ပစ္စုပ္ပန်တွင် ရှင်သန်နေထိုင်ကြရန် အာဆင်နယ်ကို အာတီတာ တိုက်တွန်းလာ
====================

အာဆင်နယ်နည်းပြမီခေးလ်အာတီတာက အာဆင်နယ်ပရိသတ်များ၊ ကစားသမားများအနေဖြင့် ပစ္စုပ္ပန်တွင် နေထိုင်ရှင်သန်ကြရန် တိုက်တွန်း ပြောကြားလာပါတယ်။
အာဆင်နယ်ဟာ ဒုတိယနေရာမှ မန်စီးတီးကို တစ်ပွဲပိုကစားပြီး ၄ မှတ်ဖြတ်ကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ကာ ရာသီလက်ကျန် ၃ ပွဲအား အနိုင်ရရှိပါက ၂၂ နှစ်အတွင်း ပထမဆုံးပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးလာနိုင်ပါမယ်။
အာဆင်နယ်ဟာ အင်္ဂါနေ့တုန်းက အက်သလက်တီကိုအား ၁-၀ ဖြင့် အနိုင်ရရှိကာ နှစ်ကျော့ပေါင်းရလဒ် ၂-၁ ဖြင့် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်ထားပါတယ်။
အာဆင်နယ်ဟာ မေလ ၃၀ ရက်နေ့ ဘူဒါပတ်စ်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ပီအက်စ်ဂျီနှင့် ရင်ဆိုင်ကစားရပါမယ်။
အာတီတာက "ကျွန်တော်တို့ တဖြည်းဖြည်းနဲ့ နီးကပ်လာပါပြီ။ ကျွန်တော်တို့ အခု ရှိနေတာအားလုံးက သေလျှင် မြေကြီး ရှင်လျှင် ရွှေထီးအခြေအနေပါ။ ဒီတော့ ပစ္စုပ္ပန်မှာပဲ နေထိုင်ကြပါ။ လက်ရှိအခိုက်တန့်မှာပဲ ရှင်သန်ကြပါ။ ပြင်ဆင်ကြပါ။ တစ်ရာသီလုံးပြသလာခဲ့တဲ့ တူညီတဲ့ စွမ်းအင်၊ ဆာလောင်မှု၊ ဆန္ဒပြင်းပြမှုကို ဆက်လက်ပြသကြပါ။ ပိုပြီးတော့ ပြသကြပါ"လို့ ပြောကြားသွားပါတယ်။
အာဆင်နယ်ဟာ တနင်္ဂနွေနေ့တွင် London Stadium သို့ သွားရောက်ကာ တန်းမဆင်းရရေး တိုက်ပွဲဝင်နေတဲ့ ဝက်စ်ဟမ်းကို ရင်ဆိုင်ရပါမယ်။
ပြီးလျှင် အာဆင်နယ်ဟာ မေလ ၁၈ ရက်နေ့တွင် အိမ်ကွင်းမှာ ဘန်လေကိုလည်းကောင်း၊ မေလ ၂၄ ရက်နေ့တွင် ရာသီသိမ်းပွဲအဖြစ် ပဲလေ့စ်ကို အဝေးကွင်းမှာလည်းကောင်း ကစားရပါမယ်။

image

ဆိုရှယ်မီဒီယာပို့စ်များအတွက် ဘုန်းမောက်ရဲ့ စုံစမ်းစစ်ဆေးမှုခံရကာ ပထမအသင်းမှ ဖယ်ရှားခံလာရတဲ့ နောက်ခံလူဂျေမီနက်ဇ်
==================

ဘုန်းမောက်ဟာ ဆိုရှယ်မီဒီယာပို့စ်များအတွက် နောက်ခံလူအဲလက်စ်ဂျေမီနက်ဇ်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လာပါတယ်။
နွေရာသီတုန်းက အေစီမီလန်မှ ရောက်လာတဲ့ အသက် ၂၁ နှစ်ရှိ ဂျေမီနက်ဇ်ဟာ ဘုန်းမောက်ပထမအသင်းမှ ဖယ်ရှားခြင်းခံလာရကာ ယနေ့ညတွင် ဖူလ်ဟမ်နှင့် ရင်ဆိုင်ရမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပါဝင်လာမှာ မဟုတ်ပါဘူး။
ဘုန်းမောက်ဘက်က ဂျေမီနက်ဇ်ကို ဆိုရှယ်မီဒီယာပို့စ်များကြောင့် စစ်ဆေးနေကြောင်းသာ ကြေညာထားပြီး အတိအကျ ပြောဆိုရေးသားထားခြင်း မရှိပါဘူး။
ဒါပေမဲ့ ဗြိတိန်မီဒီယာများရဲ့ ဖော်ပြမှုအရ ဘုန်းမောက်ရဲ့ စစ်ဆေးမှုများတွင် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို မက်ဆေ့ချ်များ ပေးပို့တဲ့ အဖြစ်အပျက်လည်း ပါဝင်နေကြောင်း သိရပါတယ်။
ဂျေမီနက်ဇ်ဟာ နွေရာသီတုန်းက အေစီမီလန်မှ အငှားဖြင့် ပြောင်းလာပြီးနောက် ဖေဖော်ဝါရီလတွင် ၂၀၃၁ ခုနှစ်အထိ စာချုပ်ဖြင့် အပြီးသတ်ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။
ညာနောက်ခံလူဟာ ယခုရာသီတွင် ဘုန်းမောက်အတွက် ၃၂ ပွဲကစားထားပြီး ၁ ဂိုးသွင်းထားပါတယ်။

image

ပလေးအော့ဖ်ဆီမီးဖိုင်နယ်ပြိုင်ဘက် မစ်ဒယ်ဘရော့ကို စပိုင်လုပ်မှုအတွက် စွဲချက်တင်ခံလာရတဲ့ ဆောက်သမ်တန်
===================

အင်္ဂလိပ်ဘောလုံးလိဂ်ဟာ ယနေ့ည ချန်ပီယံရှစ်ပလေးအော့ဖ်ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်မီ ပြိုင်ဘက် မစ်ဒယ်ဘရော့အသင်းကို စပိုင်လုပ်ခဲ့မှုအတွက် ဆောက်သမ်တန်အား စွဲချက်တင်လာပါတယ်။
ဆောက်သမ်တန်ရဲ့ စွမ်းဆောင်ရည်ခွဲခြမ်းစိတ်ဖြာသူဟာ ကြာသပတေးနေ့နံနက်ပိုင်းတုန်းက ပြိုင်ဘက်မစ်ဒယ်ဘရော့ရဲ့ လေ့ကျင့်ရေးကွင်းသို့ လာရောက်ကာ ဗီဒီယိုမှတ်တမ်းတင်မှု ပြုလုပ်ခဲ့ပါတယ်။
ခြုံပုတ်တစ်ခုကို အကာအကွယ်ယူကာ ဗီဒီယိုမှတ်တမ်းတင်နေတဲ့သူကို မစ်ဒယ်ဘရော့တာဝန်ရှိသူများက တွေ့ရှိသွားခဲ့ပြီးနောက် မေးမြန်းချိန်တွင် မည်သူမည်ဝါဖြစ်ကြောင်း ငြင်းဆိုခဲ့ပါတယ်။
မစ်ဒယ်ဘရော့တာဝန်ရှိသူများက ဗီဒီယိုမှတ်တမ်းများကို ဖျက်စေပြီးနောက် ထွက်ခွာသွားစေခဲ့ပါတယ်။
ယင်းလူဟာ မစ်ဒယ်ဘရော့လေ့ကျင့်ရေးကွင်းအနီးရှိ အသင်းဥက္ကဌပိုင်ဟိုတယ်သို့ ဝင်ရောက်သွားခဲ့ကာ အိမ်သာခန်းတွင် အဝတ်အစားလဲပြီးနောက် ထွက်ခွာသွားခဲ့ပါတယ်။
နောက်ပိုင်းတွင် မစ်ဒယ်ဘရော့က ယင်းလူအား ရှာဖွေရာတွင် ဆောက်သမ်တန်တွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်ကြောင်း တွေ့ရပြီးနောက် အင်္ဂလိပ်ဘောလုံးလိဂ်အား တိုင်ကြားခဲ့ပါတယ်။
အင်္ဂလိပ်ဘောလုံးလိဂ်ဥပဒေအရ ပွဲမတိုင်မီ ၇၂ နာရီအတွင်းတွင် ပြိုင်ဘက်အသင်းအား ကင်းထောက်ခွင့် မရှိပါဘူး။
ယခင်တုန်းကလည်း လိဒ်အသင်းဟာ စပိုင်စေလွှတ်ကာ ဒါဘီအသင်းအား ကင်းထောက်စေခဲ့မှုအတွက် ပေါင် ၂၀၀၀၀၀ ဒဏ်ရိုက်ခံခဲ့ရဖူးပါတယ်။
ယခု ဆောက်သမ်တန်ဟာလည်း ပြိုင်ဘက်အသင်းကို ကင်းထောက်မှုအတွက် ဒဏ်ရိုက်ခံလာရဖို့ ရှိပါတယ်။

image

သွေးစွန်းခဲ့တဲ့ အဝတ်အစားလဲခန်းရန်ပွဲအတွက် ဗယ်ဗာဒီနှင့် ချူအာမီနီကို ယူရို ၁ သန်း ဒဏ်ရိုက်လာတဲ့ ရီးရဲလ်မက်ဒရစ်
=====================

ရီးရဲလ်မက်ဒရစ်ဟာ အဝတ်အစားလဲခန်းအတွင်း ရန်ဖြစ်ခဲ့ကြတဲ့ အလယ်တန်းကစားသမားဖီဒီဗယ်ဗာဒီနှင့် အူရယ်လီယန်ချူအာမီနီတို့ကို စုစုပေါင်း ယူရို ၁ သန်း ဒဏ်ရိုက်လာပါတယ်။
အသက် ၂၇ နှစ်ရှိ ဗယ်ဗာဒီဟာ အသက် ၂၆ နှစ်ရှိ ပြင်သစ်လက်ရွေးစင်ချူအာမီနီနှင့် ပြဿနာတက်ပြီးနောက် ခေါင်းဒဏ်ရာရရှိကာ ဆေးရုံတက်ခဲ့ရပြီး ဆယ်ရက်အထိ အနားယူလာရပါတယ်။ သူဟာ တနင်္ဂနွေနေ့တွင် နူးကမ့်မှာ ဘာစီလိုနာနှင့် ကစားရမဲ့ El Clasico ပွဲကို လွဲလာပါမယ်။
ဒါပေမဲ့ ဥရုဂွေးလက်ရွေးစင်ကစားသမားဟာ ခေါင်းဒဏ်ရာမှာ ချူအာမီနီကြောင့် ရရှိလာခြင်း မဟုတ်ဘဲ စားပွဲခံနှင့် ဆောင့်မိကာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ဆိုထားပါတယ်။ မီဒီယာများကမူ ဗယ်ဗာဒီဟာ ချူအာမီနီရဲ့ လက်သီးဖြင့် ထိုးကြိတ်မှုအား ရှောင်တိမ်းစဉ် ချော်လဲရာမှာ စားပွဲခုံနှင့် တိုက်မိကာ ရရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။
ယခုအခါ ရီးရဲလ်မက်ဒရစ်ဟာ အထက်ပါ အဖြစ်အပျက်အား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဗယ်ဗာဒီနှင့် ချူအာမီနီတို့အား ယူရို ၅ သိန်းစီ ဒဏ်ရိုက်လာပါတယ်။
တဖက်တွင် ချူအာမီနီကလည်း ယင်းအဖြစ်အပျက်ကို အွန်လိုင်းတွင် ချဲ့ကားရေးသားနေကြသော်လည်း လက်မခံနိုင်စရာ အဖြစ်အပျက်တစ်ခု ဖြစ်ကြောင်း ကြေညာကာ တောင်းပန်သွားခဲ့ပါတယ်။
ချူအာမီနီက "သဘောထားကွဲလွဲမှုတွေ ဖြစ်ခဲ့ပေမဲ့ မိသားစုတစ်ခုအဖြစ် ဆက်ရှိနေပါမယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ရည်မှန်းချက်က အရာအားလုံးရဲ့ ထိပ်မှာ တင်ထားရပါမယ်။ ဒီအုပ်စုကို တောင်းပန်လိုပါတယ်။ မက်ဒရစ်ပရိသတ်အားလုံးကိုလည်း တောင်းပန်လိုပါတယ်။ အခု ဒါကို ထားပြီး ရှေ့ဆက်ရပါမယ်။ El Clasico ပွဲကိုပဲ အပြည့်အဝ အာရုံစိုက်ရပါမယ်။ ပြီးရင် ကလပ်နဲ့ ထိုက်တန်တဲ့ ထိပ်ဆုံးသို့ ပို့ဖို့ ကြိုးစားရပါမယ်"လို့ ပြောကြားသွားပါတယ်။
မီဒီယာများရဲ့ ဖော်ပြမှုအရ ဗယ်ဗာဒီနှင့် ချူအာမီနီတို့ဟာ လေ့ကျင့်ရေးကွင်းတွင် ဘောလုံးဖျက်ထုတ်မှုအတွက် ပြဿနာတက်ပြီးနောက် အဝတ်အစားလဲခန်းသို့ ရောက်ချိန်တွင် ဥရုဂွေးကစားသမားက အသင်းရဲ့အတွင်းသတင်းများမှာ ပြင်သစ်ကစားသမားကြောင့် ပေါက်ကြားတယ်လို့ စွပ်စွဲရာမှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ဗယ်ဗာဒီနှင့် ချူအာမီနီတို့ ပြဿနာမတက်မီ ရူဒီဂါက ကစားဖော်ကာရီရက်စ်ကို ပါးရိုက်ခဲ့တဲ့ အဖြစ်အပျက် ဖြစ်ခဲ့ပါသေးတယ်။
ဒါ့အပြင် ကွင်းလယ်ကစားသမားစီဘယ်လို့စ်မှာ ရီးရဲလ်မက်ဒရစ်နည်းပြအာဘီလိုအာနှင့် မခေါ်မပြော မျက်နှာချင်းမဆိုင်နိုင်အောင် ဖြစ်နေကြောင်းလည်း သတင်းထွက်နေပါတယ်။

image

ဘောလုံးကလောင်ရှင်များအဖွဲ့ချုပ်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဘရူနိုဖာနန်ဒက်စ် ဆွတ်ခူး
=====================

ယူနိုက်တက်အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်ဟာ ဘောလုံးကလောင်ရှင်များအဖွဲ့ချုပ်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးလာပါတယ်။
အလယ်တန်းကစားသမားဖာနန်ဒက်စ်ဟာ ယခုရာသီ ပြိုင်ပွဲအရပ်ရပ်တွင် ယူနိုက်တက်အတွက် ၃၄ ပွဲကစားထားရာမှာ ၈ ဂိုးသွင်းပြီး အကြိမ် ၂၀ ဖန်တီးမှု ပြုလုပ်ပေးထားနိုင်ပါတယ်။
ဖာနန်ဒက်စ်ဟာ ဘောလုံးကလောင်ရှင်အဖွဲ့ဝင် ၉၀၀ ကျော်တို့ရဲ့ မဲ ၄၅ ရာခိုင်နှုန်းအထိ ရရှိကာ ဒီဆုကို ဆွတ်ခူးသွားခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ ဒုတိယရရှိခဲ့တဲ့ အာဆင်နယ်ကွင်းလယ်ကစားသမားဒီကလန်ရိုက်ထက် ၂၈ မဲ ပိုရခဲ့ကာ မန်စီးတီးတိုက်စစ်မှူးအာလင်းဟာလန်းက တတိယရရှိခဲ့ပါတယ်။
ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ ယာယီနည်းပြမိုက်ကယ်ကာရစ်လက်ထက်တွင် တကျော့ပြန် အကောင်းဆုံးပုံစံ ရရှိလာတဲ့ ယူနိုက်တက်တွင် အရေးပါတဲ့သူအဖြစ် ကစားနေသူ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဆုဖလားလက်မဲ့ ရာသီတစ်ခု ထပ်မံ ကြုံနေရပေမဲ့လည်း ယခုအခါ လာမဲ့ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။
သူဟာ ၂၀၁၀ ခုနှစ်တုန်းက ဝိန်းရွန်းနီ ဆွတ်ခူးပြီးနောက် ဘောလုံးကလောင်ရှင်များအဖွဲ့ချုပ်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးတဲ့ ပထမဆုံးယူနိုက်တက်ကစားသမားလည်း ဖြစ်ပါတယ်။
အသက် ၃၁ နှစ်ရှိ ဖာနန်ဒက်စ်ဟာ ၂၀၂၀ ခုနှစ်ဇန်နဝါရီလတွင် စပို့တင်းလစ္စဘွန်းမှ ပေါင် ၆၇.၇ သန်းဖြင့် ပြောင်းလာပြီးနောက် အရေးပါတဲ့ ကစားသမားအဖြစ် တောက်လျှောက်ကစားလာသူလည်း ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ကလပ်ဘက်က ဆော်ဒီပရိုလိဂ်ကလပ် Al-Hilal ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပေမဲ့ အိုးထရက်ဖို့ဒ်တွင်ပင် ဆက်ကစားရန် ဆုံးဖြတ်ခဲ့သူ ဖြစ်ပါတယ်။
တဖက်တွင် သူဟာ ယခုရာသီတွင် အကောင်းဆုံးပုံစံဖြင့် ကစားနေပေမဲ့လည်း ပူးတွဲပိုင်ရှင်ဆာဂျမ်ရက်ကလစ်ဖ်က ကလပ်ရဲ့ လုပ်ခအသုံးစရိတ်ကို လျှော့ချလိုနေမှုနှင့်အတူ ၂၀၂၇ ခုနှစ်တွင် ကုန်ဆုံးမဲ့ စာချုပ်အား စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးခံရခြင်း မရှိပါဘူး။
ဒါ့အပြင် ဖာနန်ဒက်စ်ကိုယ်တိုင်ကလည်း လာမဲ့ ကမ္ဘာ့ဖလားအပြီးတွင်မှ အနာဂတ်ကို ဆုံးဖြတ်မယ်လို့ ဆိုထားပါတယ်။
တဖက်တွင် ဘောလုံးကလောင်ရှင်များအဖွဲ့ချုပ်ရဲ့ တစ်နှစ်တာအကောင်းဆုံးအမျိုးသမီးကစားသမားဆုကို မန်စီးတီးတိုက်စစ်မှူးခါဒီဂျာရှောက ဆွတ်ခူးသွားပါတယ်။
သူမဟာ အမျိုးသမီးစူပါလိဂ်တွင် ၂၁ ပွဲမှာ ၁၉ ဂိုးသွင်းပြီး ရွှေဖိနပ်ဆုအား ၃ ဆက် ဆွတ်ခူးကာ မန်စီးတီးအား အမျိုးသမီးစူပါလိဂ်ဖလား ဆွတ်ခူးနိုင်အောင် အဓိကနေရာမှ စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။
ဂျာမေကာတိုက်စစ်မှူးဟာ ၂၀၂၃-၂၄ ရာသီတုန်းကလည်း ဒီဆုကို ဆွတ်ခူးခဲ့ဖူးပါတယ်။

image

ဆိုးရွားတဲ့ ဒဏ်ရာပြဿနာကြောင့် အသက် ၃၀ နှစ် အရွယ်တွင်ပင် ကစားသမားဘဝမှ အနားယူရန် ချန်ပီယံလိဂ် ၂ ကြိမ်ရ ကစားသမား စဉ်းစားနေ
==================

ရီးရဲလ်မက်ဒရစ်နှင့်အတူ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် ရရှိထားတဲ့ နောက်ခံလူဟာ ဒဏ်ရာပြဿနာများကြောင့် အသက် ၃၀ နှစ်အရွယ်မှာပဲ ကစားသမားဘဝမှ အနားယူဖို့ အလေးအနက်ထား စဉ်းစားနေပါတယ်။
ယခုအပတ်အတွင်းတွင် ဖီဒီဗယ်ဗာဒီနှင့် အူရယ်လီယန်ချူကွာမီနီတို့အကြား ခိုက်ရန်ဖြစ်ပွားကာ ရီးရဲလ်မက်ဒရစ်အသင်းအဝတ်အစားလဲခန်းအတွင်း နှစ်ခြမ်းကွဲလာနေချိန်တွင် ဖာလန်းမန်ဒီမှာ ဒဏ်ရာပြဿနာဆိုးနှင့် ကြုံလာတာ ဖြစ်ပါတယ်။
ဘယ်နောက်ခံလူဟာ ယခုရာသီတွင် ဒဏ်ရာပြဿနာများစွာနှင့် ဖြတ်သန်းလာရသူ ဖြစ်ပြီး ပြိုင်ပွဲအရပ်ရပ် ၉ ပွဲတည်းသာ ကစားထားနိုင်ပါတယ်။
သူဟာ နောက်ဆုံးလာလီဂါ ၂ ပွဲတွင် အသင်းအတွက် ပြန်ကစားလာနိုင်ခဲ့ပေမဲ့လည်း အက်စ်ပန်ညိုအား အနိုင်ရတဲ့ပွဲတွင် ပွဲချိန် ၁၄ မိနစ်မှာပင် ဒဏ်ရာရရှိကာ လူစားလဲခဲ့ရပြန်ပါတယ်။
မန်ဒီရဲ့ ဒဏ်ရာအား စစ်ဆေးမှု ပြုလုပ်ရာမှာ ၂၀၂၅ ခုနှစ်တုန်းက ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရကာ ၆ လအထိ အနားယူခဲ့ရစေတဲ့ ညာဖက်ခြေထောက်အရွတ်ဒဏ်ရာ ထပ်မံ ရရှိလာခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
အစောပိုင်းတုန်းက မန်ဒီမှာ ယင်းဒဏ်ရာကို ခွဲစိတ်ကုသမှု ပြုလုပ်ပြီးပါက ၅ လခန့် အနားယူရမယ်လို့ မီဒီယာများက ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ နောက်ဆုံး ထွက်ပေါ်လာတဲ့သတင်းအရ မန်ဒီရဲ့ ဒဏ်ရာမှာ အစောပိုင်းတုန်းကထက် ဆိုးရွားနေကြောင်း သိရပါတယ်။
COPE ရဲ့ ဖော်ပြမှုအရ မန်ဒီဟာ အရိုးနှစ်ခုအကြားမှ အရွတ်ဖြစ်နေမှုနှင့်အတူ တစ်နှစ်အထိ အနားယူလာရနိုင်ကြောင်း သိရပါတယ်။
မန်ဒီဟာ ယင်းဒဏ်ရာကို လာမယ့် တနင်္လာနေ့မှာ ပြင်သစ်တွင် ခွဲစိတ်ကုသမှု ပြုလုပ်လာပါမယ်။
တဖက်တွင် မန်ဒီဟာ ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူလာရမှုနှင့်အတူ ကစားသမားဘဝမှ အနားယူရေး အလေးအနက်ထား စဉ်းစားနေကြောင်း သိရပါတယ်။
မန်ဒီဟာ ၂၀၁၉ ခုနှစ်တွင် လိုင်ယွန်မှ ပေါင် ၄၁.၅ သန်းဖြင့် ပြောင်းလာသူ ဖြစ်ပြီး ၂၀၂၈ ခုနှစ်အထိ ရီးရဲလ်မက်ဒရစ်နှင့် စာချုပ်ချုပ်ဆိုထားသူ ဖြစ်ပါတယ်။
သူဟာ ရီးရဲလ်မက်ဒရစ်အတွက် ပွဲ၂၁၀ ကစားထားရာမှာ ၆ ဂိုးသွင်းထားပါတယ်။
သူဟာ ရီးရဲလ်မက်ဒရစ်တွင် ကစားစဉ်အတွင်း ဒဏ်ရာပြဿနာ အကြိမ် ၂၀ အထိ ကြုံထားကာ ပွဲပေါင်း ၁၂၀ အထိ လွဲထားပါတယ်။
သူဟာ ရီးရဲလ်မက်ဒရစ်နှင့်အတူ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် ဆွတ်ခူးထားသလို လာလီဂါဖလားလည်း ၃ ကြိမ် ဆွတ်ခူးထားပါတယ်။

image

ကလပ်လက်မဲ့ဖြစ်ရန် သတ္တပတ်အနည်းငယ်အလိုတွင် သုံးကြိမ်ဆက် ဥရောပဖလားဗိုလ်လုပွဲသို့ တက်ရောက်လာတဲ့ အမေ့ယူနိုက်တက်စတား
====================

အက်စတွန်ဗီလာဟာ အူနိုင်းအမ်မရီရဲ့ ဦးဆောင်မှုနှင့်အတူ ၄၄ နှစ်အတွင်း ပထမဆုံးဥရောပဖလားဗိုလ်လုပွဲသို့ တက်လှမ်းလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အူနိုင်းအမ်မရီဟာလည်း နည်းပြဘဝအတွင်း ၅ ကြိမ်မြောက် ယူရိုပါလိဂ်ဗိုလ်လုပွဲအား ကြီးကြပ်ခွင့် ရလာပြီ ဖြစ်ပါတယ်။
တဖက်တွင် ဂျာဒွန်ဆန်ချိုမှာလည်း သုံးရာသီဆက် ကွဲပြားတဲ့ ကလပ် ၃ ခုနှင့် ဥရောပဖလားဗိုလ်လုပွဲသို့ တက်ရောက်လာနိုင်ခဲ့ပါတယ်။
ဗီလာဟာ ကြာသပတေးနေ့ညတုန်းက ဗီလာပါ့ခ်တွင် နော်တင်ဟမ်ဖောရက်စ်ကို သမိုင်းဝင်အောင်ပွဲရယူနိုင်ခဲ့ပါတယ်။
ယူရိုပါလိဂ်စပါယ်ရှယ်လစ်အဖြစ် သတ်မှတ်ခံထားရတဲ့ အူနိုင်းအမ်မရီဟာ ဆီဗီလာကို ကိုင်တွယ်တုန်းက ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ သုံးကြိမ်ဆက် ဆွတ်ခူးခဲ့ဖူးပါတယ်။
သူဟာ ၂၀၁၉ ခုနှစ်တုန်းကလည်း အာဆင်နယ်ကို ယူရိုပါလိဂ်ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးနိုင်ခဲ့ပေမဲ့ ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့ပါတယ်။
ဗီလာဟာ နောက်ဆုံးအကြိမ် ဥရောပဗိုလ်လုပွဲသို့ တက်ခဲ့တာ ၁၉၈၂ ခုနှစ်တုန်းက ဖြစ်ပြီး ဥရောပဖလားဆွတ်ခူးခဲ့ပါတယ်။
တဖက်တွင် ယူနိုက်တက်မှ အငှားဖြင့် လာကစားနေတဲ့ ဆန်ချိုဟာလည်း ကလပ်လက်မဲ့ ကစားသမားဖြစ်လာရန် ရက်သတ္တပတ်အနည်းငယ်သာလိုတော့တဲ့အချိန်တွင် ကြီးမားတဲ့ ဆုတံဆိပ်တစ်ခု ရယူနိုင်မဲ့ အခွင့်အရေး ပိုင်ဆိုင်ထားပါတယ်။
ဆန်ချိုဟာ ပြီးခဲ့တဲ့ နှစ်ရာသီခွဲဆက်တိုက် အခြားကလပ်များသို့ အငှားဖြင့် သွားကစားခဲ့ရပါတယ်။
ဇွန်လ ၃၀ ရက်နေ့တွင် ဗီလာနှင့် အငှားစာချုပ်သက်တမ်းကုန်ဆုံးမဲ့ ဆန်ချိုဟာ နွေရာသီမှာ ယူနိုက်တက်နှင့် စာချုပ်သက်တမ်းကုန်ဆုံးမဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ သူဟာ ဗီလာနှင့်အတူ အစ္စတန်ဘူလ်မှာ ဖရိုင်းဘတ်နှင့် ကစားရမဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကစားကာ ၂ ရာသီဆက် ဥရောပဖလားဆွတ်ခူးနိုင်မဲ့ အခွင့်အရေး ပိုင်ဆိုင်ထားပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ချဲလ်ဆီးသို့ အငှားဖြင့် သွားကစားစဉ်တုန်းက အန်ဇိုမာရက်စ်ကာ လက်အောက်တွင် ကွန်ဖရင့်လိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ယင်းမတိုင်မီ သူဟာ အသင်းဟောင်းဒေါ့မွန်သို့ အငှားဖြင့် ၅ လသွားကစားစဉ်တုန်းကလည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်နိုင်ခဲ့ပါတယ်။
သူဟာ ဝင်ဘာလေကွင်းတွင် ရီးရဲလ်မက်ဒရစ်အား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်မှာ ၈၇ မိနစ်မှာမှ လူစားဝင်ရောက် ကစားခွင့်ရခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ ဒေါ့မွန်နှင့်အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်နိုင်ခဲ့မှုနှင့်အတူ ချဲလ်ဆီးသို့ အငှားဖြင့် ပြောင်းကစားနိုင်မဲ့ အခွင့်အရေးကြီး ပိုင်ဆိုင်ခဲ့ပါတယ်။
ယခုတစ်ကြိမ်မှာလည်း ဆန်ချိုဟာ ဗီလာနှင့်အတူ ယူရိုပါလိဂ်ဖလား ဆွတ်ခူးနိုင်ပါက သူ့ကို ခေါ်ယူလိုတဲ့ ကလပ်များကို ဆွဲဆောင်လာနိုင်ဖို့ ရှိနေပါတယ်။

image

ခါးသီးတဲ့ မြောက်လန်ဒန်ပြိုင်ဘက် အာဆင်နယ်ကို ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးစေရေး ဆုတောင်းရကိန်းဆိုက်နေတဲ့ စပါးစ်
====================

သူတို့က တကယ့်ကို ခါးသီးလှတဲ့ ပြိုင်ဘက်တွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ စပါးစ်ပရိသတ်များဟာ ယခုအပတ်မှာ ခါးသီးတဲ့ပြိုင်ဘက် အာဆင်နယ်တို့ နိုင်ပွဲ ရရှိပြီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေး အခြေအနေကောင်းလာပါစေကြောင်း ဆုတောင်းရကိန်းဆိုက်နေပါတယ်။
တန်းမဆင်းရရေး တိုက်ပွဲဝင်နေတဲ့ စပါးစ်တို့ တနင်္လာနေ့မှာ လိဒ်ယူနိုက်တက်အား ဧည့်ခံမကစားမီ အာဆင်နယ်ဟာ တနင်္ဂနွေနေ့မှာ လန်ဒန်ဒါဘီပွဲစဉ်အဖြစ် တန်းဆင်းဇုန်အတွင်းမှ ဝက်စ်ဟမ်းနှင့် ရင်ဆိုင်ကစားရပါမယ်။
ဒီတော့ စပါးစ်ဟာ အာဆင်နယ်တို့သာ အနိုင်ရလာမယ်ဆိုရင် အသင်းရဲ့ ပရီးမီးယားလိဂ်တွင် တင်ကျန်ရေး မျှော်လင့်ချက်ကလည်း ပိုမို အခြေအနေကောင်းလာစေပါမယ်။ တဖက်မှာ အာဆင်နယ်တို့သာ အနိုင်ရလာပြန်လျှင်လည်း ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးပရီးမီးယားလိဂ်ဖလား ဆွတ်ခူးရေး အခြေအနေကောင်းလာပါမယ်။
တကယ်လို့ ဝက်စ်ဟမ်းတို့သာ အနိုင်ရမယ်ဆိုပြန်လျှင်လည်း ခါးသီးတဲ့ပြိုင်ဘက် အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ဖလားအိပ်မက်ကို ထိခိုက်လာပြန်ပါမယ်။ ဒါပေမဲ့ တဖက်မှာ စပါးစ်ဟာ ဝက်စ်ဟမ်းတို့သာ အနိုင်ရလျှင် လိဒ်နှင့် ရင်မဆိုင်ရမီ တန်းဆင်းဇုန်သို့ ပြန်ဆင်းလာရပါမယ်။
ဒီတော့ စပါးစ်ပရိသတ်တွေအတွက် ဆုပ်လည်း စူး စားလည်း ရူးရမဲ့အခြေအနေ ဆိုက်နေပါတယ်။
စပါးစ်ပရိသတ် အလီစပစ်ချ်လီက "ကျွန်တော့်ရဲ့စပါးစ်အားပေးဖော်တစ်ဦးကတော့ အာဆင်နယ်ကို အားပေးမယ်လို့ ဆိုနေတယ်။ စိတ်ထဲမှာ ဘယ်လိုတောင် ပြောလိုက်သလဲပေါ့။ ဒါနဲ့ပတ်သက်ပြီး အခု စပါးစ်ပရိသတ်တွေ နှစ်ခြမ်းကွဲနေကြတယ်။ တစ်ယောက်တည်းအမြင်ရ ပြောရမယ်ဆိုရင် ကျွန်တော်ကတော့ အာဆင်နယ်ကို အားပေးမှာ မဟုတ်ပါဘူး။ ဒီလိုလုပ်ဖို့လည်း ကိုယ့်ကိုယ်ကို တွန်းအားမပေးနိုင်ဘူး"လို့ ပြောကြားသွားပါတယ်။
စပါးစ်ဟာ နည်းပြရောဘတ်တိုဒီဇာဘီ ဦးဆောင်မှုနှင့် ဝုဗ်၊ အက်စတွန်ဗီလာတို့အား ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက် အနိုင်ရရှိကာ တန်းမဆင်းရရေး မျှော်လင့်ချက် လင်းလက်လာခဲ့ပါတယ်။
ရာသီသိမ်းရန် ၃ ပွဲတည်းသာ လိုတော့တဲ့အချိန်မှာ လက်ရှိ ယူရိုပါလိဂ်ချန်ပီယံဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၇ နေရာမှာ ရပ်တည်နေပြီး အဆင့် ၁၈ နေရာမှ ဝက်စ်ဟမ်းကို ၁ မှတ်တည်းသာ ဖြတ်ထားနိုင်ပါတယ်။
တကယ်လို့ အာဆင်နယ်ရော စပါးစ်ရော အနိုင်ရလာမယ်ဆိုရင် ဝက်စ်ဟမ်းဟာ ၂ ပွဲတည်းသာ ကျန်တော့တဲ့အခြေအနေမှာ ရမှတ် ၄ မှတ်ကွာဟလာပါမယ်။
တဖက်မှာ မီခေးလ်အာတီတာရဲ့ အာဆင်နယ်ကလည်း စနေနေ့မှာ မန်စီးတီးကသာ ဘရန့်ဖို့ဒ်ကို အနိုင်ရလာမယ်လျှင်လည်း ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးရေး နောက်ဆုံး ၂ ပွဲမှာ အနည်းဆုံး ၅ မှတ်ရရှိဖို့ လိုလာပါမယ်။
ဒီတော့ စပါးစ်ပရိသတ်တွေကတော့ အာဆင်နယ်တို့ London Stadium မှာ အာဆင်နယ်တို့ကို အနိုင်ရစေချင်သလား။
The Extra Inch အစီအစဉ်မှ ဘာဒီကတော့ စပါးစ်ပရိသတ်စပစ်ချ်လီနှင့် အမြင်မတူပါဘူး။
ဘာဒီက "အခုအချိန်မှာ ပထမဦးစားပေးက တန်းမဆင်းရဖို့ပါ။ ဒါက ကျုပ်တို့ရဲ့ ရည်မှန်းချက်ကြီး ဖြစ်တယ်။ တန်းမဆင်းရဖို့အရေးက ပြိုင်ဘက်ကို လှောင်ပြောင်ရဖို့အရေးထက် အရေးကြီးတယ်။ ဒါပေမဲ့ ဂျာရော့ဒ်ဘိုဝင်းက နာကျင်အချိန်ပိုမှာ ၂ ဂိုးသွင်းသွားလို့ ၅ ဂိုးစီသရေကျသွားရင် ကျွန်တော် ငိုနေတာ မြင်ရမှာ မဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။
စပါးစ်ဟာ တနင်္လာနေ့မှာ လိဒ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားပြီးလျှင် မေလ ၁၇ ရက်နေ့မှာ ချဲလ်ဆီးကို ရင်ဆိုင်ရမှာ ဖြစ်သလို မေလ ၂၄ ရက်နေ့မှာ အဲဗာတန်နှင့် ရင်ဆိုင်ရပါဦးမယ်"လို့ ပြောကြားသွားပါတယ်။

image

တိုက်စစ်ပြဿနာကြောင့် ၁၉၅၂ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ် ၇ ပွဲဆက် အရှုံးနှင့် မကြုံရေး ရုန်းကန်ရမဲ့အခြေအနေနှင့် ရင်ဆိုင်နေရတဲ့ ချဲလ်ဆီး
=================

ချဲလ်ဆီးဟာ တိုက်စစ်ပြဿနာ ကြုံတွေ့နေရမှုနှင့်အတူ ၇၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ၇ ပွဲဆက် အရှုံးဖြင့် မကြုံရေး တိုက်ပွဲအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာရပါတယ်။
ချဲလ်ဆီးဟာ စနေနေ့တွင် အန်ဖီးလ်သို့ သွားရောက်ကာ လီဗာပူးနှင့် ရင်ဆိုင်ရပါမယ်။ ချဲလ်ဆီးဟာ တိုက်စစ်သမားများဖြစ်ကြတဲ့ ပီဒရိုနီတို၊ အလီဂျန်ဒရိုဂါနာချိုတို့မှာ ကြွက်သားဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရမှုနှင့်အတူ ယာယီနည်းပြကာလမ်မက်ဖာလိန်းမှာ တိုက်စစ်အတွက် ရွေးချယ်ရန် ကစားသမားနည်းပါးနေပါတယ်။
အသက် ၁၈ နှစ်ရှိ အကယ်ဒမီတောင်ပံကစားသမားဂျက်စီဒါရီမှာလည်း တနင်္လာနေ့တုန်းက ဖောရက်စ်ကို ရှုံးနိမ့်တဲ့ပွဲတွင် ကလပ်အတွက် ပထမဆုံးပွဲအဖြစ် ပွဲထွက်ကစားခဲ့ပေမဲ့လည်း ဆိုးရွားတဲ့ ခေါင်းဒဏ်ရာရရှိခဲ့ပါတယ်။
တဖက်တွင် ချဲလ်ဆီးဟာ ဂျေမီဂတ်တန်၊ အက်စတီဗာအိုဝီလီယန်တို့အား ဒဏ်ရာကြောင့် ဆုံးရုံးထားရသလို မူဒရစ်ကိုလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် ဆုံးရှုံးထားရပါတယ်။
ဒါ့အပြင် ဂိုးသမားရောဘတ်ဆန်းချက်ဇ်မှာလည်း ဖောရက်စ်နှင့်ပွဲတွင် မော်ဂန်ဂစ်ဘ်ဝှိုက်နှင့် ခေါင်းချင်းတိုက်မိပြီးနောက် ခေါင်းဒဏ်ရာစည်းမျဉ်းအရ လီဗာပူးနှင့်ပွဲကို လွဲချော်လာပါမယ်။
ယာယီနည်းပြမက်ဖာလိန်းအတွက် သတင်းကောင်းကတော့ ရီစီဂျိမ်းစ်နှင့် လီဗီကိုလ်ဝဲလ်တို့ လေ့ကျင့်ခန်းဆင်းလာနိုင်တာပါ။
ချဲလ်ဆီးဟာ ကလပ်သမိုင်းတွင် လိဂ်ပွဲ ၇ ပွဲဆက် ရှုံးနိမ့်မှုအဖြစ် ၁၉၂ ခုနှစ် နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း ရှုံးပွဲကြုံတွေ့ဖူးပါတယ်။

image

ယူနိုက်တက်ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ်မှ ဆာဒေ့ဗ်ဘရဲလ်ဖို့ဒ် နုတ်ထွက်လာ
==================

ဆာဒေ့ဗ်ဘရဲလ်ဖို့ဒ်ဟာ ဒါရိုက်တာအဖွဲ့ဝင်စာရင်းမှ နုတ်ထွက်လာပြီးနောက် ယူနိုက်တက်အသင်းတွင် တာဝန်ထမ်းဆောင်လာခြင်းမရှိတော့ပါဘူး။
အသက် ၆၂ နှစ်ရှိ ဆာဒေ့ဗ်ဘရဲလ်ဖို့ဒ်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ယူနိုက်တက်ရှယ်ယာများကို ဆာဂျမ်ရက်ကလစ်ဖ်က ဝယ်ယူလိုက်ပြီးနောက် Ineos Grenadiers စက်ဘီးအသင်း အကြီးအကဲရာထူးမှ နုတ်ထွက်ကာ ယူနိုက်တက်တွင် တာဝန်ထမ်းဆောင်လာခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ Ineos Group ရဲ့ အားကစားဒါရိုက်တာရာထူးကို ပြန်လည်တာဝန်ထမ်းဆောင်လာမယ်လို့ သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်လာခဲ့ပါတယ်။
သူဟာ ယူနိုက်တက်ဘုတ်အဖွဲ့တွင် ဂန္ထဝင်နည်းပြဆာအဲလက်စ်ဖာဂူဆန်၊ ဂလေဇာမိသားစုဝင် ၆ ဦး၊ အမှုဆောင်ချုပ်ဟောင်းဒေးဗစ်ဂီးလ်တို့နှင့်အတူ တာဝန်ထမ်းဆောင်ခဲ့သူပါ။
ဒါပေမဲ့ ယခုအခါမှာတော့ ယူနိုက်တက်က ဘရဲလ်ဖို့ဒ်မှာ ကလပ်ဒါရိုက်တာရာထူးမှ ထွက်ခွာသွားပြီ ဖြစ်ကြောင်း အတည်ပြုလာပါတယ်။
ယူနိုက်တက်ဟာ ဘရဲလ်ဖို့ဒ်နေရာတွင် INEOS စီနီယာဝန်ထမ်း ၂ ဦးကို အစားထိုး ခန့်အပ်ရန် စီစဉ်နေကြောင်းလည်း သတင်းထွက်နေပါတယ်။
ယူနိုက်တက်ဟာ ဆာဂျမ်ရက်ကလစ်ဖ်နှင့် ဆာဘရဲလ်ဖို့ဒ်တို့ ဦးဆောင်တဲ့ ပထမဆုံးရာသီတွင် ပရီးမီးယားလိဂ်မှာ အဆင့် ၁၅ အထိ ရပ်တည်ခဲ့ပေမယ့် ယခုရာသီတွင် အဆင့် ၃ နေရာမှာ ရပ်တည်နေကာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားပြီး ဖြစ်ပါတယ်။

image