ကိုပါဒယ်ရေးကွာတားဖိုင်နယ်သို့ ဘာစီလိုနာ တက်ရောက်လာ
==================

လက်ရှိ ချန်ပီယံ ဘာစီလိုနာဟာ ရေးဆင်းကို အနိုင်ယူပြီး ကိုပါဒယ်ရေးကွာတားဖိုင်နယ်သို့ တက်ရောက်လာပါတယ်။
ရီးရဲလ်မက်ဒရစ်ကတော့ ဗုဒ္ဓဟူးနေ့တုန်းက အလွန်ဆိုထုတ်ပယ်ခြင်းခံရပြီးနောက် နည်းပြသစ်အာဘီလိုအာရဲ့ ပထမဆုံးပွဲတွင် ဒုတိယတန်းကလပ် အယ်ဘာစီတီကို ၃-၂ ဖြင့် ရှုံးနိမ့်ကာ ကိုပါဒယ်ရေးမှ ထွက်ခွာခဲ့ရပြီး ဖြစ်ပါတယ်။
လာလီဂါချန်ပီယံဘာစီလိုနာဟာလည်း ဒုတိယတန်းကလပ် ရေးဆင်းကို ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ဒုတိယပိုင်းတွင် ဖာရန်တောရက်စ်နဲ့ လာမိန်းယာမဲလ်တို့ သွင်းယူတဲ့ ဂိုးတွေကြောင့် ၂-၀ ဖြင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ယခုပွဲမှာ ဘာစီလိုနာဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားခဲ့ရပေမယ့်လည်း ရေးဆင်းခံစစ်ကြောင်းကို ထိုးဖောက်ရ ခက်ခဲနေခဲ့ပါတယ်။
ပွဲချိန် ၆၆ မိနစ်မှာတော့ လူစားဝင်လာတဲ့ ဖာမင်လိုပက်ဇ်ရဲ့ လှပတဲ့ ပေးပို့မှုကနေ အသင်းခေါင်းဆောင်ဖာရန်တောရက်စ်က ဂိုးသမားကပါ လိမ်ခေါက်ပြီး ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။
ယင်းနောက် အချိန်ပိုတွင် လာမိန်းယာမဲလ်က ရာဖင်ညာရဲ့ ဖြတ်တင်ဘောကနေ ဘာစီလိုနာအတွက် အနိုင်သေချာစေမယ့် ဒုတိယဂိုးအား သွင်းယူခဲ့ပါတယ်။
ရေးဆင်းဟာ ဒုတိယတန်းအမှတ်ပေးဇယားကို ဦးဆောင်နေတဲ့အသင်း ဖြစ်ပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လာလီဂါသို့ တန်းတက်ရေး ကြိုးပမ်းနေတဲ့ အသင်းဖြစ်ပါတယ်။

image

မသင့်လျော်တဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုကြောင့် ဘွန်ဒက်စ်လီဂါကလပ်မှ ထုတ်ပယ်ခြင်းခံလာရတဲ့ ယူရို ၉၆ ချန်ပီယံ
=======================

ယူရို ၉၆ ချန်ပီယံစတီဖန်ကန့်ဇ်ဟာ မသင့်လျော်တဲ့ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုကြောင့် ဘွန်ဒက်စ်လီဂါကလပ် ဟမ်းဘတ်ဘုတ်အဖွဲ့မှ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
အသက် ၆၃ နှစ်ရှိ ကန့်ဇ်ဟာ ဇန်နဝါရီလ ၂ ရက်နေ့တုန်းက ဟမ်းဘတ်အားကစားဒါရိုက်တာရာထူးမှ နုတ်ထွက်ခဲ့ပါတယ်။ ထိုစဉ်တုန်းက ဟမ်းဘတ်က ကာယကံရှင်ဘက်မှ မိသားစုအရေးကိစ္စကြောင့် နုတ်ထွက်ရန် တောင်းဆိုလာမှုကြောင့် ထွက်ခွာခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း ကြေညာခဲ့ပါတယ်၊
ဒါပေမယ့် ဂျာမန်သတင်းစာ Bild ရဲ့ ဖော်ပြလာမှုအရ ဟမ်းဘတ်ဟာ ဝန်ထမ်းအမြောက်အမြားတို့ရဲ့ တိုင်ကြားမှု ရရှိပြီးနောက် ကန့်ဇ်ကို ထုတ်ပယ်လိုက်ခြင်းဖြစ်ပြီး ကာယကံရှင်ဘက်ကလည်း ယင်းဖြစ်ရပ်များကို စုံစမ်းမခံဘဲ ထုတ်ပယ်မှုအပေါ် သဘောတူညီခဲ့ကြောင်း သိရပါတယ်။
ဟမ်းဘတ်ဝန်ထမ်းအမျိုးသမီးတစ်ဦးက ကန့်ဇ်ရဲ့ မသင့်လျော်တဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ခြင်းခံရပြီးနောက် တိုင်ချက်ဖွင့်လှစ်ခဲ့ပါတယ်။ ယင်းနောက်မှာတော့ အခြားအမျိုးသမီးဝန်ထမ်းများကလည်း ကန့်ဇ်ကို ပွတ်သီးပွတ်သတ်နေတတ်သူအဖြစ် တိုင်ချက်ဖွင့်ခဲ့ကြပါတယ်။
တဖက်တွင် ကန့်ဇ်က‌တော့ ၎င်းအပေါ် စွပ်စွဲမှုအားလုံးကို ငြင်းဆိုထားပြီး ရှေ့နေနှင့် တိုင်ပင်ကာ သတင်းမှားဖြန့်သူများအား အရေးယူရန် လုပ်ဆောင်နေကြောင်း ကြေညာသွားပါတယ်။
ကန့်ဇ်ဟာ ယခင်တုန်းက ဂျာမနီယူ-၂၁ နှင့် တူရကီလက်ရွေးစင်အသင်းတို့တွင် မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ၂၀၂၄ ခုနှစ်မှ စတင်ကာ ဟမ်းဘတ်တွင် တာဝန်ထမ်းဆောင်လာခဲ့တာပါ။
ဂျာမနီတိုက်စစ်မှူးဟောင်းဟာ ဂျာမနီအသင်းကို ယူရို ၉၆ ချန်ပီယံဖြစ်အောင် အဓိကနေရာမှ ကူညီခဲ့သူလည်း ဖြစ်ပါတယ်။

image

မိသားစုဆန္ဒအား ဦးစားပေးကာ ပေါင် ၁.၂ ဘီလီယံတန်စာချုပ်ကို ငြင်းဆိုခဲ့တဲ့ လီယွန်နယ်မက်ဆီ
===================

လီယွန်နယ်မက်ဆီဟာ မိသားစုဆန္ဒအား ဦးစားပေးကာ ဆော်ဒီကလပ် Al-Ittihad ရဲ့ ပေါင် ၁.၂ ဘီလီယံတန်စာချုပ်အား ငြင်းဆိုခဲ့ပါတယ်။
Ballon d'Or ၈ ကြိမ်ရ လီယွန်နယ်မက်ဆီဟာ ၂၀၂၃ ခုနှစ်တုန်းက အရှေ့အလယ်ပိုင်းသို့ မပြောင်းဘဲ ဒေးဗစ်ဘက်ဟမ်းပူးတွဲပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီကို ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။
ယခုအခါ Al-Ittihad ဥက္ကဌအန်မာအယ်ဟိုင်လီက ကမ္ဘာ့ဖလားသူရဲကောင်းအား တစ်နှစ်လုပ်ခပေါင် ၃၄၆ သန်းတန်စာချုပ်ဖြင့် ခေါ်ယူနိုင်ရေး နီးစပ်ခဲ့တဲ့အကြောင်း ဖွင့်ဟလာခဲ့ပါတယ်။
အယ်ဟိုင်လီက "ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်သွားတော့ သူ့ကို ဆက်သွယ်ခဲ့တယ်။ ယူရို ၁.၄ ဘီလီယံတန်စာချုပ်ကမ်းလှမ်းခဲ့တာ။ သူက မိသားစုဆန္ဒကြောင့် ဒီကြီးမားတဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်။ သူက ငွေထက် မိသားစုက အရေးကြီးတာကြောင့် ပယ်ချဖို့ လက်မတွန့်ခဲ့ဘူး"လို့ ပြောကြားသွားပါတယ်။
Al-Ittihad ဥက္ကဌအန်မာအယ်ဟိုင်လီက မက်ဆီအား ခေါ်ယူရေး တံခါးဖွင့်ထားဆဲ ဖြစ်ကြောင်းလည်း ပြောကြားသွားပါတယ်။
မက်ဆီဟာ အောက်တိုဘာလတုန်းက အင်တာမိုင်ယာမီတွင် ၂၀၂၈ ခုနှစ် နွေရာသီအထိ ရှိနေမယ့် စာချုပ်အား ချုပ်ဆိုခဲ့ပါတယ်။
ဒါပေမယ့်လည်း အယ်ဟိုင်လီဟာ မက်ဆီက စိတ်ပြောင်းလာမည်ဆိုပါက ခေါ်ယူရေး တံခါးဖွင့်ထားတုန်းပါ။
ဆက်လက်ပြီး ၎င်းက "မက်ဆီသာ Al-Ittihad သို့ လာဖို့ သဘောတူရင် သူလိုချင်တဲ့ ငွေပမာဏပေးဖို့ ကျွန်တော့်ဘက်က အသင့်ပါ။ သူဆန္ဒရှိသလောက်ပေါ့။ တစ်ဘဝစာလုံးအတွက်ပဲ ဖြစ်ဖြစ်ပေါ့။ မက်ဆီ ဆော်ဒီသို့ ရောက်လာပြီး ကျွန်တော်တို့ ဝတ်စုံ ဝတ်တာက စီးပွားရေးနဲ့ ဘာမှ မဆိုင်ပါဘူး။ ဘောလုံးသမိုင်းမှာ အကြီးကျယ်ဆုံးကစားသမားကို ခေါ်ယူလိုက်နိုင်လို့ လိဂ်အတွက် ပျော်ရွှင်ရတာမှာပါ"လို့ ပြောကြားသွားပါတယ်။
မက်ဆီဟာ ၂၀၂၆ မေဂျာလိဂ်အဖွင့်ပွဲစဉ်အဖြစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် LAFC အား အဝေးကွင်းသို့ သွားရောက်ကစားရပါမယ်။

image

အာဖရိကဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ဆီနီဂေါကို ရှုံးနိမ့်ခဲ့ပေမယ့် အီဂျစ်စတား ဆာလက် လီဗာပူးနှင့် ပြန်လည်ပူးပေါင်းနိုင်ဦးမည်မဟုတ်
====================

အာဖရိကဖလားဆီမီးဖိုင်နယ်တွင် အီဂျစ်တို့ ဆီနီဂေါကို ရှုံးနိမ့်သွားခဲ့ပေမယ့်လည်း လီဗာပူးဟာ မိုဟာမက်ဆာလက် အသင်းနှင့် ပြန်လည်ပူးပေါင်းရေး လာမယ့်အပတ်အထိ စောင့်ဆိုင်းလာရဖို့ ရှိနေပါတယ်။
အီဂျစ်ဟာ ဗုဒ္ဓဟူနေ့တုန်းက မော်ရိုကိုတွင် ဆာဒေယိုမာနေးရဲ့ ဆီနီဂေါအား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ကာ ဆုဖလားနှင့် ဝေးခဲ့ရပါတယ်။
ယင်းပွဲတွင် ဆီနီဂေါအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဆာဒေယိုမာနေးက သွင်းယူသွားခဲ့တာပါ။ ဆီနီဂေါဟာ လာမယ့် တနင်္ဂနွေနေ့မှာ အိမ်ရှင်မော်ရိုကိုနှင့် ဗိုလ်လုပွဲ ကစားရပါမယ်။
ဆာလက်ဟာ အာဖရိကဖလားပြိုင်ပွဲတွင် ၄ ဂိုးသွင်းယူပြီး အီဂျစ်ကို ဆီမီးဖိုင်နယ်သို့ ပို့ဆောင်ထားနိုင်ခဲ့ပေမယ့် လက်ရွေးစင်အသင်းနှင့်အတူ ဆုဖလား ဆွတ်ခူးရေး မျှော်လင့်ချက် ပျက်စီးသွားခဲ့ရပြီ ဖြစ်ပါတယ်။
ဒါပေမယ့် ဆာလက်ဟာ လီဗာပူးအသင်းနှင့် ပူးပေါင်းနိုင်ဦး မဟုတ်သေးပါဘူး။ ဆီမီးဖိုင်နယ်တွင် ရှုံးနိမ့်ခဲ့တဲ့ အီဂျစ်ဟာ စနေနေ့မှာ တတိယနေရာလုပွဲအဖြစ် နိုင်ဂျီးရီးယားနှင့် ကစားရပါဦးမယ်။
ဒါကြောင့်လည်း ဆာလက်ဟာ စနေနေ့ ဘန်လေနှင့် ကစားမယ့် လီဗာပူးရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်လာမှာ ဖြစ်ပါတယ်။
ဒါ့အပြင် သူဟာ လီဗာပူးနှင့် ပူးပေါင်းလာချိန်တွင်လည်း အနားယူရန် လိုအပ်နေသေးတာကြောင့် ဇန်နဝါရီလ ၂၁ ရက်နေ့ ဗုဒ္ဓဟူနေ့တွင် မာဆေးနှင့်ကစားရမယ့်ပွဲကိုလည်း လွဲလာနိုင်ပါသေးတယ်။
သူဟာ ဇန်နဝါရီလ ၂၄ ရက်နေ့ ဘုန်းမောက်နှင့် ရင်ဆိုင်ကစားရမယ့်ပွဲစဉ်တွင်မှ လီဗာပူးအတွက် ကစားလာနိုင်ဖို့ ရှိပါတယ်။

image

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လက်မှတ်ဝယ်ယူလိုသူ သန်း ၅၀၀ အထိ စံချိန်တင် တောင်းဆိုခံထားရတဲ့ ဖီဖာ
=====================

ဖီဖာက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စံချိန်တင် လက်မှတ်ဝယ်ယူလိုသူ သန်း ၅၀၀ အထိ စံချိန်တင်ရရှိထားကြောင်း ကြေညာလာပါတယ်။
ဖီဖာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ ကနေဒါ၊ မက္ကဆီတို့တွင် ပူးတွဲ ကျင်းပလာမှာ ဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ၄၈ သင်းဖြင့် ယှဉ်ပြိုင်လာပါမယ်။
ဖီဖာဟာ ဒီဇင်ဘာလတုန်းက ကမ္ဘာ့ဖလားအုပ်စုမဲခွဲမှုအပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ဇန်နဝါရီလ ၁၃ ရက်အထိ ကာလအတွင်းတွင် Random Selection Draw စနစ်ဖြင့် လက်မှတ်ရောင်းချလာပါတယ်။
ဖီဖာဟာ ယင်း App မှ တဆင့် ဖီဖာအဖွဲ့ဝင် နိုင်ငံပေါင်း ၂၁၁ နိုင်ငံရဲ့ ပရိသတ်များထံမှ လက်မှတ်ဝယ်ယူရေး ကြိုးပမ်းခြင်းခံလာရပါတယ်။
လက်မှတ်ဝယ်ယူရေးအများဆုံးတောင်းဆိုတဲ့ နိုင်ငံများတွင် အိမ်ရှင်များဖြစ်ကြတဲ့ အမေရိကန်၊ မက္ကဆီကို၊ ကနေဒါ၊ ဂျာမနီ၊ အင်္ဂလန်၊ ဘရာဇီး၊ စပိန်၊ ပေါ်တူဂီ၊ အာဂျင်တီးနားနှင့် ကိုလံဘီယာတို့ ပါဝင်ပါတယ်။
လက်မှတ်တောင်းဆိုမှုအများဆုံးပွဲက ဇွန်လ ၂၇ ရက်နေ့တွင် ကိုလံဘီယာနှင့် ပေါ်တူဂီတို့ ကစားမယ့် ပွဲအဖြစ် ရပ်တည်နေပါတယ်။ ဒါ့အပြင် အခြားလက်မှတ်တောင်းဆိုမှုများပြားတဲ့ပွဲအဖြစ် ဂွါဒါလာဂျာရာတွင် မက္ကဆီကိုနှင့် တောင်ကိုရီးယားတို့ကစားမယ့်ပွဲနှင့် ဇူလိုင်လ ၁၉ ရက်နေ့ နယူးဂျာစီတွင် ကစားမယ့် ဗိုလ်လုပွဲလက်မှတ်တို့ ဖြစ်ပါတယ်။ ဒါ့အပြင် မက္ကဆီကိုစီးတီးတွင် မက္ကဆီကိုနှင့် တောင်အာဖရိကတို့ ကစားမယ့် အဖွင့်ပွဲကလည်း လက်မှတ်တောင်းဆိုမှုများပြားတဲ့ပွဲများတွင် ပါဝင်သလို ဇူလိုင်လ ၂ ရက်နေ့ တိုရန်တိုတွင် ကိုလံဘီယာ(သို့မဟုတ်) ပေါ်တူဂီ ပါဝင်လာနိုင်တဲ့ ၃၂ သင်းရှုံးထွက်အဆင့်ပွဲစဉ်တို့လည်းပါဝင်ပါတယ်။
ဖီဖာဟာ ကမ္ဘာဖလားပြိုင်ပွဲအတွက် လက်မှတ် ၂ သန်းအထိ ရောင်းချထားပြီး ဖြစ်ကာ ပြိုင်ပွဲတစ်ခုလုံးမှ ၁၀၄ ပွဲအတွက် လက်မှတ် ၄ သန်းမှ ၅ သန်းအထိ ရောင်းချရလာမယ်လို့ ယုံကြည်ရပါတယ်။
ဖီဖာဟာ အကောင့်တစ်ခုလျှင် လက်မှတ် တစ်စောင်မှ လေးစောင်အတွင်း ဝယ်ယူခွင့်ပေးထားရာ တောင်းဆိုမှု သန်း ၅၀၀ အထိ ရှိရာ လက်မှတ် စောင်ရေ ၁ ဘီလီယံအထိ ဝယ်ယူရေး တောင်းခံမှု ရထားတာပါ။
ဖီဖာဟာ လက်မှတ်ဈေးနှုန်းအဆမတန်တိုးမြှင့်သတ်မှတ်မှုတို့ကြောင့် အပြင်းအထန် ဝေဖန်ခြင်းခံနေရတဲ့ကြားမှ ယခုကဲ့သိ့ လက်မှတ်တောင်းဆိုမှုခံထားရတာပါ။
တဖက်တွင် ဖီဖာက လက်မှတ်များ တရားမဝင် မှောင်ခိုဈေးကွက်သို့ မရောက်ရေး လုပ်ဆောင်ထားပေမယ့်လည်း လက်မှတ်ပြန်ရောင်းဝက်ဘ်ဆိက်များတွင် လက်မှတ်ရောင်းချမှုများ ရှိနေဆဲလည်း ဖြစ်ပါတယ်။

image

နုတ်ထွက်ရန် စီစဉ်ထားချိန်တွင် ယူနိုက်တက်ရဲ့ ထုတ်ပယ်ခြင်းခံလာရလို့ နစ်နာကြေး ပေါင် ၁၂ သန်း ရရှိလာတဲ့ အမိုရမ်
=====================

ရူဘင်အမိုရမ်ဟာ ထုတ်ပယ်ခြင်းမခံရမီ သုံးရက်အလိုကတည်းက ရာထူးမှ နုတ်ထွက်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ တကယ်လို့များ ယူနိုက်တက်အနေဖြင့် အမိုရမ်ဘက်က နုတ်ထွက်လာမည်ဆိုပါက နစ်နာကြေး ပေါင် ၁၂ သန်းပေးလာရမှာလည်း မဟုတ်ပါဘူး။
အမိုရမ်ဟာ လိဒ်နှင့်ပွဲမတိုင်မီ သောကြာနေ့တုန်းက ဘောလုံးဒါရိုက်တာဂျေဆင်ဝဲလ်ကော့စ်နှင့် ပြဿနာတက်ပြီးနောက် နုတ်ထွက်တော့မည်ဖြစ်ကြောင်း သူငယ်ချင်းများကို အသိပေးခဲ့ပါတယ်။
ဒါပေမယ့် အမိုရမ်ဟာ အေးဂျင့်နှင့် စကားပြောပြီးချိန်မှာတော့ စိတ်အပြောင်းအလဲ ဖြစ်သွားပါတယ်။ အေးဂျင့်ရာအူးလ်ကော့စတာက ကလပ်ဘက်က ထုတ်ပယ်ခြင်း (သို့မဟုတ်) ထောက်ခံခြင်း ပြုလုပ်ရေး ရွေးချယ်လာရတော့မှာ ဖြစ်ကြောင်း အသတိပေးခဲ့ပါတယ်။
တကယ်လို့များ အမိုရမ်သာ နုတ်ထွက်လာပါက ယူနိုက်တက်ထံမှ နစ်နာကြေး တစုံတရာ ရရှိလာမှာ မဟုတ်ပါဘူး။
ဒါပေမယ့် လိဒ်နှင့်ပွဲအပြီးတွင် ပြောဆိုပေါက်ကွဲပြီးချိန်မှာတော့ ယူနိုက်တက်ဟာ အမိုရမ်အား ထုတ်ပယ်လာပါတယ်။
လိဒ်နှင့်ပွဲအပြီး ၁၇ နာရီအကြာ တနင်္လာနေ့တွင် အမိုရမ်ဟာ ဝဲလ်ကော့၊ စီအီးအိုအိုမာဘာရာဒါတို့နှင့် တွေ့ဆုံပြီးချိန်မှာတော့ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
အမိုရမ်ဟာ ယူနိုက်တက်ရဲ့ ထုတ်ပယ်ခြင်းခံလာရမှုနှင့်အတူ လက်ကျန် စာချုပ်သက်တမ်းအတွက် နစ်နာကြေး ပေါင် ၁၂ သန်းဝန်းကျင် ရရှိလာပါတယ်။
ယူနိုက်တက်ဟာ ဆာအဲလက်စ်ဖာဂူဆန် ခေတ်အလွန်တွင် နည်းပြများအား ထုတ်ပယ်မှုမှ နစ်နာကြေးပေးရမှု ပေါင်သန်း ၁၀၀ အထိ ရှိလာခဲ့ပါတယ်။
ယူနိုက်တက်ဟာ အမိုရမ်နေရာတွင် ကစားသမားဟောင်းမိုက်ကယ်ကာရစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားပါတယ်။
မိုက်ကယ်ကာရစ်ဟာ ယူနိုက်တက်ပထမဆုံးပွဲအဖြစ် စနေနေ့ မန်စီးတီးနှင့်ပွဲအား ကြီးကြပ်လာပါမယ်။

image

ကာရစ်ရဲ့ ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်ကို ယူနိုက်တက်ဘောလုံးဒါရိုက်တာဝဲလ်ကော့စ်စောင့်ကြည့်ခဲ့
====================

ယူနိုက်တက်ဘောလုံးဒါရိုက်တာဂျေဆင်ဝဲလ်ကော့စ်ဟာ ဗုဒ္ဓဟူးနေ့တုန်းက ယာယီနည်းပြမိုက်ကယ်ကာရစ်ရဲ့ ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်အား ကိုယ်တိုင် သွားရောက် စောင့်ကြည့်ခဲ့ပါတယ်။
ဝဲလ်ကော့စ်ဟာ ယူနိုက်တက်ရဲ့ လေ့ကျင့်ခန်းအစီအစဉ်များကို ကွင်းဘေးမှ ပုံမှန်လာစောင့်ကြည့်ခဲ့သူဖြစ်ပြီး နည်းပြအပြောင်းအလဲ ဖြစ်ပေါ်လာပြီးနောက် ပိုမိုအာရုံစိုက် စောင့်ကြည့်လာတာ တွေ့ရပါတယ်။
ဆောက်သမ်တန်ဘောလုံးဒါရိုက်တာဟောင်းဟာ ပြီးခဲ့တဲ့အပတ်တုန်းက ရူဘင်အမိုရမ်ကို ထုတ်ပယ်လိုက်ပြီးနောက် ဖိအားများအောက်သို့ ကျရောက်လာသူ ဖြစ်ပါတယ်။
ဝဲလ်ကော့စ်ဟာ နည်းပြအတွေ့အကြုံအထူးတလည် မရှိပေမယ့်လည်း အမိုရမ်ရဲ့ နည်းစနစ်များအပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။
အမိုရမ်ဟာ လိဒ်နှင့် ၁ ဂိုးစီသရေကျတဲ့ပွဲအပြီးတွင် ဂျေဆင်ဝဲလ်ကော့စ်က မန်နေဂျာကဲ့သို့ ပြုမူလုပ်ဆောင်နေမှုအပေါ် ဒေါသထွက်ကာ လူသိရှင်ကြား ဝေဖန်မှု ပြုလုပ်ပြီးနောက် ၁၇ နာရီအကြာမှာ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ယူနိုက်တက်ဟာ အမိုရမ်ကို ထုတ်ပယ်လိုက်ပြီးနောက် အင်္ဂါနေ့မှာတော့ နည်းပြဟောင်းမိုက်ကယ်ကာရစ်အား ရာသီအကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်လာခဲ့ပါတယ်။
မိုက်ကယ်ကာရစ်ဟာ ဗုဒ္ဓဟူးနေ့က ယူနိုက်တက်ကစားသမားများအား ပထမဆုံးအကြိမ် လေ့ကျင့်မှု ပြုလုပ်ပေးခဲ့ပါတယ်။
ကာရစ်ဟာ ကစားသမားဘဝတုန်းက ယူနိုက်တက်တွင် ၁၂ နှစ်တိုင်တိုင် ကစားခဲ့ကာ ၄၆၄ ပွဲကစားပေးခဲ့သူ ဖြစ်ပါတယ်။
သူဟာ ယူနိုက်တက်နှင့်အတူ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်အပြင် ပြည်တွင်းဖလား ၄ လုံး ရခဲ့ပါတယ်။
ကာရစ်အတွက် သတင်းကောင်းကတော့ အာဖရိကဖလားပြိုင်ပွဲမှ အာမက်ဒီရယ်လိုနှင့် ဘရိုင်ယန်အမ်ဘူမိုတို့ ပြန်လည် ရောက်ရှိကာ အသင်းနှင့် ပြန်လည်ပူးပေါင်းလေ့ကျင့်နေတာ ဖြစ်ပါတယ်။
၎င်းတို့ဟာ စနေနေ့ အိုးထရက်ဖို့ဒ်ကွင်းမှာ မန်စီးတီးနှင့် ရင်ဆိုင်ရမယ့်ပွဲတွင် ပါဝင်လာကြပါမယ်။

image

အာဆင်နယ်နှင့်ပွဲတွင် လက်ဆောင်ဂိုးပေးခဲ့တဲ့ ကစားသမားအား ချက်ချင်းရောင်းချရန် ချဲလ်ဆီးပရိသတ်များ တောင်းဆိုလာ
=====================

အကြီးအကျယ်ဒေါသထွက်နေကြတဲ့ ချဲလ်ဆီးပရိသတ်များဟာ မနေ့ညတုန်းက အာဆင်နယ်အား ရှုံးနိမ့်တဲ့ ခါရာဘောင်ဖလားဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်ရှုံးပွဲတွင် လက်ဆောင်ဂိုးပေးခဲ့တဲ့ ရောဘတ်ဆန်းချက်ဇ်အား ချက်ချင်းရောင်းချရန် တောင်းဆိုလာကြပါတယ်။
ချဲလ်ဆီးဟာ စတမ်းဖို့ဒ်ဘရစ်ချ်တွင် ခါရာဘောင်ဖလားဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်အဖြစ် အာဆင်နယ်အား ဧည့်ခံကစားခဲ့ပါတယ်။
ဒီပွဲမှာ ချဲလ်ဆီးနည်းပြလီယမ်ရိုဆင်နီယာရဲ့ ပထမဆုံးအိမ်ကွင်းပွဲဖြစ်ပေမယ့်လည်း ဆန်းချက်ဇ်ကြောင့် ပါတီပျက်ခဲ့ရပါတယ်။
အသက် ၂၈ နှစ်ရှိ ဆန်းချက်ဇ်ဟာ ဒီကလန်ရိုက်ရဲ့ ထောင့်ကန်ဘောအား လိုင်းမှ ထွက်ကာ လက်သီးထိုး ရှင်းလင်းရှင်းလင်းရန် ကြိုးပမ်းခဲ့ပါတယ်။
ဒါပေမယ့် စပိန်ဂိုးသမားရဲ့ မှန်းချက်လွဲပြီး ဘောလုံးမှာ လက်မောင်းကို ထိမှန်ကာ ဘင်ဝှိုက် ဆီရောက်သွားကာ အာဆင်နယ်အတွက် ဦးဆောင်ဂိုးသွင်းသွားပါတယ်။
ချဲလ်ဆီးပရိသတ်များဟာ အမှားပြုလုပ်ကာ ဦးဆောင်ဂိုးပေးခဲ့ရစေတဲ့ ဂိုးသမားအား ရောင်းချရန် တောင်းဆိုလာကြပါတယ်။
ပရိသတ်တစ်ဦးက "ရောဘတ်ဆန်းချက်ဇ်ကို ရောင်းလိုက်ပါတော့။ တကယ့်ကို ဟာသကောင်၊ အသုံးကို မကျဘူး"လို့ အွန်လိုင်းတွင် ရေးသားသွားပါတယ်။
အခြားတစ်ဦးကလည်း "နောက်နွေကျရင် ဆန်းချက်ဇ်ကို ရောင်းလိုက်တော့။ တကယ့်ကို ဆိုးလွန်းတယ်"လို့ ဆိုသွားပါတယ်။
ဆန်းချက်ဇ်ဟာ ပွဲအစတွင် အမှားမှ တဆင့် ဂိုးပေးခဲ့ရပေမယ့် ပထမပိုင်းအတွင်း နောက်ထပ် ဂိုးမပေးရအောင် ထိန်းထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆန်းချက်ဇ်ဟာ ဒုတိယပိုင်းတွင် ယိုကီရေးစ်နှင့် ဇူဘီမန်ဒီတို့ရဲ့ ဂိုးအား ပေးခဲ့ရပါတယ်။
ချဲလ်ဆီးဟာ အလီဂျန်ဒရိုဂါနာချိုရဲ့ ချေပဂိုး ၂ ဂိုးကြောင့် ခါရာဘောင်ဖလားဗိုလ်လုပွဲသို့ တက်ရေး မျှော်လင့်ချက် အနည်းငယ် ရှိနေပါသေးတယ်။

image

ရီးယဲလ်နည်းပြရာထူးအတွက် ရေပန်းစားနေသူတွေထဲမှာ အန်နရီကေးလည်း ပါဝင်

PSG အသင်းရဲ့နည်းပြ အန်နရီကေးဟာ ရီးယဲလ်နည်းပြရာထူးအတွက် ရေပန်းစားနေသူတွေထဲမှာ ပါဝင်နေကြောင်း သိရပါတယ်။
ရီးယဲလ်အသင်းဟာ အလွန်ဆိုနဲ့ လမ်းခွဲပြီး အရန်အသင်းနည်းပြ အာဘီလိုအာကို အစားထိုးခန့်အပ်ထားပေမဲ့ လာမယ့်နွေရာသီမှာ နည်းပြသစ် ပြောင်းလဲခန့်အပ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
ဒါ့အပြင် အာဘီလိုအာက ပွဲဦးထွက်မှာ ဆီဂန်ဒါကလပ်ကို ရှုံးနိမ့်ပြီး စပိန်ဘုရင့်ဖလားပြိုင်ပွဲက ထွက်ခဲ့ရတာကြောင့် ရီးယဲလ်အသင်းရဲ့ နည်းပြသစ်ရှာဖွေမှုကို ပိုပြီးအရှိန်မြင့်သွားစေနိုင်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
လက်ရှိအချိန်မှာ ရီးယဲလ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာနိုင်သူအဖြစ် ချယ်လ်ဆီးနည်းပြဟောင်း မာရက်စကာက ရေပန်းအစားဆုံးဖြစ်နေပြီး လီဗာပူးလ်နည်းပြဟောင်း ယာဂန်ကလော့ပ်၊ ရီးယဲလ်နည်းပြဟောင်း ဇီဒန်းနဲ့ အန်နရီကေးတို့လည်း ရေပန်းအစားဆုံးစာရင်းထဲ ပါဝင်နေတာပါ။
အန်နရီကေးဟာ ရီးယဲလ်အသင်းရဲ့ မဟာပြိုင်ဘက် ဘာစီလိုနာအသင်းနည်းပြဟောင်း ဖြစ်ပေမဲ့ ကစားသမားဘဝတုန်းက ရီးယဲလ်မှာရော ဘာစီလိုနာအသင်းမှာပါ ကစားဖူးခဲ့သူဖြစ်ပါတယ်။
အန်နရီကေးဟာ PSG အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ လာမယ့်နွေရာသီမှာ လမ်းခွဲဖွယ်ရှိကြောင်း သတင်းထွက်ခဲ့ဖူးပြီး အစောပိုင်းတုန်းက မန်ယူနည်းပြ ဖြစ်လာနိုင်တယ်လို့ ထင်ကြေးပေးခဲ့ကြပေမဲ့ လက်ရှိအချိန်မှာတော့ ရီးယဲလ်အသင်းရဲ့ နည်းပြသစ်လျာထားစာရင်းမှာလည်း ပါဝင်လာခြင်းဖြစ်ပါတယ်။

image

(၁၁)ပွဲဆက်တိုက် အနိုင်ရရှိခြင်းက ဘာမှမဟုတ်ဘူးလို့ ဟန်ဆီဖလစ်ခ် ပြောကြား

ဘာစီလိုနာအသင်းရဲ့နည်းပြ ဟန်ဆီဖလစ်ခ်က အသင်းအနေနဲ့ ပြိုင်ပွဲစုံ(၁၁)ပွဲဆက်တိုက်အနိုင်ရတာဟာ ဘာမှမဟုတ်ကြောင်းနဲ့ မိမိအနေနဲ့ အဲဒီလိုအချက်အလက်တွေကို စိတ်မဝင်စားကြောင်း ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်ဘုရင့်ဖလားပွဲမှာ ရေးဆင်းအသင်းကို အနိုင်ရခဲ့တာကြောင့် ပြိုင်ပွဲစုံ (၁၁)ပွဲဆက်တိုက် အနိုင်ရရှိတဲ့မှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ နိုဝင်ဘာလက ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း (၁၁)ပွဲဆက်တိုက် အနိုင်ရခဲ့တာဖြစ်ပြီး ဒီကာလအတွင်း စပိန်စူပါဖလားကိုလည်း ရယူနိုင်ခဲ့ပါတယ်။
''ဒါက ဘာမှမဟုတ်ပါဘူး။ ကျွန်တော်က အချက်အလက်တွေကို စိတ်မဝင်စားပါဘူး။ ကျွန်တော်တို့အတွက်၊ ကလပ်အသင်းနဲ့ ပရိသတ်တွေအတွက် ဒီနေ့ နိုင်ပွဲရခဲ့တာကို ပျော်ရွှင်ပါတယ်။ ဒါဟာ နောက်တစ်ဆင့်တက်ရောက်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီး ဒါဟာ ကျွန်တော်တို့ လိုချင်တဲ့အရာပါ'' လို့ ဟန်ဆီဖလစ်ခ်က ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာအသင်းအနေနဲ့ ၂၀၀၅-၀၆ ရာသီတုန်းက (၁၈)ပွဲဆက်တိုက် အနိုင်ရရှိတာဟာ အသင်းရဲ့သမိုင်းမှာ နိုင်ပွဲဆက်မှုအများဆုံးဖြစ်ပြီး အခု (၁၁)ပွဲဆက် အနိုင်ရရှိခြင်းက ၂၀၁၄-၁၅ ရာသီက ဒုတိယနိုင်ပွဲဆက်မှုအများဆုံးမှတ်တမ်းကို လိုက်မီခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

image