တရုတ်သို့ မြန်မာ့ထောပတ်သီး တရားဝင်တင်ပို့ခွင့်ရရေး SPS Protocol လက်မှတ်ရေးထိုးရန် နောက်ဆုံးအဆင့်သို့ ရောက်ရှိ
အောက်တိုဘာလအတွင်း တရားဝင်တင်ပို့နိုင်ရန် မျှော်မှန်း၊ တရုတ်ရင်းနှီးမြှုပ်နှံသူများ Packing House တည်ဆောက်ရေး စိတ်ဝင်စား

တရုတ်နိုင်ငံသို့ မြန်မာ့ထောပတ်သီးများ တရားဝင်တင်ပို့ခွင့်ရရှိရေးအတွက် တရုတ်နိုင်ငံ အထွေထွေအကောက်ခွန်အာဏာပိုင်အဖွဲ့ (GACC) နှင့် အပင်ကျန်းမာရေးနှင့် ပိုးမွှားကင်းရှင်းရေးဆိုင်ရာ သဘောတူညီချက် (SPS Protocol) လက်မှတ်ရေးထိုးနိုင်ရန် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) က အသိပေးထားသည်။
SPS Protocol လက်မှတ်ရေးထိုးပြီးသည်နှင့် တစ်ပြိုင်နက် မြန်မာ့ထောပတ်သီးများကို တရုတ်နိုင်ငံသို့ တရားဝင်ကုန်သွယ်မှုလမ်းကြောင်းများမှတစ်ဆင့် အမြန်ဆုံးတင်ပို့နိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းမှုများ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ညှိနှိုင်းမှုများကို ဇွန်လ ဒုတိယပတ်အတွင်း ပြုလုပ်ခဲ့သည့် "မြန်မာ့သစ်သီးဝလံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရုတ်နိုင်ငံ (ယူနန်ပြည်နယ်) စီးပွားရေးပူးပေါင်းချိတ်ဆက်မှုခရီးစဉ်" အတွင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း MFVP က ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်း နိုင်ငံတကာစံနှုန်းနှင့်ကိုက်ညီသော ထုတ်ပိုးစက်ရုံများ (Packing Houses) တည်ဆောက်ရန် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများက စိတ်ဝင်စားလျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အသေးစိတ်ဆွေးနွေးမှုများကိုလည်း ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။
GACC က သတ်မှတ်ထားသည့် ပိုးမွှား (၆) မျိုးအား စစ်ဆေးအတည်ပြုပြီးပါက ယခုနှစ် အောက်တိုဘာလအတွင်း မြန်မာ့ထောပတ်သီးများကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။
ထို့ကြောင့် ထောပတ်သီးစိုက်ပျိုးသူများအနေဖြင့် GACC ၏ စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရေးအတွက် လိုအပ်သည့် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ပေးကြရန် MFVP က တိုက်တွန်းထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ထောပတ်သီးကို ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးလျက်ရှိပြီး ရာသီချိန်မှာ နှစ်စဉ် နိုဝင်ဘာလမှ ဇန်နဝါရီလအထိ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနက ထောပတ်သီးစိုက်ခင်းများတွင် ပိုးမွှားကျရောက်မှုများကို စစ်ဆေးပေးခြင်း၊ ကာကွယ်နှိမ်နင်းရေးနည်းပညာများ ပံ့ပိုးပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image