နေပြည်တော်အပါအဝင် တိုင်းဒေသနှင့် ပြည်နယ်အချို့တွ င် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ဟု မိုး/ဇလ သတိပေး

ယနေ့ ဇန်နဝါရီ (၁၅) ရက်၌ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်ကျား မိုးရွာသွန်းနိုင်ပြီး ရွာရန်ရာနှုန်း (၆၀) ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီဌာနက အသိပေးထုတ်ပြန်သည်။
နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာသွန်းနိုင်ပြီးကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဟု မိုး/ဇလက ဆိုသည်။
နောက် (၂) ရက်အတွက် ခန့်မှန်းချက်အရ နေပြည်တော်၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်ကြောင်းလ ည်း အသိပေးထားသည်။

image

နိုင်ငံတော်အတွက် လူသားအရင်းအမြစ်များ ပေါကြွယ်ဝစေရေး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံကျောင်းများကိုဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်

နိုင်ငံတော်အတွက် လူသားအရင်းအမြစ်များပေါကြွယ်ဝစေရေးအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံကျောင်းများကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်သည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ ၁၄ ရက်မွန်းလွဲပိုင်းက ကျင်းပသည့် ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်နိုင်ရေးညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် စီးပွားရေးကို အဓိကထားဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်အတွက် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုနည်းပညာများကို ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များမဖြစ်မနေလိုအပ်လျက်ရှိသည်ဟု ပြောသည်။
ထို့ကြောင့် မိမိတို့အစိုးရတာဝန်ယူချိန်တွင် ခရိုင်မြို့များ၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံကျောင်းများကိုဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယခုအခါ အထိုက်အလျောက်အောင်မြင်မှုများရှိလာပြီဖြစ်၍ အခြေခံပညာအထက်တန်းအဆင့်တွင် အသက်မွေးဝမ်းကျောင်းနှင့် ပတ်သက်သည့် ပညာရပ်သင်ကြားပေးရုံသာမက အလယ်တန်းအဆင့်၌လည်း စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံဗဟုသုတများသင်ကြားပေးရန်စီစဉ်နေသည်ဟု ပြောသည်။
" အဲဒီလို သင်ကြားပေးတဲ့အတွက် နိုင်ငံတော်အတွက်လိုအပ်တဲ့ လူသားအရင်းအမြစ်တွေများစွာရရှိလာမှာဖြစ်ပါတယ်"ဟု နိုင်ငံတော် ယာယီသမ္မတကပြောသည်။
ထို့ပြင် ဆရာ၊ ဆရာမများအား ရာထူးခန့်ထားရေးနှင့်ပတ်သက်၍ ပညာရေးကောလိပ်များမှ သင်တန်းဆင်း ဆရာ၊ ဆရာမများအား ဆွဲဆောင်မှုရှိသည့် Incentive များပေးရန်လိုကာ ဆရာ၊ ဆရာမများ၏ ဘွဲ့အရည်အချင်းများအလိုက်ခံစားခွင့်များကိုလည်း နိုင်ငံတော်မှချီးမြှင့်ပေးအပ်ထားသည်ဟု ပြောသည်။
ထို့အတူ ဝန်ထမ်းများကိုလည်း ရရှိသည့်ဘွဲ့များအလိုက် ခံစားခွင့်များပေးရန်လိုကာ ဆရာ၊ ဆရာမများအား ထိုက်တန်သည့်အဆင့်များ တိုးမြှင့်ပေးအပ်နိုင်ရေးအတွက် စဉ်းစားဆောင်ရွက်ရမည်ဟု နိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့သည်။

image

အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၂၃ သန်း ဗဟိုဘဏ်ထုတ်ရောင်းပေး

ဗဟိုဘဏ်မှ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၂၃ သန်းကို စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
FX Trading တွင် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဓာတ်မြေဩဇာ ၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်း၊ စက်မှုကုန်ကြမ်းပစ္စည်းများ၊ တိရိစ္ဆာန်အစာ ၊ ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းများ ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စားသုံးကုန်စည်တင်သွင်းသည့် Importer များမှ နိုင်ငံခြားငွေဝယ်ယူရရှိခဲ့ခြင်းဖြစ်သည်။
ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီလ ၁၄ ရက်နေ့၊ FX Trading Platform တွင် အမေရိကန်ဒေါ်လာငွေလဲနှုန်းကို ၃၆၅၀ ကျပ် သတ်မှတ်ရောင်းဝယ်ခဲ့သည်။
ထို့ပြင် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ဇန်နဝါရီ ၁၄ ရက်တွင်အသိပေးထားသည်။

image

ကယားပြည်နယ်သည် ပြန်လည်အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် လမ်းကြောင်းပေါ် အချိန်တိုတို အတွင်း ပြန်လည်ရောက်ရှိနေပြီဖြစ်

ကယားပြည်နယ်တွင် လက်နက်ကိုင်အကြမ်းဖက် အဖျက်မှောင့်လုပ်ငန်းများ ပေါ်ပေါက်ခဲ့ပြီး တည်ငြိမ်အေးချမ်းမှုပျက်ပြားကာ ပြည်သူများ ဆင်းရဲဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ရကြောင်း နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောသည်။
အခက်ခဲများကို ကြံ့ကြံ့ခံရင်း ဒေသပြန်လည်အေးချမ်းတည်ငြိမ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပြန်လည်လုပ်ဆောင်ခဲ့ပြီး ပညာရေးကဏ္ဍ၊ကျန်းမားရေးကဏ္ဍအပါအဝင် ကဏ္ဍအသီးသီဂကို စနစ်တကျ ပြန်လည်တည်ဆောက်ထူထောင်ပေးပြီး ဒေသခံပြည်သူများ ၏ နေ့စဉ်ဘဝအဆင်ပြေစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ယာယီသမ္မတက ပြောသည်။
ယနေ့ကျရောက်သည့် (၇၄) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းနားကို ပေးပို့သည့် သဝဏ်လွှာတွင် ယာယီသမ္မတက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိကယားပြည်နယ်သည် ပြန်လည်အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် လမ်းကြောင်းပေါ်သို့ အချိန်တိုတိုအတွင်း ပြန်လည်ရောက်ရှိနေပြီး ဆက်လက်၍လည်း တိုးတက်အောင်မြင်မှုများ ရှိစေရန် နိုင်ငံတော်မှ ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လည်း ယာယီသမ္မတက ပြောသည်။
မိမိတို့ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနှောင့်နှေးအောင် မိမိတို့ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက လုပ်ဆောင်မှုများသည့် အရုပ်ဆိုးအကျည်းတန်ကြောင်းလည်း ယာယီသမ္မတက ပြောသည်။
တစ်နိုင်ငံလုံးသာယာအေးချမ်းစေရေးအတွက် အားသွန်ခွန်စိုက် အတူတကွကြိုးစား ဆောင်ရွက်သွားရန် နှင့် ကယားပြည်နယ်တွင်းရှိ တိုင်းရင်းသားအားလုံးကလည်း စိတ်တူကိုယ်တူ အတွေးအကြုံတူစွာဖြင့် ပြည်နယ်အေးချမ်းသာယာရေးကနေ နိုင်ငံအကျိုးကို ဘက်ပေါင်းစုံမှ ဝိုင်ဝန်းဆောင်ရွက်သွားရန် လည်း ယာယီသမ္မတက သဝဏ်လွှာက တဆင့် တိုက်တွန်းပြောကြားထားသည်။

image

ပဲနွယ်ကုန်းမြို့ အနီးတဝိုက်က ရွာတွေမှာ တိုက်ပွဲဖြစ်ပွားပြီး ရွာလေးရွာထက်မနည်း စစ်ရှောင်နေရ

ပဲခူးတိုင်း ၊ ပဲနွယ်ကုန်းမြို့နယ်ထဲက ကျေးရွာဘက်တွေမှာ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေပြီး ရွာလေးရွာထက်မနည်း နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရတယ်လို့ စုံစမ်းသိရှိပါတယ်။
ပဲနွယ်ကုန်းမြို့နယ်ထဲက ကြိမ်ခါးကုန်းရွာ ၊ သင်နှီးခေါင်းရွာ ၊ သရက်အုပ်ရွာ နဲ့ အင်ကုန်းရွာ ၊ ဆေးရိုးခင်ရွာ တွေဘက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ကြောင်း ၊ တိုက်ပွဲကြောင့် အဲဒီကျေးရွာတွေက ဒေသခံတွေဟာ ရွာလုံးကျွတ်နီးပါး စစ်ရှောင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။
အခု တိုက်ပွဲဖြစ်နေတဲ့ ကျေးရွာတွေဟာ ပဲနွယ်ကုန်းမြို့နဲ့ တမိုင်အကွာအဝေးလောက်သာ ဝေးတယ်လို့ သိရပါတယ်။
" ပစ်ခတ်သံတွေ လက်နက်ကြီးသံတွေ ဒီတိုင်းကြားနေရတယ်။ အရင်ရက်က ဖြစ်တာ ကြိမ်ခါးကုန်းဘက်တွေမှာ ဖြစ်တာ ။အခုညကစပြီး သဲဖြူရွာတောင်ဘက် ဆေးရိုးခင် ရွာမှာ ဖြစ်နေတာ ။ ကျွန်တော်တို့နဲ့ နီးတော့ ဒီတိုင်းကြားနေရတယ်။ တိုက်ပွဲဖြစ်တဲ့ဘက်က ရွာတွေကတော့ အကုန်စစ်ရှောင်နေရတယ်။ မြို့ပေါ်လည်း လာကြတယ်။ နီးစပ်ရာလည်း သွားကြတယ်။ ညကဆေးရိုးခင်ဘက်က လက်နက်ကြီး ပစ်ခတ်မှုက အုန်းနှဲရိုးရွာထဲတောင် ကျတယ်။ " လို့ ဒေသခံက ပြောပါတယ် ။
ညက ဆေးရိုးခင်ရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ အုန်းနှဲရိုးရွာရှိ နေအိမ်အချို့ ထိခိုက်ပျက်စီးမှု ရှိခဲ့သလို လူနှစ်ယောက်လည်း ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ကြိမ်ခါးကုန်း ၊ သင်နှီးကောင်း ၊သရက်အုပ်ရွာ ၊အင်ကုန်းရွာ ဘက်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲအကြားမှာလည်း ကြိမ်ခါးကုန်း နဲ့ သင်နှီးကောင်း ရွာနှစ်ရွာရှိ အိမ်ခြေတော်တော်များများ မီးလောင် ပျက်စီးမှု ရှိထားတယ်လို့ သိရပါတယ်။
" ခုဖြစ်တဲ့နေရာက မြို့နဲ့ သိပ်မဝေးပေမယ့် သွားလာလို့မရပါဘူး ။ လမ်းပိုင်း အကုန်ပိတ်ထားတယ်။အဲဒီတော့ ထိခိုက် သေဆုံးတို့ ၊ အိမ်ပျက်စီးက အတိကျ မသိနိုင်ဘူး ။ အိမ်တွေ ပျက်စီးမှုရှိတယ် ၊ များတယ် ဆိုတာလောက်ပဲသိရတယ်။ " လို့ သူကထပ်ပြောပါတယ်။
ဆေးရိုးခင်ရွာမှာက ဇန်နဝါရီ ၁၃ ရက်နေ့ညပိုင်းကမှ တိုက်ပွဲ စတင်ဖြစ်ပွားတာ ဖြစ်ပြီး ကြိမ်ခါးကုန်း ၊အင်ကုန်း ၊သရက်အုပ်ရွာ ၊ သင်နှီးကောင်း ရွာတွေဘက်မှာတော့ ဇန်နဝါရီ ၁၁ ရက်နေ့ မနက်
ပိုင်းကတည်းက စပြီး ဒေသတွင်းလက်နက်ကိုင်အဖွဲ့နဲ့ အစိုးရတပ်အကြား တိုက်ပွဲဖြစ်ပွား နေတာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ပွဲအတွင်းမှာ အပြန်အလှန် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုအပြင် လေ
ကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ဆိုသလို ရှိခဲ့တယ်လို့ သိရှိရပါတယ်။
ပဲနွယ်ကုန်းမြို့ အနီးတဝိုက်ရှိ ကျေးရွာဘက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပေမယ့် ​မြို့ပေါ်မှာတော့ အခြေအနေ အေးဆေးဆဲ ဖြစ်ပြီး သွားလာလှုပ်ရှားမှု ရှိနေဆဲ ဖြစ်တယ်လို့သိရပါတယ် ။
အလားတူ ဇန်နဝါရီ ၁၁ ရက်နေ့ မနက်အစောပိုင်းကလည်း ဖြူးမြို့နယ် ၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ဆားဂွန်းရွာစစ်ဆေးရေးဂိတ်ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဇန်နဝါရီ ၉ ရက်၊ မနက် အစောပိုင်းကလည်း ပဲခူးတိုင်း ၊ ကျောက်တံခါးမြို့နယ် ၊ ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်ရှိ တောကျွဲအင်းမြို့ (ခ) အောင်မြင်မြို့ကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက ဝင်ရောက်တိုက်ခိုက်မှု ရှိခဲ့ပါတယ်။
ဇန်နဝါရီ ၇ ရက်နေ့ကလည်း ပဲခူးတိုင်း အနောက်ပိုင်း ၊ မင်းလှမြို့နယ် နဲ့ လက်ပံတန်း မြို့နယ်အကြား ၊ ရန်ကုန် - ပြည် ကားလမ်းမပေါ်မှာ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်တပ်ဖွဲ့ တွေအကြား တိုက်ပွဲ ဖြစ်ပွားမှု ရှိခဲ့ပါတယ်။

image

ရွှေဈေး ကျပ်သိန်း ၁၀၀ နီးပါးအထိ အတက်ကြမ်းလာလို့ ဆိုင်တချို့ အခေါက်ရွှေ အရောင်းပိတ်

မြန်မာ့ရွှေဈေး တကျပ်သား ကျပ် သိန်း ၁၀၀ နီးပါးအထိ ထပ်မံ စံချိန်ချိုး မြင့်တက်လာပြီးတဲ့နောက် ဒီကနေ့ ဇန်နဝါရီ ၁၄ ရက်၊ နေ့လယ်ပိုင်းမှာ အခေါက်ရွှေ ရောင်းချတဲ့ ရွှေဆိုင်တချို့ အရောင်း ပိတ်လိုက်ပြီ ဖြစ်တယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိပါတယ်။
ကမ္ဘာ့ရွှေ‌ဈေး စံချိန်တင် မြင့်တက်နေမှုနဲ့အတူ အခေါက်ရွှေဈေးဟာ ဒီကနေ့ ဇန်နဝါရီ ၁၄ ရက်၊ နေ့လယ်ပိုင်းမှာ တကျပ်သား ကိုးဆယ့်ကိုးသိန်း နှစ်သောင်း ဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပြီး သုံးရက်အတွင်း ကျပ် သုံးသိန်းကျော် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
“ကမ္ဘာ့ရွှေလည်း အတော်လေးကို အတက်ကြမ်းတယ်။ ပြည်တွင်းရွှေလည်း ဈေးအရမ်းတက်တော့ တချို့ အခေါက်ရောင်းတဲ့ ဆိုင်တွေလည်း အရောင်းပိတ်ကြတယ်။ ဆိုင်တိုင်းတော့ မဟုတ်ဘူးပေါ့။ အရောင်း ပိတ်ကြပေမယ့် အဝယ်ကိုတော့ လက်ခံ ဝယ်ပေးတယ်။ အခေါက်ပဲ သီးသန့်ပိတ်ကြတာ။ ၁၅ ပဲရည်တွေတော့ မပိတ်ဘူး။ ဈေးတွေ မငြိမ်တော့ အရောင်းအဝယ် အခြေအနေကလည်း တော်တော်လေး ပါးနေပါတယ်” လို့ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။
လက်ရှိမှာ အခေါက်ရွှေကို အောင်သမာဓိ၊ အကယ်ဒမီ၊ မြန်မာချမ်းသာနဲ့ ရွှေဘုံသာ အောက်လမ်းရှိ ရွှေအခေါက် ရောင်းဝယ်ရေး အစရှိတဲ့ ရွှေဆိုင်ပေါင်း ခြောက်ဆိုင် ဝန်းကျင်လောက်မှာသာ အရောင်းအဝယ် ပြုလုပ်နေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ဒီကနေ့ ဇန်နဝါရီ ၁၄ ရက်၊ မွန်းလွဲပိုင်းမှာ တအောင်စ ဒေါ်လာ ၄၆၃၄ ဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပြီး သုံးရက်အတွင်း တအောင်စ ဒေါ်လာ ၆၀ နီးပါး ဈေးမြင့်တက်ခဲ့တာကို တွေ့ရပါတယ်။
“ကမ္ဘာ့ဈေးက လတ်တလော အခြေအနေအရ ၄၇၀၀ ဈေးတန်းအထိ ဆက်သွားနိုင်တယ်။ အမေရိကန်နဲ့ အီရန်အရေးကလည်း ပိုပြီးတင်းမာလာနေတယ်။ ထရမ့်ကလည်း အသင့်ဖြစ်နေပြီလို့ ဆိုထားတယ်။ ဒါကြောင့် ကမ္ဘာ့ရွှေဈေးက ကျဖို့လမ်း မမြင်သေးဘူး။ တဆက်တည်း ဒီဘက်မှာလည်း မြန်မာ့ရွှေဈေးက ဂဏန်းသုံးလုံးကို အချိန်မရွေး ရောက်လာနိုင်သလို အဲဒီကနေလည်း ဆက်ကျော်သွားနိုင်ခြေ ရှိနေတယ်” လို့ ရွှေဈေးကွက် လေ့လာ စောင့်ကြည့်သူတယောက်က သုံးသပ် ပြောဆိုပါတယ်။
လက်ရှိ ကမ္ဘာတဝန်းက စစ်ရေး အခြေအနေတွေကြောင့်အပြင် အမေရိန်ကန်ရဲ့ ဘဏ်အတိုးနှုန်း လျှော့ချမှု‌တွေကြောင့်လည်း ကမ္ဘာ့ရွှေစျေးက အတက်ဘက်မှာ ရှိနေနိုင်သေးတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ရွှေဈေးနှုန်းတွေ မြင့်တက်နေသလို နိုင်ငံခြား ငွေလဲဈေးကွက်မှာလည်း အမေရိကန်ဒေါ်လာဈေးတွေ တဖြည်းဖြည်းချင်း မြင့်တက်လာနေတာကို တွေ့ရပြီး ဒီကနေ့ ဇန်နဝါရီ ၁၄ ရက်၊ နေ့လယ်ပိုင်းမှာ တဒေါ်လာ ပြင်ပပေါက်ဈေး ၄၁၄၀ ကျပ် ဝန်းကျင်မှာ ရောက်ရှိနေကာ သုံးရက်အတွင်း ဒေါ်လာ ၁၃၀ ကျပ် ဝန်းကျင် မြင့်တက်လာတာ ဖြစ်ပါတယ်။
မြန်မာ့ရွှေဈေးဟာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့က အခေါက်ရွှေ တကျပ်သား ဆယ့်သုံးသိန်း နှစ်သောင်းဝန်းကျင်သာ ရှိခဲ့တာဖြစ်ပြီး ငါးနှစ်အတွင်း ခုနစ်ဆကျော်အထိ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

image

ICJ ကိစ္စ ကိုယ်စားလှယ်အဖွဲ့များနှင့် တစ်သားတည်းရပ်တည်ဟုဆို
------------------

နယ်သာလန်နိုင်ငံ ၊ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ မြန်မာနိုင်ငံရဲ့ အမှန်တရားနဲ့တရား မျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ တစ်သားတည်း ရပ်တည်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက သဘောထားထုတ်ပြန်ပါတယ်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်၊ ဥပဒေရေးရာဝန်ကြီးဌာနနဲ့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်တဲ့ မြန်မာကိုယ်စား လှယ်အဖွဲ့ဟာ(ICJ )မှာ မြန်မာနိုင်ငံအတွက် တရားမျှတမှုနဲ့ အမှန်တရားအတွက် အစွမ်းကုန်ဆောင်ရွက်နေ ကြပါတယ်။
ICJ အမှုအခင်းဟာ မြန်မာနိုင်ငံအတွက် သွေးရိုးသားရိုးအမှုအခင်းတစ်ခုမဟုတ်ဘဲ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာ ၊ အချုပ်အခြာအာဏာနဲ့ အမျိုးသားအကျိုးစီးပွားတို့နဲ့ သက်ဆိုင်တဲ့ နိုင်ငံအရေးဖြစ်ပါတယ်။ မြန်မာနိုင်ငံက မကျူးလွန်တဲ့အမှုတစ်ခုကို နိုင်ငံတကာအထင်အမြင်လွဲမှားအောင်၊ မတရားစွပ်စွဲခံရအောင်၊ မြေပြင်နဲ့ကွဲလွဲတဲ့ သတင်းအချက်အလက်အမှားတွေနဲ့ စွပ်စွဲနေတာသာဖြစ်တယ်လို့ ဆိုပါတယ်။
ICJ က ဂုဏ်သရေရှိတရားသူကြီးတွေအနေနဲ့ မွန်မြတ်တဲ့တရားစီရင်ရေးကျင့်ဝတ်သိက္ခာကို ထိန်းသိမ်းကာ အမှန်ကို အမှန်အတိုင်း ဘက်လိုက်မှုကင်းစွာနဲ့ သုံးသပ်ဆုံးဖြတ်နိုင်မယ်လို့ မျှော်လင့်ကြောင်းနဲ့ အခုအမှုကိစ္စဟာ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ အချုပ်အခြာအာဏာ၊ အကျိုးစီးပွားနဲ့သက်ဆိုင်တဲ့ကိစ္စဖြစ်တာကြောင့် မြန်မာ တစ်မျိုးသားလုံးရဲ့ အရေးကိစ္စဖြစ်တဲ့အတွက် မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ တစ်သားတည်း ရပ်တည်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

image

မြန်မာမှ သီရိလင်္ကာသို့ ဆန်တန်ချိန် ၅၀၀ လှူဒါန်း
-------------------

မြန်မာနိုင်ငံအနေနဲ့ သီရိလင်္ကာနိုင်ငံမှာရှိတဲ့ မုန်တိုင်းဒဏ်သင့်ပြည်သူတွေအတွက် ဆန်တန်ချိန် ၅၀၀ ပေးပို့လှူ ဒါန်းခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။
သီရိလင်္ကာနိုင်ငံကို ဆန်တန်ချိန် ၅၀၀ လှူဒါန်းတဲ့အခမ်းအနားကို ဇန်နဝါရီ ၁၃ ရက်က အလုံမြို့နယ်၊ ရန်ကုန် ဆိပ်ကမ်း Asia World Port Terminal ရှိ အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့တာပါ။
အခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ပေးအပ်တဲ့ ဆန်တန်ချိန် ၅၀၀ ပေးပို့လှူဒါန်းမဲ့ စာရွက်စာတမ်း တွေကို မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီးက လက်ခံရယူခဲ့ပါတယ်။
အဲဒီနောက် သီရိလင်္ကာနိုင်ငံကို သယ်ယူပို့ဆောင်မဲ့ ကွန်တိန်နာတွေကို လှည့်လည်စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်ကလည်း သင်္ဘောတင်ပို့မဲ့ အစီအစဉ်တွေကို ရှင်းလင်းတင်ပြခဲ့တယ်လို့ သိရပါတယ်။

image

ပြည်ပသံရုံးတစ်ရုံးမှ ပုဂ္ဂိုလ်တချို့နှင့်လျှို့ဝှက်စွာတွေ့ဆုံခဲ့သည့် PPPပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နှင့် CECအဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်တို့ကို အရေးယူမည်ဟု ထုတ်ပြန်
------------------------------------------

ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်တို့ကို ပြည်ပသံရုံးတစ်ရုံးမှ ပုဂ္ဂိုလ်တချို့နဲ့ လျှို့ဝှက်စွာတွေ့ဆုံခဲ့မှု‌နဲ့ပတ်သက်ပြီး အရေးယူသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီ၁၄ရက်မှာထုတ်ပြန်ပါတယ်။
နိုင်ငံရေးပါတီတွေအနေနဲ့ နိုင်ငံခြားတိုင်းပြည်တစ်ခုခုရဲ့ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့ရှိရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကြိုတင်တင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ တွေ့ဆုံဖို့နဲ့ သင့်လျော်တဲ့အစီအမံနဲ့ စိစစ်ခွင့်ပြုပေးမဲ့အကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၂၀၂၂ခုနှစ် ဩဂုတ် ၂၃ရက် ရက်စွဲပါစာနဲ့ နိုင်ငံရေးပါတီအားလုံးကို အကြောင်းကြားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ သံရုံးတွေ/အဖွဲ့အစည်းတွေနဲ့ လျှို့ဝှက်စွာတွေ့ဆုံနေတယ်လို့ သိရတဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြခွင့်ပြုချက်ယူပြီးမှသာ တွေ့ဆုံဖို့နဲ့ ခွင့်ပြုချက်မရဘဲတွေ့ဆုံရင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ၁၂နဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ၂၀၂၅ခုနှစ် ဒီဇင်ဘာ၂၂ရက် ရက်စွဲပါစာနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌကို လိပ်မူပြီး သတိပေးအကြောင်းကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒေါက်တာသက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ခွင့်ပြုချက်တင်ပြခြင်းမရှိဘဲ ၂၀၂၅ခုနှစ် ဒီဇင်ဘာ၁၈ရက် မွန်းလွဲ၂နာရီကနေ ၃နာရီခန့်အထိ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းက စားသောက်ဆိုင်တစ်ဆိုင်မှာ ပြည်ပသံရုံးတစ်ရုံးမှ ပုဂ္ဂိုလ်တချို့နဲ့ Maskတပ်ဆင်ပြီး တရားမဝင်လျှို့ဝှက်စွာ တွေ့ဆုံခဲ့ကြောင်း သတင်းပို့တိုင်ကြားမှုရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ မှန်ကန်ကြောင်း တွေ့ရှိရပြီး ဒေါက်တာသက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ကလည်း မှန်ကန်ကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒါကြောင့် ဒေါက်တာသက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဇန်နဝါရီ၁၃ရက် ညနေပိုင်းက သက်ဆိုင်ရာရဲ့ ခေါ်ယူမေးမြန်းမှုကိုခံရတဲ့ ဒေါက်တာသက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ဟာ ဇန်နဝါရီ၁၄ရက် ညပိုင်းမှာ နေအိမ်ကိုပြန်လည်ရောက်ရှိကြပြီဖြစ်တယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးစောဟန်အေးက One Newsကို ပြောကြားထားပါတယ်။

image

မန္တလေးတွင် အိမ်၇လုံးခန့်မီးလောင်
--------------------

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၈၂လမ်း၊ ၃၄လမ်းနဲ့ ၃၅လမ်းကြားမှာ ဇန်နဝါရီ၁၄ရက်၊ ည‌နေ ၅နာရီခွဲဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
လျှပ်စစ်ထမင်းပေါင်းအိုး တည်ထားရာကနေတစ်ဆင့် မီးလောင်တာဖြစ်ပြီး အိမ်၇လုံးခန့် မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံတချို့ရဲ့ ကနဦးပြောကြားချက်အရ သိရပါတယ်။
အဲဒီမီးလောင်မှုကို Level 1ယာဉ်အုပ်စုနဲ့ ငြှိမ်းသတ်ခဲ့ရပြီး ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့တွေကလည်း ဝိုင်းဝန်းကူညီငြှိမ်းသတ်ခဲ့ကာ ညနေ၅နာရီ၄၈မိနစ်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။

image