၂၀၂၆ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်တွင် ခရစ္စတီယာနိုရော်နယ်ဒိုနှင့် လီယွန်နယ်မက်ဆီတို့ နောက်ဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံလာနိုင်
======================

ခရစ္စတီယာနိုရော်နယ်ဒိုနှင့် လီယွန်နယ်မက်ဆီတို့ဟာ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်တွင် နောက်ဆုံးအကြိမ်အဖြစ် ထိပ်တိုက်တွေ့ဆုံလာကြဖို့ ရှိနေပြီ ဖြစ်ပါတယ်။
၂၁ ရာစုဘောလုံးလောကကို လွှမ်းမိုးလာခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုနှင့် လီယွန်နယ်မက်ဆီတို့ဟာ လာမယ့် နွေရာသီ ၂၀၂၆ ကမ္ဘာ့ဖလားတွင် နောက်ဆုံးအကြိမ် ကမ္ဘာ့ဖလားအဖြစ် ပါဝင်ကစားလာကြပါမယ်။
ဝါရှင်တန်ဒီစီ ၂၀၂၆ ကမ္ဘာ့ဖလားမဲခွဲမှုအပြီးမှာတော့ ယခင် ခါးသီးတဲ့ ပြိုင်ဘက်ဟောင်းတို့ဟာ ကွာတားဖိုင်နယ်တွင် ထိပ်တိုက်တွေ့ဆုံရနိုင်ခြေ ရှိနေပြီ ဖြစ်ပါတယ်။
ရော်နယ်ဒိုရဲ့ ပေါ်တူဂီက အုပ်စု(K) တွင် ကိုလံဘီယာ၊ ဥဇဘက်ကစ္စတန်၊ အင်တာကွန်တင်နင်တယ် ပလေးအော့ဖ်ချန်ပီယံ (အီရတ်၊ ဆူရီနိမ်း၊ ဘိုလီဗီးယား)တို့နှင့် တွေ့ဆုံနေပါတယ်။
ကမ္ဘာ့ဖလားဆီဒင်(ထိပ်သီး ၄ သင်းစာရင်းဝင်) အာဂျင်တီးနားက အုပ်စု(J) တွင် ဩစတြီးယား၊ အယ်ဂျီးရီးယား၊ ဂျော်ဒန်တို့နှင့် တစ်အုပ်စုတည်းကျနေပါတယ်။
တကယ်လို့များ ပေါ်တူဂီနှင့် အာဂျင်တီးနားတို့ အုပ်စုဗိုလ်အဖြစ် ၃၂ သင်းအဆင့်သို့ တက်လာပါက ကွာတားဖိုင်နယ်အဆင့်သို့ တက်လာချိန်တွင် ကန်ဆက်စ်စီးတီးရှိ Arrowhead Stadium တွင် တစ်ကမ္ဘာလုံး စိတ်ဝင်တစား စောင့်ကြည့်မယ့်ပွဲအဖြစ် ဇူလိုင်လ ၁၁ ရက်နေ့မှာ ရင်ဆိုင်ရပါမယ်။
ပေါ်တူဂီ(သို့မဟုတ်) အာဂျင်တီးနားတို့ဟာ မျှော်မှန်းထားတဲ့အတိုင်း ဆီမီးဖိုင်နယ်သို့ တက်ရောက်လာပါက အင်္ဂလန်အသင်းနှင့် ရင်ဆိုင်လာရနိုင်ခြေ ရှိပါတယ်။
ကာတာတွင် ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ မက်ဆီဟာ ကမ္ဘာ့ဖလားကွာတားမတိုင်မီ အသက် ၃၉ နှစ်ပြည့်လာမှာ ဖြစ်ပြီး ၆ ကြိမ်မြောက်ကမ္ဘာ့ဖလားအဖြစ် ပါဝင်ကစားလာပါမယ်။
ရော်နယ်ဒိုမှာ ကမ္ဘာ့ဖလားကျင်းပချိန်တွင် အသက် ၄၁ နှစ်ရှိလာမှာ ဖြစ်ပြီး ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားအဖြစ် ပါဝင်ကစားလာပါမယ်။
မက်ဆီဟာ မေဂျာလိဂ် အင်တာမိုင်ယာမီတွင် ကစားစဉ် ၅၃ ပွဲတွင် ဂိုး ၅၀ သွင်းထားပြီး ရွှေဖိနပ်ဆု ဆွတ်ခူးထားသလို အကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးထားပါတယ်။
ရော်နယ်ဒိုမှာလည်း အသက် ၄၁ နှစ်နီးပါးသို့ ရောက်နေပြီဖြစ်ပေမယ့်လည်း Al Nassr အတွက် ၁၂၃ ပွဲကစားထားရာတွင် ဂိုး ၁၁၀ အထိ သွင်းထားပါတယ်။
သူဟာ အိုင်ယာလန်နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အနီကတ်ပြသခြင်းခံရလို့ ၃ ပွဲပယ်ခံရပေမယ့် နိုင်ငံတကာပွဲတွင် ပထမဆုံးအကြိမ် အနီကတ်ပြသခြင်းခံရမှုနှင့်အတူ ၁ ပွဲပယ်သာ ခံရပြီး ကျန် ၂ ပွဲကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ်ပြောင်းလဲ ချမှတ်ခံရကာ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲမှ စတင်ကစားနိုင်ပါမယ်။

image

အန်းဆလော့နှင့် ဆက်ဆံရေး အဆုံးသတ်သွားပြီဖြစ်ကြောင်း ဆာလက်ဖွင့်ဟလာ
====================

မိုဟာမက်ဆာလက်က လီဗာပူးက ၎င်းအား အပြစ်အားလုံးပုံချလာကြောင်း စွပ်စွဲပြောဆိုလာသလို အန်းဆလော့နှင့် ဆက်ဆံရေး ပျက်စီးသွားပြီဖြစ်ကြောင်း ဖွင့်ဟပြောကြားလာပါတယ်။
ဆာလက်ဟာ စနေနေ့ညတုန်းက လိဒ်နှင့် ၃ ဂိုးစီသရေကျတဲ့ပွဲစဉ်တွင်လည်း အရန်ခုံမှာ ၃ ပွဲဆက်အဖြစ် ထိုင်ခဲ့ရပါတယ်။
ပွဲအပြီးတွင် အီဂျစ်စူပါစတားက ၎င်းမှာ အန်ဖီးလ်တွင် ကစားသမားဘဝ အဆုံးသတ်လာဖို့ မရှိကြောင်းနှင့် တစုံတယောက်က သူ့အား အပြစ်အားလုံးပုံချလိုနေကြောင်း ဆိုလာပါတယ်။
အသက် ၃၃ နှစ်ရှိ ဆာလက်က "အရမ်း အရမ်းစိတ်ပျက်ရတယ်။ ဒီကလပ်အတွက် အများကြီးလုပ်ပေးခဲ့ပြီးပြီ။ ဒီနှစ်တွေမှာ လူတိုင်းလည်း မြင်နိုင်တယ်။ အထူးသဖြင့် ပြီးခဲ့တဲ့နှစ်ပေါ့။ အခု ကြည့်ရတာ ကလပ်က ကျွန်တော့်ကို ဘတ်စ်ကားအောက်သို့ ပစ်ချနေပုံပဲ။ ဒီလိုပဲ ခံစားရတယ်။ တစ်ယောက်ယောက်က ကျွန်တော့်ကို အပြစ်အားလုံးပုံချချင်နေတယ်"လို့ ပြောကြားသွားပါတယ်။
လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးဟာ ယခုရာသီတွင် ရုန်းကန်နေရပြီး ထိပ်ဆုံးမှ အာဆင်နယ်နှင့် ၁၀ မှတ်အကွာ အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက ပြိုင်ပွဲအရပ်ရပ် ၃၄ ဂိုးသွင်းခဲ့တဲ့ ဆာလက်ဟာ ယခုရာသီ ပရီးမီးယားလိဂ် ၁၃ ပွဲကစားထားရာတွင် ၄ ဂိုးတည်းသာ သွင်းထားနိုင်ပါတယ်။
ဆက်လက်ပြီး ဆလော့နှင့် ဆက်ဆံရေး ပျက်စီးသွားပြီဖြစ်ကြောင်းကို ၎င်းက "ဒီမန်နေဂျာနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့တယ်ဆိုတာ အရင်တုန်းက အကြိမ်ပေါင်းများစွာ ပြောခဲ့ဖူးပါတယ်။ အခု ချက်ချင်းပြီး ဘာဆက်ဆံရေးမှ မရှိတော့ဘူး။ ဘာကြောင့်လဲ မသိဘူး။ ဒါက ကျွန်တော့်အတွက် လက်မခံနိုင်စရာပါ။ ကျွန်တော့်အပေါ်မှာဘဲ ဘာလို့ ဖြစ်ပျက်လာတာလဲ မသိဘူး။ အဖြေမသိဘူး။ တကယ်လို့ အခြားနေရာမှာသာဆိုရင် ကလပ်က ကျွန်တော့်ကို အကာအကွယ်ပေးလာမှာပါ။ အခုအခြေအနေ ဘာလို့ ကြုံနေရလဲ မသိဘူး။ အခု သူက အသင်းအတွက် ပြဿနာတစ်ခု ဖြစ်နေလို့ ဘတ်စ်ကားအောက်သို့ ပစ်ချလိုက်သလိုပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ ကိုယ်ကိုယ်ကို ပြဿနာလို့ မမြင်ပါဘူး။ ကလပ်အတွက် လုပ်ပေးခဲ့တာတွေအတွက် လေးစားမှု ထိုက်တန်ပါတယ်။ ကျွန်တော့်နေရာအတွက် နေ့တိုင်း တိုက်ပွဲဝင်နေစရာ မလိုပါဘူး။ ဒီမျိုးဆက်မှာ ဒီကလပ်အတွက် ကျွန်တော့်လောက် လုပ်ပေးခဲ့တဲ့သူ မရှိပါဘူး။ ပရီးမီးယားလိဂ်သို့ ကျွန်တော် ရောက်လာပြီးတဲ့နောက် ကျွန်တော့်လောက် ဂိုးသွင်းတဲ့သူ ဖန်တီးတဲ့သူ မရှိဘူးလို့တောင် ပြောချင်တယ်။ ဟယ်ရီကိန်း ဂိုးမသွင်းနိုင်ခဲ့တဲ့ကာလတစ်ခု ရှိခဲ့တာ မှတ်မိသေးတယ်။ ၁ ဂိုး၊ ၂ ဂိုးပဲသွင်းထားနိုင်တယ်။ မီဒီယာက လူတိုင်းတွေက ဟယ်ရီ ဂိုးသွင်းလာတော့မယ်လို့ ရေးကြတယ်။ အခု ကျွန်တော့်လည်း ဖြစ်ရော အရန်ခုံမှာ ထိုင်ဖို့ ဖြစ်လာရော"လို့ ပြောကြားသွားပါတယ်။
အသက် ၃၃ နှစ်ရှိ မိုဟာမက်ဆာလက်ဟာ လီဗာပူးအတွက် ဂိုး ၂၅၀ သွင်းထားသူ ဖြစ်ပါတယ်။
ဆက်လက်ပြီး အရန်ခုံသို့ ပို့ရေး ဆလော့နှင့် ဆွေးနွေးခဲ့မှုအပေါ် ဆာလက်က "မန်နေဂျာနဲ့ တွေ့ဆုံခဲ့တယ်။ ကျွန်တော့်ခံစားချက်ကို သူ သိတယ်။ ဒီမှာ စာချုပ်သစ်ချုပ်ပြီး ကစားသမားဘဝ ဒီမှာပဲ ကုန်ဆုံးဖို့ စဉ်းစားခဲ့တာ။ ဒါပေမယ့် ထင်မှတ်ထားသလို မဖြစ်လာပါဘူး။နွေရာသီတုန်းက ကလပ်က ကျွန်တော့်ကို ကတိတွေ အများကြီးပေးခဲ့တယ်။ အခု ကျွန်တော် သုံးပွဲဆက် အရန်ခုံမှာ ထိုင်နေရတယ်။ ကျွန်တော် ပြောနိုင်တာက ကတိတည်ပါဆိုတာပါ"လို့ ပြောကြားသွားပါတယ်။
မိုဟာမက်ဆာလက်ဟာ ယခုကဲ့သို့ လိဒ်ပွဲအပြီး အင်တာဗျူး ပြုလုပ်ကာ ကလပ်နှင့် အန်းဆလော့နှင့် အဆင်မပြေတော့ကြောင်း ပြောကြားလာမှုနဲ့အတူ အန်ဖီးလ်အနာဂတ်လည်း အဆုံးသတ်လာဖို့ ရှိနေပြီ ဖြစ်ပါတယ်။
လီဗာပူးဟာ လာမယ့် အင်္ဂါနေ့တွင် ချန်ပီယံလိဂ်ပွဲအဖြစ် အင်တာမီလန်နှင့်လည်းကောင်း၊ စနေနေ့တွင် ဘရိုက်တန်နှင့် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ်လည်းကောင်း ရင်ဆိုင်ကစားရပါမယ်။
ဆာလက်ဟာ လာမယ့် ဒီဇင်ဘာလ ၁၅ ရက်တွင် အာဖရိကဖလားပြိုင်ပွဲအတွက် အီဂျစ်နှင့် ပူးပေါင်းရပါမယ်။
ဆက်လက်ပြီး ဆာလက်က "အန်ဖီးလ်မှာ ရှိနေပါမယ်။ ပရိသတ်‌တွေကို သွားနှုတ်ဆက်မယ်။ အာဖရိကဖလားပြိုင်ပွဲ သွားကစားမယ်။ ဘာဖြစ်လာမလဲ မသိပါဘူး"လို့ ပြောကြားသွားပါတယ်။
တဖက်တွင် အန်းဆလော့ကမူ မိုဟာမက်ဆာလက်အား အရန်အဖြစ်ပင် အသုံးမပြုမှုမှာ ပွဲအား ထိန်းချုပ်နိုင်ပြီး ဂိုးမလိုအပ်မှုကြောင့်လို့ ရှင်းလင်း သွားပါတယ်။

image

Rabona ဖန်တီးမှုပြုလုပ်ခဲ့တဲ့ ချာကီရဲ့ လုပ်ရပ်ကို ဂွါဒီယိုလာ အားမပေး
====================

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက ဆန်းဒါးလန်းနှင့်ပွဲတွင် ဖီးလ်ဖိုဒန် ခေါင်းတိုက်ဂိုးသွင်းနိုင်အောင် Rabona ကန်ချက်ဖြင့် အံ့ဩစရာကောင်းတဲ့ ဖန်တီးမှု ပြုလုပ်ခဲ့တဲ့ ရာယန်ချာကီရဲ့ ဖန်တီးမှုမျိုး ပြုလုပ်ခြင်းအား အားမပေးကြောင်း ပြောဆိုလာပါတယ်။
အသက် ၂၂ နှစ်ရှိ ပြင်သစ်ကွင်းလယ်ဖန်တီးရှင်ဟာ ရူဘင်ဒီယာ့ဇ် ဦးဆောင်ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့သလို ဒုတိယဖန်တီးမှုကိုလည်း ပရီးမီးယားလိဂ်တွင် အမြဲတမ်းအမှတ်ရစရာ ဖြစ်စေမယ့် Rabona ကန်ချက်ဖြင့် ဖန်တီးမှု ပြုလုပ်ခဲ့ပါတယ်။
ချာကီဟာ ဆန်းဒါးလန်းနောက်ခံလူထရိုင်ဟုမ်းနှင့် ရင်ဆိုင်အတွေ့တွင် Rabona ကန်ချက်ဖြင့် ဖီးလ်ဖိုဒန် ခေါင်းတိုက်ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့ပါတယ်။
ပွဲအပြီးတွင် ချာကီက "ဒီအတွက် လေ့ကျင့်ထားတယ်။ ကျွန်တော့်အရည်အချင်းကို ကျွန်တော် သိပါတယ်။ ဒါက ကျွန်တော်ပိုင်တဲ့ နည်းစနစ်ပါ။ ဖှီးလ်(ဖိုဒန်)၊ အာလင်း(ဟာလန်း)၊ အိုမာ(မာမွတ်)တို့နဲ့ ကစားတဲ့အခါ ဘောလုံးကောင်းကောင်း ပေးပို့နိုင်ဖို့ အရေးကြီးပါတယ်"လို့ ပြောကြားသွားပါတယ်။
ယင်းသို့ အံ့ဩစရာကောင်းတဲ့ ဖန်တီးမှု ပြုလုပ်ခဲပေမယ့် ဂွါဒီယိုလာကတော့ ယင်းသို့ လုပ်ဆောင်မှုမျိုးကို မက်ဆီပင် မလုပ်ကြောင်း၊ ရိုးရှင်းတဲ့အရာတစ်ခုကို အရိုးရှင်းဆုံး ပြီးပြည့်စုံအောင် လုပ်ရန်သာ လိုအပ်ကြောင်း သတိပေးသွားပါတယ်။
ဂွါဒီယိုလာက "မက်ဆီ ဒီလိုမျိုး ဖြတ်တင်ဘော လုပ်တာ မမြင်ဖူးဘူး။ မက်ဆီက ဘောလုံးမှာ အကောင်းဆုံးကစားသမားပါ။ ဒါပေမယ့် ဒီလို ဖြတ်တင်ဘော သူ လုပ်တာ မမြင်ဖူးဘူး။ ဖြတ်တင်ဘောတွေ ကောင်းဖို့ပဲ လိုတယ်။ ဘယ်ခြေနဲ့ပဲ ကန်ကန်၊ ညာခြေနဲ့ပဲ ကန်ကန် အရေးမကြီးပါဘူး။ ထိရောက်ဖို့ပဲ လိုတယ်။ ဒါဆို အဆင်ပြေပြီ။ ဒါပေမယ့် မက်ဆီလုပ်သလိုပဲ အရိုးရှင်းဆုံးလုပ်တာမျိုးကိုပဲ ကြိုက်တယ်။ ရိုးရှင်းရာတွေ လုပ်တဲ့ အခါ အမှားမလုပ်ဖူးပါဘူး။ သူ(မက်ဆီ)က ရိုးရှင်းတဲ့အရာတွေကို အပြီးပြည့်စုံဆုံးပဲ လုပ်တယ်။ နောက်ခံလူ လေးငါးဦး လိမ်ခေါက်တယ်။ ကျွန်တော်ကလည်း ကျွန်တော့်ကစားသမားတွေကို ရိုးရိုးရှင်းရှင်းနဲ့ အကောင်းဆုံးလုပ်တာပဲ လိုချင်တယ်။ စပါယ်ရှယ်ပါရမီရှိတယ်ဆိုရင်တော့ စိတ်ကြိုက်လုပ်နိုင်တာပေါ့။ ဒါပေမယ့် အလုပ်မဖြစ်ခဲ့ဘူးဆိုရင် သူ(ချာကီ) ပြဿနာတက်နေပါပြီ။ သူ ပြဿနာကြုံနေပါတော့မယ်"လို့ ပြောကြားသွားပါတယ်။
မန်စီးတီးဟာ ဆန်းဒါးလန်းနိုင်ပွဲကြောင့် ထိပ်ဆုံးမှ အာဆင်နယ်နှင့် ရမှတ် ၂ မှတ်အကွာသို့ ရောက်လာပါတယ်။
မန်စီးတီးဟာ လာမယ့် ကြားရက်တွင် ဘာနေဗျူးကွင်းသို့ သွားရောက်ကာ ရီးရဲလ်မက်ဒရစ်နှင့် ချန်ပီယံလိဂ်ပွဲ ကစားရမှာ ဖြစ်ပြီး တနင်္ဂနွေနေ့တွင် ပဲလေ့စ်ကို အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ကစားရပါမယ်။

image

စတုတ်ဂတ်နှင့်ပွဲတွင် 128 km/h အမြန်နှုန်းရှိဂိုးအပါအဝင် ဟက်ထရစ်သွင်းယူခဲ့တဲ့ ဟယ်ရီကိန်း
===================

ဟယ်ရီကိန်းဟာ မနေ့ညတုန်းက စတုဂတ်နှင့်ပွဲတွင် အရန်အဖြစ်သာ ကစားခွင့်ရခဲ့ပေမယ့်လည်း မြန်နှုန်းမြင့် ဂိုးတစ်ဂိုးအပါအဝင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။
ဟယ်ရီကိန်းဟာ စတုဂတ်နှင့်ပွဲတွင် အနားပေးခြင်းခံခဲ့ရပြီး ကွန်ပနီက တိုက်စစ်တွင် နီကိုလပ်စ်ဂျက်ဆင်အား ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့ပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ ပွဲချိန် ၆၁ မိနစ်တွင်မှ လူစားဝင်ရောက်ကစားခွင့်ရခဲ့ပေမယ့်လည်း ၅ မိနစ်အကြာတွင်ပင် ဂိုးသွင်းနိုင်ခဲ့ပါတယ်။
သူဟာ ကွင်းလယ်စက်ဝိုင်းတွင် ဘောလုံး လက်ခံ ရရှိပြီးနောက် တကိုယ်တော် ဆွဲပြေးသွားခဲ့ပြီးနောက် ၂၅ ကိုက်အကွာမှ တစ်နာရီလျှင် ၁၂၈ အမြန်နှုန်းပြင်းအားဖြင့် ကန်သွင်းမှု ပြုလုပ်ခဲ့ပါတယ်။
ယင်းနောက် ဟယ်ရီကိန်းဟာ ပွဲချိန် မိနစ် ၈၀ တွင် ပင်နယ်တီမှ တဆင့် ဒုတိယဂိုးသွင်းခဲ့ပြီးနောက် မိုက်ကယ်အိုလစ်ရဲ့ ဖြတ်တင်ဘောကနေ ဟက်ထရစ်ဂိုးအား သွင်းယူခဲ့ပါတယ်။
မနေ့ညကပွဲတွင် ဘိုင်ယန်မြူးနစ်ဟာ ဟယ်ရီကိန်းရဲ့ ဟက်ထရစ်၊ လိုင်မာ၊ စတာနီဆစ်တို့ရဲ့ ဂိုးတွေဖြင့် စတုဂတ်အား ၅-၀ ဂိုးဖြင့် အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။
ဟယ်ရီကိန်းဟာ မနေ့ညက ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါ သွင်းဂိုး ၁၇ ဂိုးအထိ ရှိလာပြီး ဒုတိယနေရာမှ ဖရန့်ဖတ်တိုက်စစ်မှူးဂျိုနသန်ဘာကတ်အား ၉ ဂိုးအထိ ဖြတ်ထားလာနိုင်ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ အင်္ဂါနေ့တွင် ပေါ်တူဂီသို့ သွားရောက်ကာ စပို့တင်းလစ္စဘွန်းနှင့် ချန်ပီယံလိဂ်ပွဲ ကစားရပါမယ်။

image

ချာလ်တန်နှင့် ပို့စ်မောက်တို့ရဲ့ ချန်ပီယံရှစ်ပွဲတွင် ပရိသတ်တစ်ဦး သေဆုံးသွားပြီးနောက် ပွဲကို ရပ်ဆိုင်းလိုက်ရ
=====================

ချာလ်တန်ပရိသတ်တစ်ဦး သေဆုံးသွားမှုကြောင့် မနေ့ညတုန်းက ချာလ်တန်နှင့် ပို့စ်မောက်တို့ရဲ့ ချန်ပီယံရှစ်ပွဲစဉ်ကို ရပ်ဆိုင်းလိုက်ရပါတယ်။
မနေ့ညကပွဲရဲ့ ပွဲချိန် ၁၂ မိနစ်တွင် Covered End ပွဲကြည့်စင်ရဲ့ အနိမ့်ပိုင်းတွင် အရေးပေါ် အဖြစ်အပျက် ဖြစ်ပျက်ခဲ့ပြီး ဒိုင်လူကြီးမက်သော်ဒိုနိုဟူက ကစားသမားများအား အဝတ်အစားလဲခန်းအတွင်းသို့ ဝင်ခိုင်းခဲ့ပါတယ်။
ယင်းအချိန်တွင် ဂိုးမရှိသရေကျနေခဲ့ပြီး မတော်တဆမှု ဖြစ်ပြီး တစ်နာရီအကြာတွင် ပွဲကို လုံးဝ ရပ်ဆိုင်းလိုက်ရပါတယ်။
ယင်းနောက်ပိုင်းတွင် ချာလ်တန်က ယင်းပရိသတ်မှာ ဆေးရုံတွင် ကွယ်လွန်သွားခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
ချလ်တန်နှင့် ပို့စ်မောက်တို့က ဆေးရုံတွင် ကွယ်လွန်သွားရှာတဲ့ ပရိသတ်အတွက် ဝမ်းနည်းရကြောင်း ကြေညာချက် ထုတ်ပြန်သွားကြပါတယ်။

image

ပါတီတစ်ခုတွင် နိုက်ထရပ်အောက်ဆိုဒ်ရှုနေတဲ့ ဗီဒီယိုထွက်ပေါ်လာတဲ့ ဘစ်ဆူမာရဲ့ ဖြစ်ရပ်အား စပါးစ် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေ
=====================

စပါးစ်စတားအိဗ်ဘစ်ဆူမာဟာ နိုက်ထရပ်အောက်ဆိုဒ်ရှုနေတဲ့ ဗီဒီယိုထွက်ပေါ်လာပြီးနောက် စပါးစ်ရဲ့ အရေးယူခြင်းခံလာရတော့မှာလည်း ဖြစ်ပါတယ်။
အလယ်တန်းကစားသမားဟာ ပါတီတစ်ခုတွင် နိုက်ထရပ်အောက်ဆိုဒ်ဘောလုံးရှုနေတာ ဖြစ်ပြီး စပါးစ်က ယင်းအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးမှုပြုလုပ်နေကြောင်း ကြေညာလာပါတယ်။
တဖက်တွင် အသက် ၂၉ နှစ်ရှိ ဘစ်ဆူမာဟာ ယင်းဗီဒီယိုထွက်ပေါ်လာကာ ကလပ်ရဲ့ စစ်ဆေးခြင်းခံရပြီးနောက် အင်စတာဂရမ်အကောင့်မှ စပါးစ်နှင့် သက်ဆိုင်တဲ့ ပို့စ်အားလုံးကို ဖျက်ပစ်လာပါတယ်။
ယခု ထွက်ပေါ်လာတဲ့ ဗီဒီယိုမှာ နိုဝင်ဘာလ ၃ ရက်နေ့ အစောပိုင်းက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပါတယ်။
ဘစ်ဆူမာဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းကလည်း နိုက်ထရပ်အောက်ဆိုဒ်ရှုနေတဲ့ ဗီဒီယိုအား ကိုယ်ပိုင် Snapchat အကောင့်တွင် တင်ခဲ့ပြီးနောက် ကလပ်ရဲ့ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရကာ လူသိရှင်ကြား တောင်းပန်မှု ပြုလုပ်ခဲ့ရပါတယ်။
မာလီအသင်းခေါင်းဆောင်ဟာ နောက်ထပ် ထပ်မံ ပြုလုပ်မှုနှင့်အတူ ထပ်မံ အရေးယူခြင်းခံလာရတော့မှာ ဖြစ်ပါတယ်။
နိုက်ထရပ်အောက်ဆိုဒ် အသုံးပြုမှုကြောင့် အကိုက်အခဲ နာကျင်မှု ပျောက်တယ်လို့ ခံစားရပေမယ့်လည်း ဦးနှောက်ချို့ယွင်းခြင်း၊ မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ စိတ်ဖိစီးခြင်း၊ အာရုံကြောထိခိုက်ခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ အာရုံခြောက်ခြားခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
နိုက်ထရပ်အောက်ဆိုဒ်ကို မူးယစ်ဆေးဝါး (ဂ)အဆင့်အဖြစ် သတ်မှတ်ထားပြီး ရောင်းချမှု ပြုလုပ်ပါက ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်ပါတယ်။
၂၀၂၂ ခုနှစ်တွင် ဘရိုက်တန်မှ ပေါင်သန်း ၃၀ ဖြင့် ပြောင်းလာတဲ့ ဘစ်ဆူမာဟာ ဒဏ်ရာပြဿနာများနှင့် နပန်းလုံးရကာ ယခုရာသီတွင် စပါးစ်အတွက် တစ်ပွဲမျှ ပွဲထွက်ကစားခွင့် မရထားပါဘူး။

image

ဇန်နဝါရီတွင် ဆာလက်ကို ကမ်းလှမ်းလာမယ့် ဆော်ဒီထိပ်သီးကလပ်
==================

Al Hilal ဟာ လီဗာပူးတွင် ၃ ပွဲဆက် အရန်ခုံတွင် ထိုင်နေခဲ့ရမှုအပေါ် စိတ်ပျက်လက်ပျက် ငြီးငြူလာတဲ့ မိုဟာမက်ဆာလက်အား လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင်ပင် ကမ်းလှမ်းမှု ပြုလုပ်လာရန် စီစဉ်နေပြီ ဖြစ်ပါတယ်။
အသက် ၃၃ နှစ်ရှိ လီဗာပူးဂန္ထဝင်ဟာ လိဒ်နှင့် ၃ ဂိုးစီသရေကျတဲ့ပွဲတွင် ၃ ပွဲဆက် အရန်ခုံမှာ ထိုင်နေခဲ့ရပြီးနောက် လီဗာပူးနှင့် နည်းပြအန်းဆလော့တို့အား အပြင်းအထန်ဝေဖန်မှု ပြုလုပ်ခဲ့သူလည်း ဖြစ်ပါတယ်။
၎င်းက ကလပ်တွင် ဖြစ်ပျက်နေတဲ့ ပြဿနာများအားလုံးအား သူ့အပေါ် ပုံချလာတယ်လို့ လီဗာပူးနှင့် အန်းဆလော့တို့ကို စွပ်စွဲပြောဆိုသွားခဲ့သလို လာမယ့် စနေနေ့ ဘရိုက်တန်နှင့်ပွဲစဉ်မှာ သူ့ရဲ့ နောက်ဆုံးလီဗာပူးပွဲ ဖြစ်လာနိုင်တယ်လို့လည်း အရိပ်အမြွက်ဆိုသွားပါသေးတယ်။
သူဟာ ဘရိုက်တန်နှင့်ပွဲစဉ်အပြီးတွင် အာဖရိကဖလားပြိုင်ပွဲအတွက် အီဂျစ်နှင့် ပူးပေါင်းလာမှာလည်း ဖြစ်ပါတယ်။
ဆော်ဒီပရိုလိဂ်ရဲ့ လိဂ်ရဲ့ မျက်နှာစာအဖြစ် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ နေရာကို ဆက်ခံရန် မိုဟာမက်ဆာလက်မှာ အသင့်တော်ဆုံးသူလို့ ယုံကြည်နေပါတယ်။
နွေရာသီတုန်းက လီဗာပူးမှ ဒါဝင်းနူနက်ဇ်အား ခေါ်ယူခဲ့တဲ့ Al Hilal က မိုဟာမက်ဆာလက်အား ခေါ်ယူဖို့ ကြိုးပမ်းလာမယ်လို့ ယုံကြည်ရပါတယ်။
ဒါပေမယ့် Al Hilal ဟာ ယခင်တုန်းက ဆာလက်ကို ပေါင်သန်း ၁၅၀ ဖြင့် ကမ်းလှမ်းခဲ့ပေမယ့် ယခုတစ်ကြိမ်တွင်တော့ ယင်းထက် နည်းပါးတဲ့ ပြောင်းရွှေ့ကြေးဖြင့်သာ ကမ်းလှမ်းလာဖို့ ရှိနေပါတယ်။
တဖက်တွင် လီဗာပူးအတွက် ဂိုး ၂၅၀ သွင်းထားတဲ့ ဆာလက်က ဧပြီလတုန်းက လီဗာပူးနှင့် ၂ နှစ်စာချုပ်သစ်ချုပ်ဆိုစဉ်တုန်းက ကလပ်ဘက်က ပေးထားတဲ့ ကတိများကိုလည်း ချိုးဖောက်ထားတယ်လို့ ဆိုထားပါသေးတယ်။
ဆော်ဒီပရိုလိဂ်ဟာ ချဲလ်ဆီးဒါရိုက်တာဟောင်းမိုက်ကယ်အီမီနာလို ဦးဆောင်တဲ့ Player Acquisition Center of Excellence (PACE) ဌာနရဲ့ ဦးဆောင်မှုဖြင့် ကစားသမားများကို ခေါ်ယူရေး ကလပ်ကို ငွေကြေးထောက်ပံ့မှု ပြုလုပ်ပေးပါတယ်။
အီမီနာလိုမှာ မိုဟာမက်ဆာလက်နှင့် ခိုင်မာတဲ့ ဆက်ဆံရေး ရှိခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
တဖက်တွင် Al Hilal တွင် ဥရောပမဟုတ်တဲ့ ကစားသမားအရေအတွက် ပြည့်နေရာ မိုဟာမက်ဆာလက်ကို ခေါ်ယူမည်ဆိုပါက ၁ ဦးကို ရောင်းချရပါမယ်။ ဆော်ဒီပရိုလိဂ်ကလပ်များဟာ တစ်သင်းလျှင် ဥရောပမဟုတ်တဲ့ ကစားသမား ၈ ဦးအထိ မှတ်ပုံတင်ခွင့်ရှိပါတယ်။

image

ဂျူဗင်တပ်အား အနိုင်ရတဲ့ပွဲတွင် ၂ ဂိုးလုံးကို သွင်းကာ နာပိုလီအား စီးရီးအေဇယားထိပ်သို့ ပို့ဆောင်လာတဲ့ ဟွိုင်းလန်း
======================

ရာစမပ်ဟွိုင်းလန်းဟာ ဂျူဗင်တပ်အား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် ၂ ဂိုးလုံးအား သွင်းယူကာ နာပိုလီအား စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးသို့ ပို့ဆောင်လာပါတယ်။
ယူနိုက်တက်မှ အငှားဖြင့် လာရောက်ကစားနေတဲ့ ဒိန်းမတ်တိုက်စစ်မှူးဟာ ပွဲအစ ၇ မိနစ်မှာပင် ဒေးဗစ်နီရက်စ်ရဲ့ ဖြတ်တင်ဘောကနေ လျှောထိုးပိတ်သွင်းပြီး နာပိုလီအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။
ယင်းနောက် ၅၉ မိနစ်တွင် ဂျူဗင်တပ်က ကီနန်ယဲလ်ဒစ်ဇ်ရဲ့ တန်ပြန်တိုက်စစ်ကနေ မက်ကန်နီရဲ့ ဖန်တီးမှုကနေ ထောင့်ကျဉ်းသို့ တိကျတဲ့ ကန်ချက်ဖြင့် ချေပဂိုးသွင်းပေးခဲ့ပါတယ်။
ဒါပေမယ့် ၇၈ မိနစ်မှာ ဟွိုင်းလန်းက ခေါင်းတိုက်ကာ နာပိုလီအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။
ဟွိုင်းလန်းဟာ နွေရာသီတွင် ယူနိုက်တက်မှ အငှားဖြင့် ရောက်လာပြီးနောက် ချန်ပီယံလိဂ်နှင့် စီးရီးအေတို့တွင် ၆ ဂိုးအထိ သွင်းထားနိုင်ပြီ ဖြစ်ပါတယ်။
နာပိုလီဟာ ဂျူဗင်တပ်နိုင်ပွဲကြောင့် ဒုတိယနေရာမှ အင်တာမီလန်ကို ၁ မှတ်ဖြတ်ပြီး စီးရီးအေအမှတ်ပေးဇယားကို ဦးဆောင်လာပါတယ်။

image

ပုခုံးဒဏ်ရာကြောင့် ဒီလပ် ၂ လကြာနားရမည်ဖြစ်လို့ ထိုးနှက်ချက်ကြုံလာတဲ့ ချဲလ်ဆီး
==================

ချဲလ်ဆီးဟာ တိုက်စစ်မှူးလီယမ်ဒီလပ်မှာ ပုခုံးဒဏ်ရာကြောင့် နှစ်လကြာ အနားယူရမှာဖြစ်လို့ ထိုးနှက်ချက်ကြီး ကြုံတွေ့နေရပါတယ်။
ပေါင်သန်း ၃၀ တန် အင်္ဂလန်တိုက်စစ်မှူးဟာ စနေနေနေတုန်းက ဘုန်းမောက်နှင့် ဂိုးမရှိသရေကျတဲ့ပွဲစဉ်တွင် ပုခုံးအဆစ်လွဲ ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ယခုအခါ talkSPORT ရဲ့ဖော်ပြလာမှုအရ ဒီလပ်မှာ ခြောက်ပတ်မှ ရှစ်ပတ်အထိ အနားယူလာရတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
ဒီလပ်ဟာ ချဲလ်ဆီးတွင် ကစားတဲ့ ပထမဆုံးရာသီတွင် တံကောက်ကြောဒဏ်ရာကြောင့် နှစ်လအနားယူထားရပြီးဖြစ်ကာ အောက်တိုဘာလနှောင်းပိုင်းတွင်မှ ပြန်လည်ကစားလာနိုင်သူလည်း ဖြစ်ပါတယ်။
ဒီလပ်ဟာ ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ်ဂိုးတစ်ဂိုးမျှ သွင်းထားနိုင်ခြင်း မရှိသေးပေမယ့်လည်း ဘာစီလိုနာအား အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲတွင် ခြေစွမ်းပြကစားခဲ့သူလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ဒီလပ် ဒဏ်ရာရရှိလာမှုနှင့်အတူ တိုက်စစ်ပြဿနာကို ထပ်မံ ဖြေရှင်းလာရဦးမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ဩဂုတ်လနှောင်းပိုင်းတုန်းက ဒီလပ် ဒဏ်ရာရရှိသွားစဉ်တုန်းကလည်း နီကိုလပ်စ်ဂျက်ဆင်အား ဘိုင်ယန်သို့ အငှားချထားမှုအား ဖျက်သိမ်းရန် ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်မှုကြောင့် ဆန်းဒါးလန်းသို့ အငှားချထားတဲ့ ဂူယူအား ပြန်လည် ခေါ်ဆောင်ခဲ့ရပြီးလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ထိပ်ဆုံးမှ အာဆင်နယ်နှင့် ရမှတ် ၈ မှတ်ကွာဟကာ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။

image

တိုက်ခိုက်မှု၊ ရုန်းရင်းဆန်ခတ်မှုတို့ဖြင့် လန်ဒန်မြို့လည်ခေါင်တွင် နိုင်ငံတကာစတားတစ်ဦး ဖမ်းဆီးထိန်းသိမ်းခြင်းခံရ
=====================

နိုင်ငံတကာလက်ရွေးစင်ကစားသမားတစ်ဦးဟာ တိုက်ခိုက်မှု၊ ရုန်းရင်းဆန်ခတ်မှုတို့ဖြင့် လန်ဒန်မြို့လည်ခေါင်တွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။
ရဲတပ်ဖွဲ့ရဲ့အဆိုအရ ယင်းမတော်တဆမှုမှာ အနောက်ပိုင်းတွင် စနေနေ့ နံနက်ပိုင်းတုန်းက ဖြစ်ပျက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
အသက် ၂၉ နှစ်ရှိ ကစားသမားဟာ ဒဏ်ရာအနာတရဖြစ်အောင် တိုက်ခိုက်မှု ၂ ခု၊ ရုန်းရင်းဆန်ခတ်မှု ၁ ခုတို့ဖြင့် သံသယဝင်ခြင်းခံရကာ ဖမ်းဆီးခြင်းခံခဲ့ရတာပါ။
လက်ရှိအချိန်တွင် ဥပဒေကြောင်းအရ ယင်းကစားသမားအမည်ကို ဖော်ထုတ်ရေးသားနိုင်ခြင်း မရှိပါဘူး။
ဘီဘီစီရဲ့ မေးမြန်းစုံစမ်းမှုအရ တိုက်ခိုက်မှုမှာ စနေနေ့ နံနက် ၁၂ နာရီ ၄၇ မိနစ်တွင် ဖြစ်ပျက်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
တိုက်ခိုက်ခံရသူမှာ ဒဏ်ရာများဖြင့် ဆေးရုံတက်ရောက်ကုသမှု ခံယူနေရပေမယ့်လည်း အသက်အန္တရာယ် စိုးရိမ်စရာတော့ မရှိပါဘူး။
ကစားသမားဟာ ရဲစခန်းတွင် စစ်ဆေးမေးမြန်းမှုများ ခံခဲ့ရပြီးနောက် အာမခံဖြင့် ပြန်လည်လွတ်မြောက်နေပါတယ်။
ဗြိတိန်တွင် ထူးခြားရှင်းလင်းတဲ့ အခြေအနေမျိုးတွင်သာ သံသယဝင်ခြင်းခံရသူရဲ့အမည်ကို ဖော်ထုတ်ရေးသားနိုင်ပါတယ်။
ပုံမှန်အားဖြင့် သံသယရှိသူအား တရားရုံးက စွဲချက်တင်ခြင်းပြုလုပ်လာချိန်တွင်မှ အမည်ကို ဖော်ထုတ်ရေးသားလေ့ရှိပါတယ်။

image