင်းသီဆိုကာ အလေးပြုမှုပြုလုပ်ခဲ့ပေမယ့်လည်း တောင်ကိုရီးယားပွဲစဉ်မှ လုပ်ရပ်ကြောင့် အီရန်သို့ ပြန်လာချိန်တွင် နိုင်ငံတော်ပုန်ကန်မှုကြောင့် ကွပ်မျက်ခြင်း (သိုမ့ဟုတ်) ဖမ်းဆီးထောင်ချခြင်းခံရမည်ကို စိုးရိမ်ခဲ့ရပါတယ်။

တဖက်တွင် ဩစတြေးလျအရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းများကလည်း အီရန်အသင်းကို လိုအပ်တဲ့ အကူအညီပေးရန် ဩစတြေးလျအစိုးရအား တောင်းဆိုမှု ပြုလုပ်ခဲ့ကြပါတယ်။

ဒါကြောင့်လည်း ဩစတြေးလျအစိုးရဟာ တနင်္ဂနွေနေ့တုန်းက အုပ်စုပွဲ ၃ ပွဲလုံး ရှုံးနိမ့်ကာ အီရန်သို့ ပြန်ရန် ဖြစ်လာချိန်တွင် အီရန်အသင်းသားများအား နိုင်ငံရေးခိုလှုံခွင့်ပေးရေး စည်းရုံးမှု ပြုလုပ်ခဲ့ကြပါတယ်။

အီရန်အသင်းသား ၅ ဦးတို့ဟာ တနင်္လာနေ့တုန်းက နိုင်ငံရေးခိုလှုံခွင့်ပြုလုပ်ခဲ့ကြပါတယ်။

ယင်းနောက် အင်္ဂါနေ့တွင် အီရန်သို့ မထွက်မီ လေဆိပ်သို့ ရောက်ချိန်အထိ ဩစတြေးလျအာဏာပိုင်တို့ဟာ နိုင်ငံရေးခိုလှုံခွင့်ပေးရေး အကူအညီ ကမ်းလှမ်းခဲ့ကြပါတယ်။

နောက်ဆုံးအချိန်တွင် အီရန်ကစားသမား ၁ ဦးနှင့် အထောက်အကူပြု ဝန်ထမ်း ၁ ဦးတို့ ထပ်မံ နိုင်ငံရေးခိုလှုံခွင့်ရယူခဲ့ပါတယ်။

အီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌမီဒီတာက ဩစတြေးလျဝန်ကြီးချုပ်အန်တိုနီအယ်ဘာနက်စ်ဟာ အီရန်ကစားသမားများအား နိုင်ငံမှ ထွက်ခွာခြင်း မပြုရေး တားဆီးရန် ရဲတပ်ဖွဲ့အား ညွှန်ကြားခဲ့ကြောင်း ဆိုသွားပါတယ်။

မီဒီက"ပွဲပြီးတော့ ကံဆိုးစွာဘဲ ဩစတြေးလျရဲတပ်ဖွဲ့ ရောက်လာတယ်။ ကြားဝက်စွက်ဖက်လာတယ်။ ဟိုတယ်ကနေ ကစားသမား ၁ ဦး ၂ ဦးကို ဖယ်ရှားလိုက်တယ်။ ဒါကို သတင်းမှာ ဖတ်ရတယ်။ သူတို့ဟာ မီနက်မြို့က မိန်းကလေး ၁၆၀ (အီရန်စာသင်ကျောင်းကို ဗုံးကြဲရာမှ သေဆုံးမှု)ရဲ့အသက်ကို ရယူခဲ့တယ်။ ပြီးတော့ ကျုပ်တို့ ကောင်မလေးတွေကို ဓားစာခံ လုပ်ထားပြန်တယ်။ သူတို့ ဆိုးဆိုးရွားရွားလုပ်ခဲ့ကြတယ်။ တချို့ ဆို ရောက်လာပြီး ကားရှေ့မှာ လှဲချပြီး လေဆိပ်သို့ မမောင်းနိုင်အောင် တားကြတယ်။ သူတို့(ဩစတြေးလျရှိ အီရန်အမျိုးသမီးအသင်းအရေးကို ဆောင်ရွက်နေကြသူများ)က ဂိတ်ကနေ မထွက်နိုင်အောင် တားကြတယ်။ ပြီးတော့ လူတိုင်းကို ဒုက္ခသည်လုပ်ကြဖို့ ပြောတယ်"လို့ ပြောကြားသွားပါတယ်။

image

အပျော်တမ်းကလပ်အတွက် ပထမဆုံးကစားတဲ့ပွဲတွင် ရယ်စရာကောင်းတဲ့ အမှား ပြုလုပ်မှုအတွက် အမှတ်လျှော့ခံရမယ့်အရေးနှင့် ကြုံနေရတဲ့ ရီးရဲလ်နှင့်အင်တာစတားဟောင်း
=====================
ဝက်စ်လေဆနိုက်ဒါဟာ ဒတ်ချ်အပျော်တမ်းကလပ် OSM’75 အား ပထမဆုံးကစားတဲ့ပွဲစဉ်တွင် ကလပ်နည်းပြဘက်က လူရယ်စရာကောင်းတဲ့ အမှားမျိုး ပြုလုပ်မှုနှင့်အတူ အမှတ်လျှော့ခံရမယ့်အရေးနှင့် ရင်ဆိုင်နေရပါတယ်။

အင်တာမီလန်နှင့် ရီးရဲလ်မက်ဒရစ်စတားဟောင်းဟာ စနေနေ့တုန်းက OSM’75 ရဲ့ ပထမဆုံးပွဲစဉ်အဖြစ် စတုတ္ထတန်းအမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ Focus'07 နှင့်ပွဲတွင် ပါဝင်ကစားခဲ့ရာ နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် Focus' 07 က OSM’75 မှာ ကစားသမား ၃ ဦးတည်းသာ လူစားလဲလှယ်ခွင့် ပြုထားချိန်တွင် ကစားသမား ၄ ဦးအထိ လူစားလဲလှယ်မှု ပြုလပ်တယ်လို့ စွပ်စွဲထားပါတယ်။

Focus's 07 ဘက်က တိုင်ချက်ဖွင့်လာမှုနှင့်အတူ ဒတ်ချ်ဘောလုံးအဖွဲ့ချုပ်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လာခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၄၁ နှစ်ရှိ ဆနိုက်ဒါရဲ့ OSM’75 အား ပထမဆုံးကစားတဲ့ စနေနေ့တုန်းက ပွဲစဉ်ကို ပရိသတ် ၁၀၀၀ ကျော်အထိ လာရောက်ကြည့်ရှုခဲ့ကြတာပါ။

ဒါပေမယ့် OSM’75 နည်းပြဗန်ဝစ်ဟာ ယင်းပွဲတွင် ကစားသမား ၄ ဦးအထိ လူစားလဲလှယ်မှုအတွက် စုံစမ်းစစ်ဆေးခြင်းခံနေရပါတယ်။

တကယ်လို့များ OSM’75 သာ လူစားလဲလှယ်မှု ၄ ကြိမ် ပြုလုပ်ကာ စည်းမျဉ်းချိုးဖောက်လာပါက ရမှတ် ၃ မှတ်အထိ လျှော့ချခြင်းခံလာရပါမယ်။

တဖက်တွင် OSM’75 နည်းပြဗန်ဝစ်က ကစားသမား ၁ ဦးအပို လူစားလဲလှယ်မှု ပြုလုပ်ရခြင်းမှာ ခေါင်းဒဏ်ရာရရှိခဲ့ခြင်းကြောင့် ဖြစ်ပြီး ဒိုင်လူကြီးကလည်း ခွင့်ပြုမှု ပြုလုပ်ခဲ့ကြောင်း ရှင်းလင်းထားပါတယ်။

image

အီရန်အသင်းသား ၂ ဦး ဩစတြေးလျတွင် နိုင်ငံရေးခိုလှုံမှု ထပ်မံ ပြုလုပ်လာ
==================
ဩစတြေးလျက အီရန်အမျိုးသမီးအသင်းနှင့် ဆက်စပ်နေတဲ့ နောက်ထပ် ၂ ဦးအား လူသားချင်းစာနာထောက်ထားတဲ့အနေဖြင့် နိုင်ငံတွင် ဆက်လက်နေထိုင်ခွင့်ပေးကာ နိုင်ငံရေးခိုလှုံခွင့်ပေးလာကြောင်း အတည်ပြုလာပါတယ်။

ယင်းနှစ်ဦးမှ တစ်ဦးမှာ ကစားသမားတစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ ပံ့ပိုးကူညီရေးဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။

ဩစတြေးလျဟာ အင်္ဂါနေ့တုန်းက အီရန်အမျိုးသမီးလက်ရွေးစင်အသင်းသား ၅ ဦးကို နိုင်ငံရေးခိုလှုံခွင့်ပေးပြီးနောက် ယခု နောက်ထပ် ၂ ဦးအား ခိုလှုံခွင့်ပေးလာတာပါ။

အီရန်အသင်းသားတို့ဟာ တောင်ကိုရီးယားနှင့် ကစားတဲ့ အဖွင့်ပွဲတွင် နိုင်ငံတော်သီချင်း မသီဆိုဘဲ ဆန္ဒပြသပိတ်မှောက်မှု ပြုလုပ်ပြီးနောက် ပြိုင်ပွဲမှ ထွက်ခွာရချိန်တွင် အီရန်သို့ ပြန်ရောက်ချိန်မှာ ကွပ်မျက်ခြင်း (သို့မဟုတ်) ထောင်ချခြင်းတို့ ကြုံလာနိုင်မှုနှင့်အတူ နိုင်ငံရေးခိုလှုံခွင့်တောင်းဆိုခဲ့ကြပါတယ်။

ကျန်အီရန်အသင်းသားများကတော့ အာရှဖလားပြိုင်ပွဲမှ ထွက်ခွာရပြီး ၂ ရက်အကြာ အင်္ဂါနေ့မှာတော့ ဩစတြေးလျမှ ထွက်ခွာသွားကြပြီလို့ ယူဆရပါတယ်။

အီရန်သို့ ပြန်သွားကြတဲ့သူများမှာလည်း အီရန်တွင် ကျန်ရစ်ခဲ့ကြတဲ့ မိသားစုဝင်များရဲ့ လုံခြုံရေးအပေါ် စိုးရိမ်ကြောက်လန့်ကာ ပြန်ခဲ့ကြရတာလည်း ဖြစ်ပါတယ်။

နောက်ထပ် ဩစတြေးလျတွင် ကျန်ရစ်ခဲ့တဲ့ သူ ၂ ဦးတို့ဟာ ဟိုတယ်တွင် နေထိုင်စဉ်ကတည်းက ကျန်အသင်းသားများနှင့် အတူ မနေခဲ့ကြတာပါ။

ဩစတြေးလျအာဏာပိုင်တို့ဟာ လူသားချင်း စာနာထောင်ထားတဲ့အနေဖြင့် နိုင်ငံရေးခိုလှုံခွင့်ပေးလာတဲ့ အီရန်အသင်းသား ၇ ဦးတို့အား အမြဲတမ်းနေထိုင်ခွင့် ရရှိ‌ရေး အလျှင်အမြန် ဆောင်ရွက်မှုများ ပြုလုပ်နေပါတယ်။

ဩစတြေးလျဟာ အီရန်အသင်းသားများအနေဖြင့် အီရန်သို့ ပြန်ရောက်ချိန်တွင် အရေးယူခံရနိုင်တဲ့ အခြေအနေကြောင့် အသင်းသား တစ်ဦးချင်းစီအား ဘာသာပြန် အကူအညီဖြင့် ဩစတြေးလျတွင် ဆက်လက်နေထိုင်နိုင်ရေး စီစဉ်ပေးမယ်လို့ အကူအညီလက်ကမ်းခဲ့သလို မိသားစုဝင်များနှင့်လည်း ဖုန်းခေါ်ဆိုနိုင်အောင် စီစဉ်ပေးခဲ့ပါတယ်။

ဒါပေမယ့် ကျန်အီရန်အသင်းသားတို့ဟာ အီရန်တွင် ကျန်ရှိနေတဲ့ မိသားစုဝင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် နေအိမ်သို့ ပြန်ရန် ရွေးချယ်ခဲ့ကြတာပါ။

ဩစတြေးလျရောက် အီရန်အသိုင်းအဝိုင်း ၂၀၀ တို့ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ဖိလစ်ပိုင်အား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ကာ အာရှဖလားပြိုင်ပွဲမှ ထွက်ခွာရပြီးနောက် နေအိမ်သို့ ပြန်ရမယ့် အီရန်အသင်းသားများအား အကာအကွယ်ပေးရေး လှုပ်ရှားမှုများ ပြုလုပ်နေခဲ့ကြတာပါ။

အီရန်အသင်းသားများဟာ တောင်ကိုရီးယားနှင့်အဖွင့်ပွဲတွင် နိုင်ငံတော်သီချင်း မသီဆိုမှုကြောင့် အီရန်အစိုးရပိုင် ရုပ်သံရဲ့ နိုင်ငံတော်သစ္စာဖောက်များအဖြစ် ကြေညာခြင်းခံခဲ့ရပါတယ်။

ယင်းနောက် အီရန်အသင်းသားများဟာ ဩစတြေးလျ၊ ဖိလစ်ပိုင်တို့နှင့်ပွဲတွင် နိုင်ငံတော်သီချင်း ပြန်လည်သီဆိုကာ အလေးပြုမှု ပြုလုပ်ခဲ့ကြပါတယ်။

ဒါပေမယ့် အီရန်တွင် နိုင်ငံတော်ပုန်ကန်မှုအား ကွပ်မျက်ခြင်း (သို့မဟုတ်) ထောင်ဒဏ်တစ်သက်တကျွန်းအထိ ချမှတ်နိုင်ရာ အီရန်အသင်းသားတို့မှာ အီရန်သို့ ပြန်ရောက်ချိန်တွင် ညှင်းပန်းနှိပ်စက်မှု ခံရမည်ကို စိုးရိမ်စရာ ရှိခဲ့ပါတယ်။

ယင်းနောက်မှာတော့ ဩစတြေးလျအာဏာပိုင်များဟာ အီရန်အသင်းသားများကို နိုင်ငံရေးခိုလှုံခွင့် ပေးရေး အစွမ်းကုန် ကူညီ လုပ်ဆောင်လာခဲ့ကြတာလည်း ဖြစ်ပါတယ်။

image