ငါးသိုင်းချောင်းမြို့မှ ရေဘေးသင့်သူများ သောက်သုံး ရေအခက်အခဲမရှိစေရန်စီစဥ်ထောက်ပံ့ပေးလျက်ရှိ

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့တွင်ဖြစ်ပေါ်လျက်ရှိသည့် ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်နေရသူများ သောက်သုံးရေအခက်အခဲမရှိစေရန်နှင့် ပြတ်လပ်မှုမရှိစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းဝင်များကစီစဥ်ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ငါးသိုင်းချောင်းမြို့ တာတစ်လျှောက် ကားလမ်းမကြီးဘေးရှိ ယာယီတဲအိမ်များတွင်နေထိုင်သူများအတွက် (၁,၁၀၀)ဂါလံဆံ့ ယာယီရေလှောင်ကန်(၆)လုံးဖြင့် ရေဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် စံကျောင်းဘုန်းတော်ကြီးကျောင်း၌လည်း The Split Of Brotherhood Mission (TSBM)အသင်းမှလှူဒါန်းထားသည့် ၁ နာရီလျှင် လီတာ(၅၀၀)နှင့် လီတာ (၇၅၀)ထွက်ရှိသော ရေသန့်စင်စက်(၂)လုံးမှထွက်ရှိသည့် ရေသန့်များကို (၂၀)လီတာဆံ့ဘူးများတွင်ဖြည့်သွင်းပြီး လှေများ၊ ဂွန်ဒေါင်းယာဉ်များဖြင့် မြို့တွင်းကယ်ဆယ်ရေးစခန်းများနှင့် လမ်းအသီးသီးရှိ ရေဘေးသင့်သူများထံဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ထို့အတူ အလှူရှင်များလှူဒါန်းထားသည့် ရေသန့်ကတ်များကိုလည်း ရေဘေးသင့်သူများလက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

image