လောင်းကစားမှုပြုလုပ်တဲ့ ကစားသမား ၁၀၂၄ ဦးတို့ကို တူရကီဘောလုံးအဖွဲ့ချုပ် အရေးယူလာ
တူရကီဘောလုံးအဖွဲ့ချုပ်ဟာ လောင်းကစားမှု စုံစမ်းစစ်ဆေးမှု အစိတ်အပိုင်း တစ်ရပ်အနေဖြင့် ပရော်ဖက်ရှင်နယ်လိဂ်များမှ ကစားသမား ၁၀၂၄ ဦးတို့အား ပွဲပယ်လာပါတယ်။
တူရကီဘောလုံးအဖွဲ့ချုပ်က ယင်းကစားသမားများအားလုံးမှာ လောင်းကစားမှု ပြုလုပ်ကြောင်း အထောက်အထားအပြည့်အစုံဖြင့် တွေ့ရှိတဲ့ ကစားသမားများဖြစ်ကြပြီး ယင်းမှ ၂၇ ဦးတို့မှာ အဆင့်မြင့်တန်းလိဂ်တွင် ကစားနေကြသူများဖြစ်ကြောင်း သိရပါတယ်။
ယင်းသို့ ကစားသမား ထောင်ချီပြီး ပွဲပယ်ခြင်းခံလာရမှုနှင့်အတူ တူရကီတတိယတန်းနှင့် စတုတ္ထတန်းလိဂ်တို့အား နှစ်ပတ် ရွှေ့ဆိုင်းမှု ပြုလုပ်လာပါတယ်။ ဒါပေမယ့် တူရကီအဆင့်မြင့်တန်းလိဂ် ၂ ခုတို့မှာမူ ဆက်လက် ကစားလာပါမယ်။
တဖက်တွင် တူရကီဘောလုံးအဖွဲ့ချုပ်ဟာ ကလပ်အသင်းအများစုမှာ ကစားသမား အလုံအလောက် မရှိမှုနှင့်အတူ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အား ၁၅ ရက်တိုးမြှင့်သတ်မှတ်ပေးရန် ဖီဖာထံသို့ တောင်းဆိုထားပါတယ်။
တူရကီဘောလုံးအဖွဲ့ချုပ်က လောင်းကစားမှု ပြုလုပ်ခြင်းကြောင့် ပွဲပယ်လာတဲ့ ကစားသမားများထဲတွင် တူရကီရဲ့ အကြီးကျယ်ဆုံးကလပ်များထဲမှ တစ်ခုဖြစ်တဲ့ ဘီဆစ်တပ်တွင် ကစားနေတဲ့ ကစားသမား ၂ ဦး ပါဝင်ပါတယ်။
တူရကီမီဒီယာများရဲ့ ဖော်ပြမှုအရ တူရကီအာဏာပိုင်များရဲ့ လောင်းကစားမှု စုံစမ်းစစ်ဆေးမှု အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ကလပ်ဥက္ကဌတစ်ဦး အပါအဝင် လူ ၈ ဦး ဖမ်းဆီးခြင်းခံထားရကြောင်း သိရပါတယ်။
တူရကီဘောလုံးအဖွဲ့ချုပ်ဟာ အစောပိုင်းတုန်းကလည်း လောင်းကစားမှု ပြုလုပ်တဲ့ ဒိုင်လူကြီး ၅၇၁ ဦးတိုအား အရေးယူမှု ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ ယင်းပွဲပယ်ခံရတဲ့ ဒိုင်များထဲမှ ဒိုင်လူကြီး ၇ ဦးနှင့် စည်းကြပ်ဒိုင် ၁၅ ဦးတို့မှာ အဆင့်မြင့်တန်းလိဂ် ၂ ခုတွင် တာဝန်ထမ်းဆောင်နေကြသူများ ဖြစ်ပါတယ်။
တူရကီဘောလုံးအဖွဲ့ချုပ်ဥက္ကဌအီဘရာဟမ်ဟာစီယိုစမာနိုဂလူက ဒိုင်များထဲ ၁၀ ဦးမှာ လောင်းကစားမှု ၁၀၀၀၀ ကျော် ပြုလုပ်ထားပြီး တစ်ဦးမှာ ၁၈၂၂၇ ကြိမ် ပြုလုပ်ထားကြောင်းနှင့် ၁၄၂ ဦးတို့မှာ အကြိမ် ၁၀၀၀ ကျော်ပြုလုပ်ထားကြောင်း ပြောကြားထားပါတယ်။ အချို့ ဒိုင်များမှာ လောင်းကစားမှု ၁ ကြိမ်တည်းသာ ပြုလုပ်ရပါသေးတယ်။