ရှမ်းပြည်နယ် ပင်လောင်း၊ ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်တို့တွင် ဘိန်းစိုက်ခင်း ဧက ၅၀ ခန့်အား ဖျက်ဆီး

ရှမ်းပြည်နယ် ပင်လောင်း၊ ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်တို့တွင် ဘိန်းစိုက်ခင်း ဧက ၅၀ ခန့်အား ဒီဇင်ဘာ ၅ ရက်က ဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဒီဇင်ဘာ ၅ ရက် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီ ၁၀ မိနစ်ထိ ပင်လောင်း မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ စင်းတောင်းကျေးရွာအုပ်စု၊ တင်းထက်ကျေးရွာ၏အနောက်မြောက်ဘက် သုံးမိုင်ခန့်အကွာတွင် စိုက်ပျိုးထားသည့် အမြင့် ၂ ပေခွဲခန့်ရှိ ဘိန်းစိုက်ခင်း ၄၀ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အလားတူ ယင်းနေ့နံနက် ၉ နာရီ ၂၀ မိနစ်မှ ညနေ ၃ နာရီခွဲအထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ နားခိုက် ကျေးရွာအုပ်စု၊ နားခိုက်ကျေးရွာ၏ အနောက်တောင်ဘက် တစ်မိုင်ခွဲခန့်အကွာတွင် စိုက်ပျိုးထားသည့် အမြင့် ၃ ပေခန့်ရှိ ဘိန်းစိုက်ခင်း ၅ ဧကခန့်အား ဖျက်ဆီးခဲ့သည်။

image

ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

နှစ်နိုင်ငံနယ်စပ်ဒေသကုန်သွယ်မှုများ ပြန်လည်ကောင်းမွန်ရေးနှင့် နယ်စပ်ဒေသတွင် လက်နက်ခဲယမ်းများ တရားမဝင်ရောင်းချနေမှုများကို နိုင်ငံတော်အဆင့် ပူးပေါင်းထိန်းသိမ်းနိုင်​ရေးအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်စေရေး ​ဆွေး​နွေး
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ယနေ့(ဒီဇင်ဘာ ၇ ရက်) မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr.Sihasak Phuangketkeow ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ရှည်လျားသည့် သမိုင်းကြောင်းရှိပြီး အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်မှု၊ နှစ်နိုင်ငံအကြား သဘောတူညီချက်များအား ဆက်လက်အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်နေစေရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသကုန်သွယ်မှုများ ပြန်လည်ကောင်းမွန်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးသည် မရှိမဖြစ်လိုအပ်သဖြင့် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြားပူးပေါင်း၍ ထိန်းသိမ်းဆောင်ရွက်သွားရန်လိုအပ်မှု အခြေအနေများ၊ နယ်စပ်ဒေသတရားမဝင်ကုန်သွယ်မှုများမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတွင်ရှိသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို လုပ်ဆောင်လျက်ရှိသည့် KK Park နှင့် ရွှေကုက္ကိုလ်တို့ရှိ အဆောက်အဦများအား မြန်မာနိုင်ငံဘက်မှအမြစ်ပြတ် ဖြိုချဖျက်ဆီးလျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတွင် လက်နက်ခဲယမ်းများ တရားမဝင်ရောင်းချနေမှုများကို နိုင်ငံတော်အဆင့် ပူးပေါင်းထိန်းသိမ်းဆောင်ရွက်နိုင်မည့် အခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် ယခုလအတွင်း လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်စေရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တို့ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

image

အိန္ဒိယ၏ ဂိုအာပြည်နယ်တွင် နိုက်ကလပ်တစ်ခု မီးလောင်သဖြင့် လူ ၂၅ ဦး သေဆုံး

အိန္ဒိယ၏ ဂိုအာပြည်နယ်တွင် ကမ္ဘာလှည့်ခရီးသွားများကြား ရေပန်းစားသည့် နိုက်ကလပ်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် လူ ၂၅ ဦးသေဆုံးခဲ့ကြောင်း ဂိုအာပြည်နယ် ဝန်ကြီးချုပ်က ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။
ဂိုအာပြည်နယ်မြောက်ပိုင်း အာပိုရာမြို့ရှိ နိုက်ကလပ်တွင် ဒီဇင်ဘာ ၆ ရက် ညသန်းခေါင်အချိန်က လောင်ကျွမ်းခဲ့သည့် မီးကြောင့် သေဆုံးသူများထဲတွင် ကမ္ဘာလှည့်ခရီးသွားများလည်း ပါဝင်ခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီကမူ သေဆုံးသူများအတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့သည်။
အာရေဗျပင်လယ်ကမ်းခြေများပေါ်ရှိ ပေါ်တူဂီ၏ ကိုလိုနီဟောင်း ဂိုအာပြည်နယ်သည် ၎င်း၏ ညပိုင်းပွဲလမ်းသဘင်များ၊ ကမ်းခြေများ၊ ပင်လယ်ကမ်းခြေအငွေ့အသက်များကြောင့် နှစ်စဉ် သန်းနှင့်ချီသည့် ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်ခဲ့သည်။
“ဒီနေ့ကတော့ ကျွန်တော်တို့အားလုံးအတွက် အရမ်းနာကျင်ရတဲ့ နေ့ဖြစ်ပါတယ်။ လူ ၂၅ ဦး သေဆုံးခဲ့ရပြီး ခြောက်ဦးက ဒဏ်ရာရခဲ့ပါတယ်” ဟု ဂိုအာပြည်နယ်ဝန်ကြီးချုပ် ပရာမွတ် ဆာဝန့်က ပြောကြားခဲ့သည်။
သေဆုံးသူများအနက် ကမ္ဘာ့လှည့်ခရီးသွား သုံးဦးမှ လေးဦးအထိ ပါဝင်သည်ဟုလည်း ၎င်းကဆိုသည်။

image

ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက်စွန့်လွှတ်ခဲ့ကြသည့် သူရဲကောင်းစစ်သည်များအား (၁၂)ကြိမ် မြောက်ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက်စွန့်လွှတ်ခဲ့ကြသည့် သူရဲကောင်းစစ်သည်များအား (၁၂)ကြိမ် မြောက်ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ယနေ့(ဒီဇင်ဘာ ၇ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ သူရဲကောင်းဗိမာန်(နေပြည်တော်)၌ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးတို့အတွက် တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း အသက်ပေးကျဆုံးသွားခဲ့သည့် ခေတ်အဆက်ဆက်မှ သူရဲကောင်းစစ်သည်များအား (၁၂)ကြိမ်မြောက်ဂုဏ်ပြုပွဲ အခမ်းအနားကို ကျင်းပခဲ့ခြင်း ဖြစ်သည်။
အဆိုပါအခမ်းအနားတွင် အခမ်းအနားသို့ တက်ရောက်လာကြသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နိုင်ငံတော်သီချင်းသီဆိုခြင်း၊ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက်ပေးလှူသွားကြသည့် သူရဲကောင်းစစ်သည်များအား အလေးပြုခြင်း၊ သစ္စာအဓိဋ္ဌာန်(၄)ချက်ရွတ်ဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့ကြသည့် သူရဲကောင်းစစ်သည်များအား ဂုဏ်ပြုသောအားဖြင့် ဝမ်းနည်းခြင်းအထိမ်းအမှတ် (၂ )မိနစ် ငြိမ်သက်ခြင်း၊ သူရဲကောင်း စစ်သည်များ မြင့်မြတ်သော ကောင်းမွန်ရာဘုံဘဝ ရောက်ရှိစေရန် မိုးပျံပူဖောင်းများ လွှတ်တင်ခြင်း၊ ထာဝရငြိမ်းချမ်းရေးရရှိစေရန်ရည်မှန်း၍ အထိမ်းအမှတ် ချိုးဖြူငှက်များ လွှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသူများက ကျဆုံးစစ်သည်များအတွက် လွမ်းသူ့ပန်းခြင်းများဖြင့် ဂါရဝပြုခြင်းကိုအစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။
အဆိုပါ အခမ်းအနားတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ပါတီခေါင်းဆောင်များ၊ ရောင်နီဦး နှင့်မိတ်ဆွေများပရဟိတအသင်း၊ ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတ အသင်းနှင့် တပ်မတော် အားချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။
ထို့ပြင် ယနေ့ နံနက်ပိုင်းတွင်လည်း ကျဆုံးစစ်သည်များအားရည်စူး၍ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာအုပ်စု၊ ပေါက်တောကျေးရွာ၊ သဓ္ဓါရုံ ကျောင်းတိုက်၌ သံဃာတော်များအား အရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်း၍ ရေစက်သွန်းချ အမျှပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

image

ကိုရီးယားနိုင်ငံရှိ မြန်မာသံရုံးတွင် မဲရုံဖွင့်လှစ်မှုအား ရက်တိုးမြှင့်သတ်မှတ်ပြီး မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ထုတ်ပြန်

ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မြန်မာသံရုံးတွင် မဲရုံဖွင့်လှစ်မှုအား ရက်တိုးမြှင့်သတ်မှတ်ပြီး မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ယင်းမြန်မာသံရုံးက ဒီဇင်ဘာ ၇ ရက်တွင် ထုတ်ပြန်သည်။
၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ (၁၅) ဖြည့်စွက်ပြီး ပေးပို့ထားသည့် ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသား မဲဆန္ဒရှင်များအတွက် မဲရုံဖွင့်လှစ်မှုအား ရက်တိုးမြှင့်သတ်မှတ်မည်ဖြစ်၍ ဖော်ပြပါနေ့ရက်များနှင့် အချိန်များတွင် လာရောက်ပြီး ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း သိရသည်။
အဆိုပါတိုးမြှင့်သတ်မှတ်သည့် ရက်အနေဖြင့် ဒီဇင်ဘာ ၈ ရက်မှ ၁၂ ရက်အထိ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ဖြစ်ကြောင်း၊ မဲပေးရမည့် နေရာမှာ ဆိုးလ်မြို့ရှိ မြန်မာသံရုံး၌ ပေးရမည်ဖြစ်ကြောင်း သိရဟည်။
ကြိုတင်ဆန္ဒမဲပေးရန် လာရောက်သူများသည် မြန်မာနိုင်ငံကူးလက်မှတ် မူရင်း (သို့မဟုတ်) နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း (သို့မဟုတ်) မိတ္တူ ကို မပျက်မကွက် ယူဆောင်လာကြရန် အသိပေးအပ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။

image

ရေကြီးရေလျှံမှုကြုံတွေ့ခဲ့ရသော သီရိလင်္ကာနိုင်ငံသို့ မြန်မာနိုင်ငံမှ စုစုပေါင်းတန်ချိန် ၉ ဒသမ ၂ တန်ရှိ ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ တစ်ကိုယ်ရေသုံးပစ္စည်းများ လှူဒါန်း

ရေကြီးရေလျှံမှုကြုံတွေ့ခဲ့ရသော သီရိလင်္ကာနိုင်ငံသို့ မြန်မာနိုင်ငံမှ စုစုပေါင်းတန်ချိန် ၉ ဒသမ ၂ တန်ရှိ ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ တစ်ကိုယ်ရေသုံးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။
သီရိလင်္ကာနိုင်ငံ၌ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း ဒီဝါကြောင့် ခရိုင် ၂၅ ခုတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူပေါင်းကိုးသိန်းကျော် ရေဘေးဒဏ်ခံစားခဲ့ရပြီး လမ်းတံတားများ၊ နေအိမ်များနှင့် အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

image

အမေရိကန်နိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ ယင်းနိုင်ငံရှိ မြန်မာသံရုံးများ၌ ဖွင့်လှစ်သည့် မဲရုံများ၌ ကြိုတင်ဆန္ဒမဲပေး

အမေရိကန်နိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ ယင်းနိုင်ငံရှိ မြန်မာသံရုံးများ၌ ဖွင့်လှစ်သည့် မဲရုံများ၌ ကြိုတင်ဆန္ဒမဲပေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
အမေရိကန်ပြည်ထောင်စု အနောက်ဘက်ပိုင်းဒေသတွင် ရောက်ရှိနေထိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံ သားများအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲများပေးအပ်နိုင်ရေးအတွက် လော့စ်အိန်ဂျယ်လိစ်မြို့ရှိ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး၌ ဒီဇင်ဘာ ၆ ရက် (စနေနေ့) နှင့် ၇ (တနင်္ဂနွေနေ့) တို့တွင် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ မဲရုံဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ မဲဆန္ဒရှင်များ လာရောက်၍ ကြိုတင်ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။
မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဝင်းလဲ့ဖြူက မဲရုံမှူးအဖြစ် ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းများက မဲဆန္ဒရှင်များ၏ ဆန္ဒမဲလက်မှတ်များကို စိစစ်ထုတ်ပေးခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အလားတူ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မြန်မာသံရုံး၊ ဝါရှင်တန်မြို့၌ ကြိုတင်ဆန္ဒမဲပေးခြင်းအား ဒီဇင်ဘာ ၆ ရက် (စနေနေ့) မှ ၇ ရက် (တနင်္ဂနွေနေ့)အထိ ဆောင်ရွက်ခဲ့ရာ အမေရိကန်နိုင်ငံတွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများက ကြိုတင်ဆန္ဒမဲများ ပေးခဲ့ကြကြောင်း သိရသည်။
ဒီဇင်ဘာ ၂ ရက်နှင့် ၃ ရက်ကလည်း မြန်မာသံရုံး၊ ရီရတ်ဒ်မြို့တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းအား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

image

ထိုင်းနှင့် ကမ္ဘောဒီးယားအနေဖြင့် ပဋိပက္ခကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖြေရှင်းရန် မလေးရှားဝန်ကြီးချုပ် တိုက်တွန်း

ထိုင်းနှင့် ကမ္ဘောဒီးယားကြား နယ်စပ်ဒေသတွင် ပစ်ခတ်တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားနေသည့် သတင်းများနှင့်ပတ်သက်ပြီး မလေးရှားနိုင်ငံက အလွန်စိုးရိမ်ကြောင်းနှင့် ထိုတိုက်ခိုက်မှုများအတွင်း သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့သူများ၏ မိသားစုဝင်များနှင့်ထပ်တူဝမ်းနည်းကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
ယခုကဲ့သို့ နောက်တစ်ကြိမ်ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများသည် ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံကြားဆက်ဆံရေး တည်ငြိမ်စေရန် ဂရုတစိုက်လုပ်ဆောင်ခဲ့သည့် လုပ်ငန်းစဉ်ကို ပြိုကွဲစေနိုင်ကြောင်းလည်း အန်ဝါက လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံ၏ အနီးကပ်မိတ်ဖက်နိုင်ငံများဖြစ်ပြီး အာဆီယံ၏ အဓိကအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ထိုင်းနှင့် ကမ္ဘောဒီးယားအနေဖြင့် တတ်နိုင်သမျှ အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန်၊ တင်းမာမှုများကို လျော့ကျစေမည့် တည်ဆဲ လုပ်ငန်းစဉ်များကို အပြည့်အဝအသုံးချရန်၊ ဆက်သွယ်ရေးလမ်းကြောင်းများကို ဆက်ပြီးဖွင့်ထားရန် တိုက်တွန်းကြောင်း အန်ဝါက ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံသည် နောက်ထပ် တိုက်ခိုက်မှုဖြစ်စဉ်များကို ရှောင်လွှဲရန်နှင် တည်ငြိမ်မှုကို ထိန်းသိမ်းရာတွင် အကူအညီပေးနိုင်မည့် အစီအစဉ်များကို ထောက်ပံ့​ပေးရန် အသင့်ရှိကြောင်း အန်ဝါက ပြောကြားခဲ့သည်။

image

ပြည်ပနိုင်ငံများမှ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI)ဖြင့် ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများကို Bographic/Biometric ကောက်ယူပြီး Unique ID နံပါတ်ထုတ်ပေး

ဒီဇင်ဘာ ၇ ရက်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးရဲထွန်းဦးနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့သွားရောက်၍ လေဆိပ်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်ပထွက်ခွာစစ်ဆေးရေးကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် လူဝင်မှုကြီးကြပ်ရေးမှတ်တမ်းများ ထိန်းသိမ်းထားရှိသည့် iBMC ဆာဗာခန်း စနစ်တကျ ထိန်းသိမ်းထားရှိမှုအခြေအနေကို လည်းကောင်း၊ ပြည်ပဆိုက်ရောက် ကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကိုလည်းကောင်း၊ ဆိုက်ရောက် ဗီဇာ(Visa on Arrival)ဖြင့် ရောက်ရှိလာသည့် ခရီးသည်များအား စစ်ဆေးခွင့်ပြုဆောင်ရွက်သည့် ကောင်တာကိုလည်းကောင်း၊ ပြည်ပနိုင်ငံအသီးသီးမှ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI)ဖြင့် ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများကို မည်သည့်အထောက်အထားမျှ မတင်ပြနိုင်ပါက နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) ထုတ်ပေး၍ NV Card ရရှိပြီးသူများနှင့် နိုင်ငံသားကတ်ပြား တင်ပြနိုင်သူများကို Bographic/Biometric ကောက်ယူပြီး Unique ID နံပါတ်ထုတ်ပေးမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

image

နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်ရှိ မြန်မာတွေကို ထိုင်းမှာ ၆ လအထိ အလုပ် လုပ်ကိုင်ခွင့်ပြုမယ်

မြန်မာလုပ်သားတွေကို နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ် Border Pass နဲ့ ထိုင်းနိုင်ငံထဲမှာ ၆ လအထိ အလုပ်လုပ်ကိုင်ခွင့် ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ခွင့်ပြုလိုက်တယ်လို့ သိရပါတယ် ။
လက်ရှိ ထိုင်းနိုင်ငံရဲ့ ရာသီချိန် လုပ်သား လိုအပ်ချက်အရ မြန်မာနယ်စပ် လုပ်သားတွေကို အခုလို လုပ်ကိုင်ခွင့်ပေးဖို့ ကိစ္စကို ပြီးခဲ့တဲ့ ရက်က ပြုလုပ်ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေးမူဝါဒကော်မတီ အစည်းအဝေးမှာ မူအားဖြင့်
ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
Border pass စာအုပ် ကိုင်ဆောင်ထား သူတွေဟာ ထိုင်း-မြန်မာ နယ်စပ် ဖြတ်ကျော် ဂိတ်တွေရှိတဲ့ ချင်းရိုင် ခရိုင်ထဲက Mueang ၊ Mae Sai ၊ Mae Chan မြို့နယ် ၊ တာ့ခရိုင်ထဲက မဲဆောက် ၊ မယ်ရာမတ် ၊ဖုတ်ဖရ မြို့နယ်တွေနဲ့ ရနောင်းခရိုင်က Mueang မြို့နယ် နဲ့ ကန်ချနဘူရီ ခရိုင် ထဲက နယ်စပ် ဒေသတွေမှာ လုပ်ကိုင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
" နယ်စပ်ဖြတ်ကျော် လက်မှတ် ကိုင်ဆောင်ထားတဲ့ မြန်မာတွေကို ထိုင်းနိုင်ငံထဲကို တခါလာရင် ၆ လအထိ နေထိုင် အလုပ် လုပ်ကိုင်ခွင့် ပေးမယ်။လုပ်ရမယ့် နေရာက ကန့်သတ်ချက်ရှိတယ် ။ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်က သုံး မြို့နယ်ပါမယ် ။ တာ့ခ်ခရိုင်က သုံး မြို့နယ်ပါမယ် ။ကန်ချနဘူရီက လေး မြို့နယ် ၊ ရနောင်း ခရိုင်က မြောင်မြို့နယ် ပါမယ်။ အဲဒီလို နေရာဒေသ သတ်မှတ်ပြီး ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ခွင့်ပြုတယ်။မကြာခင်မှာ ဝန်ကြီးဌာနနဲ့ ဆက်စပ်ပြီး ထိုင်းပြည်ထဲရေး ဝန်ကြီးဌာနက အတည်ပြုလိုက်တဲ့အခါမှာ ရွှေ့ပြောင်း လုပ်သားတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း အသစ်တွေ ပေါ်လာမယ်။အထူးအားဖြင့် မြန်မာလုပ်သားတွေ အတွက် အလုပ်ကိုင် အခွင့်လမ်း အသစ်တွေ ပေါ်ပေါက်လာတာ ဖြစ်တဲ့အတွက် အထူးတလည် ကြိုဆိုရမယ်။ " လို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA )၊ ဥက္ကဋ္ဌ ဦးမိုးကြိုးက သုံးသပ် ပြောပါတယ်။
လုပ်ကိုင်ရမယ့် အလုပ်အမျိုး အစားကတော့
ကုန်တင်ကုန်ချ အလုပ် ၊ အိမ်ဖော် အိမ်အကူလုပ်ငန်း ၊ ဆိုင်စောင့် အရောင်း ဝန်ထမ်း အလုပ်ကိုသာ လုပ်ကိုင်ကြရမှာ ဖြစ်တယ်လို့ သိရပါတယ် ။
Border pass စာအုပ်ကိုင်ဆောင် ထားသူတွေကို အလုပ် လုပ်ကိုင်ခွင့် စတင်ခွင့်ပြုမယ့် အချိန်ကိုတော့ တရားဝင် ထပ်မံကြေငြာ ပေးသွားမှာ ဖြစ်တာကြောင့် နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ် ကိုင်ထားသူ တွေအနေနဲ့ ပြင်ဆင်စရာ ရှိတာတွေကို ပြင်ဆင်ထားကြဖို့လည်း တိုက်တွန်းထားပါတယ်။
" Border pass ကိုင်ထားသူတွေအနေနဲ့ Border pass တွေ စုတ်ပြဲ ရေစိုနေတာ ရှိရင် လဲသင့်တာလဲပါ။ သက်ဆိုင်ရာ လဝကတွေနဲ့ ချိတ်ဆက်ပါ။သက်ဆိုင်ရာ မြို့နယ်ကအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး လိုအပ်တဲ့ ဆက်သွယ်စုံစမ်းမှုတွေနဲ့ ထိုင်းနိုင်ငံ ဘက်ခြမ်းမှာလုပ်ရမယ့် နေရာဒေသရဲ့ ယဥ်ကျေးသဘာဝ ၊ စည်းကမ်း ဥပဒေ သဘာဝ ၊ နယ်မြေဒေသ သဘာဝ ကြိုတင်လေ့လာ ထားကြပါ ။ " လို့ ဦးမိုးကြိုးက အကြံပြု ပြောပါတယ် ။
ထိုင်းနိုင်ငံမှာ အလုပ် လုပ်ကိုင်လိုတဲ့ နယ်စပ်ဒေသရှိ မြန်မာနိုင်ငံသားတွေ အနေနဲ့လည်း Border pass စာအုပ် မရှိသေးပါက ကြိုတင်ပြုလုပ် ထားဖို့လိုအပ် တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ Border pass စာအုပ်ကို ထိုင်း - မြန်မာ နယ်စပ်ဒေသရှိ မြို့နယ် အိမ်ထောင်စု စာရင်းရှိသူတွေကိုသာ သက်ဆိုင်ရာ မြို့နယ် လ.ဝ.က ရုံးက ထုတ်ပေးနေတာ ဖြစ်ပါတယ်။
အဲဒီအတွက်လည်း နယ်စပ်ဒေသရှိ မြန်မာနိုင်ငံသားတွေသာ Border pass စာအုပ်နဲ့ ထိုင်းမှာ အလုပ်လုပ်ကိုင်ခွင့်ရရှိပြီး အခြားဒေသတွေ၊ ကျန်တိုင်း နဲ့ ပြည်နယ်က လူတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံး နေရတယ်လို့ သိရပါတယ်။
" အခုက မြဝတီဆိုရင် မြဝတီ အိမ်ထောင်စုစာရင်း ရှိသူပဲ လုပ်ပေးတယ်။ တခြားတိုင်းဒေသ မပြောနဲ့ ကရင်ပြည်နယ်ထဲက တခြားမြို့နယ်တောင် မရဘူး ။ အဲဒီတော့ မြဝတီကသူတွေပဲ နယ်စပ်ဖြတ်ကျော် စာအုပ်နဲ့ အလုပ်လုပ်ခွင့်ရတဲ့ သဘောပါ ။ " လို့ မြဝတီ ဒေသခံက ပြောပါတယ်။
ဒါကြောင့် နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်ကို မြန်မာနိုင်ငံသားတိုင်းကို ပြုလုပ်ခွင့် ပေးဖို့အတွက် တောင်းဆိုမှုတွေ ရှိနေပါတယ်။
လက်ရှိမှာ Border pass စာအုပ် ပြုလုပ်မယ်ဆိုပါက အိမ်ထောင်စုစာရင်း မူရင်း ၊ မှတ်ပုံတင် ၊ UID ကတ် နဲ့ ဓာတ်ပုံ သုံးပုံ လိုအပ်တယ်လို့ သိရပါတယ်။
Border pass စာအုပ်နဲ့ ထိုင်းနိုင်ငံရဲ့ နယ်စပ် မြို့တွေမှာ အလုပ်လုပ် ကိုင်မယ့် သူတွေအနေနဲ့ တခြား ခရိုင်နဲ့ မြို့နယ် တွေကို သွားလာမယ်ဆိုပါက ခွင့်ပြုချက် ရယူပြီး ခွင့်ပြုမှသာ သွားလာခွင့် ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

image