မွန်ပြည်နယ်မှ လွတ်တော် (၃) ရပ်အတွက် ကိုယ်စားလှယ် (၄၅) ဦး ထွက်ပေါ်

မွန်ပြည်နယ်၌ ရွေးကောက်ပွဲအပိုင်း (၁) နှင့် (၂) အပြီးတွင် လွှတ်တော် (၃) ရပ်အတွက် ကိုယ်စားလှယ် (၄၅) ဦး ထွက်ပေါ်ခဲ့ကြောင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံက သိရသည်။
အဆိုပါ လွတ်တော်ကိုယ်စားလှယ်များအနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက (၂၁) ဦးနှင့် မွန်ညီညွတ်ရေးပါတီက (၁၇) ဦး အများဆုံးပါဝင်ခဲ့သည်။
အလားတူ တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးပါတီက (၂) ဦး၊ ပအိုးဝ်အမျိုးသားဖွံ့ဖြိုးတိုက်တက်ရေးပါတီ (၁) ဦး၊ ပြည်သူ့ပါတီမှ (၁) ၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ (၁) ဦး၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီမှ (၂) ဦးတို့ ရွေးကောက်ခံရပြီး ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက တစ်ဦးမှ ရွေးချယ်ခံရခြင်းမရှိပေ။
ထို့ကြောင့် နိုင်ငံရေးပါတီအားလုံးမှ ထွက်ပေါ်လာသည့် ပြ ည်သူ့လွှတ်တော်အတွက် (၁၀) ဦး၊ အမျိုးသားလွှတ်တော်အတွက် (၁၂) ဦး၊ ပြည်နယ်လွှတ်တော်အတွက် (၂၀) ဦး၊ တိုင်းရင်းသားကိုယ် စားလှယ်များဖြစ်သည့် ဗမာ၊ ကရင်နှင့် ပအိုးဝ် (၁) ဦးစီ ရွေးကောက်ခံထားကြောင်း သိရသည်။

image

ရွေးကောက်ပွဲ အပိုင်း(၃)ကို တိုင်းနှင့်ပြည်နယ် (၉) ခု က မြို့နယ် (၆၃)မြို့နယ်တွင် ကျင်းပမည်

လာမည့်ရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီ(၂၅)ရက်၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး တိုင်းနှင့်ပြည်နယ် (၉)ခုက စုစုပေါင်းမြို့နယ်(၆၃)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အပိုင်း (၃) တွင် ကချင်ပြည်နယ်မှ ၅ မြို့နယ်၊ ကရင်ပြည်နယ်မှ ၂ မြို့နယ် ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၂ မြို့နယ် ၊ တနင်္သာရီတိုင်းဒေသကြီးမှ ၃ မြို့နယ် ၊ ပဲခူးတိုင်းဒေသကြီးမှ ၈ မြို့နယ် ၊ မန္တလေးတိုင်းဒေသကြီးမှ ၈ မြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီးမှ ၁၇ မြို့နယ် ၊ ရှမ်းပြည်နယ်မှ ၉ မြို့နယ် ၊ ဧရာဝတီတိုင်းဒေသကြီးမှ ၉ မြို့နယ် တို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲ အပိုင်း(၁) ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ(၂၈)ရက်နေ့၌ ကျင်းပခဲ့ပြီးဖြစ်ပြီး အပိုင်း(၂)ကို လည်း ၂၀၂၆ ခုနှစ် ဇန်နဝါရီ(၁၁)ရက်နေ့ ၌ ကျင်းပခဲ့ပြီးဖြစ်သည်။
ရွေးကောက်ပွဲကို အပိုင်း(၃)ပိုင်းဖြင့် ကျင်းပနေခြင်းဖြစ်ပြီး ရွေးကောက်ပွဲပြီးဆုံးပြီးနောက် မတ်လတွင် လွှတ်တော်ခေါ်ယူမည်ဖြစ်ပြီး ဧပြီလတွင် အစိုးရသစ် တာဝန်များထမ်းဆောင်မည်ဖြစ်ကြောင်းလည်း သိရသည်။

image

OWIC ကိုင်ဆောင်ထားသူများ ဇန်နဝါရီ ၁၄ ရက်မှစတင်၍ ခွင့်ပြုချက်ရယူပြီးမှသာပြည်ပသို့ပြန်လည်ထွက်ခွာရမည်

OWIC ကိုင်ဆောင်ထားသူများအနေဖြင့် ပြည်ပနိုင်ငံများသို့ထွက်ခွာပါက ဇန်နဝါရီ ၁၄ ရက်မှစတင်ကာ သတ်မှတ်စည်းကမ်းများနှင့်အညီ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ခွင့်ပြုချက်ရယူပြီးမှသာပြည်ပသို့ပြန်လည်ထွက်ခွာရမည်ဟု အသိပေးခဲ့သည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ အေဂျင်စီအစီ အစဉ်၊ မိမိအစီအစဉ်၊ ကျွမ်းကျင်/ခွင့်ပြန်တို့ဖြင့်ဖြစ်စေ OWIC ပြုလုပ်ခွင့်များနှင့် ပြည်ပထွက်ခွာခွင့်များကို စိစစ်ခွင့်ပြုပေးလျက်ရှိသော်လည်း အပြည်ပြည်ဆိုင်ရာလေဆိပ်များမှပေးပို့သည့်စာရင်းများအရ မိမိအစီအစဉ်ဖြင့် ခွင့်ပြန် OWIC လက်ဝယ်ရှိပြီးသူများသည် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ တင်ပြခြင်းမရှိဘဲ ပြည်ပသို့ထွက်ခွာနေခြင်းအား စိစစ်တွေ့ရှိရသည်ဟု အသိပေးခဲ့သည်။
ခွင့်ပြန် OWIC လက်ဝယ်ရှိပြီးသူများ ပြည်ပပြန်လည်ထွက်ခွာခွင့်နှင့်ပတ်သက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ အနည်းဆုံး ရုံးပိတ်ရက်(မပါ) ၅ ရက်ကြိုတင်လျှောက်ထားရမည်ဆိုသော သတ်မှတ်ချက်အား အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

image

UEC အဖွဲ့ဝင်ဦးအောင်စောဝင်းနှင့် APRC ဥက္ကဋ္ဌတို့တွေ့ဆုံ
မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကျင်းပမှုအပေါ် ထောက်ခံဟု APRC ဥက္ကဋ္ဌပြော

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်းနှင့် အာရှငြိမ်းချမ်းရေးနှင့်ပြန်လည်သင့် မြတ်ရေးကောင်စီ(APRC)ဥက္ကဋ္ဌ H.E. Prof. Dr. Surakiart Sathirathai တို့ ဇန်နဝါရီ ၁၂ ရက်မွန်းလွဲပိုင်းက ရန်ကုန်မြို့၌ တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဥ် APRC ဥက္ကဋ္ဌမှ မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအပိုင်း(၁) နှင့် အပိုင်း(၂) ကို လွတ်လပ်တရားမျှတစွာ အောင်မြင်အောင်ကျင်းပနိုင်ခဲ့ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူပြီး မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကျင်းပမှုအပေါ်ထောက်ခံကာ ဇန်နဝါရီ ၂၅ ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း(၃)တွင်လည်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ ဖွဲ့ စည်းတာဝန်ပေးလေ့လာကြည့်ရှုစေပြီး ရွေးကောက်ပွဲဆိုင်ရာ တွေ့ရှိချက်၊ သုံးသပ်အကြံပြုချက်များကိုတင် ပြပေးသွားမည်ဟု ပြောကြားခဲ့သည်။
ထို့အတူ UEC အဖွဲ့ဝင်ဦးအောင်စောဝင်းမှ UEC အနေ ဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ဒီဇင်ဘာ ၂၈ ရက်၊ ရွေးကောက်ပွဲအပိုင်း(၂)ကို ဇန်နဝါရီ ၁၁ ရက်တို့၌ ဥပဒေနှင့်အညီ ပွင့်လင်းမြင်သာမှုရှိပြီး လွတ်လပ်မျှတစွာကျင်းပနိုင်ခဲ့မှု၊ နိုင်ငံတကာနှင့် ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များဖိတ်ခေါ်၍ စောင့်ကြည့်လေ့လာခွင့်ပြုခဲ့မှု၊ ပြည်တွင်း/ပြည်ပသတင်းမီဒီယာများကို ပွင့်လင်းမြင်သာစွာ သတင်းရယူနိုင်ရေးဆောင်ရွက်ပေးခဲ့မှု၊ ကျင်းပပြီးသည့် အပိုင်းလိုက်ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်များ၏ မဲပေးမှု၊ မဲပေးရာတွင် မြန်မာအီလက် ထရောနစ်မဲပေးစက်အသုံးပြုခဲ့မှု၊ ပြည်တွင်း/ပြည်ပကြိုတင်မဲပေးမှု၊ ပြောင်းလဲကျင့်သုံးသည့် ရွေးကောက် ပွဲစနစ်ဆိုင်ရာအကြောင်းအရာများ၊ ဆက်လက်ပြီး ရွေး ကောက်ပွဲအပိုင်း(၃)ကို အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် APRC ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဇန်နဝါရီ ၂၅ ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း(၃)ကို လာရောက်လေ့လာရန်ဖိတ်ကြားခဲ့ပြီး APRC ဥက္ကဋ္ဌမှလည်း ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုနှင့် သိရှိလိုသည်များကို မေးမြန်းဆွေး နွေးခဲ့သည်။
ထို့နောက် UEC အဖွဲ့ဝင်ဦးအောင်စောဝင်းနှင့် APRC ဥက္ကဋ္ဌတို့သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအပိုင်း(၃)အောင်မြင်စွာဆက်လက်ကျင်းပနိုင်ရေး၊ APRC နှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

image

ဝါများကို ကုန်ကြမ်းအဖြစ် တိုက်ရိုက်ရောင်းချခြင်းထက် တစ်နိုင်တစ်ပိုင် ကြိတ်ခွဲထုတ်လုပ်ရန် ပြည်ထောင်စုဝန်ကြီးတိုက်တွန်း

ဝါစိုက်တောင်သူများအနေဖြင့် ထွက်ရှိသည့်ဝါများကို ကုန်ကြမ်းအဖြစ် တိုက်ရိုက်ရောင်းချခြင်းထက် တစ်နိုင်တစ်ပိုင် ကြိတ်ခွဲထုတ်လုပ်ခြင်းဖြင့် ဝင်ငွေပိုမို တိုးတက်ရရှိနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက တိုက်တွန်းပြောကြားခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ရှိ ဝါကြိတ်စက်ရုံ (ရမည်းသင်း) သို့ ရောက်ရှိစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တောင်သူတစ်ဦးချင်း တစ်ပိုင်တစ်နိုင်ဆောင်ရွက်ရာမှ MSME များ ဖွံ့ဖြိုးတိုးတက်လာပြီး ဒေသတွင်း ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမည်ဖြစ်၍ လုပ်ငန်းတာဝန်များကို အလေးထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဝါမှသည် ဝါဂွမ်း၊ ချည်၊ ပိတ်၊ အဝတ်အထည်ထုတ်လုပ်သည့်လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်လျှင် ပြည်တွင်းအဝတ်အထည်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် ကျရာကဏ္ဍမှ ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ထို့ပြင် စက်ရုံရှိ ဝါကြိတ်စက်များအားလုံး စက် စွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက် လိုအပ်သော စက်အရန်ပစ္စည်းများကို ကြိုတင်ဖြည့်ဆည်းထားရန်နှင့် လျှပ်စစ်မီးမရရှိသည့်ဒေသများတွင် Solar PV System ဖြင့် ဝါကြိတ်စက်များ၊ ဆီစက်များ လည်ပတ်ကြိတ်ခွဲနိုင် ကြောင်းကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

image

မွန်ပြည်နယ် မြို့နယ်လေးခုမှာ မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်း အများစု အနိုင်ရ

ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပခဲ့တဲ့ မွန်ပြည်နယ်ထဲက မဲဆန္ဒနယ် မြို့နယ်ငါးခုအနက် မွန်ညီရေးပါတီက မြို့နယ်လေးခုလုံးမှာ မဲအပြတ်အသတ်နဲ့ အားလုံးနီးပါးအနိုင်ရရှိပြီး ကိုယ်စားလှယ်လောင်း တနေရာသာ ရှုံးနိမ့်မှု ရှိခဲ့တယ်လို့ မွန်ညီညွတ်ရေးပါတီက သိရပါတယ်။
မွန်ပြည်နယ်ထဲက မုဒုံမြို့နယ် ၊ သံဖြူဇရပ်မြို့နယ် ၊ ရေးမြို့နယ် ၊ ပေါင်နဲ့ ဘီးလင်းမြို့နယ်တွေမှာ ရွေးကောက်ပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပြီး အဲဒီထဲကမှ မွန်ညီညွတ်ရေးပါတီ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ ရေး၊မုဒုံ ၊ သံဖြူဇရပ်မြို့နယ် တွေမှာ လွှတ်တော်နေရာအားလုံး အနိုင်ရရှိခဲ့ပြီး ပေါင်မြို့နယ်မှာက အမျိုးသားလွှတ်တော် နဲ့ ပြည်နယ်လွှတ်တော်နေရာကို အနိုင်ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ကျန်တဲ့ ဘီးလင်းမြို့နယ်မှာတော့ မွန်ညီညွတ်ရေးပါတီ ကဝင်ရောက်ယှဥ်ပြိုင် မှုမရှိခဲ့တဲ့အတွက် ပြည်ခိုင်ဖြိုး USDP ပါတီက အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။
" ဘီးလင်းက ကျွန်တော်တို့ဝင်မပြိုင်ဘူး ။ခုအကြမ်းဖျင်းသိရတာ ရေးကအပြတ်အသတ်နိုင်တယ်။ သံဖြူဇရပ်ကလည်း လွှတ်တော်သုံးရပ်လုံးက မဲ တသောင်း ပတ်ဝန်းကျင်လောက်ပြတ်ပြီး နိုင်သွားတယ်။ မုဒုံမှာက နှစ်သောင်း အပြတ်အသတ် နိုင်သွားတယ်။ ပေါင်ကျတော့ နိုင်တယ်သိရပေမယ့် စာရင်းတော့ မရသေးဘူး ။ကြိုတင်မဲတွေလည်း အကုန်တွက်ပြီးပြီ။ မြို့နယ်ကော်မရှင်ကလည်း ဘယ်သူကမဲဘယ်လောက်ရတယ်ဆိုတာ ကြေငြာထားပြီးပြီ။သူတို့က ညတွင်းချင်းပဲအကုန်လုံး အပြီးသတ်လုပ်တယ်လေ ။ " မွန်ညီညွတ်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက ပြောပါတယ်။
ပြီးခဲတဲ့ ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာ ၂၈ ရက်နေ့က ကျင်းပခဲ့တဲ့ အပိုင်း ၁ ရွေးကောက်ပွဲမှာလည်း မွန်ပြည်နယ်ထဲက ချောင်းဆုံမြို့နယ်မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နေရာ ကို မွန်ညီညွတ်ရေးပါတီက အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၂ ကိုတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့က မွန်ပြည်နယ် အပြင့ ရှမ်းပြည်နယ် ၊ ကယား ၊ ကချင် ၊ကရင် ၊ ဧရာဝတီ ၊ ပဲခူးတိုင်း ၊မကွေးတိုင်း ၊ရန်ကုန်တိုင်း ၊ တနင်္သါရီတိုင်း ၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်းထဲက မြို့နယ်ပေါင်း ၁၀၀ မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

image

ဩစတြေးလျတောမီး အခြေအနေပိုဆိုးလာ

ဩစတြေးလျ အရှေ့တောင်ပိုင်းမှာ တောမီးလောင်ကျွမ်းမှုဟာ ပိုမိုဆိုးရွားနေပြီး တောမီးများကြောင့် လက်ရှိအချိန်ထိ လူတယောက်သေပြီး အိမ်ခြေ ၃၀၀ ကျော် ပျက်စီးသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မီးလောင်မှုတွေဟာ နိုင်ငံတဝန်ရှိ နေရာများစွာမှာ ရက်အတော်ကြာ လောင်ကျွမ်းနေခဲ့ပြီး အများစုကတော့ ဗစ်တိုးရီးယားပြည်နယ်မှာဖြစ်ကာ နယူးဆောက်ဝေးလ်မှာလည်း လောင်ကျွမ်းနေပါတယ်။ မီးသတ်သမား ထောင်ပေါင်းများနဲ့ လေယာဉ် ၇၀ ကျော်ဟာ တောမီးကို ကြိုးစားငြှိမ်းသတ်နေရပြီး ဗစ်တိုးရီးယားမှာတော့ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။
ရပ်ကွက်ပေါင်း တဒါဇင်ကျော်ရှိ ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ ညွှန်ကြားထားပြီး အလွန်ပူပြင်းခြောက်သွေ့ကာ လေတိုက်နှုန်းမြင့်မားတဲ့ အခြေအနေတွေကြောင့် မီးလောင်ကျွမ်းမှုတွေဟာ ရက်သတ္တပတ်အတော်ကြာ လောင်ကျွမ်းနိုင်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
ဗစ်တိုးရီးယားပြည်နယ် ဝန်ကြီးချုပ် ဂျက်စင်တာ အယ်လန်ကတော့ ပြည်နယ်တဝန်းမှာ တောမီး အခု ၃၀ လောင်ကျွမ်းနေပြီး ဒီထဲက ၁၀ ခုဟာ အထူးစိုးရိမ်ဖွယ်ကောင်းတယ်လို့ ပြောပါတယ်။ ဇန်နဝါရီ ၉ ရက် ညပိုင်း အထိ ပြည်နယ်တဝန်းမှာ မြေဧက ဟက်တာ သုံးသောင်းခွဲ လောင်ကျွမ်းသွားပြီလို့ ဆိုပါတယ်။
ပြည်နယ်မြို့တော် မဲလ်ဘုန်းရဲ့ မြောက်ဘက် ၁၁၀ ကီလိုမီတာ အကွာရှိ လောင်းဝုဒ်မြို့အနီးက ဂိုဘာရွာမှာ လူ့ရုပ်အလောင်း အပိုင်းအစေတွေ တွေ့ရှိခဲ့ပြီး ဘယ်သူဘယ်ဝါ မသိရသေးပါဘူး ။ မဲလ်ဘုန်းမြို့ကြီး အပါအဝင် ဗစ်တိုးရီးယားတဝန်းရှိ နေရာအတော်များများမှာ တောမီးလောင်ကျွမ်းမှုကြောင့် လေထုအရည်အသွေးလည်း ကျဆင်းနေတယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

image

ရှမ်းပြည်နယ် ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ မှာ ကျားဖြူပါတီ ၅ မြို့နယ်နိုင်

အပိုင်းလိုက် ကျင်းပတဲ့ ၂၀၂၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ မှာ ရှမ်းပြည်နယ်မှာ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က မြို့နယ် ၅ မြို့နယ် အနိုင်ရထားကြောင်း ကိုယ်စားလှယ်လောင်း တယောက်ဆီက သိရပါတယ်။
“ရွေးကောက်ပိုင်း အပိုင်း ၂ မှာတော့ ရှမ်းပြည်နယ်မှာ ကျားဖြူပါတီက လဲချား၊ မိုင်းကိုင်၊ ကွန်းဟိန်း တွေမှာ နိုင်ပါတယ်ဗျ” လို့ ကိုယ်စားလှယ်လောင်း တယောက်က ပြောပါတယ်။
ရွေးကောက်ပိုင်း အပိုင်း ၂ မှာ ရှမ်းပြည်နယ်ရှိ ရွာငံ၊ ဆီဆိုင်၊ ကလော၊ မိုင်းခတ်၊ မိုင်းပျဉ်း၊ မိုင်းဖြတ်၊ ရပ်စောက်၊ တန့်ယန်း၊ မိုင်းရယ်၊ ကွန်းဟိန်း၊ မိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းယန်း၊ မိုင်းပန်၊ မောက်မယ်၊ မိုင်းကိုင်၊ လဲချား စတဲ့ မြို့နယ် ၁၇ မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
“ရွေးကောက်ပွဲ အပိုင်း ၁ တုန်းက ရှမ်းပြည်နယ်မှာ ကျားဖြူပါတီက လင်းခေးနဲ့ မိုးနဲ မှာနိုင်ထားပါတယ်” လို့ သူက ထပ်ပြောပြပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၁ တုန်းက မူဆယ်မှာ မဲရုံ ၁၈ ရုံရှိတဲ့ထဲက ၁၇ ရုံမှာ ကျားဖြူပါတီ နိုင်ခဲ့ပေမယ့် ၁ ရုံရှုံးတာနဲ့ အကုန်လုံးရှုံးသွားတာလို့ သူက ရှင်းပြပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၁ မှာ ရှမ်းပြည်နယ်ရှိ ပင်းတယ၊ ဟိုပုံး၊ နောင်ချို၊ ကျိုင်းတုံ၊ တာချီလိတ်၊ တောင်ကြီး၊ နမ့်စန်၊ မူဆယ်၊ မိုင်းဆတ်၊ လားရှိုး၊ လင်းခေး၊ လွိုင်လင် စတဲ့ မြို့နယ် ၁၂ မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပ ခဲ့တာ ဖြစ်ပါတယ်။
ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) မှ ဦးစိုင်းထွန်းလင်း က မိုးနဲ မဲဆန္ဒနယ် ရဲ့ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဖြစ်ကြောင်း နဲ့ ဦးထွန်းစံ (ခ) စိုင်းဆေဟန် က လင်းခေး မဲဆန္ဒနယ် ရဲ့ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့နဲ့ ၄ ရက်နေ့ တို့မှာ ကြေညာထားပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ မိုးနဲ မြို့နယ် မဲဆန္ဒနယ်မှာတော့ ပြိုင်ဘက်မရှိတာကြောင့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)က အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။
လာမယ့် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၃ မှာတော့ ရှမ်းပြည်နယ်က မက်မန်း၊ ပင်လောင်း၊ ညောင်ရွှေ၊ ဖယ်ခုံ၊ မိုးနဲ၊ ကျေးသီး၊ မိုင်းရှူး၊ သီပေါ၊ ကျောက်မဲ စတဲ့ မြို့နယ် ၉ မြို့နယ်ပါဝင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကြေညာချက်အရ သိရပါတယ်။

image

သီပေါနှင့် မိုင်းရယ်မြို့တွေမှာ မူးယစ်ဆေးဝါး ချက်ရုံတွေ၊ အွန်လိုင်းလောင်းကစားနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနှင့် မိုင်းရယ်မြို့​တွေမှာ အွန်လိုင်းလောင်း ကစားရုံ​တွေနဲ့ မူးယစ်ဆေးဝါး ချက်ရုံ​တွေကို တပ်မတော်က ရှင်းလင်း သိမ်းဆည်း ရမိတယ်လို့ အစိုးရဘက်က သတင်းထုတ်ပြန်ထားပါတယ်။
သီပေါမြို့နယ် နားလင်းရွာအနီးမှာ ယခုလ ၈ ရက်နေ့က နယ်မြေရှင်းလင်း ရေးလုပ်တဲ့တပ်မတော် စစ်ကြောင်းကို လက်ကိုင်အဖွဲ့တဖွဲ့က စတင်ပစ်ခတ်ခဲ့လို့ တပ်မတော်က လိုက်လံရှင်းလင်းရာမှ လောင်းကစားရုံတွေနဲ့ မူးယစ် ဆေးဝါး ချက်ရုံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဇန်နဝါရီလ ၉ ရက်နေ့ နေ့လယ်ပိုင်းမှာ သီပေါမြို့နယ် နားလင်းရွာအနီး အွန်လိုင်းငွေလိမ်လုပ်ငန်းအတွက် အသုံးပြုနေသော လူနေအဆောက်အအုံ နှစ်လုံးအတွင်းကနေ လက်တော့ပ် ၁၈ လုံး၊ စတားလင့် စက် ၅ လုံး အပါအဝင် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
တပ်မတော် စစ်ကြောင်းတွေက နားလင်းရွာအနီး နယ်မြေရှင်းလင်းရေး ဆက် လက်လုပ်ဆောင်တာမှာ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေ၊ မူးယစ်ဆေး ပြား ချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ SSA တံဆိပ်ပါ ဦးထုပ်၊ တံဆိပ်တွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
မိုင်းရယ်မြို့နယ်အတွင်းမှာ ဇန်နဝါရီလ ၁၀ ရက်နေ့က မသင်္ကာတဲ့ နေရာ တွေကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်တာမှာ မိုင်းရယ်မြို့ အနောက် တောင်ဖက် မန်ဖြတ်ရွာအနီ မူးယစ်ဆေးဝါး ချက်လုပ်တဲ့ စခန်းတွေကို တွေ့ရှိခဲ့တယ်လို့ အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိတဲ့ ဆက်စပ်ပစ္စည်းတွေကို ပညာရှင်တွေနဲ့ စစ်ဆေးတာမှာ ဘိန်းဖြူ ထုတ်လုပ်တာမှာ အသုံးပြုသည့် ပစ္စည်းတွေဖြစ်ကြောင်း တွေ့ရှိရ တယ်လို့ အစိုးရထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တပ်မတော်စစ်ကြောင်းတွေဟာ ယခုလ ၈ ရက်နေ့ကစပြီး သီပေါနဲ့ မိုင်းရယ် မြို့နယ်အတွင်း ကျေးရွာတွေမှာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေပြီး ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ SSA နဲ့ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ သီပေါမြို့ခံ တွေကပြောပါတယ်။
“လေယာဉ်နဲ့ပါ ဗုံးကြဲတယ်။ တိုက်ပွဲ တော်တော်ပြင်းပုံရတယ်။ အခုတော့ ငြိမ်သွားပြီ။ ကျားဖြန့်ရုံကို ကြဲတာလို့ ပြောတယ်” ဟု သီပေါမြို့ခံတယောက် က ပြောပါတယ်။
အဲနေရာတွေမှာ တရုတ်နိုင်ငံသားတွေပါဝင်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ရှိနေတာ ကြာပြီလို့ ဒေသခံတွေက ပြောပါတယ်။
အဲနေရာတွေဟာ ရှမ်းလက်နက်ကိုင်အဖွဲ့ SSA ထိန်းချုပ်တဲ့နေရာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
မူးယစ်ဆေးဝါးနဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေမှာ SSA တပ်ဖွဲ့နဲ့ ဆက်စပ်တဲ့ သူတွေကိုပါ မကြာခဏဖမ်းဆီးရမိနေတယ်လို့ အစိုးရထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
SSA တပ်ဖွဲ့ဘက်ကတော့ သီပေါနဲ့ မိုင်းရယ် တိုက်ပွဲတွေနဲ့ အွန်လိုင်း လောင်းကစားလုပ်ငန်းတွေဟာ သူတို့နဲ့ မပတ်သက်ဘူးလို့ သတင်းထုတ်ပြန်ထားပါတယ်။

image

အိန္ဒိယမှာ တောဆင်ရိုင်းတကောင်နင်းသတ်လို့ လူ ၂၀ ထက်မနည်း သေဆုံး

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဂျာခန်ပြည်နယ်မှာ တောဆင်ရိုင်းတကောင် တိုက်ခိုက်မှုကြောင့် ကိုးရက်အတွင်း လူ ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး အဲဒီဆင်ကို ဖမ်းမိမသေးဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အနောက်ဆင်းဘမ်ခရိုင်ရှိ ချိုင်ဘာဆာနဲ့ ကိုလ်ဟန် သစ်တောဧရိယာတွေမှာ ဇန်နဝါရီလ ၁ ရက်ကနေ ၉ ရက်အတွင်း သေဆုံးမှု ဖြစ်ပွားခဲ့တာပါ။ လူနဲ့ ဆင် ပဋိပက္ခတွေဟာ အဲဒီဒေသမှာ နှစ်ပေါင်းများစွာကတည်းက ဖြစ်ပွားနေခဲ့တာပါ။
အဓိကအားဖြင့် သစ်တောဖုံးလွှမ်းမှု လျော့နည်းလာတာ ၊ နေထိုင်ရာတွေ ပျက်စီးတာနဲ့ ဆင်တွေကျက်စားရာနေရာတွေအနီး လူသားတွေသွားလာလုပ်ကိုင်မှု တိုးပွားလာတာတွေကြောင့်လို့ တာဝန်ရှိသူတွေနဲ့ သုတေသီတွေက ပြောပါတယ်။
လက်ရှိမှာတော့ တိုက်ခိုက်ခဲ့တဲ့ ဆင်ကို ရှာဖွေဖို့ သစ်တောဝန်ထမ်း ၁၀၀ ကျော် ပါဝင်တဲ့ ကြီးမားတဲ့ ရှာဖွေရေးလုပ်ငန်းကို လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
"ဒါဟာ မကြုံစဖူး အခြေအနေပါ။ ဒေသတွင်းမှာ ဆင်ထီးတကောင်တည်းနဲ့ ဒီလိုသေဆုံးမှုပုံစံ ဆက်စပ်နေတာ ပထမဆုံးအကြိမ်ပါပဲ" ဟု ဌာနခွဲ သစ်တောအရာရှိ Kuldeep Meena က ပြောကြားခဲ့ပြီး အသက်နဲ့ ပစ္စည်းဆုံးရှုံးမှုတွေ ထပ်မံမဖြစ်ပွားစေဖို့ အတွက် ဧရိယာတခုလုံးကို အထူးသတိပေးချက် ထုတ်ပြန်ထားတယ်လို့ သူကဆိုပါတယ်။
ဦးစားပေးအနေနဲ့ ဆင်ကို ခြေရာခံတာ၊ ဘေးကင်းတဲ့ တောထဲကို ပြန်ပို့ရေးတို့ဖြစ်တယ်လို့ ပြောပါတယ်။ သေဆုံးသူ ၂၀ ထဲမှာ သစ်တောဝန်ထမ်းတယောက်လည်း ပါဝင်ပါတယ်။ သေဆုံးမှုအများစုမှာ ညအချိန် ဒေသခံတွေဟာ လယ်ကွင်းတွေနဲ့ သိုလှောင်ထားတဲ့ စပါးတွေကို စောင့်ကြပ်နေချိန်တွေဖြစ်ပါတယ်။
ဆင်ဟာ ငယ်ရွယ် သွက်လက်ပြီး အထူးသဖြင့် ညဘက်တွေမှာ သူ့ရဲ့ တည်နေရာကို မကြာခဏပြောင်းလဲလေ့ရှိတာကြောင့် ခြေရာခံဖို့ခက်ခဲတယ်လို့ ဆိုပါတယ်။ ဒေသခံတွေအနေနဲ့ ညဘက်အပြင်မထွက်ဖို့နဲ့ ဗုံသံတွေနဲ့အတူ တောခြောက်မှုတွေပြုလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

image